← Chapters

အိပ်မက်

Vol. 68 Ch. 1097

အိပ်မက်

Vol. 68 Ch. 1097

နောက်ထပ် အချိန် သုံးရက် ကုန်လွန်သွားခဲ့သည်။ ယခင်က ‘မရဏနက်သဲမုန်တိုင်း’ကို အနိုင်ယူ ခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်မည်။ ခရီးစဉ်က ငြိမ်းချမ်းနေခဲ့သည်။ မိစ္ဆာသားရဲတစ်ကောင်တစ်လေပင် သူတို့ကို တိုက်ခိုက်ခြင်း မရှိခဲ့ပေ။

ရီဂီယာ ချန်လွေ့ထံ အညံ့ခံခဲ့ခြင်းမှာ ဗာရိုနီကာကြောင့် ဖြစ်ခဲ့လျှင် ယခုအခါတွင်မူ သူက လုံးဝကို ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။

သဲတောင်ပူစာကြီး တစ်ခုကို ကျော်တက်ပြီးနောက် သင်္ဘောဦးတွင် ကြည့်နေသော ရီဂီယာက အာမေဍိတ်အသံ ပြုလိုက်သည်။ “ဆာ၊ ဟိုမှာ!”

မျက်လုံးမှိတ်ကာ အနားယူ နေသော ချန်လွေ့က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ ထရပ်ပြီး တစ်ချက်ကြည့်လိုက်ရာ အဝေးမှ မြေပြန့်တွင် စိမ်းလန်းမှုအနည်းငယ် တွေ့လိုက်ရသည်။ ထိုစိမ်းလန်းမှု ထဲတွင် မှိန်ဖျော့သော အလင်းရောင် တစ်ခု ရှိနေပြီး ၎င်းမှာ ရေပြင်မှ အလင်းပြန်နေပုံရသည်။

“အိုအေစစ်!”

ချန်လွေ့ အားအင်များ ပြန်လည် ပြည့်ဖြိုးလာပြီး သဲလူသားများကို ‘သဲနီသင်္ဘော’အား အရှိန်အကုန်ဖြင့် ထိုစိမ်းလန်းသောအလင်းရောင်ဆီသို့ မောင်းနှင်ရန် အမိန့်ပေးလိုက်သည်။

အိုအေစစ် ပိုမို၍ နီးကပ်လာရာ ရီဂီယာက အံ့အားသင့်စွာဖြင့် အာမေဍိတ်သံ ပြုလိုက်သည်။

“ဒီလတ်ဆတ်တဲ့ အငွေ့အသက်! ဒီလို စွဲဆောင်မှုရှိတဲ့ စိမ်းလန်းမှု! ဟုတ်တယ်၊ ဒါ ‘အိပ်မက်ဆန်ဆန် အိုအေစစ်’ပဲ! သူ့ပုံစံကို ကျုပ် မှတ်မိနေတုန်းပဲ!”

ရီဂီယာ ပြောသည်ကို ကြားရာ ချန်လွေ့လည်း လတ်ဆတ်သော စိမ်းလန်းမှု အငွေ့အသက် တစ်ခုကို ခံစားလိုက်ရသည်။ သူ တိတ်တဆိတ် ဝမ်းမြောက်သွား၏။ ထိုနေရာတွင် ‘မီးစုစည်းသလင်းကျောက်သဲ’ နှင့် ‘တစ္ဆေရေခဲစမ်း’ကိုသာ ရှာတွေ့မည် ဆိုလျှင် သော်သော်နှင့် ရေဒြပ်စင် ဘုရင်ကို ကယ်တင်နိုင်တော့မည် ဖြစ်သည်။

“သိပ်ကောင်းတယ်! နောက်ဆုံးတော့ ဒီရွေ့လျားနေတဲ့ အိုအေစစ်ကို ကျုပ်တို့ ရှာတွေ့ခဲ့ပြီ!” ရီဂီယာ စိတ်လှုပ်ရှားမှု ထိန်းချုပ်ကာ ပင့်သက်ရှိုက်လိုက်သည်။ “ဆာ၊ ကျုပ်တို့ အိုအေစစ်ကို တွေ့ပြီဆိုပေမဲ့ သတိတော့ ထားရဦးမယ်။”

“ဟုတ်တယ်။ သင်္ဘောပေါ်က အရင် ဆင်းကြရအောင်!” ချန်လွေ့ ခေါင်းညိတ်ပြီး သဲလူသားများကို သိမ်းဆည်းကာ ရီဂီယာနှင့်အတူ အိုအေစစ်ဆီ လျှောက်သွားသည်။

အိုအေစစ်ထဲတွင် သစ်ပင်များနှင့် မြက်ပင်များကို နေရာတိုင်းတွင် တွေ့မြင်နိုင်ပြီး လေထုစိုထိုင်းဆက သဲကန္တာရထက် သိသိသာသာ ပိုမိုမြင့်မားသောကြောင့် ခြောက်သွေ့ ပူပြင်းသော အငွေ့အသက်မျိုး မရှိ။ သဲကန္တာရထဲတွင် အချိန်ကြာမြင့်စွာ ခရီးသွားလာခဲ့ပြီးနောက် အိုအေစစ် ထဲသို့ ဝင်ရောက်လာရာ သူတို့က အထူးသက်သာမှုကို ခံစားလိုက်ရ၏။ သို့သော်လည်း အိုအေစစ်ထဲသို့ ဝင်ရောက်ခြင်းက ဘေးကင်းသည်ဟု မဆိုလိုပေ။ ‘တစ္ဆေစမ်းရေ’ ကဲ့သို့ အလွန်အဆိပ်ပြင်းသော အရာများ အပြင် အခြား အန္တရာယ်များလည်း ရှိနိုင်သေးသည်။ ထို့ကြောင့် ချန်လွေ့နှင့် ရီဂီယာတို့က သတိ လက်လွတ် မနေကြပေ။

မနီးမဝေးတွင် ကန်ငယ်တစ်ခု ရှိနေ၏။ လေအေးအေး တိုက်ခတ် လာသည်နှင့်အမျှ တလက်လက် တောက်ပနေသော လှိုင်းတွန့်များ ပျံ့နှံ့သွားပြီး ရောင်ပြန်ဟပ်နေသော အစိမ်းရောင် သစ်ပင်များကို လှုပ်ခါ သွားစေသည်။

“ဆာ၊ သတိထားပါ။ နောက်ဆုံး တစ်ခေါက် ကျုပ် ဒီအိုအေစစ်ထဲကို ဝင်တုန်းက ဒီကန်ငယ်နားမှာ ‘တစ္ဆေ စမ်းရေ’ နဲ့ ကြုံခဲ့ရတယ်။ ကျုပ်ကို လိုက်ဖမ်းနေတဲ့ တရားသူကြီး အတော်များများက ရုတ်တရက် ပေါ်လာတဲ့စမ်းရေ ဝါးမျိုခံခဲ့ရတယ်။ သူတို့က အမြန်ပဲ တိုက်စားခံခဲ့ရပြီး နောက်ဆုံး အရိုးတောင် မကျန်ခဲ့ဘူး။ ကျုပ်မှာ ရှေ့ကို ထွက်ပြေးသွားတဲ့ အဖော်တစ်ယောက် ရှိခဲ့ပြီးတော့ စမ်းရေက သူ့ဆီကို ချက်ချင်း ရွေ့သွားပြီး ဝါးမျိုသွားခဲ့တယ်။ အခြေအနေမကောင်းမှန်း သိတော့ တခြားသူတွေကို ဝါးမျိုနေတုန်းမှာ ကျုပ် နောက်ကို လှည့်မကြည့်ဘဲ အိုအေစစ်ထဲက ထွက်ပြေးခဲ့တယ်။ ပြောရတာ ရှက်စရာ ကောင်းပေမဲ့ ဒီအိုအေစစ်အကြောင်း ကျုပ်သိတာ ဒါအကုန်ပါပဲ။ နောက်ပိုင်းမှာ ‘အိပ်မက်ဆန်ဆန်အိုအေစစ်’ကို သွားခဲ့တဲ့ စွန့်စားရှာဖွေသူ အများစု ဘယ်တော့မှ ပြန်မလာခဲ့ဘူးဆိုတဲ့ ကောလာဟလတွေ အများကြီး ကြားခဲ့ရတယ်။ အတိတ်ကို ပြန်ပြီး စဉ်းစားကြည့်တော့ ကျုပ် တကယ်ကို ကံကောင်းခဲ့တာပဲ။”

“စိတ်မပူပါနဲ့။ ကျုပ် ဒီမှာ ရှိတယ်။” ချန်လွေ့က ရီဂီယာ၏ ပခုံးကို ပုတ်လိုက်သည်။ “ခင်ဗျားကို ဘေးကင်းအောင် ကျုပ် အစွမ်းကုန် ကြိုးစားပေးပါ့မယ်။”

အမှောင်ထောင်သဲကန္တာရသို့ မလာခင်ကလည်း ချန်လွေ့သည် အလားတူ စကားမျိုး ပြောခဲ့သည်။ ထိုအချိန်က ရီဂီယာ တိတ်တဆိတ် နှာခေါင်းရှုံ့ခဲ့ပြီး အလေးအနက် မထားခဲ့ပေ။ ယခု ချန်လွေ့က ကြောက်မက်ဖွယ်ကောင်းသော ‘မရဏနက်သဲမုန်တိုင်း’အား အနိုင်ယူခဲ့ပုံကို မျက်မြင်တွေ့ပြီး နောက်တွင်မူ ရီဂီယာသည် ထိုသူ၏ အစွမ်းကို လေးလေးနက်နက် ယုံကြည်သွားခဲ့ပြီး သူက ခေါင်းညိတ် လိုက်သည်။

ချန်လွေ့က အရှိန်လျှော့လိုက်ပြီး သူ၏ အာရုံခံစားမှုကို ဖွင့်ကာ ရီဂီယာနှင့်အတူ ကန်ငယ်ဆီသို့ လျှောက်သွားလိုက်သည်။

ကန်ငယ်တစ်လျှောက် ခဏတာ လျှောက်သွားပြီးနောက် သူက ‘တစ္ဆေ စမ်းရေ’ကို မတွေ့ခဲ့သလို သူ၏ အာရုံခံစားမှုတွင်လည်း ပုံမှန် မဟုတ်သည့်အရာ တစ်စုံတစ်ရာ မရှိပေ။ ဆန့်ကျင်ဘက် အနေဖြင့် စူပါစနစ်ကမူ ဝိညာဉ် ကျူးကျော်မှု တစ်ခု ရှိနေပြီး အလိုအလျောက် ပြောင်းလဲပေးနေကြောင်း ဖော်ပြနေသည်။ ထိုအိုအေစစ်က အမှန်တကယ်ပင် ထူးဆန်းပေ၏။

“ဆာ!” ရီဂီယာက တိုးတိုးလေး ပြောလိုက်သည်။ “ဟိုမှာကြည့်...”

ချန်လွေ့ သူ ညွှန်ပြရာဘက်သို့ ကြည့်လိုက်သည်။ ချုံပုတ်ဘေးတွင် ကြည်လင်သော စမ်းရေတစ်ခုရှိနေပြီး အဖြူရောင်အငွေ့များ ထွက်နေကာ မှိန်ဖျော့ဖျော့ အစိမ်းရောင် အလင်း တစ်ခုကို ခပ်ရေးရေး ပြသနေ၏။

“ဒါ ‘တစ္ဆေစမ်းရေ’ လား။”

“ဟုတ်ပါတယ်။ ဒါက ကျုပ် အရင်တစ်ခေါက် ကြုံခဲ့ရတဲ့အရာပဲ။ အခုလေးတင် ပေါ်လာတာ။ ဒါပေမဲ့ ဆာ သတိထားပါ။”

ချန်လွေ့၏ မျက်လုံးများ အရောင် တောက်သွားသည်။ စမ်းရေ ပေါ်လာတာကို ငါ သတိမထားမိ လိုက်သလိုပဲ။ ‘တစ္ဆေ’ ဆိုတဲ့ နာမည်နဲ့ တကယ်ပဲ ထိုက်တန်ပါပေတယ်။

‘တစ္ဆေစမ်းရေ’သည် သူတို့၏ အကြည့်ကို သတိပြုမိ သွားပုံရပြီး အမြင်အာရုံထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ဒီစမ်းရေက တကယ် ကိုယ်ပျောက်နိုင်တာပဲ!

ထိုအခိုက်အတန့်တွင် ချန်လွေ့၏ စိတ်ထဲတွင် သတိပေး လက္ခဏာ တစ်ခု ပေါ်လာ၏။ ဖျော့တော့သော အစိမ်းရောင် အလင်း တစ်ခု လေထဲတွင် ရုတ်တရက် ပေါ်လာပြီး သူနှင့် ရီဂီယာဆီသို့ ဆင်းသက် လာခဲ့သည်။

ချန်လွေ့၏ ပုံရိပ် လျှပ်တစ်ပြက် အတွင်း ရွေ့လျားသွားပြီး သူက ရီဂီယာနှင့်အတူ နေရာရွှေ့ပြောင်း သွားခဲ့ပြီ ဖြစ်သည်။ ဖျော့တော့သော အစိမ်းရောင် အလင်းသည် ပစ်မှတ်ကို လွဲချော်သွားပြီးနောက် မြေကြီးထဲသို့ စိမ့်ဝင်သွားသကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။

“ဆာ...” ရီဂီယာ နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး တုန်လှုပ်မှုက မပြေသေးပေ။ ခုနကပင် သူက ချန်လွေ့ကို သတိထားရန် ပြောခဲ့သော်လည်း သူကိုယ်တိုင် ဝါးမျိုခံရလုနီးပါး ဖြစ်ခဲ့သည်။

သူ၏ စကား မဆုံးခင်မှာပင် ချန်လွေ့က နောက်တစ်ကြိမ် နေရာရွှေ့ပြောင်းလိုက်ပြီး သူတို့က ကန်ငယ်ဘေးတွင် ပေါ်လာသည်။ သူတို့၏ အောက်မှ အစိမ်းရောင် အလင်းက နောက်တစ်ကြိမ် တိုက်ခိုက်မှု လွဲချော်သွားပြန်သည်။

ချန်လွေ့၏ မျက်ခုံးများ အနည်းငယ် တွန့်သွား၏။ ဒီ’တစ္ဆေ စမ်းရေ’က အစပိုင်းမှာ ရီဂီယာ ပြောခဲ့သလို မမြင်နိုင်သော သားရဲ တစ်ကောင်နှင့် တကယ်တူတယ်။ ရေဒြပ်စင် မိစ္ဆာသားရဲများလား။

ဒါပေမဲ့ ထူးဆန်းတာက [သရုပ်ခွဲမျက်လုံး]မှာ စမ်းရေက လုံးဝ မတည်ရှိသလို ဖြစ်နေတယ်။

ထိုအချိန်တွင် ကန်ငယ်ထဲတွင် ကြီးမားသော လှိုင်းလုံးတစ်ခု ရုတ်တရက် ဖြစ်လာပြီး မှိန်ဖျော့သော အစိမ်းရောင် အလင်းနှင့်အတူ တောက်ပနေသော ဧရာမလက် တစ်ဖက်အဖြစ်သို့ ပြောင်းလဲသွား၏။ ထိုဧရာမလက်က ချန်လွေ့ကို ဖမ်းဆွဲလိုက်သည်။ ချန်လွေ့က ခြေထောက်ကို တော့လိုက်ပြီး ရီဂီယာနှင့်အတူ လေထဲသို့ ပျံတက် သွားခဲ့သည်။ ဒြပ်စင်နှလုံးသားကို ပြုပြင်ရန် ‘တစ္ဆေစမ်းရေ’ လိုအပ်ရာ ချန်လွေ့သည် ဖျက်ဆီးနိုင်သော စွမ်းအားကို အသုံးမပြုဘဲ ၎င်းကို ‘အရှင်’ ဖမ်းရန် ရွေးချယ်လိုက်သည်။ သူ၏စိတ် လှုပ်ရှားသွားသည်နှင့် သူက အချိန်ဥပဒေသကို အသုံးပြု လိုက်သည်။

ထူးဆန်းသည်မှာ ဧရာမလက်က အချိန်ဥပဒေသ၏ ထိန်းချုပ်မှုကို မခံရပေ။ ၎င်းက အရှိန်မလျော့ဘဲ ဆက်လက် ချဉ်းကပ်လာနေဆဲပင်။ ချန်လွေ့ အံ့အားသင့်သွားသည်။ သူ နောက်တစ်ကြိမ် နေရာရွှေ့ပြောင်းပြီး ရှောင်တိမ်းလိုက်သည်။

ဒီနေရာရဲ့ အထူး အနေအထားက အချိန်ဥပဒေသကို ခုခံနိုင်တာလား ဒါမှမဟုတ် သုံးလိုက်တဲ့ စွမ်းအားက မလုံလောက်လို့လား။ ငါ [ဓူဝံကြယ် အသွင်ပြောင်းခြင်း] ကို သုံးသင့်လား။

ထူးဆန်းသော အစိမ်းရောင်တစ်ခုက ချန်လွေ့၏ ခြေထောက်အောက်တွင် နောက်တစ်ကြိမ် ပေါ်လာပြီး လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။ ချန်လွေ့သည် စူပါစနစ်က အဆက်မပြတ် သတိပေးနေသော စိတ်ဝိညာဉ်စွမ်းအား ကျူးကျော်မှုကို အာရုံခံမိသည်။ သူ၏ စိတ်ထဲတွင် အကြံတစ်ခု ရသွားသည်။ သူက အမှန်တကယ်တွင် မရှောင်တိမ်း ခဲ့သောကြောင့် ရီဂီယာ ထိတ်လန့် သွားသည်။

ဖျော့တော့သော အစိမ်းရောင် အလင်းက ချန်လွေ့နှင့် ရီဂီယာကို လွှမ်းခြုံသွားသည်။ ရီဂီယာ၏ အမြင် အာရုံက အမှောင်ကျသွားပြီး သူ၏ ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော ချွန်ထက်သည့် သွားများဖြင့် စုတ်ဖြဲ ခံနေရသကဲ့သို့ ခံစားရသည်။ သူ အော်ဟစ်လိုက်မိသည်။

ထိုအခိုက်တွင် သူ၏ ဝိညာဉ်က တစ်စုံတစ်ခုကြောင့် ပြင်းထန်စွာ တုန်ခါသွားကြောင်း ခံစားလိုက်ရ၏။ သူ မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ ဘေးကင်းကြောင်း တွေ့လိုက်ရ၏။ သူက ချန်လွေ့ အသုံးပြုလိုက်သော ခုခံရေးဒိုင်း၊ ဖောက်ထွင်းမြင်နိုင်သော အမိုးခုံး တစ်ခုဖြင့် ကာကွယ် ခံထားရလေသည်။

“တော်တော် အံ့ဩစရာကောင်းတဲ့ စိတ်ဝိညာဉ်ပါရမီပဲ၊ ငါတောင်မှ လှည့်စားခံလိုက်ရတယ်...” ချန်လွေ့၏ မျက်လုံးများက ခုခံရေးဒိုင်းကို အဆက်မပြတ် တိုက်ခိုက်နေသော ‘တစ္ဆေစမ်းရေ’ကို ကြည့်ရင်း မီးလျှံလို တောက်ပသော အလင်းရောင်များဖြင့် လက်ခနဲ ဖြစ်သွားခဲ့သည်။

“ဆာ၊ ဘာဖြစ်သွားတာလဲ။”

“ခင်ဗျား ခုနက ဝါးမျိုခံလိုက် ရသလို ခံစားရပြီး ကိုယ့်ကိုယ်ကို ဘာမှမဖြစ်မှန်း တွေ့လိုက်ရတယ် မဟုတ်လား။”

“ဟုတ်တယ်။ ဘာလို့လဲ။”

“ဘာဖြစ်လို့လဲဆိုတော့ ဒီခုခံရေးရေးဒိုင်းက စိတ်ဝိညာဉ် စွမ်းအားကို ပိုင်းခြားထားလို့ပဲ။ ခင်ဗျား အရင်တုန်းက ကျောင်းတော် လိုက်လံဖမ်းဆီးတာကို ရှောင်ပြေးရင်း ဒီနေရာကို တကယ် ရောက်ခဲ့တယ်ဆိုတာကို အခု ကျုပ် အတည်ပြုနိုင်ပြီ။”

“ဒါပေါ့၊ ဒီ’အိပ်မက်ဆန်ဆန် အိုအေစစ်’ ကို ကျုပ် မှတ်မိပါတယ်။”

“မဟုတ်ဘူး။ ခင်ဗျား ဝင်ခဲ့တာ ဒီနေရာ သက်သက်ပဲ။ ပြီးတော့ ဒီနေရာက ‘အိပ်မက်ဆန်ဆန် အိုအေစစ်’ လုံးဝ မဟုတ်ဘူး။” ချန်လွေ့က ခေါင်းခါ လိုက်သည်။ “အဲဒီတုန်းက ခင်ဗျား တကယ်ကို ကံကောင်းခဲ့တယ်။ ဒါမှမဟုတ် ‘အဲဒီအရာ’ က အိပ်ပျော်နေလို့ မသိစိတ်အရ သားကောင်ဖမ်းတာ သက်သက်ပဲ ဖြစ်မယ်။ မဟုတ်ရင် ခင်ဗျား အရိုးတောင် မကျန်ဘူး။”

“ဆာ ခုနက ပြောတဲ့ ‘အဲဒီအရာ’ ဆိုတာက ဒီ’တစ္ဆေစမ်းရေ’ကို ပြောတာလား။” ရီဂီယာက ခုခံရေးဒိုင်းကို ဆက်လက် တိုက်ခိုက်နေသော ဖျော့တော့သော အစိမ်းရောင်အလင်းကို လက်ညှိုးထိုး ပြလိုက်သည်။

“ဒါက ‘တစ္ဆေစမ်းရေ’ မဟုတ်ဘူး၊ ဒါက သားကောင်ဖမ်း စွမ်းအားတစ်ခု သက်သက်ပဲ။ ပိုပြီး တိတိကျကျ ပြောရရင် ရုပ်ခန္ဓာရှိတဲ့ ပုံရိပ်ယောင် တစ်ခုပဲ။” ချန်လွေ့က ပင့်သက် ရှိုက်လိုက်သည်။ “‘တံလျှပ်’ ဆိုတဲ့ သတ္တဝါ အကြောင်း ခင်ဗျား ကြားဖူးလား မသိဘူး။”

ချန်လွေ့က ပင်လယ်သေတွင် ရှိစဉ်က လျှို့ဝှက်မြူဖုံးကျွန်းပေါ်တွင် တံလျှပ်နှင့် ကြုံတွေ့ခဲ့ဖူးပြီး ပုံရိပ်ယောင်ကြောင့် လမ်းမှားလုနီးပါး ဖြစ်ခဲ့ရသည်။ နောက်ဆုံး အသူရာ၏ အကူအညီဖြင့် သူက တံလျှပ်ကို အနိုင်ယူခဲ့ပြီး အယ်ဒီလိုင်းက တံလျှပ်၏ ပုံရိပ်ယောင်စွမ်းအားကို စုပ်ယူခဲ့သည်။

“တံလျှပ်လား။” ရီဂီယာက အလျင်အမြန် စဉ်းစားလိုက်သည်။ “သားကောင်ဖမ်းဖို့ အကြီးစား ပုံရိပ်ယောင်တွေ ဖန်တီးတဲ့ မိစ္ဆာ သားရဲမျိုးလား။ ဒီရှားပါးတဲ့ သတ္တဝါ အကြောင်း ကြားပဲ ကြားဖူးပါတယ်။ ဒါပေမဲ့ ဘယ်လိုပုံစံ ရှိလဲဆိုတာတော့ မမြင်ဖူးဘူး။”

“တော်ဝင်နည်းပြ ဆိုတဲ့အတိုင်း ဉာဏ်ပညာနဲ့ ပြည့်စုံတာပဲ။” ချန်လွေ့ အသိအမှတ်ပြုကာ ခေါင်းညိတ် လိုက်သည်။ “တံလျှပ်ရဲ့ စွမ်းအားက အထူးအဆင့်ကို ရောက်နေပြီ။ ပုံရိပ်ယောင်ပါရမီ အပြင် အထူး နေရာလွတ်ပါရမီတွေလည်း ပိုင်ဆိုင် ထားတယ်၊ မဟုတ်ရင် သူ့ရဲ့ တည်ရှိမှုကို ကျုပ် အစောကြီး ကတည်းက ထောက်လှမ်းမိခဲ့မှာပဲ။”

လက်ရှိ တံလျှပ်၏ စွမ်းအားက ယခင်ထက် များစွာ သာလွန်နေပြီး တိုင်းပြည်အဆင့်သာမက နတ်ဘုရား တစ်ပိုင်းအဆင့်တွင် ရှိနေလောက်၏။ စိတ်ဝိညာဉ် ပါရမီမှာ အလွန်ပင် အံ့ဩဖွယ်ကောင်းလှသည်။ ပုံရိပ်ယောင်က ရုပ်ခန္ဓာ ရှိလာရုံ သာမက လူတစ်ဦး၏ စိတ်အခြေအနေအတိုင်း သက်ဆိုင်ရာ လှိုင်းများပင် ထုတ်လွှတ်နိုင်ရာ ပုံရိပ်ယောင်ကို ပို၍ ယုတ္တိရှိစေသည်။ ချန်လွေ့၏ ထိုအိုအေစစ်အပေါ် အာရုံခံစားမှု အများစုမှာ ရီဂီယာ၏ ကိုယ်ပိုင်ခံစားချက်နှင့် မိတ်ဆက် စကားများအပေါ် အခြေခံထားသည်။ ‘တစ္ဆေစမ်းရေ’ကို ရှာဖွေတွေ့ရှိခြင်း ပင်လျှင် ရီဂီယာ၏ စိတ်ကြောင့် ဖြစ်ပေါ်လာသော ပုံရိပ်ယောင်ဖြစ်ပြီး ထိုမှတစ်ဆင့် ချန်လွေ့အပေါ် သက်ရောက်မှု ရှိခဲ့သည်။

ပုံရိပ်ယောင်ထဲတွင် အချိန် ကြာမြင့်စွာ ပိတ်မိနေပါက တံလျှပ် သူ့ကို မဝါးမျိုလျှင်ပင် ဝိညာဉ်နှင့် စိတ်ဆန္ဒသည် တစ်ဆင့်ပြီးတစ်ဆင့် အားနည်းသွားပြီး နောက်ဆုံးတွင် ပြိုလဲသွားမည်ဖြစ်သည်။

ရီဂီယာ တုန်လှုပ် သွားခဲ့သည်။ “ဆာပြောတာ အရင်တုန်းက ကျုပ်မြင်ခဲ့တာ... ပြီးတော့ အခု ကျုပ်မြင်နေရတာတွေက တံလျှပ် ဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေပေါ့။”

“တစ်ခုတည်းသော ကွာခြားချက်က အခု တံလျှပ် နိုးထနေပြီဆိုတာပဲ။” ချန်လွေ့၏ မျက်လုံးများက သူ၏ အရှေ့မှ ခုခံရေးဒိုင်းကို အဆက်မပြတ် တိုက်ခိုက်နေသော ‘တစ္ဆေစမ်းရေ’ကို ချွန်ထက်သော ဓားတစ်စင်း ကဲ့သို့ ထွင်းဖောက်မြင်နေ၏။ နိုးထခြင်းက ‘သဘာဝအတိုင်းနိုးထခြင်း’ ဖြစ်ချင်မှ ဖြစ်မည်။ ၎င်းသည် သူတို့ ယခင်က တွေ့ခဲ့ရသော သဲကန္တာရနတ်ဘုရားမ နှင့် ပတ်သက်နေနိုင်သည်။

“အမှောင်ထောင်သဲကန္တာရထဲက ‘အိပ်မက်ဆန်ဆန်အိုအေစစ်’ ရွေ့လျားနိုင်တာ ဒါကြောင့်ကိုး! တကယ်တော့ အဲဒါက တစ်ခါတစ်ရံ နိုးထလာတာကိုး! ဒါဆို ‘အိပ်မက်ဆန်ဆန်အိုအေစစ်’ က တကယ်ရှိတာလား ဒါမှမဟုတ်...”

“ဘယ်လိုပဲဖြစ်ဖြစ် ဒီပုံရိပ်ယောင်ကို အရင်ဆုံး ရှင်းပစ် လိုက်ကြရအောင်။” ချန်လွေ့ အလင်းဒြပ်စင်ဘုရင် ပြောခဲ့သည်ကို ပြန်လည်၍ အမှတ်ရလိုက်သည်။ ဒယ်ကက်စ်နှင့် သိဒ္ဓိကျောင်းတော်တို့ ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးတွင် ရှိစဉ်က ‘သဲကန္တာရ နတ်ဘုရားမ’ကို သိဒ္ဓိကျောင်းတော်မှ အသိအမှတ်ပြုခဲ့သောကြောင့် ‘အိပ်မက်ဆန်ဆန်အိုအေစစ်’ တကယ် တည်ရှိလောက်ပေသည်။ ‘တစ္ဆေရေခဲစမ်း’ မရှိလျှင်ပင် ‘မီးစုစည်းသလင်းကျောက်သဲ’ တော့ ရှိနိုင်လောက်၏။

ထိုသို့ပြောရင်း ချန်လွေ့၏ ဘက်မှ ခုခံရေးဒိုင်း ချက်ချင်း ပျောက်ကွယ် သွားပြီး တွင်းနက် တစ်ခုဖြင့် အစားထိုးသွားသည်။

ထိုအခိုက်အတန့်တွင် အနီးအနားရှိ အရာများသည် စုတ်ဖြဲခံရသကဲ့သို့ တွန့်လိမ်သွားကြပြီး တွင်းနက်ဆီသို့ ပျံသန်းသွားကြသည်။ ‘တစ္ဆေစမ်းရေ’ ပထမဆုံး အထိနာခဲ့ပြီး ထို့နောက် ကန်ငယ်၊ သစ်တောများ... အရာ အားလုံး ဝါးမျိုခြင်းကို ခံလိုက်ရသည်။

ထိုသို့ ဝါးမျိုခြင်း၏ အရင်းမြစ်မှာ တံလျှပ်၏ ဝိညာဉ်စွမ်းအားဖြစ်သည်။ ယခင်က ဝါးမျိုခံခဲ့ရသော အရာများ ဆက်လက် ပြန်ကောင်းမွန်နိုင်ပြီး နောက်ဆုံးတွင် မှေးမှိန်သွားကာ ပြန်လည် မကောင်းမွန်နိုင်တော့ပေ။

ချန်လွေ့က [ကြယ်ဝါးမျိုခြင်း] ၏ စွမ်းအားကို သိမ်းဆည်းလိုက်ပြီး မျက်လုံးများက အဝေး တစ်နေရာသို့ ကျရောက်သွားသည်။ သူ၏ လက်က ဓားပုံစံအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် ခုတ်ပိုင်းလိုက်သည်။ နေရာလွတ်က ရုပ်ခန္ဓာတစ်ခုကဲ့သို့ နှစ်ပိုင်းကွဲသွားပြီး တစ်ချိန်တည်းပင် သားရဲတစ်ကောင်၏ နာကျင်စွာ ညည်းညူသံ ထွက်ပေါ်လာ၏။

ခုတ်ပိုင်းခံရသော နေရာလွတ်က တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားပြီး ထိုနေရာတွင် ၅မီတာမြင့်မားသော အရာတစ်ခု ရှိနေသည်။ ၎င်းက ကြီးမားသော နှစ်ခြမ်းခွဲ ခရုခွံပုံစံ ဖြစ်ပြီး ငွေ-မီးခိုး အလင်းတန်းများ ထုတ်လွှတ်နေသည်။ အတွင်းပိုင်း နေရာလွတ်က ဝေဝါးနေပြီး မျက်လုံးများကဲ့သို့ မှိန်ဖျော့သော အပြာရောင် အလင်းတန်း နှစ်ခုသာ ခပ်ရေးရေး တောက်ပနေ၏။

ကြီးမားသော ငွေ-မီးခိုး ခရုခွံ နှစ်ခုပေါ်တွင် အံ့ဩဖွယ်ရာ အက်ကွဲကြောင်းတစ်ခု ပေါ်နေပြီး အရည်စိမ်းများ အဆက်မပြတ် ယိုစိမ့်ထွက်နေသည်။ ၎င်းမှာ ခုနက တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့၍ ဆိုသည်မှာ ထင်ရှား၏။

မျိုးနွယ် - တံလျှပ်

စွမ်းအားအကဲဖြတ်မှု - SSS+

ခန္ဓာအမျိုးအစား - SSS-

ခွန်အား - SSS

စိတ်ဝိညာဉ် - SSS+

အမြန်နှုန်း - SSS-

[စိစစ်ချက်]: ပုံရိပ်ယောင်စွမ်းအား၊ စိတ်ဝိညာဉ်သွေးဆောင်မှုနှင့် နေရာလွတ်အလင်းယိုင်မှု။

အန္တရာယ်အဆင့် - မြင့်မား

ထိုအရာ ပေါ်လာရာ အိုအေစစ် တစ်ခုလုံး လုံးဝ ပျောက်ကွယ်သွားပြီး ကျတ်တီးသော သဲကန္တာရသာ ကျန်ရစ်တော့သည်။

အိုအေစစ် ဆိုသည်က အိပ်မက် တစ်ခုမျှသာ ဖြစ်လေသည်။

All Chapters