← Chapters

သွေးတိုးစမ်းတိုက်ပွဲ

Vol. 11 Ch. 151

သွေးတိုးစမ်းတိုက်ပွဲ

Vol. 11 Ch. 151

လူပန်ဇီကား မျက်စိရှေ့က မြင်ကွင်းကြောင့် ဖြူဖျော့နေသောမျက်နှာနှင့် ရှေ့တစ်လှမ်းပင် တိုးနှင့်လေပြီ။ ယခုမှ သက်ပြင်းတစ်ချက်ကို အားရပါးရချရင်း ဆိုလေ၏။

"တော်ပါသေးရဲ့ဗျာ၊ ဒီသံဆန်ခါက ခံနိုင်ရည်ရှိလို့၊ မဟုတ်ရင် ဒီတစ်ချက်တည်းနဲ့ကို အားလုံးသွားလောက်ပြီ..."

"နောက်ဆုတ်ကြ"

ခေါင်းဆောင်စုန့်က ကျယ်လောင်စွာအော်ဟစ်ရင်း လူအားလုံးကို နောက်သို့ဆွဲထုတ်လိုက်သည်။

ထိုအခိုက်တွင်ပင် အားလုံး၏မျက်စိရှေ့၌ ဝံပုလွေလေးကောင်သည် တစ်ပြိုင်နက်တည်း အရှိန်ယူကာ ခုန်အုပ်လိုက်ကြသည်ကို တွေ့လိုက်ရ၏။

ဒုန်း...

အံ့ဩစရာကောင်းလှစွာပင် ထိုဝံပုလွေလေးကောင်သည် အချိန်ကိုက်ခုန်အုပ်လိုက်ကြရာ သံဆန်ခါကြီးတစ်ခုလုံး အတွင်းသို့ ချိုင့်ဝင်သွားလေသည်။ ထိုအထဲမှ ဝံပုလွေတစ်ကောင်၏ခေါင်းသည် မှန်ပြတင်းကို တည့်တည့်ဝင်ဆောင့်လေ၏။

ကျွီ... ဗြောင်း...

မှန်တစ်ချပ်လုံး အက်ရာထင်သွားလေပြီ။

"အူ..."

ဝံပုလွေခေါင်းဆောင်က အချက်ပေးလိုက်သည်နှင့် နောက်ထပ်ဝံပုလွေငါးကောင်၊ ခြောက်ကောင်မျှ လှုပ်ရှားလာကြပြန်သည်။

"ဒီအတိုင်းထိုင်ကြည့်နေလို့တော့ မဖြစ်တော့ဘူး"

ပြောပြောဆိုဆိုပင် ချန်းရှန်းသည် မှန်ပြတင်းကိုဆွဲဖွင့်ကာ သေနတ်ပြောင်းကိုချိန်လျက် ခုန်အုပ်လာသော ဝံပုလွေတစ်ကောင်ကို ပစ်ရန်ပြင်လိုက်စဉ် ယွီဟွေးဖေးက သူ၏သေနတ်ပြောင်းကို ဖိချလိုက်လေသည်။

ချန်းရှန်းက ဒေါသတကြီးဖြင့် "ခင်ဗျား ဘာလုပ်တာလဲ" ဟု မေးလိုက်သည်။

"ခင်ဗျားလက်ထဲကဟာက ဘဲပစ်ကျည်၊ ပစ်လိုက်တာနဲ့ သံစတွေက ပလူပျံထွက်သွားမှာ။ အရင်ဆုံးထိမှာက ဝံပုလွေမဟုတ်ဘူး၊ ဒီသံဆန်ခါကြီး။ သံဆန်ခါ ပေါက်သွားတာနဲ့ သူတို့အားလုံး ဒီအပေါက်ကနေ ဆွဲဖြဲပြီး ဝင်လာကြတော့မှာ"

ဒုန်း... ခလွမ်း...

ပြင်းထန်သောတိုက်ခတ်မှုဒဏ်ကို မခံနိုင်တော့သည့်အဆုံး ပြတင်းမှန်တစ်ချပ်သည် ကွဲအက်ကြေမွသွားလေတော့သည်။

သို့သော် ကံကောင်းသည်မှာ ဤဒေသ၏ ပြတင်းပေါက်များသည် နှစ်ထပ်ဖြစ်သောကြောင့် အပြင်တစ်လွှာကွဲသွားသော်လည်း အတွင်း၌ လေကာရန် မှန်တစ်ချပ် ကျန်ရှိနေသေးသည်။

ခေါင်းဆောင်စုန့်က "သေနတ်မပစ်ကြနဲ့။ သူတို့ အပြင်မှန်ကိုပဲ ဆောင့်နိုင်မှာ။ အတွင်းမှန်အထိ မရောက်နိုင်ဘူး။ သံဆန်ခါက အဲ့ဒီလောက်အထိ ပျော့မနေဘူး" ဟု ဆိုလိုက်သည်။

ဟူကြီးကလည်း "ဟုတ်တယ်၊ အပြင်မှန်ကွဲတော့ အအေးဓာတ်နည်းနည်းပိုဝင်လာတာကလွဲလို့ ကျုပ်တို့အတွက်တော့ လုံခြုံသေးတယ်..." ဟု ထောက်ခံလိုက်ရာ အားလုံး၏စိတ်အစဉ်သည် အနည်းငယ် တည်ငြိမ်သွားကြသည်။

သူတို့ထင်သည့်အတိုင်းပင် နောက်ထပ်ခုန်အုပ်လာသော ဝံပုလွေများသည် လေးကောင်ဖြစ်စေ၊ ခြောက်ကောင်ဖြစ်စေ အပြင်မှန်ကိုသာ ခွဲနိုင်ကြပြီး အတွင်းမှန်ကိုမူ မည်သို့မျှ မတတ်နိုင်ကြပေ။

ပြတင်းပေါက်တစ်ပေါက်၏ အရွယ်အစားမှာ သေးငယ်လှရာ ဝံပုလွေအုပ်ကြီး မည်မျှပင်အင်အားကြီးမားစေကာမူ တစ်ကြိမ်လျှင် အနည်းငယ်မျှသာ ခုန်တက်တိုက်ခိုက်နိုင်သောကြောင့် သံဆန်ခါက သူတို့ကို ကာကွယ်ပေးထားနိုင်ဆဲဖြစ်သည်။

သို့သော် ဝံပုလွေခေါင်းဆောင်သည် လက်လျှော့မည့်ပုံမပေါ်ဘဲ သူ၏တပ်ဖွဲ့ဝင်များကို တစ်သုတ်ပြီးတစ်သုတ် လွှတ်ကာ တိုက်ခိုက်စေလျက်ရှိသည်။

လူပန်ဇီသည် နဖူးမှချွေးတို့ကို သုတ်ရင်း ခြောက်ကပ်စွာရယ်မောလျက် "ဒီခွေးတုံးတွေကတော့၊ ဆောင့်လို့မရတာကို အတင်းလိုက်ဆောင့်နေကြတာပဲ..." ဟု ရေရွတ်လိုက်သည်။

အချိန်ကား တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်လာခဲ့ရာ နာရီဝက်ခန့်အကြာတွင်တော့ မည်သူမျှ မရယ်နိုင်ကြတော့ပေ။

သူတို့မျက်စိရှေ့မှ မြင်ကွင်းသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဝံပုလွေများသည် တစ်အုပ်ပြီးတစ်အုပ် သံဆန်ခါကို မကြောက်မရွံ့ဝင်ဆောင့်ကြရာ တစ်ကောင်စီ၏ခေါင်းတွင် သွေးများပင် စို့နေကြပြီဖြစ်သည်။ သို့သော်လည်း သူတို့၏မျက်လုံးများထဲတွင် အလျှော့မပေးလိုသော အရိုင်းအစိုင်းအကြည့်များဖြင့် ဆက်လက်တိုက်ခိုက်နေကြဆဲပင်။ ဤမြင်ကွင်းသည် ကြည့်နေသူတို့ကိုပင် စိတ်ခြောက်ခြားစေသည်။

ထိုထက်ပို၍ ကြောက်စရာကောင်းသည်မှာ ဝံပုလွေများ အကြိမ်ကြိမ်ဝင်ဆောင့်သည့်ဒဏ်ကြောင့် သံဆန်ခါကို နံရံနှင့်တွဲထားသော စတီးချောင်းများ စတင်လှုပ်ခါလာပြီး တစ်ချောင်းမှာ ကျွတ်ထွက်သွားပြီဖြစ်ခြင်းပင်တည်း။

ရာသီဥတုကား အေးခဲလှသောကြောင့် သံထည်များသည် အတိုင်းအတာတစ်ခုအထိ အေးလာသောအခါ ကြွပ်ဆတ်လာတတ်သည်။ သံဆန်ခါ၏ အရည်အသွေးက ကောင်းမွန်လှသော်လည်း ထိုစတီးချောင်းများကတော့ အခြေအနေမကောင်းလှပေ။

"ခေါင်းဆောင်စုန့်... ဒီအတိုင်းဆက်သွားနေလို့တော့ မဖြစ်ဘူးထင်တယ်" ဟု စွန်းတာချွမ်က စိုးရိမ်တကြီး မေးလိုက်သည်။

ခေါင်းဆောင်စုန့်၏နဖူးတွင်လည်း ချွေးများစို့နေချေပြီ။ သူသည် အပြင်တွင် တာဝန်အကြိမ်ကြိမ်ထမ်းဆောင်ခဲ့ဖူးသော်လည်း ဤမျှရူးသွပ်သော ဝံပုလွေအုပ်နှင့် တစ်ခါမျှမကြုံဖူးချေ။ ဝံပုလွေတစ်ကောင်ချင်းစီ၏ မျက်လုံးထဲ၌ "သေသည်အထိတိုက်မည်" ဟူသော စာတန်းကြီးများ ရေးထိုးထားသည့်အလားပင်။

"သေနတ်တော့ ပစ်လို့မဖြစ်ဘူး။ ဒါပေမဲ့ မီးသုံးလို့ရတယ်။ ရေနွေးပူလောင်းချမယ်... ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူတို့ကို ဒီလိုဆက်ပြီး ဆောင့်ခွင့်ပေးလို့ မဖြစ်တော့ဘူး" ဟု ခေါင်းဆောင်စုန့်က အကြံပေးလိုက်သည်။

ထန်ယွမ်းက "ကျွန်မ ရေနွေးတစ်အိုးတည်ထားတယ်၊ သုံးလို့ရလောက်ပြီ" ဟု ဆိုသည်။

"ကျွန်တော် လိုက်ခဲ့မယ်"

ယွီဟွေးဖေးသည် ရေနွေးအိုးကို သယ်လာပြီး ရေဇလုံတစ်ခုထဲသို့ လောင်းထည့်လိုက်သည်။ ဝံပုလွေတစ်အုပ် ခုန်အုပ်လာသည့်အချိန်ကိုစောင့်၍ ရေနွေးပူတစ်ဇလုံကို လောင်းချလိုက်လေ၏။

အူ... အူ...

ထိုဝံပုလွေများသည် မည်မျှပင် ကြမ်းကြုတ်ခက်ထန်စေကာမူ ဦးခေါင်းပေါ်သို့ ပွက်ပွက်ဆူနေသော ရေနွေးပူများ ကျလာသည့်ဒဏ်ကိုတော့ မခံနိုင်ကြဘဲ မြေပေါ်သို့လူးလိမ့်ကာ အော်ဟစ်ကြလေတော့သည်။

ယွီဟွေးဖေးသည် သံဆန်ခါပေါ်၌ ကပ်ကျန်နေခဲ့သော ဝံပုလွေအမွေးကြီးကို ကြည့်ရင်း ဦးရေပြားပင် ကျိန်းစပ်လာသလို ခံစားလိုက်ရ၏။

ရေနွေးပူတစ်ဇလုံ၏ အစွမ်းကြောင့် ဝံပုလွေများသည် ရှေ့ဆက်မတိုးတော့ဘဲ တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြသည်။ သို့သော် ထိုအချိန်မှာပင် လူပန်ဇီက "ဟိုဘက်အခန်းမှာ အသံတွေကြားနေရတယ်!" ဟု အော်လိုက်သည်။

ခလွမ်း

မှန်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။

ယွီဟွေးဖေးသည် ထိုအခန်းဘက်သို့ အမြန်ပြေးသွားရာ ခေါင်းဆောင်စုန့်က နောက်မှလိုက်လာရင်း "မင်းတို့ ဒီဘက်မှာပဲနေ။ ထန်ယွမ်း... တခြားပြတင်းပေါက်တွေကို သွားကြည့်စမ်း" ဟု အမိန့်ပေးလိုက်သည်။

ထန်ယွမ်းသည်လည်း "ဟုတ်ကဲ့" ဟုဆိုကာ အခြားပြတင်းပေါက်များဆီသို့ ပြေးသွားကြည့်လေသည်။

ခေါင်းဆောင်စုန့်နှင့် ယွီဟွေးဖေးတို့သည် နံရံပေါ်မှ အပေါက်ကိုဖြတ်၍ ဘေးရှိ နက္ခတ်တာရာကြည့်စခန်းဘက်သို့ ရောက်သွားကြသည်။ ထိုအခါ သူတို့၏ဦးရေပြားကို ထုံကျင်သွားစေသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေသည်။

ဝံပုလွေဆယ်ကောင်ခန့်သည် ခေါင်းတစ်ခုလုံး သွေးများစွန်းထင်းလျက်သားဖြင့် ဟိုဘက်အခန်းကကောင်များထက်ပင် ပို၍အပြင်းအထန် သံဆန်ခါကို ဝင်ဆောင့်နေကြသည်တကား။

ဟိုဘက်အခန်းတွင် ဝံပုလွေအကောင်တစ်ရာခန့်က အလှည့်ကျတိုက်ခိုက်သောကြောင့် ဒဏ်ရာရသူ နည်းပါးသည်။ သို့သော် ဤဘက်ရှိ ဝံပုလွေဆယ်ကောင်ကျော်မှာမူ အသေခံတပ်သားများနှယ် ဟိုဘက်မှအုပ်စုနှင့် တစ်ပြိုင်တည်းလိုလိုပင် ပြတင်းပေါက်ကို ဝင်ဆောင့်နေကြသည်။ အသံများ ရောယှက်နေသောကြောင့် ယွီဟွေးဖေးတို့ သတိမထားမိခဲ့ခြင်းဖြစ်သည်။

ယွီဟွေးဖေးသည် စိတ်ထဲမှ "တော်တော်လည်တဲ့ကောင်တွေပဲ၊ ဒါ တကယ်ပဲ ဝံပုလွေတွေလား... ဝံပုလွေအရည်ခြုံထားတဲ့ လူတွေလားမသိဘူး" ဟု ကျိတ်၍ရေရွတ်လိုက်မိသည်။

ခေါင်းဆောင်စုန့်က အပြေးသွား၍ သံဆန်ခါကိုစစ်ဆေးကြည့်ရာ စတီးချောင်းလေးချောင်းပင် ကျိုးနေပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် တုန်လှုပ်သွားသည်။ သံဇကာတစ်ခုလုံးပင် ယိမ်းထိုးနေလေပြီ။

အူ...

ဝံပုလွေတစ်ကောင်သည် ပြတင်းပေါက်ကို ပါးစပ်ဖြင့်ကိုက်လိုက်ရာ ယွီဟွေးဖေးသည်လည်း အလိုအလျောက်ပင် နောက်သို့ဆုတ်လိုက်မိစဉ် ထိုဝံပုလွေ၏သွားများက သံဆန်ခါ၌ညပ်သွားပြီး ချက်ချင်းပြန်မထုတ်နိုင်ဘဲ ဖြစ်သွားသည်။ သူအတင်းဆွဲလိုက်ရာ သံဆန်ခါမှ "ကျွီကျွီ" အသံများမြည်လာပြီးနောက် စတီးချောင်းတစ်ချောင်း ထပ်မံကျိုးထွက်သွားလေသည်။

"သွားပြီ"

ဤမြင်ကွင်းကိုတွေ့လိုက်ရသောအခါ ယွီဟွေးဖေးနှင့် ခေါင်းဆောင်စုန့်တို့သည် တစ်ပြိုင်နက်တည်း ဆိုလိုက်ကြသည်။

ထိုနည်းလမ်း အလုပ်ဖြစ်သည်ကိုတွေ့သောအခါ အခြားဝံပုလွေများကလည်း ပြေးတက်လာကြပြီး သံဆန်ခါကို ပါးစပ်များဖြင့်ကိုက်ကာ အပြင်သို့ အားကုန်ဆွဲကြလေတော့သည်။

ဒုန်း... ဒုန်း...

နောက်ထပ် စတီးချောင်းနှစ်ချောင်းပါ ကျွတ်ထွက်သွားရာ သံဆန်ခါတစ်ခုလုံး ပြုတ်ကျလုမတတ် ဖြစ်နေလေပြီ။

"ရေနွေး... ရေနွေး"

ယွီဟွေးဖေး အရူးတစ်ပိုင်းလို နောက်ပြန်ပြေးသွားသော်လည်း ရေနွေးအိုးမှာ ဆူပွက်ခြင်းမရှိသေး။ ကျန်ရှိသောရေနွေးအနည်းငယ်မှာလည်း ဟိုဘက်အခန်းမှ ဝံပုလွေများပေါ်သို့ လောင်းချပြီးဖြစ်နေလေပြီ။

"မီး... မီးတုတ်..."

နောက်ဆုံးတွင် ယွီဟွေးဖေးသည် မီးတုတ်ကိုပင်မရှာတော့ဘဲ ခေါင်းအုံးတစ်လုံးကို ဆွဲယူကာ မီးခြစ်ဖြင့်မီးညှိ၍ ပြတင်းပေါက်ဆီသို့ ပစ်တင်လိုက်၏။

ဝံပုလွေအချို့မှာ မီးလောင်ဒဏ်ကြောင့် အော်ဟစ်ကာ ပါးစပ်ကို ဟရန်ကြိုးစားကြသည်။ သို့သော် နှစ်ကောင်၏သွားများမှာ သံဇကာ၌ ညပ်နေသောကြောင့် လွတ်အောင်မရုန်းနိုင်ကြပေ။

မီးလောင်ဒဏ်က ပို၍ပြင်းထန်လာသောအခါ ထိုဝံပုလွေနှစ်ကောင်ဟာ ပို၍ရူးသွပ်စွာ ရုန်းကန်ကြရာ သံဆန်ခါတစ်ခုလုံး တကျွီကျွီမြည်လျက် စတီးချောင်းများ တစ်ချောင်းပြီးတစ်ချောင်း ကျွတ်ထွက်ကုန်၏။ ဝံပုလွေတစ်ကောင်၏ သွားများကျိုးပဲ့သွားပြီး ပါးစပ်တစ်ခုလုံး သွေးများဖြင့်ပြည့်လျှံနေလေပြီ။ မျက်နှာပေါ်မှအမွေးများမှာလည်း မီးလောင်ကျွမ်းကာ အနံ့ဆိုးများ ထွက်ပေါ်နေလေ၏။

ဒိုင်း...

ခေါင်းဆောင်စုန့်က သေနတ်ဖြင့်ပစ်လိုက်ရာ ဝံပုလွေတစ်ကောင်၏ဦးခေါင်းသည် ဦးနှောက်များပွင့်ထွက်ကာ သေဆုံးသွားသည်။ နောက်တစ်ကောင်ကိုလည်း နောက်တစ်ချက်ပစ်လိုက်ရာ ဝံပုလွေနှစ်ကောင်စလုံး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြ၏။

သို့သော်လည်း သံဆန်ခါ၏ သံဇကာအချို့မှာ ကျည်ဆန်ထိမှန်ကာ ပေါက်ပြဲသွားလေပြီ။

ထိုအခါမှ သူတို့နှစ်ဦးသည် ဤဘက်တွင်ရှိနေသော ဝံပုလွေများထဲမှ တစ်ကောင်ပျောက်နေကြောင်း သတိပြုမိလိုက်သည်။ ခဏအကြာတွင် ထိုဝံပုလွေသည် နောက်ထပ်ဝံပုလွေတစ်အုပ်နှင့် ခေါင်းဆောင်ကြီးကိုပါ ခေါ်ဆောင်လာသည်ကို တွေ့လိုက်ရသည်။

"ဒုက္ခပဲ..."

"အူ..."

ဝံပုလွေခေါင်းဆောင်၏ အချက်ပေးသံနှင့်အတူ ခေါင်းဆောင်စုန့်က "သေနတ်တွေအားလုံး ဒီဘက်ယူခဲ့ကြ" ဟု အော်ဟစ်လိုက်သည်။ ဟူကြီး၊ ချန်းရှန်းနှင့် ချန်းယန်တို့ အရင်ဆုံးပြေးလာကြပြီး ထန်ယွမ်းလည်း နောက်မှလိုက်လာ၏။

ခေါင်းဆောင်စုန့်က "ထန်ယွမ်း... မင်းလူတစ်ချို့နဲ့ ဟိုဘက်ပြတင်းပေါက်ကို စောင့်နေ။ စွန်းတာချွမ်၊ မင်း... မင်း အိမ်တစ်အိမ်လုံးကို လှည့်ပတ်စစ်ဆေး။ အခန်းနှစ်ခန်းလုံးက ပြတင်းပေါက်တွေ တိုက်ခိုက်ခံရလားဆိုတာ ကြည့်" ဟု အမိန့်ပေးလိုက်သည်။

စွန်းတာချွမ်သည် ယခုအချိန်တွင် မေးခွန်းထုတ်နေရန် အချိန်မရှိကြောင်းသိသဖြင့် ခေါင်းညိတ်ပြကာ ထွက်သွားလေ၏။

ဝံပုလွေခေါင်းဆောင်၏ အော်ဟစ်သံအဆုံးတွင် ဝံပုလွေများသည် သံဆန်ခါပေါ်သို့ အရူးအမူးပြေးတက်ကြပြီး ပါးစပ်များဖြင့်ကိုက်ကာ အပြင်သို့ အားကုန်ဆွဲကြပြန်သည်။

ဝံပုလွေငါးကောင်၊ ခြောက်ကောင်၏ အားမှာ အလွန်ပင်ကြီးမားလှရာ ကျန်ရှိသော ရိုက်မှိုချောင်းအနည်းငယ်မှာ ထိုအားကိုမခံနိုင်တော့ဘဲ ကျွတ်ထွက်သွားပြီး သံဆန်ခါကြီးတစ်ခုလုံး ပြုတ်ကျသွားလေတော့သည်။

"ပစ်"

ခေါင်းဆောင်စုန့်၏ အမိန့်ပေးသံနှင့်အတူ လူလေးဦး၊ သေနတ်လေးလက်မှ ကျည်ဆန်များ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။ ရှေ့တည့်တည့်မှ ပြေးဝင်လာသော ဝံပုလွေများ လွင့်စင်သွားကြသော်လည်း နောက်မှ အများအပြား ထပ်မံဝင်ရောက်လာကြသည်။

ထိုအချိန်တွင် ယွီဟွေးဖေးသည် ဝံပုလွေခေါင်းဆောင်ကြီး ဟိုဘက်အခန်းသို့ ထပ်မံသွားရောက်နေသည်ကို တွေ့လိုက်ရသောကြောင့် စိတ်ထဲ၌ စနိုးစနောင့်ဖြစ်သွားသည်။ သူထင်သည့်အတိုင်းပင် ဟိုဘက်အခန်းမှ စွန်းတာချွမ်၏ အော်ဟစ်သံထွက်ပေါ်လာ၏။

"ဒီဘက်ကိုလာကြပါဦး... အကူအညီလိုနေပြီ"

ယွီဟွေးဖေး အမြန်ပြေးသွားကြည့်ရာ ဝံပုလွေတစ်အုပ်သည် ပြတင်းပေါက်သံဆန်ခါပေါ်သို့ ရောက်နေကြပြီ။ ထန်ယွမ်းမှာမူ သေနတ်ကိုကိုင်ထားသော်လည်း ပစ်သင့်မပစ်သင့် မဝေခွဲနိုင်ဘဲဖြစ်နေ၏။

"ပစ်... သံဆန်ခါက မခံနိုင်တော့ဘူး" ဟူ၍ ယွီဟွေးဖေးက အော်ပြောလိုက်ရာ ထန်ယွမ်းသည် ချက်ချင်းပင် သေနတ်ဖြင့်ပစ်လိုက်သဖြင့် ဝံပုလွေတစ်ကောင် လွင့်စင်ထွက်သွားသည်။

ယွီဟွေးဖေးလက်ထဲတွင် သေနတ်မရှိ၊ ရေနွေးမှာလည်း မဆူသေး။ မီးတုတ်မရှိသည့်အပြင် အခြားမီးလောင်လွယ်သောပစ္စည်းများကိုလည်း မသုံးရဲပေ။ ဆောင်းရာသီတွင် ခြောက်သွေ့သောကြောင့် အိမ်ပါမီးလောင်သွားပါက အားလုံးအရှင်လတ်လတ် မီးကင်ခံရကိန်း ဆိုက်ပေလိမ့်မည်။

ထိုစဉ် ယွီဟွေးဖေး၏မျက်လုံးများ အရောင်တောက်သွား၏။

သူသည် နံရံပေါ်တွင် ချိတ်ဆွဲထားသော ငရုတ်သီးခြောက်တစ်တွဲဆီသို့ ပြေးသွားပြီး ပါးစပ်ထဲသို့ ကောက်ထည့်လိုက်ရာ ချက်ချင်းပင် တစ်ကိုယ်လုံး နီရဲတက်လာလေသည်။

ခဏမျှဝါးပြီးနောက် ငရုတ်သီးဖတ်များနှင့် ငရုတ်ရည်များကို ရေဇလုံတစ်ခုထဲသို့ ထွေးထည့်လိုက်သည်။ ထို့နောက် ရေဖျန်းဗူးတစ်ဗူးကိုယူကာ ငရုတ်ရည်များကိုထည့်ပြီး ပြတင်းပေါက်ဆီသို့ ပြေးသွားပြီး ဝံပုလွေများ၏ မျက်လုံးများကို တည့်တည့်ချိန်၍ အားကုန်ဖျန်းချလိုက်တော့သည်။

အူး... အူး... အူး...

ထိုဝံပုလွေများသည် တစ်သက်လုံး ဤကဲ့သို့သော ဓာတုလက်နက်မျိုးနှင့် တစ်ခါမျှမကြုံဖူးကြပေ။ အားလုံး၏မျက်လုံးများထဲသို့ ငရုတ်ရည်များဝင်သွားရာ အစပ်ဒဏ်ကြောင့် အော်ဟစ်ငြီးငြူကာ ပါးစပ်များကိုဟ၍ မျက်လုံးများကို လက်သည်းများဖြင့် အရူးအမူးကုတ်ခြစ်ကြလေတော့သည်။

ခဏတာမျှတော့ သူတို့၏တိုက်ခိုက်နိုင်စွမ်းများ ပျောက်ဆုံးသွားကြလေပြီ။

ဝံပုလွေခေါင်းဆောင်နှင့် အခြားဝံပုလွေများသည်လည်း ယွီဟွေးဖေး၏ ဤအံ့ဖွယ်နည်းလမ်းကြောင့် ကြောင်အသွားကြပြီး ဆက်လက်တိုက်ခိုက်ရန်ပင် မေ့နေကြ၏။

ဤမြင်ကွင်းကိုတွေ့သော ထန်ယွမ်းက "ရှင့်ကိုတော့ တကယ်ပဲ အံ့ပါရဲ့" ဟု ချီးကျူးလိုက်သည်။

ယွီဟွေးဖေး၏နှုတ်ခမ်းများမှာမူ စပ်လွန်း၍ ဖူးယောင်နေချေပြီ။ "ကျ... ကျွန်တော်တော့ စပ်လွန်းလို့ သေတော့မယ်... ရေသွားသောက်လိုက်ဦးမယ်"

ရေသောက်ရန် ပြန်လှည့်သွားသည်နှင့် ဝံပုလွေတစ်အုပ်က ထပ်မံတက်လာကြရာ ယွီဟွေးဖေးသည် ပါးစပ်ထဲမှရေကို ဝံပုလွေ၏မျက်နှာပေါ်သို့ ထွေးထုတ်လိုက်ပြီး ငရုတ်ရည်ဗူးဖြင့် ဆက်လက်ဖျန်းလေသည်။

စွန်းတာချွမ်၊ လူပန်ဇီနှင့် ဝူရွှယ်မေတို့သည်လည်း သူ့နည်းတူ လိုက်လုပ်ကြ၏။ ရေဖျန်းဗူးမရှိသူများက ရေခွက်များကိုသုံး၍ ဝံပုလွေများ၏မျက်လုံးထဲသို့ လောင်းချကြရာ တစ်ခဏအတွင်းမှာပင် တောင်ကြားတစ်ခုလုံး ဝံပုလွေများ၏ နာကျင်စွာအော်ဟစ်ငြီးငြူသံများဖြင့် ဆူညံသွားလေတော့သည်။

ခေါင်းဆောင်စုန့်သည် ယွီဟွေးဖေးတို့ဘက် မခံနိုင်မည်စိုး၍ တစ်ခေါက်လာကြည့်ရာ ဤနည်းလမ်းကိုတွေ့ပြီး "ကောင်းလိုက်တဲ့အကြံ" ဟုပင် ချီးကျူးသွားသည်။ သို့သော် သူတို့ဘက်တွင်မူ သံဆန်ခါ ပြုတ်ကျသွားပြီဖြစ်သောကြောင့် ဤနည်းလမ်းကိုသုံး၍မရတော့ဘဲ သေနတ်ဖြင့်သာ ခုခံနေရသည်။

သို့သော်လည်း ပထမလှိုင်းကို ခုခံပြီးနောက်တွင် သူတို့သည် ပရိဘောဂများကိုရွှေ့ပြောင်း၍ ပြတင်းပေါက်ကို ပိတ်ဆို့ထားလိုက်ကြပြီဖြစ်သည်။

All Chapters