၅မိနစ်
Vol. 68 Ch. 1099
တမန်တော်အများစုက အမျိုးသားများ ဖြစ်ကြပြီး အချို့မှာ ကျား/မလိင်မရှိပေ။ အမျိုးသမီး တမန်တော်များ၏ အချိုးအစားမှာမူ အတော်လေးနည်းပါးပြီး အထူးသဖြင့် အမြင့်ဆင့်များတွင် ပို၍နည်းပါး၏။ ယခုအခိုက်အတန့်တွင် ချန်လွေ့၏ ရှေ့တွင် ပေါ်လာသူမှာ လှပသော သိဒ္ဓိ အမျိုးသမီး တမန်တော်တစ်ပါး ဖြစ်လေသည်။
သို့သော် ချန်လွေ့၏ မျက်လုံးတွင် အလှတရားကို တစိမ့်စိမ့် ခံစား ကြည့်ရှုလိုသည့် အရိပ်အယောင် မရှိဘဲ သတိဝီရိယ၊ အလွန်အမင်း သတိဝီရိယသာ ရှိနေခဲ့သည်။
[သရုပ်ခွဲမျက်လုံး]တွင် တီဇန်နီယာ၏ အချက်အလက်များကို အောက်ပါကဲ့သို့ ပြသထား၏။
မျိုးနွယ်စု - တမန်တော်
စွမ်းအားအကဲဖြတ်မှု - SSSS+
ခန္ဓာအမျိုးအစား - SSSS+
ခွန်အား - SSSS+
စိတ်ဝိညာဉ် - SSSS+
အမြန်နှုန်း - SSSS+
[စိစစ်ချက်] ဂုဏ်သတ္တိ - လေဂုဏ်သတ္တိ၊ မြေဂုဏ်သတ္တိ၊ မီးဂုဏ်သတ္တိ၊ရေဂုဏ်သတ္တိ၊ စစ်ပွဲမာန် ခန္ဓာ၊ သူတော်စင် တိုက်ခိုက်ရေး နှလုံးသား၊ ကိုယ်ခံပညာ အားလုံး ကျွမ်းကျင်မှု။
အန္တရာယ်အဆင့် - အလွန်အမင်း မြင့်မား!
အသေအချာကို နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ်ပဲ။
တီဇန်နီယာသည် တမန်တော် တစ်ပါးဖြစ်သော်လည်း အလင်းဒြပ်စင် စွမ်းအားရှိသော မိုက်ကယ်နှင့် ရာဖယ်ရယ်တို့နှင့် မတူဘဲ သူ့တွင် အလင်းနှင့် အမှောင် ဒြပ်စင် နှစ်မျိုးမှလွဲ၍ ဒြပ်စင် လေးမျိုးလုံး၏ စွမ်းအားများ ရှိနေသည်။ ချန်လွေ့ကို ပို၍ အံ့အားသင့်စေသည်မှာ ထိုကဲ့သို့ နူးညံ့သိမ်မွေ့ပြီး လှပပုံရသော အမျိုးသမီး တမန်တော်က ‘ကိုယ်ခံပညာအားလုံးကျွမ်းကျင်မှု’ ဟူသော အရည်အချင်းကို အမှန်တကယ် ပိုင်ဆိုင်ထားခြင်းပင်။ သူ့တွင် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး အနီးကပ် တိုက်ခိုက်ရေး စွမ်းရည် ရှိမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ချန်လွေ့က ကြယ်စွမ်းအားကို တိတ်တဆိတ် လည်ပတ်နေကာ တီဇန်နီယာထံမှ ထုတ်လွှတ်နေသော ကြီးမားသည့် ဖိနှိပ်မှုကို အဆက်မပြတ် ဖြေဖျောက်နေသည်။ “ကျုပ် ပြောတာ မှန်တယ်မလား။ မဒမ်-တီဇန်နီယာ။ ဒါမှမဟုတ် လှပပြီး စွဲဆောင်မှုရှိတဲ့ တမန်တော်လို့ ခေါ်ရသလား။”
တီဇန်နီယာက မျက်လုံးကို မဖွင့်သော်လည်း ချန်လွေ့သည် ကြယ်ချပ်ကာနှင့် ပေါင်းစပ်ထားသော ‘နတ်ဘုရားဝါးမျိုမျက်နှာဖုံး’ကို ဝတ်ဆင်ထားသော်လည်း သူက ဂရုမထားခြင်းကို ရှင်းရှင်းလင်းလင်း ခံစားမိနိုင်သည်။ “ရှင် ဘယ်သူလဲ။”
ထိုအသံက အလွန် ပင်သာယာ နာပျော်ဖွယ် ကောင်းသော်လည်း မမြင်နိုင်သော ခြိမ်းခြောက်သည့် အငွေ့အသက်တစ်ခု ပါဝင်နေ၏။
“လမ်းသွားလမ်းလာ တစ်ယောက်ပါ။” ချန်လွေ့က တီဇန်နီယာကို အနည်းငယ် ဦးညွှတ် အရိုအသေပေးလိုက်သည်။ “ပထမဆုံး အနေနဲ့ ကျုပ်ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပါ။ တံလျှပ်က ခင်ဗျားရဲ့ လက်အောက်ခံမှန်း ကျုပ် မသိခဲ့ပါဘူး။”
တီဇန်နီယာက ခေါင်းအနည်းငယ် မော့လိုက်ပြီး သူ၏ တိတ်ဆိတ် ငြိမ်သက်သော အသံက မျက်နှာဖုံးကို ထိုးဖောက်ကာ ချန်လွေ့ ဝိညာဉ်ကို ဖြတ်တောက်တော့မည့်အလား ဖြစ်နေသည်။ “ရှင် ခုနက ဒိုအန်ဒရိုမာကို ထိန်းချုပ်ဖို့ ဘာစွမ်းအားကို သုံးခဲ့တာလဲ။”
“ဝိညာဉ်ကို တိုက်စားတဲ့ စိတ်ဝိညာဉ် စွမ်းအားတစ်မျိုးပါ၊ ဒိုအန်ဒရိုမာ ကျုပ်ကို လုပ်ခဲ့တဲ့ နည်းလမ်းနဲ့ ဆင်တူပါတယ်။ ကျုပ်က ပြန်ပေးလိုက်တာသက်သက်ပါပဲ။” ချန်လွေ့က တီဇန်နီယာတွင် ကြယ်ချပ်ကာနှင့် ပေါင်းစပ်ထားသော ‘နတ်ဘုရားဝါးမျိုမျက်နှာဖုံး’ကို ထွင်းဖောက်မြင်နိုင်သည့် စွမ်းရည် ရှိမည်ဟု မထင်ပေ။ ထိုစကားများ၏ အဓိက အချက်မှာ တံလျှပ် ‘ဒိုအန်ဒရိုမာ’က သူ့ကို အရင်ဦးစွာ တိုက်ခိုက်ခဲ့ခြင်းအပေါ် အာရုံစိုက် ထားသည်။ သူက ဒိုအန်ဒရိုမာကို ထိန်းချုပ်ရန် လျှို့ဝှက်ပညာရပ်ကို သုံးလိုခဲ့လျှင်ပင် ၎င်းမှာ တန်ပြန် တိုက်ခိုက်မှု တစ်ခုသာ ဖြစ်ပြီး ရန်စခြင်း မဟုတ်ပေ။
“တကယ်လား။” တီဇန်နီယာ၏ လေသံတွင် ရှင်းပြ၍ မရသော ခံစားချက်တစ်ခု ခပ်ရေးရေးလေး ပါဝင်နေသည်။ “အဲဒီစွမ်းအားမျိုးက ကျွန်မကို ရင်းနှီးတဲ့ ခံစားချက်တစ်ခု ပေးတယ်။ ဒါကြောင့်ပဲ ရှင့်ကို ဒီတိုင်းပြည်ထဲ ဝင်ခွင့်ပေးပြီး အတည်ပြုခဲ့တာ။ အခုတော့ အဲဒါ ကျွန်မ စိတ်ထင်တာပဲ နေမယ်။”
တံလျှပ် သေဆုံးပြီး တီဇန်နီယာ ဆက်လက်မတိုက်ခိုက်ဘဲ သို့မဟုတ် ထွက်မသွားဘဲ သူ့ကို ထိုနေရာသို့ အဘကြောင့် ခေါ်ဆောင်လာခဲ့ခြင်းကို ချန်လွေ့ နားလည်သွားခဲ့သည်။
“မစ်-တီဇန်နီယာ နားလည်မှု လွဲသွားတာ ဖြစ်တယ်။ ကျုပ် အရမ်း ဂုဏ်ယူမိပေမဲ့ ကျုပ်တို့ တွေ့ဖူးတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။” ချန်လွေ့ အနည်းငယ် ပြုံးလိုက်သည်။ “အမှန်အတိုင်းပြောရရင် ကျုပ် အမှောင်ထောင်သဲကန္တာရကို လာခဲ့တာ ‘အိပ်မက်ဆန်န်အိုအေစစ်’၊ ‘မီးစုစည်းသလင်းကျောက်သဲ’ နဲ့...”
တီဇန်နီယာ သူ့ကို တိုက်ရိုက် ဖြတ်ပြောလိုက်သည်။ “နားလည်မှု လွဲမှားတာဆိုမှတော့ ရှင့်အတွက် ရွေးချယ်စရာ၂ခုပဲ ကျန်တော့တယ်။”
ချန်လွေ့က တီဇန်နီယာ၏ စကားများထဲမှ ပြင်းထန်သော ရန်လိုမုန်းတီးမှုကို ကြားလိုက်ရပြီး သူ မျက်မှောင်ကြုတ်လိုက်သည်။ “ဒိုအန်ဒရိုမာ ကိစ္စကို ထားလိုက်ပါဦး။ ခင်ဗျားပဲ ‘မရဏနက်သဲမုန်တိုင်း’ နဲ့ ကျုပ်ကို အရင် တိုက်ခိုက်ခဲ့တာပါ။ ကျုပ် ခင်ဗျားကို ရန်မစခဲ့ပါဘူး။”
“ကျွန်မ ရှင်းပြတာ မလိုဘူး။” တီဇန်နီယာ စကားတစ်ခွန်းတည်းဖြင့် သူ၏ ဆုတ်ခွာရာလမ်းကို လုံးဝ ဖြတ်တောက်လိုက်သည်။ “ပြီးတော့ ရှင်က ရွေးချယ်ဖို့ပဲ လိုတယ်။”
“သေတာနဲ့ အညံ့ခံတာလား။” ချန်လွေ့က ခေါင်းခါလိုက်သည်။ “ခင်ဗျားက ကျုပ်ကို ဒီရွေးချယ်မှုကို ပေးတဲ့ ပထမဆုံးလူ မဟုတ်ပါဘူး။ မှန်ပါတယ်။ ခင်ဗျားက နောက်ဆုံး လူလည်း ဖြစ်မှာမဟုတ်ဘူး။”
“ရှင့်ရဲ့ ခိုင်မာတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ကျွန်မ ခံစားမိတယ်။ အဲဒါက အသိဉာဏ်မဲ့ အမှိုက်တွေရဲ့ မာနမျိုး မဟုတ်ဘဲ တကယ့် ယုံကြည်မှုပဲ။” တီဇန်နီယာက ခေါင်းညိတ်လိုက်သည်။ “ရှင့်ရဲ့ လက်ရှိအစွမ်းက နတ်ဘုရား-ယောင် အလယ်အလတ်အဆင့်မှာ ရှိပေမဲ့ အဆင့် ပိုမြင့်တဲ့ သူတွေကို တိုက်ခိုက်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတာ သေချာတယ်။ ရှင်က နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့်ကိုတောင် အတိုင်းအတာ တစ်ခုအထိ ခြိမ်းခြောက်နိုင်တယ်။ အလေးစားဆုံး အချက်က ရှင့်ရဲ့ စိတ်ဆန္ဒပဲ။ ရှင် အရင်က မြင်ခဲ့ရတာ ကျွန်မ အစစ် မဟုတ်ဘူး။ အဲဒါက ကျွန်မရဲ့ အိပ်စက်ခြင်း ကနေ ထုတ်လွှတ်လိုက်တဲ့ ကျွန်မစိတ်ဆန္ဒ ပါဝင်တဲ့ အသိစိတ် တစ်ခု သက်သက်ပဲ။ ဒါပေမဲ့ ဒီစိတ်ဆန္ဒက ရှင့်ရဲ့ လက်သီးချက်ကြောင့် ကြေမွ သွားခဲ့ပြီး အဲဒီလက်သီးချက်ထဲမှာ ပါဝင်တဲ့ စိတ်ပိုင်းဖြတ်မှုက ကျွန်မကို နှစ်ခြိုက်စွာ အိပ်စက်ခြင်းကနေ နိုးထစေခဲ့တယ်။ သိပ်ကောင်းတယ်... ရှင့်လို ပြိုင်ဘက်မျိုးနဲ့ တွေ့ရတာ!”
ချန်လွေ့၏ မျက်ဆံများ အနည်းငယ် ကျုံ့သွားသည်။ သူက စေတန်၊ ဆာရီရယ်၊ မိုက်ကယ်၊ ရာဖယ်ရယ်၊ ဖိုက်သွန်နှင့် အသူရာ ချောက်နက်မှ အုပ်ချုပ်သူ ၃ဦး၏ ကိုယ်ပွားများကဲ့သို့ နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့် အတော်များများနှင့် တွေ့ခဲ့ဖူး၏။ အထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်များ၌ တူညီသော အချက်တစ်ခု ရှိသည်။ ၎င်းမှာ မာနကြီးကြခြင်းပင် ဖြစ်၏။ လှည့်စားတတ်သော ဖိုက်သွန်ပင် ထိုစိတ်ဓာတ်မျိုး ရှိလေသည်။ မှန်ပေသည်။ ထိုမာန၏ သော့ချက်မှာ စွမ်းအား ကွာခြားမှုအပေါ် မူတည်၏။ သူ့ကဲ့သို့ ‘ပုရွက်ဆိတ်’ တစ်ကောင် အတွက် ထိုမာနက ကျိုးကြောင်း ဆီလျော်ပေသည်။
သို့သော် တီဇန်နီယာမှာမူ လုံးဝ ကွဲပြားသည်။ သူ၏ အစွမ်းအဆင့်က စေတန်၊ မိုက်ကယ် စသည်တို့နှင့် နှိုင်းယှဉ်နိုင်သော်လည်း ချန်လွေ့ကို အစကတည်းက ‘ပြိုင်ဘက်’ တစ်ဦး၏ အမြင့်မှ မြင်ခဲ့သည်။ ထိုအရာက သတိဝီရိယနှင့် လေးစားမှု သာမက သူ့ရှေ့မှ အမျိုးသမီးသည် ရင်ဆိုင်ရန် ပို၍ခက်ခဲမည်ကိုလည်း ဆိုလိုနေသည်။
“ရှင် ခုနက ပြောခဲ့တဲ့ ‘မီးစုစည်း သလင်းကျောက်သဲ’...” တီဇန်နီယာ လက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ လက်ချောင်းများကို အနည်းငယ် လှည့်လိုက်သည်။ ချန်လွေ့က မရေမတွက်နိုင်သော အဝါဖျော့ဖျော့ သလင်းကျောက် အလင်းရောင်များ အိုအေစစ်ထဲမှ အရှိန်ပြင်းစွာ ပျံထွက် လာသည်ကို ခံစားရပြီး ၎င်းတို့က တီဇန်နီယာ၏ လက်ဝါးဆီသို့ လျင်မြန်စွာ စုစည်းသွားကြသည်။
ချန်လွေ့က သလင်းကျောက် အလင်းရောင်ဆီသို့ လက်ကို ဆန့်လိုက်သော်လည်း ၎င်းက ပုံရိပ်ယောင် တစ်ခုကဲ့သို့ပင် သူ၏ လက်ကို ဖြတ်သန်းသွားသည်။
“အားကုန်မခံနေနဲ့။ ဒီပုံရိပ်ယောင် သလင်းကျောက်သဲတွေကို ရှင် ရရင်တောင် အသုံးမဝင်ဘူး။ တကယ်တော့ အဲဒါတွေက ကျွန်မ အတွက်လည်း သိပ်အသုံးမဝင်ဘူး။ တိုင်းပြည်တစ်ခုလုံးရဲ့ ပုံရိပ်ယောင် သလင်းကျောက်သဲတွေက ဒီမှာပဲ။ အသစ်တစ်ခုက အနည်းဆုံး နှစ်၁၀၀ လောက်လိုတယ်။”
တီဇန်နီယာက ခပ်အေးအေး ပြောလိုက်သည်။ သလင်းကျောက် အလင်းရောင်သည် သူ၏ လက်ဖဝါး အထက်တွင် အချင်း ၅မီတာခန့် ရှိသော ကြီးမားသည့် အလင်းစက်လုံး တစ်ခုအဖြစ်သို့ စုစည်းသွားကြသည်။ ထို့နောက် ချန်လွေ့က တီဇန်နီယာ၏ လက်ထဲမှ အားကောင်းသော ရွှေရောင်နှင့် အနီရောင်စွမ်းအားကို ခံစားလိုက်ရပြီး ၎င်းက အလင်း စက်လုံးကို ရစ်ပတ်လိုက်လေသည်။ အလင်းစက်လုံးသည် လျင်မြန်စွာ ပြောင်းလဲစပြုလာပြီး ပြင်းထန်စွာ တဖျပ်ဖျပ်လက်နေ၏။ နောက်ဆုံး ၎င်းက လက်သီးဆုပ်အရွယ်ခန့် ရှိသော သလင်းကျောက် စက်လုံး တစ်ခုအဖြစ်သို့ ဖိသိပ်ခံလိုက်ရပြီး ရွှေရောင်-အနီရောင် တောက်ပမှုကို ပြသနေ၏။
“ဒါက တကယ့် ‘မီးစုစည်း သလင်းကျောက်သဲ’ ပဲ။”
တီဇန်နီယာပြောသည်ကို ချန်လွေ့ နားလည်သည်။ ‘မီးစုစည်းသလင်းကျောက်သဲ’ သည် မီးဒြပ်စင်နှင့် မြေဒြပ်စင် စွမ်းအားဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ တီဇန်နီယာ အသုံးပြုလိုက်သော စွမ်းအားအဆင့်အရ ၎င်းမှာ သာမန်ဒြပ်စင် ၂မျိုး၏ စွမ်းအား လုံးဝ မဟုတ်ပေ။ ၎င်းက နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ် စွမ်းအားကို မွေးရာပါစွမ်းရည်များနှင့် ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်လောက်သည်။
“ရှင့်ရဲ့ လက်သီးချက်အတွက် ကျွန်မ ရှင့်ရဲ့ ဆန္ဒလေးတစ်ခုကို ဖြည့်ဆည်းပေးမယ်။ ‘မီးစုစည်း သလင်းကျောက်သဲ’က ဒီမှာပဲ။ လိုချင်ရင် ကိုယ်တိုင် လာယူ။” တီဇန်နီယာ လက်ညှိုးဆန့်ထုတ်ပြီး လေထဲတွင် ပျံဝဲနေသော ‘မီးစုစည်း သလင်းကျောက်သဲ’ကို အသာလေး လက်ညှိုးထိုးပြလိုက်သည်။ အလင်းကွေးတစ်ခုက သလင်းကျောက်သဲကို လွှမ်းခြုံသွား၏။ “ဒါပေမဲ့ ရှင့်မှာ သေခြင်းတရားကို ရင်ဆိုင်ဖို့ နားလည်ထားရမယ်။ ပြီးတော့ ရှင့်မှာ ၅မိနစ်ပဲ အချိန်ရှိမယ်။”
ထိုသို့ပြောရင်း အလင်းကွေးက တောက်ပလာပြီး ‘မီးစုစည်း သလင်းကျောက်သဲ’၏ အစွန်းက တဖြည်းဖြည်း အမှုန့်များ အဖြစ်သို့ ပျောက်ကွယ်စပြုလာသည်။
တီဇန်နီယာက မိမိ၏ ဆန္ဒကို ထိုနည်းဖြင့် ‘ဖြည့်ဆည်း’ ပေးလိမ့်မည်ဟု ချန်လွေ့ မမျှော်လင့်ခဲ့ပေ။ ‘မီးစုစည်း သလင်းကျောက်သဲ’က အလွန် လျင်မြန်စွာ မပျောက်သွားသော်လည်း သလင်းကျောက်စက်လုံးက မကြီးသောကြောင့် မိနစ်အနည်းငယ် အကြာတွင် လုံးဝ ပျောက်သွားမည် ဖြစ်သည်။ ၎င်းမှာ ‘၅မိနစ်’ ၏ အဓိပ္ပာယ်ပင်။
သော်သော်ကို အခက်အခဲများမှ ကျော်လွှားနိုင်စေရန် ‘မီးစုစည်း သလင်းကျောက်သဲ’ မည်မျှ လိုအပ်ကြောင်း ချန်လွေ့ မသိသော်လည်း သေချာသည်မှာ များလေကောင်းလေ ဖြစ်ပြီး နည်း၍ မဖြစ်ပေ။ ဒါကြောင့် ငါ အမြန် လုပ်ရမယ်!
ထိုကဲ့သို့ တွေးလိုက်သည်နှင့် သူ၏ ပုံရိပ် ချက်ချင်း ပျောက်ကွယ် သွားသည်။ မျက်စိတစ်မှိတ်အတွင်း သူက တီဇန်နီယာ၏ ရှေ့တွင် ပေါ်လာပြီး သလင်းကျောက်သဲဆီသို့ ဖမ်းဆွဲလိုက်သည်။
“[လေလိုမြန်ဆန်]!”
အမြန်နှုန်း အရှိန်အဝါကို သူက နေရာမရွှေ့ပြောင်းခင်ကတည်းက အသုံးပြုခဲ့လေသည်။
ချန်လွေ့၏လက်က သလင်းကျောက်သဲဆီသို့ ရောက်သွားသော်လည်း သူ၏ အာရုံစူးစိုက်မှု အားလုံးနီးပါးက တီဇန်နီယာအပေါ် ရှိနေသော်လည်း တီဇန်နီယာ မလှုပ်ရှားခဲ့ပေ။ သူက ချန်လွေ့ ‘မီးစုစည်းသလင်းကျောက်သဲ’အား ဖမ်းဆွဲသည်ကိုသာ ကြည့်နေ၏။
ချန်လွေ့က ‘မီးစုစည်း သလင်းကျောက်သဲ’ ကို ထိတော့မည့် အချိန်တွင် တီဇန်နီယာက သူ၏ အာရုံခံစားမှုမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။
သတိအပြည့်ဖြင့် ရှိနေသော ချန်လွေ့က [သရုပ်ခွဲမျက်လုံး]တွင် တီဇန်နီယာ၏ တည်နေရာကို တွေ့ရှိလိုက်သည်။ တီဇန်နီယာက ချက်ချင်းဆိုသလို သူ၏ဘေးတွင် ပေါ်လာခဲ့လေသည်။ ဒီအရှိန်က ငါမျှော်လင့်ထားတာထက် အများကြီး ပိုမြန်တယ်။ [သရုပ်ခွဲမျက်လုံး] သာ မရှိရင် [လေလိုမြန်ဆန်]ရဲ့ စွမ်းအားနဲ့တောင် ငါ လုံးဝ မမီနိုင်ဘူး!
တစ်ချိန်တည်းနီးပါးတွင် ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်ခံစားချက်တစ်ခုက ချန်လွေ့ကို လွှမ်းခြုံသွား၏။ ၎င်းမှာ တီဇန်နီယာ၏ လက်သီးပင်။
မထိမှန်ခင်မှာပင် ချန်လွေ့က အလွန်ကြောက်စရာကောင်းသော ‘စိတ်ဆန္ဒ’ တစ်ခု သူ့တကိုယ်လုံးကို ဖုံးလွှမ်းနေကြောင်း ခံစားမိသည်။ မမြင်နိုင်သော စွမ်းအားက ကြယ်စွမ်းအား လည်ပတ်မှုကို ရပ်တန့်သွားစေသည်။ ထိုဖော်ပြ၍ မရသော စွမ်းအားအောက်တွင် သူ၏ ဝိညာဉ်က တုန်လှုပ်မိသွားသည်။ ထိုတိုင်းပြည်၏ ပတ်ဝန်းကျင်က သာမန် နေရာများထက် များစွာ အားကောင်းသည်။ ထိုလက်သီးချက် အောက်တွင် နေရာလွတ် စုတ်ပြဲ သွားသကဲ့သို့ ဖြစ်ပေါ်လာသည်။ ၎င်းမှာ သာမန် စုတ်ပြဲခြင်းမဟုတ်ဘဲ လေဟာနယ်အခြေအနေတစ်ခုသာ ဖြစ်၏။
ထိုကဲ့သို့သော လေဟာနယ် အခြေအနေမျိုးက ချန်လွေ့ [ရှုထောင့်ဖျက်ဆီးခြင်း] ကဲ့သို့သော အဆုံးစွန်တိုက်ကွက်များကို အသုံးပြုမှသာ ပေါ်လာတတ်သည်။
တီဇန်နီယာက ပုံမှန် လက်သီး တစ်ချက်ပဲ ထိုးလိုက်တာလေ!
နူးညံ့သိမ်မွေ့သလိုမျိုး ထင်ရတဲ့ လက်သီးမှာ ဒီလိုမျိုး သန့်စင်ပြီး ဒေါသူပုန်ထနေတဲ့ စွမ်းအားမျိုး ရှိတာ မယုံနိုင်စရာပဲ!
ဒီလက်သီးချက်သာ ငါ့ကို ထိရင် ကြယ်ချပ်ကာနဲ့ အမျက်ဘုရင်ချပ်ကာ အကာအကွယ်နဲ့တောင် ငါ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်က လုံးဝ ကြေမွသွားမှာပဲ။
ချန်လွေ့က မိုက်ကယ်နှင့် စေတန် ကဲ့သို့ နတ်ဘုရား-ယောင် အဆင့် အထွတ်အထိပ်များနှင့် တိုက်ခိုက်ခဲ့ဖူးသော်လည်း ထိုသူများပင်လျှင် တီဇန်နီယာကဲ့သို့ အကြွင်းမဲ့ ကြောက်မက်ဖွယ်ရာ စွမ်းအားမျိုး မရှိခဲ့ပေ။ ၎င်းကို အခြား စကားလုံးတစ်ခုဖြင့် ပိုမိုတိကျစွာ ဖော်ပြနိုင်သည်။ ‘အရှိန်အဟုန်’!
အရေးကြီး အခိုက်အတန့်တွင် ချန်လွေ့က တွန့်ဆုတ်ခြင်းမရှိဘဲ စွမ်းအားတစ်ခု ထုတ်သုံးလိုက်သည်။ သူ၏ ခန္ဓာကိုယ်က အစိမ်းရောင် လျှပ်စီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လှုပ်ရှားမှုအရှိန်က နောက်တစ်ကြိမ် အဆများစွာ တိုးမြင့်လာခဲ့သည်။ လက်သီးချက်ကို ရှောင်တိမ်းကာ သူက မီတာ၁၀၀ အကွာတွင် ပေါ်လာခဲ့သည်။
တီဇန်နီယာ မျက်မှောင်ကြုတ်ပြီး လေထဲသို့ နောက်တစ်ကြိမ် လက်သီး ထိုးလိုက်သည်။ သူတို့ နှစ်ဦးကြား အကွာအဝေးမှာ မီတာ ရာနှင့်ချီ ဝေးကွာနေသော်လည်း ၎င်း၏ စွမ်းအားက အကွာအဝေးကြောင့် အားမပျော့သွားပေ။ ဖြစ်လာသော နေရာလွတ် အက်ကွဲကြောင်းသည် ကြီးမားသော သံကြိုးတစ်ချောင်းနှင့် တူနေသည်။
ချန်လွေ့၏ ပုံရိပ်က အစိမ်းရောင် လျှပ်စီးကြောင်းအဖြစ် နောက်တစ်ခါ ပြောင်းလဲသွားပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ သူ အဝေးသို့ ရှောင်တိမ်းလိုက်၏။ မဟုတ်လျှင် လေဟာနယ်တစ်ခုတည်းပင် သူ့ကို ကြောက်မက်ဖွယ်ကောင်းသော ပျက်စီးမှုကို ဖြစ်စေလိမ့်မည်။
တီဇန်နီယာ လက်သီးနှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မရေမတွက် နိုင်သော ကြောက်မက်ဖွယ်ရာ လက်သီးချက်များက ကြီးမားသော ကြက်ခြေခတ် ပိုက်ကွန်တစ်ခု အဖြစ်သို့ ယှက်နွယ်ပြီး ချန်လွေ့ကို လုံးဝ လွှမ်းခြုံသွားသည်။ သူ့ကို မထိလျှင်ပင် နှိုင်းယှဉ်၍ မရသော ဒေါသူပုန်ထနေသည့် လှိုင်းများက ချန်လွေ့၏ စိတ်ကို တုန်လှုပ်သွား စေမည် ဖြစ်သည်။ ၎င်းမှာ လေ့ကျင့်ရေးကွင်း၏ ပင်လယ် လှိုင်းကြမ်းထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်စဉ်ကကဲ့သို့ ခံစားရသည်။ လှိုင်းထန်နေသော ပင်လယ်ထဲတွင် လှေငယ် တစ်စင်းသဖွယ် သူက တုန်ခါနေခဲ့သည်။ သတိမထားလျှင် အပိုင်းပိုင်း ကြေမွသွားလိမ့်မည်။
ပင်လယ်လှိုင်းကြမ်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားထဲတွင် အစိမ်းရောင် လျှပ်စီးကြောင်းက လျင်မြန်စွာ ရွေ့လျားနေသည်။ ၎င်းက ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသော်လည်း လုံးလုံး ပျောက်ကွယ်မသွားခဲ့ပေ။
ထိုကဲ့သို့သော စွမ်းအားမျိုးက ချန်လွေ့ မကြာခင်က အောင်မြင်စွာ ခွဲခြမ်းစိတ်ဖြာခဲ့သော အရာတစ်ခုပင် ဖြစ်သည်။ အရိပ်လေပြေ ဘွတ်ဖိနပ်!