လျှို့ဝှက်စခန်း
Vol. 11 Ch. 165
ဘုန်းကြီးငယ်လေး၏စိတ်ထဲတွင်လည်း တထိတ်ထိတ်ခုန်နေသည်။ အရင်က နွားခေါင်း၊ မြင်းမျက်နှာ၊ သရဲဖြူတို့ အရက်သောက်ပြီး ရမ်းကားခဲ့သည့်အဖြစ်အပျက်ကို သင်ခန်းစာယူထားသည်။ သူပါးစပ်ဖွင့်လိုက်သည်နှင့် တစ်ဖက်သားက သူ့ကိုရိုက်မည်ကိုကြောက်နေသည်။
အချိန်အတော်ကြာတင်းမာနေပြီးနောက် နွားကျောင်းသားကမေးလိုက်သည်။
"မင်းက ဝမ်နုဧကရီလား"
ဘုန်းကြီးငယ်လေး ကြားလျှင် သူ့ကိုမျက်စောင်းထိုးလိုက်ပြီး ရယ်ရခက်ငိုရခက်ဖြင့် "ငါက ဧကရီလား။ မင်းရူး..."
သူစကားမဆုံးသေးခင်မှာပင် ရှေ့ကစကားထွက်သည်နှင့် မျက်နှာချင်းဆိုင်မှ နွားကျောင်းသား၏အငွေ့အသက်မှာ ပြောင်းလဲသွားသည်။ မျက်နှာတစ်ပြင်လုံး ချက်ချင်းပင်ကြောက်မက်ဖွယ်ကောင်းလာပြီး အသက်ပြင်းပြင်းရှူကာ မျက်နှာတစ်ခုလုံးနီရဲနေပြီး ဘုန်းကြီးငယ်လေးကိုစိုက်ကြည့်ရင်း တစ်လုံးချင်းပြောလိုက်သည်။
"မင်းက တကယ်ပဲ ဧကရီကြီးပဲကိုး"
ဘုန်းကြီးငယ်လေး ကြောင်သွားသည်။ "ငါ... ငါမပြောပါဘူး..."
"မင်းပြောတယ်။ ဒီအဘွားကြီး၊ ရှေ့ပြားနောက်မကော့၊ ခါးမရှိတဲ့အဘွားကြီး... မင်းငါ့ကိုလာတွေ့ရဲသေးတယ်လား..."
...
ယခုအချိန်တွင် ယွီဟွေးဖေးသည် လျိုရှင်းကိုခေါ်ဆောင်ကာ တိတ်ဆိတ်ပြီးအမှောင်ကျနေသောလမ်းမပေါ်တွင် လျှောက်လှမ်းနေ၏။
လျိုရှင်းသည် လျှောက်ရင်း ခေါင်းငယ်လေးကိုခါယမ်းရင်း "ဒီအမှောင်ထဲမှာ ဘယ်သွားမှာလဲ"
"ညီမလေးရှင်း... ငါတို့ကင်းစောင့်နေတဲ့လူတွေကို သွားကြည့်ကြမလား။ ဒီလောက်အေးတဲ့ရာသီမှာ နွေးထွေးမှုပေးသလိုပေါ့"
လျိုရှင်းက "လက်ဗလာနဲ့သွားမှာလား။ ငါပြန်ပြီး ရေနွေးနည်းနည်းကျိုလိုက်မယ်၊ ဒါမှမဟုတ် ဂျင်းပြုတ်ရည်ပေါ့၊ သူတို့ကို အအေးဓာတ်ပြေအောင် လုပ်ပေးမယ်"
ယွီဟွေးဖေးသည် လျိုရှင်းကိုဘယ်လိုပြန်ခွင့်ပြုရဲမည်နည်း။ အရင်က လျိုရှင်း ဝက်သေကောင်လေးကဲ့သို့အိပ်ပျော်နေသဖြင့် အပြင်မှအော်ဟစ်သံများကိုမကြားခဲ့။ ယွီဟွေးဖေးခန့်မှန်းသည်မှာ ယခုသူတို့အိမ်နောက်ဖေးခြံမှာ ဆဲဆိုသံများဖြင့်ပွက်လောရိုက်နေလောက်ပြီ။ ပြန်သွားလျှင် ထိုမြင်ကွင်းမှာ လျိုရှင်းကြည့်ရန်မသင့်တော်လှ။
အဓိကအချက်မှာ ယွီဟွေးဖေးသည် ထိုဘုန်းကြီးငယ်လေးက လျှောက်ပြောလျှောက်ဆိုလုပ်လျှင် နောက်မှဖြေရှင်းရခက်မည်ကိုကြောက်သည်။
"ငါနေရာတစ်ခုသိတယ်၊ ညဘက်မှာတော်တော်လှတယ်၊ သွားမလား။"
"ဘယ်မှာလဲ"
"နင်ခဏစောင့်၊ ငါအကူအညီနည်းနည်းခေါ်လိုက်ဦးမယ်၊ မဟုတ်ရင် ငါတို့နှစ်ယောက်တည်းအပြင်ထွက်ရင် နည်းနည်းအန္တရာယ်ရှိတယ်"
ထို့ကြောင့် ယွီဟွေးဖေးသည် လမ်းမပေါ်တွင်ရပ်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ဝါကြီး... စွတ်ဖားကိုဆွဲထုတ်ခဲ့"
နောက်တစ်ခဏတွင် ခွေးဟောင်သံများဖြင့် လမ်းမတစ်ခုလုံးပေါက်ကွဲထွက်သွားသည်။ နောက်ဆက်တွဲအနေနှင့် အဝေးမှလမ်းမပေါ်တွင် ခွေးတစ်အုပ်သည် အော်ဟစ်ကာ စွတ်ဖားတစ်စီးကိုဆွဲ၍ ပြေးထွက်လာသည်ကိုမြင်လိုက်ရသည်။ သူတို့ရှေ့သို့ရောက်သောအခါ နဂါးအမြီးဝှေ့ယမ်းသကဲ့သို့ စွတ်ဖားမှာ သူတို့နှစ်ဦးရှေ့တွင် ကွက်တိရပ်တန့်သွား၏။
လျိုရှင်းသည် ဝါကြီးနှင့် သူတို့အိမ်တွင်စွတ်ဖားတစ်စီးရှိသည်ကိုသိသော်လည်း ဤယာဉ်ကို ဤသို့လမ်းချော်မောင်းနိုင်သည်ကိုမူ သူမတကယ်မသိခဲ့။ ပို၍မသိသည်မှာ ယွီဟွေးဖေးသည် လမ်းမပေါ်တွင်ရပ်ကာ တစ်ချက်အော်လိုက်ရုံဖြင့် အငှားယာဉ်ခေါ်သကဲ့သို့ ခွေးများကိုခေါ်လာနိုင်သည်ကိုပင်။
ထိုခံစားချက်မှာ အလွန်တရာဆန်းသစ်လှရာ မိန်းကလေးတစ်ယောက်၏နှလုံးသားမှာ တဒိတ်ဒိတ်ခုန်နေသည်။ ဤရက်များတွင် ကောင်းကင်မှာကြည်လင်သွားပြီဖြစ်သည်။ ကြယ်ရောင်မြစ်ပြင်အောက်တွင် ဤသည်မှာ မည်မျှရင်ခုန်စရာကောင်းလိုက်သနည်း။
ယွီဟွေးဖေးက ဖိတ်ခေါ်သည့်ဟန်ဖြင့် "ကြွပါ"
လျိုရှင်းသည် နှုတ်ခမ်းလေးကိုကိုက်ကာ မျက်နှာနီရဲစွာဖြင့် ခေါင်းညိတ်ပြီး စိတ်လှုပ်ရှားစွာဖြင့် စွတ်ဖားပေါ်သို့တက်လိုက်သည်။
ဤစွတ်ဖားကို ယခင်ပြန်လာစဉ်က ယွီဟွေးဖေးသည် အိမ်သို့မယူလာခဲ့။ အကြောင်းရင်းမှာရိုးရှင်းသည်။ ဤစွတ်ဖားမှာ မူလက အဘိုးကြီးစွန်းကိုပြန်ပေးရမည်ဖြစ်၍ အဆင်သင့်ပင် ဝါကြီးကိုအိမ်သို့ဆွဲသွားခိုင်းလိုက်သည်။ သို့သော် ဝါကြီးနှင့်ယွီဟွေးဖေးမှာ မည်သို့သောဆက်ဆံရေးရှိသနည်း။ ခေါ်လျှင်ခေါ်သည့်အချိန်ရောက်လာသည်မှာ သဘာဝကျလှသည်။
ယွီဟွေးဖေးသည် ယာဉ်ပေါ်တက်ပြီးနောက် လက်တစ်ဖက်ဝှေ့ယမ်းကာ တောင်တန်းကိုလက်ညှိုးထိုးရင်း "ဝါကြီး... ငါတို့တောင်ထဲဝင်ကြစို့"
ဝါကြီး ကြားလျှင် တစ်ချက်တုန်သွားပြီး ခွေးခေါင်းကိုလှည့်ကာ ယွီဟွေးဖေးကိုကြည့်ရင်း "မင်းပြောတာတကယ်လား" ဟုမေးနေသကဲ့သို့ပင်။
ယွီဟွေးဖေးက ရယ်မောရင်း "တကယ်တောင်ထဲဝင်မှာ"
ဝါကြီးမှာ နေရာမှမလှုပ်။
"မင်းက ကြောက်လန့်ပြီး ခွေးသတ္တိပျောက်သွားတာလား၊ တောင်ထဲမဝင်ရဲတော့ဘူးလား။"
ဝါကြီးသည် ယွီဟွေးဖေးကိုဂရုမစိုက်ဘဲ ကောင်းကင်ကိုမော့ကာ တစ်ချက်ဟောင်လိုက်သည်။ နောက်ဆက်တွဲအနေဖြင့် ခွေးဆယ့်သုံးကောင်လည်း ဟောင်ကြပြီးနောက် ရွာတစ်ရွာလုံးမှခွေးများ ဟောင်ကြတော့သည်။
'ဝုတ် ဝုတ်' ဟူသောအသံမှာ ချက်ချင်းပင်ရွာတစ်ရွာလုံးပျံ့နှံ့သွားပြီး မူလကမီးပိတ်ထားသောလူများကို နှိုးဆော်လိုက်သဖြင့် တစ်အိမ်ပြီးတစ်အိမ်မီးများလင်းလာသည်။
ယွီဟွေးဖေးသည် လူတစ်ယောက်ကိုယ်တုံးလုံးဖြင့် ပြေးထွက်လာပြီး တံတိုင်းကို တိုက်ရိုက်ကျော်တက်သွားသည်ကိုပင် မြင်လိုက်ရ၏။
ယွီဟွေးဖေး နှုတ်ခမ်းမဲ့ရင်း "ဟိုက်ရှားပါး... မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးပဲ"
အချို့လူများမှာ ခက်ရင်းခွကိုကိုင်ဆောင်ကာပြေးထွက်လာကြသည်။ သူခိုးလာသည်ဟု ထင်မှတ်နေပုံရ၏။
ခွေးဟောင်သံမှာ ချက်ချင်းပင်လမ်းမတစ်ခုလုံးပေါက်ကွဲထွက်သွားပြီး မကြာမီ ဝါကြီးတစ်ချက်ဟောင်လိုက်ရာ ခွေးအကောင် ၃၀ကျော် ဤနေရာသို့ စုရုံးလာကြသည်။
ယွီဟွေးဖေးခန့်မှန်းသည်မှာ ဤနေရာတွင် ခွေးအကောင်၅၀ကျော်ခန့်ရှိနိုင်ပြီး ရွာတစ်ရွာလုံးမှခွေးများအားလုံးစုရုံးလာခြင်းဖြစ်နိုင်သည်။
လက်မတစ်ချောင်းထောင်ပြရင်း "ညီလေးက... တော်လိုက်တာ။ ရွာရဲ့ ဘောစ်ကြီးပဲ"
ဝါကြီးသည် ခွေးခေါင်းကိုတစ်ချက်ခါယမ်းကာ ယွီဟွေးဖေးကိုမျက်စောင်းထိုးလိုက်ပြီး "တောင်ထဲဝင်တာ၊ အန္တရာယ်များတယ်၊ လူများမှလုံခြုံတယ်" ဟုဆိုနေသကဲ့သို့ပင်။
ထို့နောက် ဤရွာဘောစ်ကြီးသည် ခွေး၁၃ကောင်ကို ခေါ်ဆောင်ကာ စွတ်ဖားကိုဆွဲ၍ပြေးထွက်သွားသည်။ စွတ်ဖား၏ပတ်ပတ်လည်တွင်မူ ခွေး၅၀ကျော်လိုက်ပါလာပြီး စွပ်ဖားဆွဲသူများနှင့်ပေါင်းလျှင် ခွေး၆၀၊ ၇၀ခန့်ပင်ရှိနိုင်သည်။
အဘိုးကြီးကျန်းလည်း ခွေးဟောင်သံကြောင့်နိုးလာသည်။ ထို့အပြင်ဤအဘိုးကြီးမှာ မူလကပင် စောစောနိုးတတ်သူလည်းဖြစ်သည်။ သူတို့အိမ်မှာ လမ်းမဘေးတွင်ရှိသဖြင့် ပြတင်းပေါက်တွင်မှီကာ လမ်းမပေါ်မှမြင်ကွင်းကိုရှင်းလင်းစွာမြင်နိုင်သည်။ ယွီဟွေးဖေးစွတ်ဖားပေါ်တွင်ထိုင်နေပြီး ဘေးတွင်လှပဂုဏ်ရှိသူနှင့်အတူ ခွေးရှေ့နောက်ခြံရံကာ သူတို့အိမ်ရှေ့မှဖြတ်သန်းသွားသည်ကို ကွက်တိမြင်လိုက်ရသည်။
အဘိုးကြီးကျန်းက နှုတ်ခမ်းမဲ့ရင်း "တော်တော်ကြီးကျယ်ခမ်းနားတာပဲ၊ ဒါက ချစ်သူစုံတွဲ အပြင်ထွက်တာနဲ့မတူတော့ဘူး၊ ဒါက ခွေးဧကရာဇ် နန်းထွက်လာတာပဲ"
ယွီဟွေးဖေးသည် ဤစကားကိုမကြားလိုက်။ ကြားလျှင် ဤအဘိုးကြီးကိုသတ်ပစ်လောက်သည်။ ဒီကောင်က ဥပမာပေးတာတော်လွန်း၏။
သို့သော် ယွီဟွေးဖေးကိုယ်တိုင်လည်း ဤသို့ခံစားရသည်။ မျက်လုံးစွေကြည့်ကာ ဘေးမှလျိုရှင်းကိုခိုးကြည့်ရင်း ချောင်းတစ်ချက်ဆိုးလိုက်သည်။
"လျိုရှင်းကော အဲ့လိုမထင်ဘူးလား..."
လျိုရှင်းမှာ စိတ်လှုပ်ရှားမှုထဲတွင်ရှိနေသေးသည်။ ကောင်းကင်တွင် ငွေရောင်မြစ်ပြင်၊ မြေကြီးပေါ်တွင် နှင်းဖြူများ၊ အိမ်တိုင်းမီးများလင်းထိန်နေသည့် လမ်းလယ်၊ အဝေးတွင် တောင်တန်းများဆက်တိုက်ရှိနေပြီး ဝင်ထွက်ရ ရွာဝ၌ ခွေးတစ်ရာကျော် ဟောင်နေ၏။ အချို့တံတိုင်းထိပ်များတွင် ကြက်ဖကြီးတစ်အုပ်တန်းစီနေသေးသည်။
ထိုခံစားချက်...
ထူးခြားသောရင်ခုန်စရာ၊ ထူးခြားသောအရသာ...
"အိပ်မက်ထဲ ရောက်နေသလိုပဲ၊ ဒါက အိပ်မက်ထဲ၊ ကာတွန်းထဲမှာပဲရှိတဲ့မြင်ကွင်းမျိုးပဲ။ ကောင်း... ကောင်း..."
သူမသည် အတော်ကြာ 'ကောင်း' နေသော်လည်း ဘာကောင်းသည်ကိုမပြောထွက်။
နောက်ဆုံးတွင် ယွီဟွေးဖေးသည် ချဉ်းကပ်ကာမေးလိုက်သည်။ "ငါအရမ်းချောတယ်လို့ ပြောချင်တာမလား"
လျိုရှင်းသည် သူ့ကိုမျက်စောင်းထိုးပြီးနောက် ခေါင်းလှည့်ကာ "ပုရစ်..."
ယွီဟွေးဖေးက ချက်ချင်းမေးလိုက်သည်။ "ဘယ်မှာလဲ။ ဒီဆောင်းတွင်းကြီးမှာ ပုရစ်ရှိသေးတာလား။ ငါ့ကိုညွှန်ပြစမ်း၊ ဘယ်အိမ်ကပုရစ်က အရမ်းစွာနေတာလဲဆိုတာ ကြည့်ရအောင်"
လျိုရှင်းမှာ စကားမပြောနိုင်တော့ချေ။ ယွီဟွေးဖေး မျက်နှာပြောင်တိုက်သည်ကို သိသော်လည်း ဤသည်မှာ အလွန်တရာအရှက်မဲ့လွန်းသည်။ စကားပြောရင်း သူတို့နှစ်ဦးသား ရွာအပြင်သို့ ရောက်သွားလေပြီ။
"ငါတို့ဒီလိုရှေ့နောက်ခြံရံနေတာက ဧကရာဇ်အပြင်ထွက်တာကိုသတိရစေတယ်။ ဒါပေမဲ့ နင်ကတော့ ခွေးဧကရာဇ်ပေါ့"
ယွီဟွေးဖေးမှာ ပါးစပ်အဟောင်းသားဖြစ်သွားလေ၏။ ဘယ်လိုလုပ်ဒီကောင်မလေးလည်း ဒီနေရာကိုစဉ်းစားမိသွားတာလဲ။ သို့သော် သူချက်ချင်းပြန်ဖြေလိုက်သည်။
"ခွေးဧကရာဇ်ဆိုလည်း ခွေးဧကရာဇ်ပေါ့၊ အနည်းဆုံးတော့ ငါ့ရဲ့ခွေးမိဖုရားကိုခေါ်ဆောင်လာတာပဲလေ"
"ဟွန့်... အရှက်လည်းမရှိဘူး" လျိုရှင်း မျက်နှာနီရဲသွား၏။
ပြင်းထန်လှသည့် နှင်းမုန်တိုင်းမရှိတော့သော်လည်း ယခင်ကပင်ပြောခဲ့သည့်အတိုင်း ရွာမှာ လေတိုက်ခတ်ရာနေရာဖြစ်သည်။ လေတိုက်ခတ်ရာနေရာမှ နှင်းများမရှိတော့သော်လည်း လေပြင်းမှာမူရှိနေသေးသည်။ ရွာအပြင်သို့ထွက်ပြီးနောက် လေမှာ သိသိသာသာပို၍ပြင်းထန်လာသည်။ သို့သော် အနှောင့်အယှက်မဖြစ်ဘဲ အနည်းငယ်အေးစက်ခြင်းသာဖြစ်သည်။
သူတို့နှစ်ဦး အလိုအလျောက် ပို၍နီးကပ်စွာထိုင်လိုက်ကြချိန် ယွီဟွေးဖေး၏လက်တစ်ဖက်သည် တိတ်တဆိတ် တစ်စုံတစ်ခုလုပ်ရန် ကြိုးစားနေ၏။ ထိုအချိန်တွင် တစ်ချက်လှုပ်ခါသွားသဖြင့် ယွီဟွေးဖေးသည် လန့်ဖျပ်သွားပြီး လက်ကိုအမြန်ပြန်ရုတ်လိုက်သည်။
ထိုအချိန်တွင် စွတ်ဖားရပ်တန့်သွားပြီး ဝါကြီးက နောက်သို့လှည့်ကာ ဘယ်သွားမည်ကိုမေးနေသကဲ့သို့ပင် ကြည့်နေလေ၏။
ယွီဟွေးဖေးသည် ပတ်ပတ်လည်ကိုကြည့်ကာ တောင်ကုန်းငယ်လေးတစ်လုံးကိုလက်ညှိုးထိုးရင်း "အဲဒီကိုသွား"
ဝါကြီးသည် ယွီဟွေးဖေးကိုခေါ်ဆောင်ကာ တောင်ပေါ်သို့ပြေးတက်သွားသည်။ သို့သော် ယွီဟွေးဖေးမှာ တကယ်တောင်ပေါ်တက်ခြင်းမဟုတ်ဘဲ လျိုရှင်းကိုခေါ်ဆောင်ကာ တောင်တန်းထဲတွင် လျှောက်ပတ်နေခြင်းပင်။
"ဒါဘယ်သွားနေတာလဲ"
"ငါငယ်ငယ်တုန်းက သိထားတဲ့ လျှို့ဝှက်စခန်းကိုသွားနေတာ"
"လျှို့ဝှက်စခန်း" လျိုရှင်း အံ့အားသင့်သွားသည်။
ယွီဟွေးဖေးက ခေါင်းညိတ်ပြရင်း "ဟုတ်တယ်... ငယ်ငယ်တုန်းက ငါ့အကြိုက်ဆုံးနေရာပေါ့။ ဒါပေမဲ့ မသွားဖြစ်တာကြာပြီ၊ လမ်းနည်းနည်းမကျွမ်းတော့ဘူး"
ကွေ့ကောက်လျှောက်သွားပြီးနောက် နောက်ဆုံးတွင် မိုးမလင်းခင်မှာပင် ယွီဟွေးဖေး ပြုံးလိုက်သည်။
"ရောက်တော့မယ်"
"ငါရေတံခွန်သံကြားနေသလိုပဲ... ဒီအချိန်မှာ မခဲသေးတဲ့ရေတံခွန်ရှိသေးတာလား"
ယွီဟွေးဖေးက ဂုဏ်ယူစွာပြုံးရင်း "ရှိတယ်"
ခဏတာလျှောက်ပြီးနောက် ကောင်းကင်မှာလင်းလာပြီဖြစ်သည်။ ရွှေရောင်အလင်းတန်းတစ်ချက် တောင်ထိပ်မှထွက်ပေါ်လာပြီး တောင်ငယ်လေးတစ်လုံး၏ ကမ်းပါးယံပေါ်သို့ တိုက်ရိုက်ကျရောက်သွားသည်။ ထိုအခိုက်တွင် ရွှေရောင်အလင်းတန်းတစ်ခု သူတို့နှစ်ဦး၏မြင်ကွင်းထဲတွင် ပေါ်ထွက်လာသည်။
ထိုရွှေရောင်အလင်းတန်းမှာ ရေတံခွန်ငယ်လေးတစ်ခုဖြစ်ပြီး ရေတံခွန်ငယ်လေးမှာ တောင်တန်းထဲမှစီးထွက်လာသည်။ ဤသည်မှာ မြေအောက်မြစ်ရေဖြစ်သဖြင့် မခဲခြင်းဖြစ်နိုင်သည်။ ရေစီးထွက်လာရာ အဖြူရောင်မြူခိုးများတက်လာပြီး ရွှေရောင်နေရောင်အောက်တွင် သက်တံတံတားများစွာကို ရောင်ပြန်ဟပ်နေ၏။
သက်တံတံတားတစ်ခုမဟုတ်ဘဲ အများအပြား ထိုနေရာတွင်ထပ်ဆင့်နေပြီး အလွန်တရာလှပလှသည်။ ကမ်းပါးယံပေါ်တွင် ထင်းရှူးပင်များက လက်ယပ်ခေါ်နေသလို လှုပ်ရမ်းနေကြပြီး တောင်အောက်တွင် ဆန်းကြယ်လှပခှသည့် ကျောက်တုံးများလည်း ရှိနေသည်။
အံ့ဩစရာအကောင်းဆုံးမှာ နှင်းများကြားထဲတွင် ရေကန်နက်တစ်ခုရှိနေပြီး အလွန်တရာကြည်လင်လှသည်။
လျိုရှင်းသည် ပါးစပ်ငယ်လေးကိုအုပ်ကာ "အရမ်းလှတာပဲ..."
လျိုရှင်းမှာ ထိုအင်တာနက်ပေါ်မှ မျက်နှာချွန်ချွန်မျိုးမဟုတ်၊ သခွားစေ့မျက်နှာမျိုးလည်းမဟုတ်၊ သူမ၏မျက်နှာငယ်လေးမှာ ပေါင်မုန့်လုံးလေးကဲ့သို့ ကလေးဆန်ဆန် အဆီအနည်းငယ်နှင့် ပါးချိုင့်လေးနှစ်ခုရှိသည်။ အပြုံးတစ်ချက်၊ လှုပ်ရှားမှုတစ်ချက်ဖြင့် ပေါ်ထွက်လာပြီး အလွန်တရာချစ်စရာကောင်းလှသည်။ ယခုအချိန်တွင် သူမ၏ပါးစပ်ငယ်လေးမှာ အကျယ်ကြီးဟနေပြီး တစ်ကိုယ်လုံးကြောင်ငေးနေ၏။
နေရောင်သည် သူမ၏မျက်နှာပေါ်သို့ကျရောက်နေပြီး နီရဲရဲအသွေးကိုထင်ဟပ်နေလေရာ ယွီဟွေးဖေးက အလိုအလျောက်ပင် "အင်း... တကယ်လှတယ်"
သို့သော် ယွီဟွေးဖေးသည် ပြောပြီးနောက် သတိပြန်ဝင်လာပြီး စိတ်အေးလက်အေးဖြင့် ဧည့်လမ်းညွှန်အဖြစ် ဆက်လက်ဆောင်ရွက်သည်။
"ဒီလောက်လှမှန်းသိရင် ငါပန်းချီကားချပ်ယူလာခဲ့သင့်တယ်" လျိုရှင်း အနည်းငယ်နောင်တရသွားသည်။
ယွီဟွေးဖေးက ရယ်မောရင်း "ဒီလောက်အေးတဲ့ရာသီမှာ နင်ပန်းချီကားချပ်ယူလာမှာလား။ နင်ပန်းချီမဆွဲရသေးခင် အေးလို့ ငိုနေလောက်ပြီ"
လျိုရှင်း မေးစေ့ကိုပွတ်သပ်ရင်း "မှန်တယ်... နောက်မှ ခရီးဆောင် မီးဖိုငယ်လေးတစ်ခု လုပ်ထားရမယ်၊ ဒီလိုဆိုရင် အေးတော့မှာမဟုတ်ဘူး"
ယွီဟွေးဖေး အံ့အားသင့်သွားပြီး အလိုအလျောက်မေးလိုက်သည်။ "ဒါလည်း လုပ်တတ်တယ်လား"
လျိုရှင်းက ခေါင်းညိတ်သည်။ "တတ်တယ်လေ၊ ငါ့ရဲ့ဇာတိမှာ ဆောင်းဝင်ရင် ငါတို့ကျောင်းသွားတဲ့အခါ မီးဖိုငယ်လေးတွေကိုလှုပ်ခါရင်း ကျောင်းသွားကြတာ။ မီးဖိုထဲမှာ မီးသွေးခဲငယ်လေးတစ်လုံးရှိတယ်၊ မီးငြိမ်းတော့မယ်ဆိုရင် လှုပ်ခါလိုက်၊ လေတိုက်ရင်လင်းလာပြီး အပူဓာတ်ထုတ်လွှတ်တယ်၊ တစ်လမ်းလုံးသုံးဖို့လုံလောက်တယ်။ ငယ်ငယ်တုန်းက အဖေမလုပ်တတ်တော့ ငါကိုယ်တိုင်တခြားသူတွေဆီကသင်ပြီး ကိုယ့်ဘာသာကိုယ်တစ်ခုလုပ်ခဲ့တာပဲ"
ယွီဟွေးဖေးက သက်ပြင်းချရင်း "နင်တကယ်ကို အရည်အချင်းကောင်းတွေရှိတာပဲ၊ ဘာမဆိုလုပ်တတ်သလိုပဲနော်..."
လျိုရှင်းက ဂုဏ်ယူစွာဖြင့် "ကြိုက်တယ်ဆိုရင် သင်ယူရမှာပေါ့"
ယွီဟွေးဖေးက ခေါင်းညိတ်ရင်း "ကြိုက်ရင်လုပ်တတ်တာလား"
လျိုရှင်းလည်း ခေါင်းညိတ်၍ "ဟုတ်တယ်လေ... ကြိုက်ရင်လုပ်တတ်တယ်"