အိုအေစစ်
Vol. 68 Ch. 1098
ချန်လွေ့၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ လက်ခနဲ ဖြစ်သွားသည်။ တကယ် တံလျှပ် ဖြစ်နေတာပဲ။ ပြီးတော့ နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ် အဆင့်မှာတောင် ရှိနေသေးတယ်။ သူက အမှောင်ထောင် သဲကန္တာရ ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ပြီးတော့ ဝင်လာတဲ့ လူတွေကို ဖမ်းစားဖို့ ‘အိပ်မက်ဆန်ဆန် အိုအေစစ်’ အဖြစ် ဟန်ဆောင်နေခဲ့တဲ့ပုံ ရတယ်။ ဒါဆို တကယ့် ‘အိပ်မက်ဆန်ဆန် အိုအေစစ်’ က...
“ဆာ!” ရီဂီယာက အံ့အားသင့်စွာ အာမေဍိတ်အသံ ပြုလိုက်သည်။ “ဒီတံလျှပ်က... တီဇန်နီယာရဲ့ ဒဏ္ဍာရီလာ အစောင့်အရှောက် လက်အောက်ခံလိုပဲ!”
“အစောင့်အရှောက် လက်အောက်ခံ ဟုတ်လား။”
ချန်လွေ့ မျက်မှောင်ကြုတ်နေစဉ် ရီဂီယာက စိတ်ကူးပင်မယဉ်နိုင်သော အရာတစ်ခုခုကို မြင်လိုက်ရသကဲ့သို့ ရုတ်တရက် တုန်လှုပ်သွားသည်ကို တွေ့လိုက်ရသည်။ သူ၏မျက်နှာက ကြောက်ရွံ့မှုနှင့် ပြည့်နှက်နေသည်။ သူ အမှန်ပင် ဒူးထောက်ချလိုက်၏။ “အရှင်မင်းကြီး...”
ချန်လွေ့ စကားမပြောနိုင်ခင်မှာပင် သူ၏ အရှေ့မှ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။ သူ အချိန်ကြာမြင့်စွာ စိုးရိမ်နေခဲ့ရသော သော်သော်က လှောင်အိမ်ကဲ့သို့သော စွမ်းအင်ထဲတွင် ပိတ်လှောင်ခံနေရပြီး လှောင်အိမ်အပြင်ဘက်တွင် တောင်ပံ ၆ စုံပါသော ပုံရိပ်တစ်ခု ရှိနေသည်ကို သူ တွေ့လိုက်ရ၏။ ရာဖယ်ရယ်!
ရာဖယ်ရယ်၏ ခြေထောက်အောက်တွင် သွေးစွန်းနေသော အမျိုးသမီးတစ်ဦး လဲလျောင်းနေသည်။ သူ၏အသက် အန္တရာယ်ရှိနေသည်မှာ အသေအချာပင်။ ၎င်းမှာ ကက်သရင်းပင်!
ချန်လွေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ ၎င်းက အလွန်တရာ ယုတ္တိရှိသည်ဟု ခံစားရသော်လည်း ၎င်းမှာ တံလျှပ်၏ ပုံရိပ်ယောင်စွမ်းအားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းကောင်း သိသည်။ တစ်ချိန်တည်းမှာပင် စူပါစနစ်၏ စိတ်ဝိညာဉ်စွမ်းအား ကျူးကျော်မှု သတိပေးချက်က နောက်တစ်ကြိမ် မြည်လာသည်။
ချန်လွေ့က နှာခေါင်း ရှုံ့လိုက်ပြီး ရှေ့တွင် ပေါ်လာသော မည်သည့် မြင်ကွင်းကိုမဆို လျစ်လျူရှုလိုက်၏။ သူက [သရုပ်ခွဲမျက်လုံးများ] ပြသသော နေရာသို့ လက်ဝှေ့ယမ်း လိုက်ပြီး ကြီးမားသော အလင်း စက်လုံး ၇လုံးကို ရုတ်တရက် ပစ်လွှတ်လိုက်လေသည်။ ၎င်းတို့ကို အလင်းမျှင်များဖြင့် အတူတကွ ချိတ်ဆက်ထား၏။ ပေါက်ကွဲမှုက ချက်ချင်း ဖြစ်ပွားခဲ့လေသည်။
အဖြူရောင်အလင်းများ တောက်ပသွားပြီး ပုံရိပ်ယောင် တစ်ခုလုံး စုတ်ပြဲသွား၏။ တံလျှပ်၏ မူလအသွင်က နောက်တစ်ကြိမ် ပေါ်လာသော်လည်း ခန္ဓာကိုယ်ပေါ်မှ ခရုခွံအများစုမှာ ကြေမွသွားခဲ့ပြီး အငွေ့အသက်ကလည်း အားနည်းသွားခဲ့၏။
တံလျှပ်ကိုယ်တိုင်က ပုံရိပ်ယောင် ဖန်တီးရာတွင် အတော်ဆုံးဖြစ်သည်။ သူ၏ စိတ်ဝိညာဉ် စွမ်းအားက အလွန်ပင် အားကောင်းသောကြောင့် အဆင့်တူများပင် မလွတ်မြောက် နိုင်သော်လည်း ခန္ဓာနှင့် ခွန်အားမှာမူ အားနည်းသည်။ ထို [ကြယ်(၇)ပွင့် ပေါက်ကွဲခြင်း] ဖြင့် တိုက်ခိုက် ခံရပြီးနောက် သူက အပြင်းအထန် ဒဏ်ရာရသွားခဲ့လေသည်။
ချန်လွေ့က သူ၏ လက်များကို ဆုပ်လိုက်ရာ ပူပြင်းသောလေက ရုတ်တရက် အေးစက်သွား၏။ တံလျှပ်၏ ခန္ဓာကိုယ် ရုတ်တရက် ခဲသွားပြီး ခန္ဓာကိုယ် တစ်ခြမ်းက [ဆောင်းပိုင်နက်]၏ စွမ်းအားကြောင့် ခဲသွားပြီး ပုံရိပ်ယောင် စွမ်းအားကို အသုံးမပြုနိုင်တော့ပေ။
ရီဂီယာက ပုံရိပ်ယောင်မှ နိုးလာပြီး မိုးရွာသကဲ့သို့ ချွေးများ စီးကျကာ အသက်ကို ပြင်းပြင်းရှူနေသည်။ “ခုနက ဘာဖြစ်သွားတာလဲ။”
အမှန်တကယ်တွင် ရီဂီယာက ပုံရိပ်ယောင်၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုကြောင့်သာ ထိခိုက်ခဲ့ခြင်း ဖြစ်သည်။ တံလျှပ်၏ တကယ့် ပစ်မှတ်မှာ ချန်လွေ့ပင်။ ကံမကောင်းစွာဖြင့် ပုံရိပ်ယောင် စွမ်းအားကို အသုံးမပြုနိုင်ခင်မှာပင် ရှုံးနိမ့်သွားခဲ့သည်။ မဟုတ်လျှင် ရီဂီယာသာ ပုံရိပ်ယောင်ထဲတွင် နက်ရှိုင်းစွာ နစ်မြောသွားပါက သူ၏ ဝိညာဉ် တိုက်ရိုက် ပြိုကွဲသွားပေမည်။
“ခင်ဗျား ဘာပဲမြင်မြင်၊ အဲဒါက အစစ်မဟုတ်ဘူး။” ချန်လွေ့ နောက်လှည့်ပြီး မေးလိုက်သည်။ “ခင်ဗျား ခုနက ပြောခဲ့တယ်။ ဒါက တီဇန်နီယာရဲ့ အစောင့်အရှောက် လက်အောက်ခံဆို။”
“ဟုတ်ပါတယ်။” ရီဂီယာက သူ၏ ခေါင်းပေါ်မှ ချွေးများကို သုတ်လိုက်၏။ “တီဇန်နီယာနဲ့ ပတ်သက်တဲ့ ကျမ်းစာအုပ်တွေထဲမှာ သူ့နာမည်က ‘ဒိုအန်ဒရိုမာ’ ပါ၊ အိပ်မက် အစောင့်အရှောက်လို့ အဓိပ္ပာယ်ရတယ်။ သူက တံလျှပ် တစ်ကောင်မှန်းတော့ မသိခဲ့ဘူး။ တီဇန်နီယာရဲ့ နတ်ဘုရားမ ရုပ်တုမှာတောင် သူ့အတွက် နေရာ တစ်ခု ရှိတယ်။ ပုံမှန်အားဖြင့် နတ်ဘုရားမခြေရင်းမှာ စီးတော်ယာဉ် ပုံစံနဲ့ ရှိနေတတ်တယ်။”
“နားလည်ပြီ။ ဒါဆို သူက တကယ့် ‘အိပ်မက်ဆန်ဆန်အိုအေစစ်’ ဘယ်မှာရှိလဲဆိုတာကို သိရမယ်။”
ချန်လွေ့က တံလျှပ်ဆီသို့ တဖြည်းဖြည်း လျှောက်သွားလိုက်၏။ တံလျှပ်က ချန်လွေ့၏ စိတ်ကို တိုက်စားရန် သူ၏ အစွမ်းကုန် ထုတ်သုံးသော်လည်း အချည်းနှီးသာ ဖြစ်သည်။ အကြောင်းမှာ ချန်လွေ့က ယခုအခါ အနက်ရောင် ချပ်ကာ၊ မရဏနက်ဘုရင် ချပ်ကာကို ဝတ်ဆင် ထားသောကြောင့်ပင်။
အမျက်ဘုရင်ချပ်ကာက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုမှုနှင့် မှော်ထိခိုက်မှုများကို များစွာ လျှော့ချ ပေးနိုင်ရုံသာမက ဝိညာဉ်ကိုလည်း စိတ်ဝိညာဉ် တိုက်စားမှုများမှ ကာကွယ်ပေးသည်။ ‘အိပ်မက်ဆန်ဆန်အိုအေစစ်’ ထဲသို့ မဝင်ခင် ချန်လွေ့က တံလျှပ် တစ်ကောင်နှင့် ရင်ဆိုင်ရမည်ကို မသိသောကြောင့် အမျက်ဘုရင် ချပ်ကာကို မဝတ်ဆင်ခဲ့ပေ။
ချန်လွေ့က အမျက်ဘုရင်ချပ်ကာ သာမက အခြား ပစ္စည်းတစ်ခု ဖြစ်သည့် ‘နတ်ဘုရားဝါးမျို မျက်နှာဖုံး’ ကိုပါ ဝတ်ဆင်ထား၏။
‘နတ်ဘုရားဝါးမျို မျက်နှာဖုံး’ သည် မှိန်ဖျော့သော အဝါရောင်အလင်းဖြင့် တောက်ပနေပြီး ထူးဆန်းသော စွမ်းအား တစ်ခုက တံလျှပ်ကို လွှမ်းခြုံသွားသည်။ တံလျှပ်က အန္တရာယ်ကို ခံစားမိပြီး အသည်းအသန် ရုန်းကန်သော်လည်း ထိုကဲ့သို့ ထူးဆန်းသော စွမ်းအားမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ချန်လွေ့ ဆက်လုပ်ရမည့်အရာမှာ ‘နတ်ဘုရားဝါးမျိုမျက်နှာဖုံး’ကို အသုံးပြု၍ တံလျှပ်၏ ဝိညာဉ်ကို ထိန်းချုပ်ပြီး တကယ့် ‘အိပ်မက်ဆန်ဆန်အိုအေစစ်’ကို ရှာဖွေရန်ပင်။ တံလျှပ်သည် ‘နတ်ဘုရားဝါးမျိုမျက်နှာဖုံး’ ၏ စွမ်းအားဖြင့် လွှမ်းခြုံခံထားရပြီး သူ ထုတ်လွှတ်သော ဝိညာဉ်စွမ်းအား အားလုံးက တန်ပြန်သွားခဲ့သည်။ တစ်ချိန်တည်းပင် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုသည် ဝိညာဉ်ထဲသို့ စိမ့်ဝင်သွားလေသည်။
‘နတ်ဘုရားဝါးမျိုမျက်နှာဖုံး’သည် မိမိထက် အားနည်းသော ရန်သူ၏ ဝိညာဉ်ကို ထိန်းချုပ်နိုင်ပြီး ဆန္ဒ အလျောက် လက်အောက်ခံ တစ်ဦး ဖြစ်လာစေနိုင်သည်။ ချန်လွေ့နှင့် တံလျှပ်တို့၏ စိတ်ဝိညာဉ်စွမ်းအားက SSS အဆင့်တွင် ရှိပြီး နတ်ဘုရား တစ်ပိုင်းအဆင့် အထွတ်အထိပ်များ ဖြစ်ကြသည်။ ကြယ်စင်စု ယုံကြည်မှု ရှိသော ချန်လွေ့၏ စိတ်ဝိညာဉ် အဆင့်က တံလျှပ်ထက် သာလွန် နေသည့်အပြင် တံလျှပ်က ယခုအခါ ပြင်းထန်စွာ ဒဏ်ရာရထားခဲ့ပြီး [ဆောင်းပိုင်နက်] ဖြင့် ချုပ်နှောင် ခံထားရရာ သူ့ကို အပြည့်အဝ ထိန်းချုပ်နိုင်လောက်သည်။
မျက်နှာဖုံး နောက်ကွယ်မှ ချန်လွေ့၏ မျက်ခုံးများ ရုတ်တရက် မြင့်တက်သွားသည်။ အကြောင်းမှာ တံလျှပ်၏ ဝိညာဉ်ထဲတွင် ‘နတ်ဘုရားဝါးမျိုမျက်နှာဖုံး’ ၏ စွမ်းအားကို အမှန်တကယ် ပြန်လည် တိုက်ခိုက်နေသော အားကောင်းသည့် စိတ်ဆန္ဒတစ်ခု ရှိနေေကြာင်းကို သူ ခံစားမိသောကြောင့်ပင်။
ထိုစိတ်ဆန္ဒက တံလျှပ်၏ ကိုယ်ပိုင် စိတ်ဆန္ဒ လုံးဝမဟုတ်ပေ။ ၎င်းသည် ခုနက ‘မရဏနက်သဲမုန်တိုင်း’ တွင် ကြုံတွေ့ ခဲ့ရသည်နှင့် အနည်းငယ် ရင်းနှီးသလို ခံစားရသည်။
တိမ်တိုက်များထဲမှ ပိတ်ထားသော မျက်လုံးတစ်စုံပင်။
ထိုစိတ်ဆန္ဒ၏ လွှမ်းမိုးမှုအောက် ‘နတ်ဘုရားဝါးမျိုမျက်နှာဖုံး’၏ စွမ်းအားက တံလျှပ်၏ ဝိညာဉ်ထဲသို့ ယာယီ မစိမ့်ဝင်နိုင် ဖြစ်နေသည်။
အကြိတ်အနယ် တိုက်ခိုက်နေစဉ် မျက်နှာဖုံး၏ မျက်လုံးများတွင် ခရမ်းရောင် ကြယ်အလင်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး တကိုယ်လုံး မျက်စိကျိန်းအောင် တောက်ပသော အလင်းရောင်တစ်ခု ပေါ်လာသည်။ အားကောင်းသော စွမ်းအားက ထိုစိတ်ဆန္ဒကို ချက်ချင်း လွှမ်းခြုံ သွားခဲ့သည်။ အကယ်၍ ၎င်းသည် စိတ်ဆန္ဒကိုယ်တိုင် ဖြစ်ပါက သူ ကြယ်အလင်းစွမ်းအားကို သုံးလျှင်ပင် မနှိမ်နင်းနိုင်ပေ။ သို့သော် တံလျှပ်၏ ခန္ဓာကိုယ်ထဲတွင် ထိုစိတ်ဆန္ဒမှ ထုတ်သုံးနိုင်သော စွမ်းအားက တံလျှပ်ကိုယ်တိုင်၏ ကန့်သတ်ချက်များကို မကျော်လွန်နိုင်သောကြောင့် ချက်ချင်းဆိုသလို ‘နတ်ဘုရားဝါးမျို မျက်နှာဖုံး’က ထိုစိတ်ဆန္ဒ၏ ကာကွယ်မှုကို ချိုးဖောက်သွား၏။
ချန်လွေ့ အောင်မြင်တော့မည့် အချိန်တွင် ရုတ်တရက် မျက်မှောင် ကြုတ်လိုက်သည်။ ‘နတ်ဘုရားဝါးမျို မျက်နှာဖုံး’က တံလျှပ်၏ ဝိညာဉ်ကို မထိန်းချုပ်နိုင်ခင်မှာပင် တံလျှပ်၏ ခန္ဓာကိုယ် ရုတ်တရက် တွန့်သွားပြီး ပေါက်ကွဲသွား၏။
‘နတ်ဘုရားဝါးမျို မျက်နှာဖုံး’က တံလျှပ်၏ ဝိညာဉ်ကို ထိန်းချုပ် လိုသည့် အခိုက်တွင် ထိုစိတ်ဆန္ဒက တံလျှပ်၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်လိုက်ခြင်းပင်။
ပုံရိပ်ယောင်ဖြင့် အခြားသူများကို ထိန်းချုပ်ရာတွင် ကောင်းမွန်သော တံလျှပ်က အစမှ အဆုံးအထိ ထိုတိုတောင်းသော တိုက်ပွဲတွင် အထိန်းချုပ်ခံ ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်ခဲ့သည်။
ချန်လွေ့၏ ပိတ်ထားသော မျက်လုံးများက ဖြည်းညှင်းစွာ ပွင့်လာသည်။ ၎င်း၏ ဝိညာဉ် ပေါက်ကွဲမှု စွမ်းအားက ရုတ်တရက် အားကောင်းသွားသော်လည်း [ဓူဝံကြယ်အသွင်ပြောင်းခြင်း]ကို သုံးထားသော ချန်လွေ့အတွက်မူ မလုံလောက်ခဲ့ပေ။
“ဆာ၊ ဟိုကို ကြည့်ပါဦး...” ရီဂီယာ၏ အသံက သူ၏နောက်မှ ထွက်ပေါ်လာခဲ့သည်။ ချန်လွေ့က လှည့်ကြည့်လိုက်ရာ တံလျှပ်၏ ခန္ဓာကိုယ် ပေါက်ကွဲသွားပြီးနောက် ပျောက်ကွယ်မသွားဘဲ အရှေ့မှ နေရာလွတ်သို့ မှိန်ဖျော့သော အဖြူရောင် အလင်းတန်း လမ်းကြောင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအရာမှာ ချန်လွေ့ အသုံးပြုသော စွမ်းအား မဟုတ်ပေ။ ၎င်းမှာ...
တကယ့် တိုက်ပွဲက အခုမှသာ စတင်သည်မှာ သေချာပေ၏။
“ခင်ဗျား တည်ဆောက်ထားတဲ့ တိုင်းပြည်... ဒါမှမဟုတ် စနစ်ကို ကျုပ်လိုမျိုး မဖိတ်ခေါ်ထားတဲ့ ဧည့်သည်က ဆက်ပြီး မဖျက်ဆီး စေချင်လို့... နောက်ဆုံးတော့ တွေ့ဖို့ ဆုံးဖြတ်လိုက်ပြီလား။”
ပတ်ဝန်းကျင်မှ နေရာလွတ်က စတင် ပြိုကျလာပြီး ထိုလမ်းကြောင်း တစ်ခုတည်းသာ ကျန်ရစ်တော့သည်။
တီဇန်နီယာက ရွေးချယ်စရာ တစ်ခုထက်ပို၍ မပေးခဲ့ပုံရသည်။
ချန်လွေ့ ရီဂီယာကို တစ်ချက် ကြည့်လိုက်ရာ ရီဂီယာ သတိလစ် သွားခဲ့သည်။ ထို့နောက် ချန်လွေ့၏ ဘေးတွင် အလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွားပြီး ပျောက်ကွယ် သွားသည်ကို တွေ့လိုက်ရသည်။
ချန်လွေ့က ‘ကျက်သရေမျှော်စင်’ ကို အသုံးပြု၍ ရီဂီယာကို သိမ်းဆည်းပြီး ပင့်သက်ရှိုက်ကာ အဖြူရောင်အလင်းတန်း လမ်းကြောင်းဆီသို့ ခြေတစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
လမ်းကြောင်း အဆုံးတွင် အလင်းတံခါး တစ်ခု ရှိနေသည်။
အလင်းတံခါး အလိုအလျောက် ပွင့်သွားပြီး ချန်လွေ့က ဝင်သွားလိုက်သည်။ ၎င်းမှာ လန်းဆန်းစေသော စိမ်းလန်းမှုနှင့် လတ်ဆတ်သော အငွေ့အသက်များ နေရာတိုင်းတွင် ရှိနေလေသည်။ ထိုမြင်ကွင်းကြောင့် ချန်လွေ့ ရင်းနှီးသလို ခံစားလိုက်ရသည်။ ကန်ငယ်တွေ၊ သစ်တောတွေ... ဟုတ်တယ်၊ အိုအေစစ်တစ်ခုပဲ!
အတိအကျပဲ။ ခုနက တံလျှပ် ဖန်တီးခဲ့တဲ့ အိုအေစစ်နဲ့!
ချန်လွေ့က [သရုပ်ခွဲမျက်လုံး]ထဲမှ တံလျှပ်၏ ‘နေရာလွတ်အလင်းယိုင်မှု’ ပါရမီကို တွေးမိပြီး သူ ချက်ချင်း နားလည်သွားသည်။ အိုအေစစ်က လုံးဝအတုအယောင် ဖန်တီးထားခြင်း မဟုတ်ဘဲ အလင်း ယိုင်စေသော တကယ့် ပုံရိပ်တစ်ခု ဖြစ်သည်! တစ်နည်းအားဖြင့် သူ၏ အရှေ့မှ အိုအေစစ်မှာ တကယ့် အစစ်အမှန် ‘အိပ်မက်ဆန်ဆန်အိုအေစစ်’ပင်!
ဒါဆို ‘တစ္ဆေစမ်းရေ’ ကလည်း အစစ်ပဲလား။ ပြီးတော့ သဲလွန်စ မရှိသေးတဲ့ ‘မီးစုစည်း သလင်းကျောက်သဲ’ ကရော။
ချန်လွေ့ အလျင်မလိုဘဲ ရှေ့သို့ လျှောက်သွား လိုက်သည်။ သူ ခြေတစ်လှမ်း လှမ်းတိုင်း သူ၏ ကြယ်စွမ်းအင်ကို တိတ်တဆိတ် ချိန်ညှိပြီး ဖြစ်နိုင်သမျှ အကောင်းဆုံး အခြေအနေကို ထိန်းသိမ်းထားသည်။ သူက မည်သို့ တည်ရှိမှုမျိုးနဲ့ ရင်ဆိုင် ရနိုင်ကြောင်း မသိသော်လည်း ယခုအခိုက်တွင် သူ၏စိတ်ဓာတ်က ‘မရဏနက်သဲမုန်တိုင်း’ကို ရင်ဆိုင်ကာ လက်သီးဖြင့် ထိုးခဲ့စဉ်က ကဲ့သို့ပင် ရပ်တန့်၍မရပေ။
ချန်လွေ့၏ ခြေလှမ်းများ ရပ်တန့်သွားပြီး သူက ခေါင်းမော့ ကြည့်လိုက်သည်။ ကောင်းကင်ယံရှိ တိမ်ဖြူများက တဖြည်းဖြည်း စုစည်းကာ ပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းမှာ သူ အစပိုင်း မြင်ခဲ့ရသော အမျိုးသမီး၏ ပုံရိပ်ပင်။ ယခင် တစ်ခေါက်ထက် များစွာ ထင်ရှားလှသော်လည်း အသွင်အပြင်မှာမူ အနည်းငယ် ဝေဝါးနေပြီး မျက်လုံးများကတော့ ပိတ်ထားနေဆဲပင်။
အမျိုးသမီး၏ ခန္ဓာကိုယ်က အဖြူရောင် အလင်းတန်းများဖြင့် တောက်ပနေပြီး တည့်တည့် မကြည့်ဝံ့အောင် မြင့်မြတ်သော ခံစားချက်တစ်ခု ပေးနေ၏။ ၎င်းမှာ ယုံကြည်မှုစွမ်းအား ဖြစ်ကြောင်း ချန်လွေ့ အသေအချာ ခံစားမိသည်။
အဖြူရောင်အလင်း မြေပြင်ပေါ်သို့ ဖြာကျလာပြီး အိုအေစစ်တစ်ခုလုံးရှိ အသက်စွမ်းအင်က ရုတ်တရက် အဆ ၁၀၀ ပိုမို၍ ကြွယ်ဝလာသည်။ ကောင်းကင်က ပိုမိုတောက်ပလာပုံ ရပြီး ကန်ရေ ပိုမိုကြည်လင်လာသည်။ အသက်ရှိပုံရသော အငွေ့အသက်က ချန်လွေ့အပေါ်တွင် ကြီးမားသော ဖိအားကို သက်ရောက်စေသည်။ ပတ်ဝန်းကျင်မှ နေရာလွတ်သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့် ပြည့်နှက်နေပြီး လေထုပင်လျှင် အေးခဲသွားလုနီးပါး ဖြစ်နေသည်ဟု သူခံစားရသည်။
“အတော်လေးကို အားကောင်းတဲ့ ယုံကြည်မှု စွမ်းအားပဲ။” ချန်လွေ့က ရုတ်တရက် ပြောလိုက်သည်။ ထူးဆန်းသော စွမ်းအားတစ်ခုက အသံနှင့်အတူ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်မှ အရှိန်အဝါက လှိုင်းတွန့်များဖြင့် ရိုက်ခတ် ခံလိုက်ရသလို ဖြစ်သွားသည်။ အစွမ်းထက်ဆုံး အရှိန်အဝါပင်လျှင် ထိုကဲ့သို့ နူးညံ့သော စွမ်းအားကို လုံးဝ မဖယ်ရှားနိုင်ပေ။ မူလ ‘ခဲနေသော’ မျှခြေ ရုတ်တရက် ကျိုးပျက်သွား၏။ ၎င်းက ကြောက်မက်ဖွယ်ရာ ကောင်းနေဆဲ ဖြစ်သော်လည်း ပြီးပြည့်စုံခြင်း မရှိတော့ပေ။
လောကတွင် အစွမ်းထက်ဆုံး ယဉ်ပါးစေရန် အကြီးမားဆုံးသော နူးညံ့မှုကို အသုံးပြုခြင်းပင်။
[ရေဓား]...
တကယ့်ဓားက ဓားဖြစ်စရာ မလိုပေ။
ချန်လွေ့က တိမ်မှ အမျိုးသမီး၏ အရှိန်အဝါကို ဖြေဖျောက်ရန် ဓားချက်တစ်ချက် ထုတ်လွှတ်လိုက်ပြီ ဖြစ်သည်။
“ဒါပေမဲ့ ဒီယုံကြည်မှု စွမ်းအားရဲ့ မပြည့်စုံမှုကို ကျုပ် ခံစားမိတယ်။ သေချာတယ်။ ဒီယုံကြည်မှုက ခင်ဗျားနဲ့ တကယ် မသက်ဆိုင်ဘူး။ ဒီယုံကြည်မှုတွေကို ခင်ဗျား တကယ် မပိုင်ဘူး။”
ချန်လွေ့က တိမ်တိုက်ပုံရိပ်ကို မော့ကြည့်လိုက်သော်လည်း ထိုကဲ့သို့ မော့ကြည့်ခြင်းက လျစ်လျူရှုခြင်းနှင့် ပိုတူသည်။ သူက ဖြည်းညှင်းစွာ နောက်လှည့်လိုက်ပြီး နောက်ကို ပြောလိုက်၏။ “ဘာဖြစ်လို့လဲဆို ခင်ဗျားက နတ်ဘုရား တစ်ပါး မဟုတ်လို့ပဲ။ ဒါပေမဲ့ အချိန် အများစုမှာ ခင်ဗျားက ကိုယ့်ကိုယ်ကို နတ်ဘုရားတစ်ပါးလို့ သတ်မှတ်တယ်။ သရုပ်ဆောင်တဲ့ အခန်းကဏ္ဍမှာ အချိန်အကြာကြီး နေခဲ့လို့ အဲဒီကနေ ကိုယ့်ကိုယ်ကို မခွဲထုတ်နိုင်ဘဲ တကယ့်သရုပ်မှန်ကို ပြန်မလာနိုင်တော့တာလား။”
သူက စကားပြောနေသော်လည်း ၎င်းမှာ နောက်ထပ် ဓားချက် တစ်ချက်လည်း ဖြစ်သည်။
အကယ်၍ ယခင်ဓားချက်က ရုပ်ခန္ဓာရှိခဲ့လျှင် ထိုဓားမှာမူ ရုပ်ခန္ဓာ မရှိပေ။
စိတ်ကို တိုက်ခိုက်သော ဓားက ပို၍ သေစေနိုင်၏။
ကောင်းကင်ယံရှိ တိမ်ဖြူများဖြင့် ဖွဲ့စည်းထားသော အမျိုးသမီးက ပျောက်ကွယ်သွားပြီးနောက် အခြား တစ်ဖက်တွင်မူ အလင်းတန်းများဖြင့် ဖွဲ့စည်းထားသော ပုံရိပ်တစ်ခုက ချန်လွေ့၏ နောက်တွင် လျင်မြန်စွာ ထင်ရှားလာသည်။
ငွေရောင်ဆံပင်ရှည်။
မျက်လုံးများက ပိတ်ထားဆဲဖြစ်ပြီး မျက်နှာသွင်ပြင်က အနည်းငယ် ဝေဝါးနေသော်လည်း အချိုးအစားမှာ အလွန်ပြီးပြည့်စုံ၏။
အပိုအစ၊ ပုံစံကွက်များ မပါသော နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံက ခမ်းနားထည်ဝါပြီး လှပနေသည်။
သူ့တစ်ကိုယ်လုံး တည်ငြိမ်သော အငွေ့အသက်တစ်ခု ရှိသော်လည်း ထိုတည်ငြိမ်မှုထဲတွင် မုန်တိုင်းကဲ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ဖြစ်ပေါ်နေပုံရသည်။
ချန်လွေ့က နောက်လှည့်လိုက်ပြီး နှုတ်ကပတ်တော် ဆောင်ကြဉ်းသူဟု ခေါ်၍ရနိုင်သော အမျိုးသမီးနှင့် ရင်ဆိုင်လိုက်သည်။
[သရုပ်ခွဲမျက်လုံး]ထဲမှ အချက်အလက်များကို မကြည့်ဘဲနှင့်ပင် သူက ထိုအမျိုးသမီး၏ စွမ်းအားကို အာရုံခံမိနိုင်သည်။ ထိုကဲ့သို့သော ခံစားချက်မျိုးကို မိုက်ကယ်၊ စေတန်နှင့် ရာဖယ်ရယ်ကဲ့သို့သော အထွတ်အထိပ်အဆင့် အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်များနှင့် ရင်ဆိုင် ရမှသာ ခံစားရနိုင်လေသည်။