← Chapters

အစောင့်

Vol. 68 Ch. 1095

အစောင့်

Vol. 68 Ch. 1095

‘တော်ဝင်မင်းသမီးလေး’မှာ အဲလစ် မဟုတ်ဘဲ ဗာရိုနီကာပင် ဖြစ်သည်!

ဖခင်ကြီး လားလ်က ဗာရိုနီကာ၏ ဆရာများထဲမှ တစ်ဦး ဖြစ်သည်။ သူ၏ အစွမ်းက သိပ်မထက်ပေ။ သူတော်စင်-ယောင်အဆင့်၏ အစွန်းကိုသာ ထိတွေ့နိုင်သော်လည်း စစ်ရေး နည်းဗျူဟာတွင် ထူးချွန်ပြီး နက္ခတ္တဗေဒ၊ ပထဝီဝင်၊ ရာဖြတ်နှင့် ဆေးဖက်ဝင်အပင်များဆိုင်ရာ ဗဟုသုတများ ကြွယ်ဝသည်။ ယခင် တော်ဝင်မိသားစု၏ လျှို့ဝှက် ကုန်လှောင်ရုံတစ်ခု ရတနာမြေပုံ ကိုလည်း တာဝန်ယူခဲ့ဖူးသည်။

‘တိမ်စီးနင်း’ အင်ပါယာ ပျက်သုဉ်း သွားသည်မှာ ကြာပြီဖြစ်သော်လည်း ၎င်းသည် ယခင်က သိဒ္ဓိအင်ပါယာ တစ်ခု ဖြစ်ခဲ့၏။ ‘တိမ်စီးနင်း’ တော်ဝင် မိသားစုက လုံးဝ ကွယ်ပျောက် မသွားခဲ့ဘဲ သစ္စာ စောင့်သိသော လက်အောက် ငယ်သားတစ်စု ရှိနေသေးသည်။

အသူရာချောက်နက်နှင့် ‘မရဏနက်’ နောက်လိုက် ကိုးကွယ်သူများနှင့်မတူဘဲ ထိုလက်အောက်ငယ်သားများက တော်ဝင်မိသားစု၏ စစ်မှန်သော သစ္စာခံများ ဖြစ်ကြသည်။ အများစုက တော်ဝင်မိသားစုနှင့် လျှို့ဝှက်ဆန်းကြယ်သော ဘာသာရေးဂိုဏ်းတို့ ပူးပေါင်းခြင်းကို ဆန့်ကျင်ခဲ့ကြသည်။ ရီဂီယာ (အဖေကြီး လားလ်)က သူတို့ထဲမှ တစ်ဦးဖြစ်ပြီး ထိုအချိန်က ဗာရိုနီကာသည် ဆယ်ကျော်သက် မင်းသမီးလေး တစ်ပါးသာ ဖြစ်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော ဘာသာရေးဂိုဏ်းမှ ‘ကောင်းချီးခံရသူ’ အဖြစ် ရွေးချယ်ခံခဲ့ရ၏။ ထိုကိစ္စကို အစွမ်းကုန် ဆန့်ကျင်ရန် ကြိုးစား နေသော ရီဂီယာနှင့် အခြားသူများက ဗာရိုနီကာနှင့်အတူ ထွက်ပြေးရန် ကြံစည်ခဲ့သော်လည်း အစီအစဉ် ပျက်ပြားခဲ့ရာ နောက်ဆုံးတွင် အဖမ်းခံခဲ့ရသည်။ ဗာရိုနီကာက ရီဂီယာနှင့် အခြားသူများ၏ အသက်ကို ကယ်တင်ရန်အတွက် ကောင်းချီးပေးပွဲ အခမ်းအနားတွင် ပါဝင်ရန် ကမ်းလှမ်းခဲ့သည်။ ထိုအချိန်တွင် ရီဂီယာနှင့် အခြား သူများ နှင်ထုတ်ခြင်း ခံခဲ့ရသည်။

လမ်းခုလတ်တွင် ရီဂီယာနှင့် အခြားသူများက သိဒ္ဓိကျောင်းတော်၏ ဝိုင်းရံခြင်းကို ခံခဲ့ရပြီး ရတနာမြေပုံ၏ လျှို့ဝှက်ချက် ထိန်းသိမ်းရန်အတွက် ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြသည်။ ရီဂီယာနှင့် အပေါင်းအပါ ၂ဦးက ထိုနယ်စပ်မြို့သို့ ထွက်ပြေးလာခဲ့ရာ ကျောင်းတော်မှ စေလွှတ်လိုက်သော တရားသူကြီးများ၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ရန်သူ ဦးရေထက် အင်အား နည်းသောကြောင့် ရီဂီယာနှင့် အခြား ၂ဦးက သဲကန္တာရ အတွင်းထဲသို့ ထွက်ပြေးရန် ဖိအားပေးခံခဲ့ရသည်။ တရားသူကြီးများက သူတို့နောက်သို့ ဆက်လက်လိုက်လံနေပြီး နောက်ဆုံး သဲကန္တာရထဲ၌ အဆုံးအဖြတ်တိုက်ပွဲ တစ်ခု စတင်ခဲ့သည်။ အရေးကြီးသည့် အခိုက်အတန့်တွင် ‘အိပ်မက်ဆန်ဆန် အိုအေစစ်’ ရုတ်တရက် ပေါ်လာပြီး လူတိုင်း ‘တစ္ဆေစမ်းရေ’ နယ်မြေထဲ လမ်းမှားဝင်ရောက်သွားခဲ့ကြသည်။ အဆိပ်အနည်းဆုံးမိသော ရီဂီယာမှ လွဲ၍ ကျန်ရန်သူများနှင့် မိတ်ဆွေများ အားလုံး အဆိပ်သင့် သေဆုံးခဲ့၏။

ရီဂီယာက မသေရုံတမယ် လွတ်မြောက်ခဲ့သည်။ ထိုအချိန်မှစ၍ သူက ‘လားလ်’ ဟူသောအမည်ကို ခံယူခဲ့ပြီး ထိုနယ်စပ်မြို့လေးတွင် တကိုယ်တည်း အထီးကျန်စွာ နေထိုင်ခဲ့သော်လည်း ခန္ဓာကိုယ်ထဲရှိ ‘တစ္ဆေစမ်းရေ’ အဆိပ်ကြောင့် မည်သို့ ကြိုးစားစေကာမူ အဆိပ် မပြေခဲ့ပေ။ သူ့အစွမ်း တဖြည်းဖြည်း အားနည်းလာခဲ့သည်။

နှစ်အတော်ကြာ သူက ခက်ခဲ ကြမ်းတမ်းသော ဘဝကို ဖြတ်သန်း ခဲ့ရသည်။ သူက စွန့်စားရှာဖွေရေး အဖွဲ့တစ်ဖွဲ့၌ ပါဝင်ခဲ့ဖူးပြီး သဲကန္တာရ လမ်းပြအဖြစ် လုပ်ကိုင်ခဲ့ကာ သဲဓားပြများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ၏။ အသိပညာနှင့် ဉာဏ်သုံး၍ သူက သဲဓားပြများအတွက် သဲကန္တာရ သင်္ဘောကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးခဲ့ပြီး နောက်ဆုံးတွင် ဓားပြများထံမှ ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့သည်။

ချန်ရွေ ရောက်လာသောအခါတွင် [သိဒ္ဓိကောင်းချီး] ကို အသုံးပြုပြီး ရီဂီယာ အပေါ်ရှိ အဆိပ်ကို ဖြေပေးခဲ့သော်လည်း ရီဂီယာက ‘ဆူးသရဖူ’ကို မှတ်မိသွားခဲ့သည်။ ထို့ကြောင့် သူက ချန်လွေ့မှာ ကျောင်းတော်နှင့် ပတ်သက်နေ မည်ဟု ပို၍ ယုံကြည်လာခဲ့သည်။ ရန်သူကို အမြစ်ဖြတ်ရန် အတွက် ဉာဏ်များသော ရီဂီယာက ပထမဦးစွာ ထို’အဆင့်မြင့် ကျောင်းတော်အဖွဲ့ဝင်’ နှင့် အတုအယောင် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခဲ့သည်။ သူ ချန်လွေ့ကို ကျောက်မြင်းမြို့သို့ ခေါ်သွားပြီး သင်္ဘောစက်ရုံမှ ထိပ်ပြောင်နှင့် ပဋိပက္ခဖြစ်ရန် တမင်သက်သက် လှုံ့ဆော်ခဲ့ကာ သဲဓားပြများထံမှ သင်ယူခဲ့သော အထူးအမှတ်အသား တိတ်တဆိတ် ချန်ထားခဲ့၏။ ၎င်းမှာ ‘ငါးကြီးတစ်ကောင်’ ဟူ၍ပင်။

သဲကန္တာရ သင်္ဘောပေါ်တွင် ရီဂီယာက ထိပ်ပြောင် အိုကာဖော်မှာ သံသယဖြစ်စရာ ကောင်းကြောင်း တက်ကြွစွာ ထောက်ပြခဲ့ပြီး အစားအသောက်များ သတိထားရန် သတိပေးခဲ့သည်။ ချန်လွေ့က [သိဒ္ဓိကောင်းချီး] ကို သုံးပြီးနောက် ရီဂီယာက ရေအိတ်ထဲသို့ အဆိပ် ခတ်ခဲ့ပြီး ရန်သူကို လုံးဝဖယ်ရှားရန် သဲဓားပြများ၏ လက်ကို အသုံးချ ချင်ခဲ့သည်။

မမျှော်လင့်စွာပင် ထိုအစီအစဉ် အားလုံးကို တစ်ဖက်လူက သတိပြုမိခဲ့သည်။ ထို့ထက် ပို၍ မမျှော်လင့်ထားခဲ့သည်မှာ ထိုလူက မင်းသမီးလေး ဗာရိုနီကာ၏ ဝိညာဉ် ပုံရိပ်ကို အမှန်တကယ် ‘ဆင့်ခေါ်’ နိုင်ခဲ့ခြင်းပင်!

မကြာမီတွင် သဲကန္တာရသင်္ဘော၊ အမည်အားဖြင့် ‘သဲနီသင်္ဘော’ သည် ၎င်း၏ ခရီးကို နောက်တစ်ကြိမ် စတင်ထွက်ခွာတော့သည်။

ပြောရမည်ဆိုလျှင် ထိုမျှကြီးသော သင်္ဘောကို ချန်လွေ့နှင့် ရီဂီယာ နှစ်ယောက်တည်း မောင်းနှင်နိုင်မည် မဟုတ်ပေ။ အနည်းဆုံး သင်္ဘောသား ၁၀ဦး လိုအပ်သည်။ သို့သော်လည်း သဲဓားပြများ သေဆုံးသွားခြင်းက ချန်လွေ့တွင် သင်္ဘောသားများ မရှိတော့ဟု အဓိပ္ပာယ် မရပေ။ ထိုသင်္ဘောသားများက ‘သဲပင်လယ်ခရီး’ တွင် အသစ်အဆန်း ဖြစ်သော်လည်း လျင်မြန်စွာပင် ကျွမ်းကျင်သွားကြသည်။ ‘သဲနီသင်္ဘော’က ပုံမှန်ထက် ပို၍ မြန်ဆန်နေခဲ့သည်။

ထိုသင်္ဘောသားများမှာ သဲလူသားများပင်။ ဒြပ်စင်များ အလွန်ကြွယ်ဝသော ထိုသဲကန္တာရ ထဲတွင် သဲလူသားများ၏ စွမ်းအားက ပင်လယ်ထက် ပိုမိုအားကောင်း၏။

“ရီဂီယာ” ချန်လွေ့ မျက်မှောင် ကြုတ်လိုက်သည်။ “ကျုပ်က ‘မရဏနက်’ နောက်လိုက်တွေရဲ့ အဓိကယဇ်ပလ္လင်ကို လုံးဝ ဖျက်ဆီး ပစ်ခဲ့တာကို ခုနက ကျုပ်နဲ့ ဗာရိုနီကာရဲ့ စကားပြောဆိုမှုတွေမှာ ခင်ဗျား ကြားခဲ့ပြီးပြီ။ ‘တိမ်စီးနင်း’ တော်ဝင်မိသားစုက မရှိတော့ဘူး။ ပြောရရင် ကျုပ်ကလည်း တော်ဝင် မိသားစုရဲ့ ရန်သူတစ်ယောက်ပဲ...”

ရီဂီယာက ချန်လွေ့၏ စကားကို ဖြတ်ပြောလိုက်၏။ “မဟုတ်ပါဘူး။ ‘မရဏနက်’ နောက်လိုက်တွေ ဖြစ်လို့ သူတို့က ‘တိမ်စီးနင်း’ ဧကရာဇ်ရဲ့ မျိုးဆက်တွေ မဟုတ်တော့ပါဘူး။ မင်းသမီးလေးက တစ်ဦးတည်းသော မျိုးဆက်ပါ။ တိတိကျကျပြောရရင် မင်းသမီးလေးကို လူကြီးမင်းက ကယ်တင်ခဲ့တာပါ။”

“အဲဒါဆိုရင်တောင် ဗာရိုနီကာ ပြောပြီးပြီ မဟုတ်လား။ ခင်ဗျား လုံးဝ လွတ်လပ်သွားပြီ။”

“မဟုတ်ပါဘူး။ ဆာ။ အရင်က ပြုခဲ့တဲ့ သစ္စာကို လျှော့မတွက်ပါနဲ့။ အဲဒါက ကျုပ်တို့ ‘တိမ်စီးနင်း’ တော်ဝင်မိသားစုရဲ့ အမြင့်ဆုံး သစ္စာ စောင့်သိမှုပါ။”

ရီဂီယာ လိမ်ပြော မနေကြောင်း ချန်လွေ့ သိပြီး ရီဂီယာ ပြုခဲ့သော ကျမ်းသစ္စာက စူပါစနစ်တွင် ပေါ်လာသော သခင်-လက်အောက်ခံ စိတ်ဝိညာဉ် ကွင်းဆက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ “ကျုပ် နားလည်ပါတယ်။ ဒါပေမဲ့ ခင်ဗျားသာ လိုချင်မယ်ဆိုရင် ကျုပ် အစွမ်းနဲ့ အလွယ်တကူ ဖျက်ပေးနိုင်တယ်။ ခင်ဗျားကို ပြောပြရရင် ကျုပ်က တကယ်တော့ ဒီနေရောင် ထွန်းလင်းတဲ့ လောကက မဟုတ်ဘူး၊ နားလည်လား။”

“‘တိမ်စီးနင်း’ အင်ပါယာ ပြိုလဲ သွားပြီးကတည်းက ကျုပ်တို့က အမှောင်ထဲမှာ လျှောက်လှမ်း နေခဲ့ရတာပါ။ အစောင့်အရှောက် တစ်ယောက်ရဲ့ သစ္စာစောင့်သိမှုက ဘယ်အချိန်၊ ဘယ်နေရာကိုမဆို အကျုံးဝင်ပါတယ်။ ဆာကသာ ကျုပ်ရဲ့ သစ္စာဆို ထားတာကို ဖျက်သိမ်းမယ်ဆိုရင် ကျမ်းသစ္စာနဲ့ သစ္စာစောင့်သိမှုတွေ ပျောက်ကွယ် သွားရုံတင်မကဘဲ ကျုပ် အသက်ပါ ပျောက်ကွယ်သွားမှာပါ။”

ရီဂီယာက ခေါင်းမာစွာဖြင့် ပြောလိုက်သည်။ “ကျုပ် ဆာ့ကို သစ္စာခံတာက ဆာ့ရဲ့ အစွမ်းကြောင့် မဟုတ်ဘဲ မင်းသမီးလေးအတွက်ပါ။ ဆာက မင်းသမီးလေး အတွက် အရေးကြီးဆုံးလူဖြစ်လို့ ခင်ဗျားက သူ့ရဲ့ အမြင့်ဆုံး အစောင့်အရှောက်နဲ့ တူပါတယ်။ ဆာက ကျွန်တော့်ရဲ့ အစွမ်းနဲ့ သစ္စာရှိမှုကို စိတ်မဝင်စားဘူး ဆိုရင်တော့ ကျုပ်ကို ဘယ်အချိန်မဆို ရှင်းပစ်နိုင်ပါတယ်။”

ချန်လွေ့က ဗာရိုနီကာ သူ့ကို မိတ်ဆက်ပေးစဉ်က ပြောခဲ့သော ‘အရေးကြီးဆုံးလူ’ ဆိုသည့် စကားစုကို ပြန်တွေးမိပြီး သက်ပြင်းချ လိုက်သည်။ “ကောင်းပြီ။ ခင်ဗျားရဲ့ သစ္စာခံမှုကို ကျုပ် တရားဝင် လက်ခံလိုက်ပါပြီ။”

တိမ်စီးနင်း အင်ပါယာ ပျက်သုဉ်း သွားတာ ကြာပြီ။ သူက အစောင့် အရှောက်တစ်ဦး ဖြစ်လာနိုင်တော့ ‘မရဏနက်’ နောက်လိုက်တွေနဲ့ မပူးပေါင်းခဲ့ဘူး ဆိုတော့ သူက အကြွင်းမဲ့ သစ္စာခံတစ်ဦးလို့ ပြောလို့ ရနိုင်တယ်။

ရီဂီယာက စိတ်ဓာတ်ကြံ့ခိုင်ပြီး ဉာဏ်နီဉာဏ်နက်များသူ ဖြစ်သည်။ အကြွင်းမဲ့ စွမ်းအားကွာဟချက်သာ မရှိခဲ့လျှင် ချန်လွေ့သည် သူ၏ ထောင်ချောက်ထဲသို့ ကျရောက် သွားနိုင်ခဲ့သည်။

“ကျေးဇူးတင်ပါတယ် ဆာ။” ရီဂီယာက လေးလေးနက်နက်နှင့် အရိုအသေပေးလိုက်သည်။

“ကောင်းပြီလေ။ တခြားကိစ္စတွေ အကျယ်တဝင့် မပြောတော့ဘူး။ ဒီတစ်ခေါက် ကျုပ် အမှောင်ထောင် သဲကန္တာရမှာ ‘အိပ်မက်ဆန်ဆန် အိုအေစစ်’ကို ရှာဖို့ လာရတာက ရည်ရွယ်ချက် နှစ်ခု ရှိတယ်။ တစ်ခုက ‘မီးစုစည်းသလင်းကျောက်သဲ’ နဲ့ နောက်တစ်ခုက ‘တစ္ဆေရေခဲစမ်း’ပဲ။ ဒီနှစ်ခုလုံးက ကျုပ်အတွက် အရမ်း အရေးကြီးတယ်။ ခင်ဗျားရဲ့ အမြင်ကို ကြားချင်တယ်။”

“‘မီးစုစည်းသလင်းကျောက်သဲ’ ကို ရှေးဟောင်းကျမ်း တချို့မှာပဲ ကျုပ် မြင်ဖူးပါတယ်။ အဲ့ဒါက မီးဒြပ်စင်နဲ့ မြေဒြပ်စင်တွေရဲ့ အနှစ်သာရကို ပေါင်းစပ်ထားတဲ့ ရှားပါးရတနာ တစ်ခုပါ။ သူ့ရဲ့ အသုံးဝင်ပုံကို မသိ ရသလို အိုအေစစ်ထဲမှာ ရှိမရှိလည်း ကျုပ် မသိပါဘူး။ ‘တစ္ဆေစမ်းရေ’ ကတော့ ကျုပ် ကိုယ်တိုင် မျက်မြင် တွေ့ခဲ့ရတဲ့ အရာပါ။ အဲဒီထဲမှာ ‘တစ္ဆေရေခဲစမ်း’ ရှိမရှိ ဆိုတာတော့ မသေချာဘူး။ သေချာတာ တစ်ခုက ‘တစ္ဆေစမ်းရေ’က ‘အိပ်မက်ဆန်ဆန် အိုအေစစ်’ လိုပဲ လွတ်လွတ်လပ်လပ် ရွေ့လျားနေပြီးတော့ တည်နေရာက ပုံသေမရှိဘူး ဆိုတာပါပဲ။ ပြီးတော့ အဲဒါက ကိုယ်ပျောက်နိုင်သေးတယ်။ ကျုပ် အတွက်တော့ အဲဒါက သက်ရှိ သတ္တဝါတစ်မျိုးလို ခံစားရတယ်။”

“သက်ရှိသတ္တဝါလား။” ချန်လွေ့ အနည်းငယ် အံ့ဩသွားသည်။ ‘တစ္ဆေ စမ်းရေ’က ရွေ့လျားနိုင်ပြီး ကိုယ်ပျောက် နိုင်လိမ့်မည်ဟု သူမျှော်လင့်ခဲ့ပေ။ ‘တစ္ဆေ’ ဟူသော အမည်နှင့် အသေအချာပင် ထိုက်တန် လှပေသည်။

“‘အိပ်မက်ဆန်ဆန် အိုအေစစ်’ အကြောင်း ထပ်ပြောကြရအောင်။”

ရီဂီယာက လေးနက်စွာ ပြောလိုက်၏။ “ကျုပ် နှစ်တွေ အများကြီး ကန္တာရ စွန့်စားရှာဖွေရေး အဖွဲ့တစ်ခုမှာ ပါဝင်ခဲ့ပြီး ဒီဒေသရဲ့ မြေမျက်နှာ သွင်ပြင်နဲ့ ရင်းနှီး ခဲ့ပါတယ်။ နောက်ပိုင်း အဲဒီ စွန့်စား ရှာဖွေရေး အဖွဲ့က တာဝန်တစ်ခု ထမ်းဆောင်ရင်း အသေအပျောက် များလို့ ဖျက်သိမ်းခဲ့ရပြီး ကျုပ်လည်း ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်။ အဆိပ်နဲ့ရောပြီး ကျုပ်အစွမ်းတွေ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့လို့ သဲကန္တာရ လမ်းပြအဖြစ် စတင်လုပ်ကိုင်ခဲ့တယ်။ ၁၀နှစ်ကျော် ဒီလို နေရာမျိုးမှာ အကြာကြီး နေထိုင်ခဲ့တာကြောင့် ကံကောင်းခြင်းကို ရှာဖွေပြီးတော့ အန္တရာယ်ကို ရှောင်ရှားနိုင်တဲ့ အနံ့ခံ အာရုံတစ်မျိုးလည်း ရခဲ့တယ်။ ကျောင်းတော်တရားသူကြီးတွေရဲ့ လိုက်လံဖမ်းဆီးခြင်းခံရတာကလွဲရင် ‘အိပ်မက်ဆန်ဆန် အိုအေစစ်’ ကို တစ်ခါပဲ ကြုံတွေ့ခဲ့ဖူးတယ်။ ဒါပေမဲ့ ကျုပ် အဲဒီကို မရောက်ခင်မှာပဲ ပျောက်သွားခဲ့တယ်။ နောက်ပိုင်း နှစ်တွေမှာ ကျုပ်ခြေထောက်တွေက ပိုပိုပြီး အဆင်မပြေ ဖြစ်လာတယ်။ ဂျင်မ်လေးကလည်း တဖြည်းဖြည်းနဲ့ သူ့ကိုယ်သူ စောင့်ရှောက် နိုင်လာတယ်။ ဒါကြောင့် ကျုပ် လမ်းပြအဖြစ် ထပ်မလုပ်တော့ဘူး။ ဆာ အတော်လေး အစွမ်းထက်တာ ကျုပ် သိပါတယ်၊ ဒါပေမဲ့ အမှောင်ထောင် သဲကန္တာရကို လျှော့မတွက်ဖို့ သတိပေးပါရစေ။ အချိန်တိုင်း အမြဲတမ်း သတိထားပါ၊ မဟုတ်ရင် ထွက်သွားနိုင်ရင်တောင် လိုချင်တာကို ရချင်မှ ရမှာပါ။”

“နားလည်ပါတယ်။” ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ “သဲလူသားတွေ အခု သဲသင်္ဘောကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်နေပြီ။ ကျုပ်တို့ နေရာမှာပဲ ခဏအနားယူပြီး အားပြည့်သွားမှ အရှိန် အပြည့်နဲ့ ခရီးဆက်ကြရင် မကောင်းဘူးလား။”

“မဟုတ်ဘူး။ ဒီခရီးကို အရှိန် အပြည့်နဲ့ သွားရမယ်။” ရီဂီယာက တောင်းပန်သောလေသံဖြင့် ပြောလိုက်သည်။ “ဘာဖြစ်လို့လဲ ဆိုတော့ ကျုပ်က ဆာ့ကို ရန်သူလို့ အထင်ထင်ခဲ့လို့ သဲဓားပြတွေက လူကြီးမင်းကို မဖြေရှင်းနိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတာကိုလည်း တွေးထားခဲ့တယ်... ဘာမဆို ဖြစ်နိုင်တာမို့ လမ်းပြတဲ့အခါမှာ ဉာဏ်နီဉာဏ်နက်တချို့ သုံးခဲ့တယ်။ ဒီလမ်းအတိုင်းဆိုရင် ဗဟိုနယ်မြေကို အမြန်ဆုံး ရောက်နိုင်ပေမဲ့ အဲဒါက အရမ်း အန္တရာယ်များတဲ့ နေယ်မြေ တစ်ခုပဲ။ သဲကင်းမြီးကောက်တွေ၊ ဧရာမ အိမ်မြှောင်တွေနဲ့ ကြောက်စရာ အကောင်းဆုံး သဲကန္တာရ မိစ္ဆာ တီကောင်တွေလို ကြောက်စရာ ကောင်းတဲ့ သတ္တဝါတွေ အများကြီး ရှိတယ်။”

“ခင်ဗျားရဲ့ အမြင်အရ ဆိုရင် ခင်ဗျားရဲ့ အသေးစိတ်ကျတဲ့ တွက်ချက်မှုတွေ အတွက် ကျုပ်က လက်ခုပ်တီးပေးသင့်တာပေါ့။” ချန်လွေ့ ပခုံးတွန့် လိုက်သည်။ “ဒါပေမဲ့ စိတ်ပူစရာ မလိုပါဘူး၊ အမြန်ဆုံးရောက်နိုင်တာ ကောင်းတယ်။”

ထိုသို့ ပြောနေရင်းနှင့် ချန်လွေ့ ရုတ်တရက် မျက်မှောင်ကြုတ် လိုက်သည်။ ရီဂီယာက သူ၏ အမြင်အာရုံ ခဏတာ ဝေဝါးသွားပြီး နေရာလွတ်ထဲတွင် ရွှေ့ပြောင်းမှု တစ်မျိုး ဖြစ်ခဲ့သလို ခံစားလိုက် ရသည်။ သူ၏ အမြင်အာရုံ ပြန်လည် ကြည်လင်လာသောအခါ သင်္ဘော တစ်စီးလုံးက မီတာပေါင်းများစွာ နောက်သို့ ချက်ချင်း ဆုတ်ခွာသွား သည်ကို တွေ့လိုက်ရသည်။

သင်္ဘော ရှိနေခဲ့သော မြေနေရာက ပေါက်ကွဲထွက်သွားပြီး ကြီးမားသော ခန္ဓာကိုယ်တစ်ခု ပေါ်လာသည်။ ထိုခန္ဓာကိုယ်သည် တစ်ဝက်သာ ပေါ်ထွက်နေသည်။ ၎င်းက ရှည်လျား ကောက်ကွေးသော ခန္ဓာကိုယ် ရှိပြီး အကောင်ကြီးထားသော တီကောင် တစ်ကောင်နှင့် တူသည်။ ၎င်းတွင် ခြေလက်များမရှိသော်လည်း အစွန်၌ ကြောက်မက်ဖွယ်ကောင်းသော ပါးစပ်အစိတ်အပိုင်းများ ရှိနေ၏။

“သဲကန္တာရ မိစ္ဆာတီကောင်!” ရီဂီယာ အလန့်တကြား အော်ပြော လိုက်သည်။ “ချီးပဲ.. ကျုပ်တို့ ဒီကောင်ကို တကယ် နှိုးလိုက်မိပြီ!”

သဲကန္တာရ မိစ္ဆာတီကောင်က အဆုံးမဲ့သော ခွန်အားရှိသည့် ဧရာမ သဲပိုးကောင်ကြီး တစ်ကောင် ဖြစ်၏။ ၎င်းတို့သည် ပုံမှန်အားဖြင့် သဲများ၏ နက်ရှိုင်းသော နေရာတွင် ပုန်းအောင်း နေပြီး ဖြတ်သန်း သွားလာသော သတ္တဝါများကို တိုက်ခိုက်သည်။ ၎င်းက ထိုဒေသတွင် အကြောက်စရာ အကောင်းဆုံး သားရဲ ဖြစ်သည်။ ချန်လွေ့က စွမ်းအားဖြင့် ‘သဲနီ သင်္ဘော’ကို အချိန်မီ မြှောက်တင် မပေးခဲ့လျှင် ခုနက သဲထဲမှ ထိုးဖောက် တိုက်ခိုက်လိုက်သည့် တစ်ချက်တည်းဖြင့်ပင် သင်္ဘော တစ်စီးလုံး ကြေမွသွားနိုင်သည်။

သဲကန္တာရ မိစ္ဆာတီကောင်ကြီး တစ်ချက် လွဲသွားပြီးနောက် ရှေ့သို့ ရွေ့လျားနေသော သင်္ဘောဘက်သို့ ခပ်တိုးတိုး စူးရှသောအသံ တစ်ချက် ပြုလိုက်သည်။ ရီဂီယာ၏ အစွမ်းက သူတော်စင်အဆင့် ရောက်လုနီးပါး (နတ်ဆိုးဧကရာဇ်) အဆင့်သို့ နီးကပ်နေပြီ ဖြစ်သည်။ သို့သော် ထိုစူးရှသံကို ကြားလိုက်ရာ သူ၏ နှလုံးသားထဲတွင် အေးစက်သွား၏။

ချန်လွေ့၏ ပုံရိပ်က အလွန် ကြီးမားသော ခန္ဓာကိုယ်အပေါ်တွင် ချက်ချင်း ပေါ်လာပြီး သဲကန္တာရ မိစ္ဆာတီကောင်၏ စူးရှသံ ရုတ်တရက် ရပ်တန့်သွားသည်။ ချန်လွေ့ကို မတိုက်ခိုက်ဘဲ ၎င်းက ကြောက်မက်ဖွယ်အရာ တစ်ခုခုကို မြင်လိုက်ရသကဲ့သို့ သဲကျင်းထဲသို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။ သဲကန္တာရ မိစ္ဆာတီကောင်တွင် မြေထဲသို့ တူးဝင်နိုင်သည့် အထူး အရည်အချင်း တစ်ခုလည်း ရှိသည်။ ကြီးမားသော ခန္ဓာကိုယ်က မျက်စိ တစ်မှိတ်အတွင်း မြေကြီး၏ နက်ရှိုင်းသော နေရာသို့ ငုပ်လျှိုး သွားခဲ့သည်။ သဲတောင်ပူစာများ၏ မျက်နှာပြင်တွင် မြင်နိုင်သော အတက်အကျများ လုံးဝ မရှိပေ။

ချန်လွေ့က သူ၏ လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်ပြီး ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ ကြီးမားသော ခန္ဓာကိုယ်တစ်ခု သဲထဲမှ ထွက်လာပြီး လေထဲတွင် ရပ်တန့်နေလေသည်။ အသည်းအသန် ရုန်းကန်နေသော အမူအရာနှင့် ထိတ်လန့်တကြား စူးရှသံများအရ ‘ဆန္ဒအလျောက်’ မဟုတ်သည်မှာ ထင်ရှားပေသည်။

ခဏအကြာတွင် သဲကန္တာရ မိစ္ဆာတီကောင်က မြေပြင်သို့ ပြန်ရောက်ပြီး သဲထဲသို့ တူးဝင်ကာ ခန္ဓာကိုယ်တစ်ဝက်ကို ဖော်ထား၏။

“ဒီကောင်ကသာ ဒီဒေသမှာ အကြောက်စရာ အကောင်းဆုံး မိစ္ဆာသားရဲ ဆိုရင်တော့ ဒီဒေသက မထွက်ခွာခင်မှာ ဘယ် ‘ဧည့်သည်’ မှ ကျုပ်တို့ အနားကို ကပ်ရဲတော့မှာ မဟုတ်ဘူး။”

ချန်လွေ့၏ အသံသည် ရီဂီယာ၏ ဘေးတွင် ထပ်မံ ပေါ်ထွက်လာသည်။ ထို့နောက် ရီဂီယာ၏ အံ့အားသင့် နေသော အကြည့်များ အောက်တွင် သဲကန္တာရ မိစ္ဆာတီကောင်က ရှေ့တွင် လမ်းဖွင့်ပေးသော အစောင့် တစ်ဦးကဲ့သို့ပင် သဲထဲ တူးဝင်သွား နေတော့သည်။

All Chapters