← Chapters

နတ်ဘုရားမ

Vol. 68 Ch. 1096

နတ်ဘုရားမ

Vol. 68 Ch. 1096

သဲကန္တာရမိစ္ဆာတီကောင် လမ်းပြ၍ ‘သဲနီသင်္ဘော’က လမ်းတစ်လျှောက် သဲများမှလွဲ၍ မဖိတ်ခေါ်ထားသော ဧည့်သည်များနှင့် မကြုံတွေ့ခဲ့ရပေ။

ချန်လွေ့ မည်သို့ လုပ်ခဲ့ကြောင်း ရီဂီယာ မသိပေ။ ကံကောင်းသည် ဟုသာ ခံစားမိသည်။ ထိုအကြွင်းမဲ့ စွမ်းအား၏ ရှေ့မှောက်တွင် သူ၏ ဗျူဟာက လုံးဝကို ဟာသတစ်ခုပင်။ သဲဓားပြများ၏ အကူအညီဖြစ်စေ၊ လမ်းတလျှောက်ရှိ မိစ္ဆာသားရဲများ၏ စွမ်းအားဖြစ်စေ၊ ချန်လွေ့၏ တိုက်ခိုက်မှု တစ်ချက်ကိုပင် မခံနိုင် ခဲ့ကြပေ။ ထိုသူသာ ထိုမှင်ကြောင်ကို မမြင်ခဲ့လျှင်၊ မင်းသမီးလေး၏ ဝိညာဉ် သူ၏ ဘေးနားတွင် မတော်တဆ ရှိမနေခဲ့လျှင် သူက ‘သွေးစွန်းမုတ်ဆိတ်’ နှင့်အတူ အလောင်းတစ်လောင်း ဖြစ်နေလောက်လေပြီ။

ထိုအရာမှာ ချန်လွေ့က [သရုပ်ခွဲမျက်လုံး]နှင့် နတ်ဘုရား တစ်ပိုင်းအဆင့် ဖိအားပေးမှုကို အသုံးပြုခဲ့၍ပင်။ ထိုနယ်မြေကို အောင်မြင်စွာ ဖြတ်သန်းပြီးနောက် ချန်လွေ့က သဲကန္တာရ မိစ္ဆာ တီကောင်အပေါ်မှ ဝိညာဉ်ဖိနှိပ်မှုကို လွှတ်ပေးလိုက်၏။ ၎င်းက ချက်ချင်း သဲထဲ ငုပ်လျှိုးပြီး စိတ်သက်သာရာ ရသွားကာ ပျောက်ကွယ်သွားသည်။

သဲကန္တာရခရီးစဉ်က ငြီးငွေ့ဖွယ် ကောင်းပြီး ရှည်လျားလှသည်။ ယခုအခါ သူက သဲကန္တာရထဲသို့ ပထမဆုံး ဝင်ရောက်စဉ်က ရှိခဲ့သော တစိမ့်စိမ့်ခံစားကြည့်လိုသည့် စိတ်မျိုး ပျောက်ဆုံးသွားခဲ့ပြီ။ သူ မြင်နေ ရသည်မှာ တစ်ခုတည်းသာ ဖြစ်ပြီး အဆုံးမဲ့ သဲများပင်။

တစ်လခွဲ ကုန်လွန်သွားခဲ့ပြီး ‘သဲနီသင်္ဘော’က သဲကန္တာရ၏ အလယ်ဗဟိုနယ်မြေသို့ ဝင်ရောက် လာခဲ့သည်။

ထိုအရာကပင် လမ်းပြအဖြစ် ရီဂီယာ ရှိနေခြင်း၏ ရလဒ်ဖြစ်သည်။ ရီဂီယာ၏ အစွမ်းက ချန်လွေ့၏ ရှေ့တွင် ပြောပလောက်စရာ မရှိသော်လည်း သဲကန္တာရထဲတွင် သူ၏ ‘အနံ့ခံ’နိုင်စွမ်းက ချန်လွေ့ ထက်ပင် ပိုကောင်းလေသည်။ ထိုသဲတောင်ပူစာများက ချန်လွေ့အတွက် ဆင်တူနေသော်လည်း ရီဂီယာက လမ်းကြောင်းမှန်ကို ရှာဖွေနိုင်ခဲ့သည်။

လူတိုင်းတွင် အားသာချက်၊ အားနည်းချက်များ ရှိကြသည်။ ချန်လွေ့သာ တစ်ယောက်တည်း ထွက်ခွာခဲ့လျှင် နောက်ထပ် တစ်လခွဲ ကြာလျှင်ပင် သဲကန္တာရထဲတွင် လမ်းပျောက်နေဆဲ ဖြစ်နေလိမ့်မည်။

အလယ်ဗဟိုနယ်မြေရှိ သဲလေက အပြင်ဘက်နယ်မြေထက် ပိုမို၍ အားကောင်းသည်။ သဲလူသားများ အတွက်ပင် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း သင်္ဘောကို ထိန်းချုပ်မောင်းနှင်ရန် အတော်လေး ခက်ခဲလာသည်။ လမ်းတလျှောက် ကြုံရသော မိစ္ဆာသားရဲများကလည်း ပိုမို၍ မကြာခဏ ပေါ်လာသည်။ ချန်လွေ့ ရှိနေသဖြင့် ၎င်းတို့က ခြိမ်းခြောက်မှုတစ်ခု မဖြစ်နိုင်သည်မှာ အသေအချာပင်။ သို့သော်လည်း ရွေ့လျားနေသော ‘အိပ်မက်ဆန်ဆန် အိုအေစစ်’ကို ရှာမတွေ့နိုင်သေးပေ။

“လေက နောက်ဆုံးတော့ အရှိန် လျော့သွားပြီ။” ချန်လွေ့က သူ၏ မျက်မှန်ကို ချွတ်လိုက်ပြီး ဝတ်ရုံပေါ်မှ သဲများကို ခါချလိုက်သည်။ သူ၏ အစွမ်းက ထူးကဲသော်လည်း ထိုသို့ ပတ်ဝန်းကျင်တွင် ဆက်တိုက် ခရီးသွားလာနေရရာ အနည်းငယ် ပင်ပန်းလာသည်မှာ ရှောင်လွှဲမရပေ။

သူက သိုလှောင်ကုန်လှောင်ရုံက အစားအစာနှင့် သောက်သုံးရေကို အပြည့်ရှိသော ‘သဲနီသင်္ဘော’ ထဲတွင် ထိုင်နေခြင်းပင် ဖြစ်သည်။ အခြား လောက၌ မှတ်တမ်းတင်ထားသော သမိုင်းဝင်ဇာတ်ကောင်တစ်ဦး ကဲ့သို့ သဲကန္တာရထဲ တိုက်ရိုက် လမ်းလျှောက် ဝင်သွားရမည်ဆိုလျှင် ၎င်းမှာ စိတ်ကူးပင် မယဉ်နိုင်စရာပင်။ “ခဏတော့ ရပ်သွားလောက်တယ်။ ဒါပေမဲ့ လုံးဝ အကောင်းမြင်လို့ရတဲ့ အချိန် မဟုတ်သေးဘူး။ ဒီလို သဲကန္တာရ အလယ်မှာ အချိန်တိုင်း သတိရှိရမယ်။ မနေ့ ကင်းမြီးကောက် အုပ်လိုက်နဲ့ ကြုံတုန်းကဆို ကျုပ်တို့ နည်းနည်းလေးပဲ...” ရီဂီယာ၏ အသံ ရုတ်တရက် ရပ်တန့်သွားပြီး ရှေ့သို့ ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေခဲ့သည်။

ချန်လွေ့ သူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ အဝေးမှ ကောင်းကင်ယံရှိ တိမ်ဖြူများက သွယ်လျသော ပုံရိပ်တစ်ခုအဖြစ်သို့ စုစည်းသွား၏။ ၎င်းမှာ ဝတ်ရုံရှည်နှင့် ဆံပင်ရှည်ရှိသော အမျိုးသမီး ခန္ဓာကိုယ်တစ်ခု ဖြစ်သည်။ ဝတ်ရုံနှင့် ဆံပင်အဖျားက ကောင်းကင်ယံရှိ တိမ်ဖြူများထဲသို့ ဆန့်တန်းနေပြီး ကောင်းကင်တစ်ခုလုံးကို ထိန်းချုပ် ထားသကဲ့သို့ မှိန်ဖျော့ဖျော့ အလင်းရောင်တစ်ခု ထုတ်နေ၏။

ထိုမြင်ကွင်းကို ပထမဆုံး မြင်လိုက် ရသည့်အခါ ကျယ်ပြောခြင်းနှင့် မြင့်မြတ်ခြင်း ခံစားချက် တစ်ခု ဖြစ်လာပြီး လူကို ကိုးကွယ်ချင်စိတ် ဖြစ်လာစေသည်။

“တီ... တီဇန်နီယာ!” ရီဂီယာက နာမည်တစ်ခုကို ထစ်ငေါ့စွာဖြင့် ထုတ်ပြောလိုက်သည်။ သူက သဲကန္တာရထဲတွင် ၁၀နှစ်ကျော် နေထိုင်ခဲ့ပြီး ထိုသဲကန္တာရ နတ်ဘုရားမအကြောင်း ကောလာဟလများစွာကို ကြားဖူးခဲ့သော်လည်း ၎င်းမှာ သူ ‘ကိုယ်တိုင်’ ပထမဆုံး အကြိမ် မြင်ဖူးခြင်းပင်။

ချန်လွေ့ကလည်း အစပိုင်းတွင် ဂျင်မ်လေး ပြောခဲ့သော ‘သွေးနီ တိုက်ပွဲ အင်ပါယာ’၏ ဒဏ္ဍာရီကို ပြန်လည်သတိရသွားသည်။ သူက အလင်းရောင် နတ်ဘုရားမှ အမည် ပေးခဲ့သော ‘သဲကန္တာရ တမန်တော်’ ကို ယနေ့ မြင်တွေ့ရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

“ဆာ၊ ကျုပ်တို့ ဒူးထောက်ပြီးတော့ ဝတ်ပြုသင့်သလား။” ရီဂီယာက တိုးတိုးလေး မေးလိုက်သည်။

ချန်လွေ့၏ မျက်လုံးများက တိမ်ထဲမှ ပုံရိပ်ကို ဆက်လက် စိုက်ကြည့်နေခဲ့သည်။ ရီဂီယာ၏ စကားကို ကြားရာ သူက မေးသည်။ “ခင်ဗျားက အလင်း နတ်ဘုရားကို ယုံကြည်လို့လား။”

“အမ်...” ရီဂီယာ တိတ်ဆိတ် သွားခဲ့၏။ ‘တိမ်စီးနင်း’ အင်ပါယာက အလင်း နတ်ဘုရား၏ မျက်နှာသာ ပေးခြင်း ခံခဲ့ရသော သိဒ္ဓိ အင်ပါယာ ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် လျှို့ဝှက်ဆန်းကြယ်သော ဘာသာရေးဂိုဏ်း၏ တိုက်စားခြင်းကို ခံခဲ့ရပြီး တိုင်းပြည် ပြိုလဲသည်အထိ ဖြစ်ခဲ့ရသည်။ ကျောင်းတော်က သူတို့အား အလင်းနတ်ဘုရားမှ စွန့်ပစ်ခြင်းခံရကြောင်း တစ်ချိန်က လူသိရှင်ကြား ကြေညာပြီး ‘ကျန်ရစ်သူများ’ကို နှိမ်နင်းရန် ခုံရုံး တရားသူကြီးများ စေလွှတ်ခဲ့သည်။ တော်ဝင်မိသားစု၏ အစောင့်အရှောက်တစ်ဦးအနေဖြင့် ရီဂီယာက လျှို့ဝှက်ဆန်းကြယ်သော ဘာသာရေးဂိုဏ်းကို အလွန်အမင်း စက်ဆုပ်ရွံရှာသော်လည်း သိဒ္ဓိကျောင်းတော်အပေါ်တွင်လည်း ချစ်ခင်မှုထက် ရန်လိုသည့် ခံစားချက် ရှိသောကြောင့် အလင်းနတ်ဘုရားကို ယုံကြည်မည် မဟုတ်ပေ။

“စစ်မှန်တဲ့ ယုံကြည်မှုက နှလုံးသားကနေ ဆည်းကပ် ကိုးကွယ်ဖို့ လိုအပ်တယ်။ အပေါ်ယံ ရိုသေလေးစားမှု သက်သက်ဆိုရင် နတ်ဘုရားရဲ့ မကျေနပ်မှုကို နှိုးဆွ မိလိမ့်မယ်။ ဒါကြောင့်...” ချန်လွေ့က ကောင်းကင်ယံရှိ ‘တီဇန်နီယာ’နှင့် တူသော ပုံရိပ်ကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်ပြီး သူ၏ စိတ်ထဲတွင် စကားတစ်ခွန်း ထပ်ဖြည့်လိုက်သည်။ သူက တကယ့် နတ်ဘုရားတစ်ပါး ဆိုရင်ပေါ့။

ထိုဒဏ္ဍာရီ၏ စစ်မှန်မှု မည်သို့ပင် ဖြစ်စေ၊ တီဇန်နီယာ နတ်ဘုရားမ တစ်ပါး ဖြစ်စေ၊ နှုတ်ကပတ်တော်ကို ဆောင်ကြဉ်းသူဖြစ်စေ ထိုအရာများ အရေးမကြီးပေ။ ချန်လွေ့က ထိုလောက၏ နတ်ဘုရားများကို အမှန်တကယ် မြင်ဖူးခဲ့လေသည်။ သို့မဟုတ် ပိုတိကျစွာ ပြောရလျှင် သေဆုံးနေသော သို့မဟုတ် နှစ်ခြိုက်စွာ အိပ်စက်နေသော နတ်ဘုရားများကို မြင်ဖူးခဲ့သည်။ အသက်စွမ်းအား ဆုံးရှုံးသွားသော ဧရာမ အလောင်းကောင်များပင်လျှင် နက်နဲလှသော နဂါးငွေ့တန်းများ ဖြစ်နေသေးသည်။

သူ၏ အရှေ့မှ တိမ်တိုက်သည် ခမ်းနားထည်ဝါပြီး ကျယ်ပြောလှကာ ထူးကဲသော အရှိန်အဝါ ရှိနေပုံ ရသော်လည်း ထို’အလောင်း’နှင့် နှိုင်းယှဉ်လျှင် အပေါ်ယံ ဟန်ပြ ခြောက်လှန့်မှု တစ်ခုသာ ဖြစ်သည်။ ချန်လွေ့တွင် ခံစားချက် တစ်ခု ရှိနေ၏။ ထိုနတ်ဘုရားမ မျက်လုံးက လုံးဝ ပွင့်မလာခဲ့သလိုပင်။

“ဆာ၊ ဒါဆို ကျုပ်တို့...” ရီဂီယာက ယုံကြည်သူတစ်ယောက် မဟုတ်သော်လည်း နတ်ဘုရား၏ တည်ရှိမှုကို ကြောက်ရွံ့သောကြောင့် ဂရုတစိုက်ဖြင့် ထပ်မေးလိုက်သည်။

ရှေ့မှ တိမ်ဖြူများထဲ လှပသော ပုံရိပ်က တဖြည်းဖြည်း ပုံပျက်ကာ မှေးမှိန်သွားခဲ့ပြီး ခဏအကြာတွင် ပျောက်ကွယ်သွားသည်။

ထိုမြင်ကွင်းကြောင့် ရီဂီယာ ထပ်မံ စိုးရိပ်လာပြန်သည်။ ချန်လွေ့ ပြုံးလိုက်၏။ “ကျုပ်တို့ရဲ့ စစ်မှန်တဲ့ သဘောထားက သူ့အတွက်တော့ အကောင်းဆုံး လေးစားမှုပဲ။ တီဇန်နီယာ ပျောက်သွားပြီဆိုတော့ ဆက်သွားကြရအောင်။ ဒီ’နတ်ဘုရားမ’ရဲ့ စိတ်နေသဘောထားကို မျက်မြင်တွေ့ခွင့်ရတာက အနည်းဆုံး လက်မှတ်ခနဲ့ တန်ပါတယ်။”

လက်မှတ်ခ ဟုတ်လား။ ချန်လွေ့ ပြောသည်ကို ရီဂီယာ နားမလည် သော်လည်း တီဇန်နီယာ ပျောက်သွားပြီ ဖြစ်ရာ ဘာပြောပြော အသုံးမဝင်တော့ပေ။

‘သဲနီသင်္ဘော’က အတားအဆီး တစ်စုံတစ်ရာ မကြုံရဘဲ အတော်ကြာ မောင်းနှင်သွားလေသည်။ သူတို့၏ မျက်နှာကို တိုက်ခတ်လာသော သဲလေပင် အလွန် နူးညံ့နေသကဲ့သို့ ထင်ရသည်။ စိတ်ထင်၍ ဖြစ်ကောင်း ဖြစ်မည်။ ရီဂီယာက အနီးအနားရှိ ‘တိတ်ဆိတ်ခြောက်ကပ်ခြင်း’ အငွေ့အသက် ပိုမိုအားကောင်း လာသည်ဟု ခံစားရပြီး စိတ်ထဲတွင် ပိုမို မသက်မသာ ဖြစ်လာသည်။

ထိုအချိန်တွင် ကြည်လင်သော ကောင်းကင်က မှောင်စပြုလာသည် နှင့်အမျှ ကောင်းကင်ရှိ တိမ်ဖြူများ၏ အရောင် တဖြည်းဖြည်း ငြိမ်သွားပြီး မကြာမီတွင် အဝေးမှ မိုးကုတ် စက်ဝိုင်းပေါ်တွင် မီးခိုးကဲ့သို့ ထူထဲ နက်မှောင်သော တိမ်တိုက်တစ်ခု ပေါ်လာခဲ့သည်။

“မရဏနက် သဲမုန်တိုင်း!” ရီဂီယာ၏ တင်းမာနေသော အာရုံကြောများက ပြန်ကန်ထွက် သွားသကဲ့သို့ပင် သူ အာမေဍိတ်သံ ပြုလိုက်သည်။ “ဒါ အမှောင်ထောင် သဲကန္တာရထဲမှာ အကြောက်စရာ အကောင်းဆုံး သဲမုန်တိုင်းပဲ၊ ‘အနက်‌ရောင်ရိတ်သိမ်းသူ’ လို့ လူသိများတယ်။ အရင်က ကျုပ်တို့ ကြုံခဲ့ရတာတွေထက် အဆ ၁၀၀၀ အနည်းဆုံး ပိုပြီး ပြင်းထန်တယ်!”

“ရှောင်လို့ရသေးလား။” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ သူ သဲမုန်တိုင်းကို ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ရီဂီယာ ပြောသည့်အတိုင်းပင် ထိုသဲမုန်တိုင်း၏ စွမ်းအားက ယခင်ထက် များစွာ ပိုကြီးမားသည်။

ထို့အပြင် သူက ထိုကဲ့သို့ သဲမုန်တိုင်းထဲတွင် ထူးဆန်းပြီး အားကောင်းသော အားတစ်ခု ရှိနေသည်ကိုလည်း အာရုံခံမိသည်။ အတော် အလှမ်းဝေးနေသည့်တိုင် သူ၏ ဝိညာဉ် တုန်လှုပ်နေခဲ့သည်။

မမြင်နိုင်သော ဖိနှိပ်မှု ခံစားချက် တစ်ခုက ချည်မျှင်ကဲ့သို့ စတင် စုပုံ လာပြီး စိတ်ထဲတွင် ရစ်ပတ်လာ၏။

ပို၍ တိကျစွာပြောရလျှင် ၎င်းမှာ ထူးဆန်းသော စိတ်ဆန္ဒစွမ်းအားပင်။

“သဲမုန်တိုင်းထဲကနေ ဘယ်သူမှ အသက်ရှင် မလွတ်နိုင်ဘူး! ဆာ၊ ခင်ဗျားမှာ ထွက်ပြေးနိုင်တဲ့ နည်းလမ်း တစ်ခုခုသာ ရှိရင် အခုချက်ချင်း သုံးလိုက်ပါ!” ရီဂီယာ တစ်စုံတစ်ခုကို ခံစားမိပုံရသည်။ ယခင် မြင်ကွင်းကို ပြန်တွေးမိရာ သူ၏ခ န္ဓာကိုယ် တုန်လှုပ်သွားပြီး အော်ဟစ်လိုက်သည်။ “တီဇန်နီယာ! သဲကန္တာရနတ်ဘုရားမ အပြစ်ပေးတာ ဖြစ်ရမယ်!”

ချန်လွေ့၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ အကြောင်းမှာ ထို’စိတ်ဆန္ဒ’၏ စုပုံမှု ပိုမိုအားကောင်းလာ၍ပင်။ သူက ယခု နတ်ဘုရား တစ်ပိုင်း အဆင့်၏ အထွတ်အထိပ်၌ ရှိနေလျှင်ပင် သူ၏ ဝိညာဉ် တုန်လှုပ်နေမိသည်။

မိုးကုတ်စက်ဝိုင်းပေါ်ရှိ လိမ့်တက် နေသော တိမ်နက်များ ‘တဖြည်းဖြည်း’ နီးကပ်လာခဲ့သည်။ ထိုအရှိန်က အမှန်တကယ်တွင် အလွန်မြန်ဆန်ပြီး တိမ်နက်များ ပို၍ ပို၍ ကြီးမားလာသည်။

ချန်လွေ့၏ စိတ်ထဲမှ ဖိနှိပ်မှုသည် ဆက်လက် တိုးပွားလာပြီး သူ၏ ဝိညာဉ်ထဲ မျက်လုံးမှိတ်ထားသော မျက်နှာတစ်ခုမှာ ယခင်က တိမ်ထဲမှ ပုံရိပ်လို စတင်ကြည်လင်လာကြောင်း သူ ခံစားလိုက်ရသည်။ ထိုအရာမှာ တီဇန်နီယာ၏ စိတ်ဆန္ဒဖြစ်ကြောင်း သေချာပေသည်။

“နောက်ကျသွားပြီ ဆာ! ချက်ချင်း တွင်းကြီး တစ်တွင်းတူး၊ ပိုနက်လေ ပိုကောင်းလေပဲ! အဲဒီထဲမှာ ပုန်းပြီး အကာကွယ်အကို အပြည့်အဝ ဖွင့်ထားရအောင်။ အသက်ရှင်ဖို့ အခွင့်အလမ်း တစ်ခုတော့ ရှိကောင်း ရှိနိုင်သေးတယ်!” ရီဂီယာ အော်ဟစ် လိုက်သည်။ လေထု၏ ဖိအားက တိုးများလာကြောင်း သူခံစားရသည်။ သူ၏ အသံပင်လျှင် နစ်မြုပ်လုနီးပါး ဖြစ်နေ၏။ ချန်လွေ့ မလှုပ်မယှက် ရပ်နေသည်ကို မြင်ရာ ကြက်သေသေ သွားသည်ဟု ထင်လိုက်မိသည်။ သူ အံကြိတ်လိုက်ပြီးနောက် ဂေါ်ပြား တစ်လက်ဖြင့် အသည်းအသန် စတင် တွင်းတူးတော့သည်။ ‘မရဏနက် သဲမုန်တိုင်း’ အရှိန်အဟုန်နှင့်ဆိုလျှင် ရီဂီယာ၏ နည်းလမ်းဖြင့်ပင် အသက်ရှင်ရန် ခက်ခဲသော်လည်း သူ၏ အမြင်တွင် ထိုအရာမှာ အသက်ရှင်နိုင်မည့် တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းပင်။

မီးခိုးနက်များ နီးကပ်လာလေပြီ။ ထိုစွမ်းအားက အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းသော်လည်း လေဒြပ်စင် စွမ်းအားက အသေစေနိုင်ဆုံး မဟုတ်ပေ။ တကယ့် ‘ရိတ်သိမ်းသူ’ မှာ တီဇန်နီယာ၏ စိတ်ဆန္ဒ ပါဝင်သော ဝိညာဉ်မုန်တိုင်းပင်။ ထိုသို့ ဝိညာဉ်စွမ်းအားက ရုပ်ခန္ဓာအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သည်။ လေဒြပ်စင် ရင်ထံမှ ရရှိသော ‘မြူခိုးဒီရေပုလဲ’ ပင်လျှင် အလုပ်မလုပ်တော့ပေ။

ဝတ်ပြု!

အညံ့ခံ!

ယုံကြည်!

နတ်ဘုရားက ပြိုင်စံရှား။

ဘယ်လောက်ပဲ အစွမ်းထက်ထက်၊ ကောင်းကင်ကို မော့ကြည့်လို့ပဲ ရနိုင်မယ်။

အညံ့ခံလိုသော အတွေးပေါင်း များစွာက ချန်လွေ့၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ စူပါစနစ်တွင် အထူး တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိပေ။ ထိုအရာမှာ သာမန် ဝိညာဉ် တိုက်စားမှု တစ်ခု မဟုတ်ဘဲ ထိုဖိနှိပ်မှုအောက်ရှိ ချန်လွေ့၏ ကိုယ်ပိုင် အတွေးများ ဖြစ်သည်။ သူ၏စိတ်စွမ်းအားက တီဇန်နီယာ၏ စိတ်ဆန္ဒကြောင့် အဆက်မပြတ် အားနည်းသွားပြီး သူ၏စိတ်ထဲမှ အားနည်းသော အသွင်အပြင်အချို့ အဆုံးမရှိ ချဲ့ကားခြင်း ခံနေရသည်။ တီဇန်နီယာနှင့် တိုက်ခိုက်ခြင်းထက် သူ ကိုယ်တိုင်နှင့် တိုက်ခိုက်နေရ သည်နှင့် ပိုတူနေသည်။

“ငါ့ကို ယုံကြည်တဲ့သူ အသက်ရှင်မယ်။ မယုံကြည်တဲ့သူ သေရမယ် ဟုတ်လား။” ချန်လွေ့ ပင့်သက်ရှိုက်လိုက်ပြီးနောက် ရှေ့မှ အလျင်အမြန် နီးကပ်လာသော တိမ်နက်များကို စိုက်ကြည့်ကာ နောက်ဆုံးတွင် ပြောလိုက်သည်။ “နတ်ဘုရားဆိုတဲ့...”

“ဆာ! ဒီထဲကို ပုန်းနေပါ!” ရီဂီယာက တစ်မီတာကျော်နက်သော တွင်းတစ်တွင်းကို တူးပြီးနောက်တွင် အော်ဟစ် လိုက်သော်လည်း သူ၏ အသံပင် ကြီးမားသော ဖိအားကြောင့် ပါးစပ်ထဲသို့ ပြန်လည်ဝင်သွားသည်။ သူ၏ တစ်ကိုယ်လုံး ယိမ်းယိုင်ကာ မတည်မငြိမ် ဖြစ်နေ၏။

“မဟုတ်ဘူး။ တကယ့် နတ်ဘုရား တစ်ပါး ဆိုရင်တောင်...” ချန်လွေ့က မိမိကိုယ်ကို စကားပြောနေဆဲဖြစ်ပြီး မလှုပ်ရှားသေးပေ။ သူက သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်၏။ သူ၏ စိတ်ထဲတွင် သမီးလေး၏ ချစ်စရာကောင်းသော မျက်နှာ ပေါ်လာပြီး သူ့ခန္ဓာကိုယ်က လှိမ့်တက်နေသော အတက်အကျများ ပြည့်နှက်နေခဲ့သည်။

ရီဂီယာက ချန်လွေ့ကို တွင်းထဲသို့ ဆွဲချတော့မည့် အချိန်တွင် သူက ရုတ်တရက် မလှုပ်ရှားနိုင်တော့ကြောင်း သိလိုက်ရသည်။ သူ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ သို့မဟုတ် ပိုတိကျစွာ ပြောရလျှင် သူ၏ရှေ့မှ တလိပ်လိပ်တက်လာသော ‘မရဏနက် ရိတ်သိမ်းသူ’ အပါအဝင် အချိန်ပင် ရပ်တန့်သွားသည်။

ထိုထူးဆန်းသော ငြိမ်သက်မှုက ခဏတာသာ ကြာမြင့်ခဲ့လေသည်။ ၃စက္ကန့်ခန့် အကြာတွင် အချိန်၏ စီးဆင်းမှုက ရုတ်တရက် အဆများစွာ အရှိန်မြှင့်သွားခဲ့သည်။

ရီဂီယာက သူ၏ အမြင်အာရုံ တစ်ခုလုံး အပြင်းအထန် တုန်ခါ သွားသလို ခံစားလိုက်ရသည်။

ထို့နောက် နီးကပ်လာသော ‘မရဏနက် ရိတ်သိမ်းသူ’က နှိုင်းယှဉ်၍ မရသော စွမ်းအား တစ်ခုခုကြောင့် စုတ်ပြဲသွားသကဲ့သို့ ဖြစ်သွား၏။

သေခါနီး မြင်ယောင်တာလား။

ရီဂီယာက မျက်လုံးများကို အားကုန် ပွတ်သပ်လိုက်သည်။ သူ၏ အမြင်အာရုံထဲတွင် ကြောက်မက်ဖွယ် ‘မရဏနက်သဲမုန်တိုင်း’က ထိုပုံရိပ်၏ ရှေ့တွင် စုတ်ပြဲသွားသလို ဖြစ်နေ၏။

လောကကြီး တစ်ခုလုံး တုန်ခါနေ ပုံရသည်။

သဲနက်များ လုံးဝ ပျောက်ကွယ် သွားသည်အထိပင်။

ဖုန်မှုန့်များ ငြိမ်သက်သွားခဲ့သည်။

“အရှေ့မှာ ရပ်နေရင် ခင်ဗျားကို သတ်ဖို့ ကျုပ် တွန့်ဆုတ်နေမှာ မဟုတ်ဘူး။” ချန်လွေ့ လက်သီးကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းလိုက်၏။ သူက [ဓူဝံကြယ်အသွင်ပြောင်းခြင်း] အသုံးမပြုခဲ့သလို အထူးတိုက်ကွက်၊ ပစ္စည်းများကိုလည်း အသုံးမပြုခဲ့ပေ။ ၎င်းမှာ သူ၏စိတ်၊ စိတ်ဆန္ဒနှင့် ဝိညာဉ်တို့မှ ထွက်ပေါ်လာသော အစစ်မှန်ဆုံး ထိုးနှက်ချက်တစ်ခုသာ ဖြစ်သည်။

ထိုထိုးနှက်ချက်က တီဇန်နီယာ၏ စိတ်ဆန္ဒကို သာမက သူ၏ကိုယ်ပိုင် အတ္တကိုပါ အနိုင်ယူခဲ့သည်။

ပြောခဲ့သည့်အတိုင်းပင် နတ်ဘုရား ဆိုလျှင်ပင် သူကြောက်ပေ။

ရီဂီယာက လက်သီးမြှောက် ထားသော ပုံရိပ်ကို မယုံနိုင်စွာ ကြည့်နေမိသည်။ နတ်ဘုရား စွမ်းအား ဖြစ်တဲ့ ‘မရဏနက် သဲမုန်တိုင်း’ကို လက်သီးတစ်ချက်နဲ့ အနိုင်ယူခဲ့တယ်!

ထိုလက်သီးချက်က သူ့ကို အကြီးမားဆုံး အကျိုးသက်ရောက်မှု ပေးခဲ့သည်မှာ စွမ်းအား မဟုတ်ဘဲ ယုံကြည်မှုနှင့် စိတ်ဆန္ဒပင် ဖြစ်သည်။ ၎င်းမှာ ရှေ့တွင် ရပ်နေသူသည် နတ်ဘုရား ဖြစ်နေလျှင်ပင် မယိမ်းမယိုင်သော စိတ်ပိုင်းဖြတ်မှု တစ်ခု ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ရီဂီယာက နတ်သမီးတစ်ပါးအတွက် မဟုတ်ဘဲ ထိုလူကို ကိုးကွယ်လိုစိတ် တစ်ခု ခံစားမိလာခဲ့သည်။

မင်းသမီးလေးက တကယ်ကို ထူးခြားတဲ့ လူတစ်ယောက်ကို ရှာတွေ့ခဲ့တာပဲ။

စစ်မှန်တဲ့ အစောင့်အရှောက် တစ်ယောက်။

All Chapters