ငြိမ်းချမ်းသာယာသော နေ့ရက်များ
Vol. 11 Ch. 152
ဝံပုလွေများ၏ ဤတစ်ကြိမ်တိုက်ခိုက်မှုကိုတော့ အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့လေပြီ။
သို့သော် ဝံပုလွေများသည် လက်လျှော့မည့်ပုံမပေါ်ဘဲ ပြတင်းပေါက်အသီးသီးကို စမ်းသပ်တိုက်ခိုက်နေကြဆဲဖြစ်သည်။ သို့သော် အားလုံးက ကြိုတင်ပြင်ဆင်ထားကြသောကြောင့် ဝံပုလွေများ၏ အရှေ့တိုက်အနောက်တိုက်နည်းမှာ အရာမထင်တော့ဘဲ ပြတင်းပေါက်ကို မဖောက်နိုင်ကြတော့ပေ။
တစ်ဖက်တွင်မူ ယွီဟွေးဖေးသည် ငရုတ်ရည်ဗူးကိုကိုင်ကာ နေရာအနှံ့လိုက်လံကူညီနေရသည်။ ငရုတ်ရည်များကုန်သွားသောအခါ ငရုတ်ကောင်းမှုန့်၊ ပိုးသတ်ဆေး စသည်တို့ကိုပါ ထုတ်သုံးကြရာ လူသားနှင့်ဝံပုလွေတို့၏ သေရေးရှင်ရေးတိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေလေတော့သည်။
နောက်ဆုံးတွင် ဝံပုလွေများသည်လည်း အထဲသို့ဝင်၍မရနိုင်မှန်း သိသွားကြပြီးနောက် ဝံပုလွေအလောင်းနှစ်ဆယ်ခန့်ကို ချန်ထားခဲ့ကာ မကျေမချမ်းဖြင့် ဆုတ်ခွာသွားကြရတော့သည်။
ဝံပုလွေများထွက်သွားသည်နှင့် ရွှေကျားသစ်ကြီးသည် တောင်ပေါ်မှဆင်းလာပြီး လူအားလုံး၏ ဒေါသထွက်နေသော မျက်လုံးများရှေ့၌ပင် ဝင်းထဲရှိ ဝံပုလွေအလောင်းများကို တစ်ကောင်ချင်းစီ စစ်ဆေးကြည့်ရှုနေလေ၏။
နောက်ဆုံးတွင် အသားအများဆုံးဟုထင်ရသော အကောင်တစ်ကောင်ကို ရွေးချယ်ကာ ဘေးသို့ဆွဲသွားပြီး အားရပါးရစားသောက်နေတော့သည်။
ဤမြင်ကွင်းကိုတွေ့သောအခါ ယွီဟွေးဖေးတို့၏မျက်နှာများမှာ မည်းမှောင်သွားကြသည်။ သူတို့ သေလုမတတ်တိုက်ခိုက်ခဲ့ရသည်မှာ ဤကောင်အတွက် အလုပ်အကျွေးပြုနေရသလိုပင်။ သို့သော် နောက်ဆုံးတွင်တော့ မည်သူမျှ ထိုရွှေကျားသစ်ကို ဂရုစိုက်နိုင်သည့်အင်အားမရှိတော့ဘဲ မြေပေါ်သို့ ပုံလျှက်သားထိုင်ချကာ အမောဖြေနေကြရသည်။
အပြင်ဘက်တွင်မူ လေပြင်းများတိုက်ခတ်နေပြီး ပြတင်းပေါက်အက်ကွဲကြောင်းများမှတစ်ဆင့် အိမ်ထဲသို့ဝင်ရောက်လာရာ အခန်းအပူချိန်မှာ သိသိသာသာကျဆင်းလာသည်။
ယွီဟွေးဖေးသည် လူများကိုဦးဆောင်၍ ပရိဘောဂအချို့ကိုရွှေ့ကာ ပြတင်းပေါက်ကိုပိတ်ဆို့ပြီးနောက် စောင်များဖြင့် လေလုံအောင်ထပ်မံပိတ်လိုက်ရာ အခန်းအပူချိန်မှာ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာ၏။
ထိုညတွင် မည်သူမျှ အိပ်မပျော်ရဲကြပေ။ နှစ်ယောက်တစ်ဖွဲ့ဖြင့် အလှည့်ကျကင်းစောင့်ကြရသည်။
ပထမဆုံး ဟူကြီးနှင့် လူပန်ဇီ၊ နံနက်တစ်နာရီတွင် ချန်းရှန်းနှင့် ချန်းယန်ညီအစ်ကို၊ နံနက်သုံးနာရီတွင်တော့ ယွီဟွေးဖေးကို နှိုးလိုက်၏။
ခေါင်းဆောင်စုန့်က သူတို့နှစ်ဦး ကင်းစောင့်ရမည့်အလှည့်ဖြစ်ကြောင်း အချက်ပြလိုက်သည်။ ယွီဟွေးဖေးသည် အခြားသူများကို ကြည့်လိုက်ရာ အားလုံးအိပ်မောကျနေကြလေပြီ။ အထူးသဖြင့် ထန်ယွမ်းမှာမူ ဆိုဖာပေါ်တွင် ဘောလုံးလေးတစ်လုံးကဲ့သို့ ကွေးကွေးလေးအိပ်စက်နေပြီး အပေါ်မှ သိုးမွေးစောင်တစ်ထည်ကို ခြုံထား၏။ အိပ်မက်ထဲတွင်ပင် စိတ်မဖြောင့်နိုင်ဟန်ဖြင့် မျက်မှောင်ကြုတ်ထားလေသည်။
ဤသို့ကြောင့် သူဟာ ထန်ယွမ်း၏နားနားသို့ကပ်ကာ "စိတ်ချလက်ချအိပ်ပါ၊ ကျွန်တော်ရှိတယ်" ဟု တိုးတိုးလေးပြောလိုက်သည့် ထိုအခိုက်တွင် ထန်ယွမ်း၏မျက်မှောင်ကြုတ်ထားမှုမှာ ပြေလျော့သွားပြီး အသက်ရှုသံများ ပုံမှန်ဖြစ်လာကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေတော့သည်။
ခေါင်းဆောင်စုန့်သည် ထိုမြင်ကွင်းကိုတွေ့သော်လည်း ဘာမျှမပြောပေ။ ယွီဟွေးဖေးကို စီးကရက်တစ်လိပ်ကမ်းပေးလိုက်ပြီး နှစ်ဦးသား အပြင်ဘက်ကိုငေးကြည့်ရင်း စီးကရက်သောက်နေကြ၏။
"မင်း ထန်ယွမ်းကို ဘယ်လိုမြင်လဲ"
ယွီဟွေးဖေး တစ်ချက်တွေဝေသွားပြီး ခေါင်းကိုကုတ်ရင်း "ဘာလို့ ဒါတွေမေးနေတာလဲဗျ" ဟု ပြန်မေးလိုက်၏။
ခေါင်းဆောင်စုန့်က သူ့ကို တစ်ချက်စိုက်ကြည့်ရင်း "မေးတာကိုသာဖြေစမ်းပါ" ဟု ဆိုသည်။
ယွီဟွေးဖေးက ခဏစဉ်းစားပြီးနောက် "ကောင်းပါတယ်၊ တည်ငြိမ်တယ်၊ လိမ္မာပါးနပ်တယ်၊ အပိုစကားမပြောဘူး၊ ဂရုစိုက်တတ်တယ်၊ သက်ကြီးရွယ်အိုကိုလည်း ရိုသေတယ်။ နည်းနည်းခေါင်းမာတာကလွဲလို့ ကျန်တာအကုန်ကောင်းပါတယ်..." ဟု ဖြေလိုက်သည်။
ခေါင်းဆောင်စုန့်က ခေါင်းတစ်ချက်ညိတ်ရင်း "ဟုတ်တယ်၊ ဒီကလေးမလေးကို ငါကိုယ်တိုင်ကြည့်ရှုစောင့်ရှောက်လာတာလေ" ဟု ဆိုသည်။
ယွီဟွေးဖေးက အံ့ဩစွာဖြင့် "ခင်ဗျားက သူ့ကို စောင့်ရှောက်လာတာလား။ သူက ငယ်ငယ်ကတည်းက ခင်ဗျားနဲ့အတူ အပြင်မှာ လျှောက်သွားနေခဲ့တာလား"
ခေါင်းဆောင်စုန့်သည် စီးကရက်ကို တစ်ချက်ဖွာရှိုက်ပြီးနောက် ခေါင်းညိတ်ပြ၏။
"ဟုတ်တယ်... သူ့အဖေနာမည်က ထန်မုန့်ဟော်၊ ငါကတော့ သူ့ကို အဘိုးကြီးထန်လို့ ခေါ်တယ်။ သူ့အမေက ရှန်ချင်းဖိန်၊ ငါကတော့ ရှန်ချင်းလို့ ခေါ်ရတာကြိုက်တယ်။ သူတို့အားလုံးက ငါ့ရဲ့အသင်းဖော်တွေ၊ တစ်ချိန်က အတူတူသေအတူရှင်မွေးခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေပဲ"
ထိုစကားကိုကြားသောအခါ ယွီဟွေးဖေးသည် ခေါင်းဆောင်စုန့်ကို မယုံသင်္ကာမျက်လုံးများဖြင့် ကြည့်ရင်း "ခင်ဗျား... ခင်ဗျား အဘိုးကြီးထန်နဲ့များ ဟိုလိုဒီလို..."
ခေါင်းဆောင်စုန့်ကမူ ပွင့်လင်းစွာပင် ရယ်မောလိုက်ရင်း "ပြိုင်ဘက်ပေါ့ကွာ... ငါနဲ့သူ ရှန်ချင်းဖိန်ကိုလုရင်း လမ်းခွဲလုမတတ်ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းစွန့်စားခန်းတစ်ခုမှာ အန္တရာယ်ကြီးတစ်ခုနဲ့ ကြုံခဲ့တယ်။ အဲ့ဒီတုန်းက တောင်ပြိုကျတာလေ..."
"အဲ့မှာ ငယ်ရွယ်သေးတဲ့ငါက ကိုယ့်အသက်လုပြီး ထွက်ပြေးခဲ့တယ်..."
ယွီဟွေးဖေး ဘာစကားမျှမဆိုဘဲ နားထောင်နေလိုက်သည်။
ခေါင်းဆောင်စုန့်က ခါးသက်စွာဖြင့် "အဲ့ဒီတုန်းက ငါတို့က သိပ်ငယ်သေးတော့ ဘာကိုမှမကြောက်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ သေရေးရှင်ရေးနဲ့ကြုံလာတဲ့အခါ ငါတကယ်ကြောက်သွားပြီး ထွက်ပြေးခဲ့မိတယ်"
"ဒါပေမဲ့ အဘိုးကြီးထန်က မပြေးဘူး။ သူက ရှန်ချင်းဖိန်ကို ကာကွယ်ပေးပြီး ရေခဲတောထဲကနေ ကျောပိုးထမ်းထုတ်လာခဲ့တယ်လေ။ ငါ ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ သူတို့ကိုပြန်တွေ့တဲ့အခါ အဘိုးကြီးထန်ရဲ့ ခြေထောက်နှစ်ဖက်လုံး နှင်းကိုက်နေပေမယ့် ရှန်ချင်းဖိန်ကတော့ ဘာမှမဖြစ်တာကို မြင်လိုက်ရတဲ့အချိန်မှာ ငါသိလိုက်တယ်..."
"ငါက ရှန်ချင်းနဲ့ မတန်ဘူးဆိုတာကိုပဲ။ အဘိုးကြီးထန်သာလျှင် သူနဲ့ထိုက်တန်တယ်လို့ပေါ့။ အဲ့ဒီနေ့ကစပြီး ငါပြိုင်ဆိုင်မှုကနေ နုတ်ထွက်ခဲ့တယ်။ သူတို့က ငါ့ကိုမမုန်းကြပါဘူး။ အန္တရာယ်ကိုရှောင်ရှားတာက လူ့သဘာဝပဲလို့ ပြောကြတယ်။ ဒါပေမဲ့ သူတို့မမုန်းပေမယ့် ငါ့ကိုယ်ငါတော့ မုန်းတီးနေခဲ့တယ်..."
ထိုသို့ပြောပြီး ခေါင်းဆောင်စုန့်သည် စီးကရက်ကို ဆက်လက်ဖွာရှိုက်နေ၏။
"နောက်တော့ ငါကိုယ်တိုင်ပဲ သူတို့နှစ်ယောက်ကို လက်ထပ်ပေးခဲ့တာ။ ပြီးတော့ သူတို့မှာ ထန်ယွမ်းကို ရလာခဲ့တယ်..." ထိုနေရာတွင် ခေါင်းဆောင်စုန့်သည် စကားစရပ်သွားပြီး မျက်နှာတွင် အုံ့မှိုင်းမှုများ လွှမ်းခြုံသွားသည်။
"နောက်တော့ ဘာဆက်ဖြစ်လဲဗျ"
"နောက်တော့... နောက်တော့ ငါတို့လမ်းခွဲခဲ့ကြတယ်။ ရှန်ချင်းဖိန်က ကိုယ်ဝန်ရှိလာတော့ အဘိုးကြီးထန်က သူ့ကိုပြုစုစောင့်ရှောက်ရတယ်လေ။ ငါကတော့ တာဝန်အရ တခြားလူငယ်တစ်ချို့နဲ့ တခြားအဖွဲ့ကို ပြောင်းသွားခဲ့တယ်"
"ခြောက်လအကြာမှာ ငလျင်ကြီးတစ်ခုလှုပ်ခဲ့တယ်။ တစ်နိုင်ငံလုံးက ကယ်ဆယ်ရေးအဖွဲ့တွေ ငလျင်လှုပ်တဲ့နေရာကို သွားကြရတယ်။ အဲ့ဒီတစ်ခေါက်က တော်တော်ဆိုးရွားခဲ့တယ်။ လူအားလုံးကို စုစည်းပြီး စစ်တပ်အင်အားပါသုံးတာတောင် လူမလောက်ခဲ့ဘူး"
"အဘိုးကြီးထန်နဲ့ ရှန်ချင်းက အဖွဲ့ထဲပြန်ဝင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့ တောင်းဆိုခဲ့ကြတယ်။ အဲ့ဒီတုန်းက ထန်ယွမ်းကမှ ခြောက်လပဲရှိသေးတာ နို့တောင်မပြတ်သေးဘူး။ ငါက သူတို့ကိုတားခဲ့တယ်။ ငလျင်ကြီးလှုပ်ပြီးတဲ့နောက် နောက်ဆက်တွဲငလျင်တွေက ပြင်းထန်တယ်လေ ရှန်ချင်းရဲ့ခန္ဓာကိုယ်ကလည်း နာလန်ထူစပဲရှိသေးတော့ အိမ်မှာပဲအနားယူစေချင်ခဲ့တာ"
"အဖွဲ့အစည်းကလည်း သူတို့ရဲ့တောင်းဆိုမှုကို ပယ်ချခဲ့ပေမယ့် အဲ့ဒီနှစ်ယောက်က ကိုယ်ပိုင်ကားနဲ့ ငလျင်လှုပ်တဲ့နေရာကို မောင်းသွားကြတယ်။ နေရာရောက်မှတော့ သူတို့ကိုမောင်းထုတ်လို့မရတော့ဘဲ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ခွင့်ပြုခဲ့ရတယ်"
ထိုသို့ပြောရင်း ခေါင်းဆောင်စုန့်၏မျက်လုံးများ နီရဲလာသည်။ ပြတင်းပေါက်အပြင်ဘက်မှ တိမ်မည်းများကိုကြည့်ရင်း "သုံးရက်အကြာမှာ... သူတို့နှစ်ယောက် တစ်ဝက်ပြိုကျနေတဲ့ အဆောက်အဦတစ်ခုအောက်မှာ လူရှိနေတဲ့လက္ခဏာတွေ့လို့ ချက်ချင်းကယ်ဆယ်ရေးစလုပ်ကြတာပေါ့။ အရာအားလုံးအဆင်ပြေသွားပြီး အပေါက်တစ်ခုဖောက်နိုင်ခဲ့ပြီးတော့ သူတို့ အထဲကနေ အမြွှာယောက်ျားလေးနှစ်ယောက်ကို ခေါ်ထုတ်လာခဲ့တယ်..."
ထိုသို့ပြောရင်း ခေါင်းဆောင်စုန့်သည် ကြမ်းပြင်ပေါ်တွင် တစ်ဦးကိုတစ်ဦးဖက်ကာ အိပ်စက်နေကြသော ချန်းရှန်းနှင့် ချန်းယန်ကို ကြည့်လိုက်သည်။
ယွီဟွေးဖေးက အံ့ဩတကြီးဖြင့် "သူတို့က..."
ခေါင်းဆောင်စုန့်က ခေါင်းညိတ်ပြကာ "သူတို့က အဲ့ဒီအမြွှာယောက်ျားလေးတွေပဲ။ ငါကိုယ်တိုင် မွေးစားခဲ့တာ"
ယွီဟွေးဖေးသည် စကားမဆိုနိုင်တော့ပေ။ သူသည် ချန်းရှန်းနှင့် ချန်းယန်ညီအစ်ကိုနှစ်ဦးကို ပျော်ပျော်နေတတ်သူများဟု အမြဲထင်ခဲ့ပြီး သာမန်မိသားစုမှ ပေါက်ဖွားလာသည်ဟု ထင်ခဲ့သည်။ သို့သော် သူတို့မှာ ငလျင်မိဘမဲ့ကလေးများ ဖြစ်နေသည်တကား။
ခေါင်းဆောင်စုန့်က ဆက်လက်၍ "အဲ့ဒီအပေါက်ရဲ့နောက်မှာ အိမ်တစ်အိမ်ရဲ့ အိမ်သာခန်းရှိတယ်။ တံခါးပွင့်နေပြီး နောက်မှာလည်း လျှောက်သွားလို့ရတဲ့လမ်းရှိသေးတယ်။ အထဲကနေ အကူအညီတောင်းသံသဲ့သဲ့ကြားရတယ်။ အဘိုးကြီးထန်နဲ့ ရှန်ချင်းတို့ ဝင်သွားကြတဲ့အချိန်မှာ နောက်ဆက်တွဲငလျင်က လှုပ်ခတ်လာခဲ့တော့..."
ယွီဟွေးဖေး၏နှလုံးသား တစ်ချက်တုန်လှုပ်သွားသည်။
ခေါင်းဆောင်စုန့်သည် စီးကရက်ကို အဆုံးထိရှိုက်သွင်းပြီးနောက် အပြင်သို့လွှင့်ပစ်လိုက်ကာ မီးခိုးငွေ့များကို ရှည်လျားစွာမှုတ်ထုတ်ရင်း "အဲ့ဒါက တော်တော်ပြင်းတဲ့ နောက်ဆက်တွဲငလျင်ပဲ။ ပြိုလုနီးနီးဖြစ်နေတဲ့ အဆောက်အဦတော်တော်များများကို အကုန်ပြိုကျသွားစေခဲ့တယ်။ အဲ့ဒီနေ့က ငါတို့ အသင်းဖော်တော်တော်များများကို ဆုံးရှုံးခဲ့ရတာပေါ့..."
ယွီဟွေးဖေးသည် ခေါင်းဆောင်စုန့်၏ပခုံးကို ပုတ်ပေးလိုက်သည်။ ယခင်က ယွီဟွေးဖေးသည် ခေါင်းဆောင်စုန့်တို့ကို သာမန်ရဲဝန်ထမ်းများဟုသာ ထင်မြင်ခဲ့သည်။ သို့သော် ဤစကားဝိုင်းအပြီးတွင်မူ ဤလူများသည် သာမန်လူများဟုထင်ရသော်လည်း သူတို့လုပ်ဆောင်နေသော အရာများမှာ လုံးဝမသာမန်ကြောင်း သိရှိလိုက်ရသည်။
ခေါင်းဆောင်စုန့်ကို နှစ်သိမ့်ရန်ကြိုးစားသော်လည်း ခေါင်းဆောင်စုန့်က သူ့ဘာသာသူ ရယ်မောလိုက်ရင်း "ငါ့ကိုနှစ်သိမ့်စရာမလိုပါဘူးကွာ။ ဒီလောက်နှစ်တွေကြာပြီးတဲ့နောက် ငါလည်း စိတ်ဖြေနိုင်ခဲ့ပါပြီ။ အခုငါ့မှာ ဘာရည်မှန်းချက်ကြီးကြီးမားမားမှ မရှိတော့ဘူး။ ဒီကလေးတွေကို လူလားမြောက်အောင် ကျွေးမွေးစောင့်ရှောက်ပြီး တည်ငြိမ်တဲ့အလုပ်အကိုင်ရှာပေး၊ အိမ်ထောင်ပြုစေပြီး သူတို့မိဘတွေရဲ့သွေးသားကို ဆက်လက်ထိန်းသိမ်းစေချင်ရုံပါပဲ"
"ခင်ဗျားက ကျွန်တော်နဲ့ ချန်းရှန်း၊ ချန်းယန်တို့ ထန်ယွမ်းကို လုကြမှာစိုးလို့လား"
ခေါင်းဆောင်စုန့်က မျက်စောင်းထိုးရင်း "လျှောက်ပြောမနေနဲ့ကွာ။ ငါက အဲ့ဒီလိုခေတ်နောက်ကျတဲ့လူကြီးမျိုးလား။ ဒီကလေးသုံးယောက်လုံးကို ငါကိုယ်တိုင်ပြုစုပျိုးထောင်ခဲ့ပေမယ့် သူတို့ရဲ့အိမ်ထောင်ရေးကိုတော့ ငါထိန်းချုပ်ဖို့မကြိုးစားပါဘူး။ ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းဆိုတာ ကိုယ်တိုင်မှသိနိုင်တာလေ။ ငါက ဘယ်လိုလုပ်ပြီး သူတို့ကို အတင်းအကျပ်ပေါင်းဖက်ပေးနိုင်မှာလဲ။ သူတို့သာ တကယ်ရေစက်ပါရင် အတူတူရှိနေကြမှာပဲ။ ရေစက်မပါရင်တော့ သူတို့ရဲ့ပျော်ရွှင်မှုက မရောက်သေးလို့ပဲ"
ထိုစကားကိုကြားမှ ယွီဟွေးဖေးသည် သက်ပြင်းချနိုင်တော့သည်။ သူသည် ထန်ယွမ်းအပေါ် ဘာစိတ်မှမရှိသော်လည်း အထင်လွဲခံရမည်ကို စိုးရိမ်မိသည်။
"ငါမင်းကို ဒီလောက်အများကြီးပြောပြတာ တခြားဘာရည်ရွယ်ချက်မှမရှိပါဘူး။ လူငယ်တွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးနားလည်မှုရှိထားတာ ပိုကောင်းတယ်လေ"
ထိုသို့ပြောပြီး ခေါင်းဆောင်စုန့်သည် ဘေးအခန်းသို့ ထွက်သွားရင်း "ငါဟိုဘက်ကို သွားကြည့်လိုက်ဦးမယ်။ အဲ့ဒီဝံပုလွေတွေက စိတ်မချရဘူး" ဟု ဆိုလေသည်။
ယွီဟွေးဖေးက ခေါင်းညိတ်ပြရင်း "ကောင်းပြီ၊ တစ်ခုခုဆို ကျွန်တော့်ကိုခေါ်လိုက်" ဟု ပြောလိုက်၏။
ခေါင်းဆောင်စုန့်ထွက်သွားပြီးနောက် ယွီဟွေးဖေးသည် အခန်းထဲတွင် လှည့်ပတ်ကာ ပြတင်းပေါက်များကို တစ်ခုချင်းစီ စစ်ဆေးကြည့်ရှုနေသည်။ သူသတိမထားမိလိုက်သည်မှာ မျက်ဝန်းတစ်စုံသည် တိတ်တဆိတ်ပွင့်လာပြီး သူ့ကို အဆက်မပြတ်ကြည့်ရှုနေသည်ကိုပင်။
အချိန်ကြာလာသည်နှင့်အမျှ နံနက်ငါးနာရီခန့်တွင် အပြင်ဘက်မှ လေပြင်းများ ပိုမိုပြင်းထန်လာပြီး ပြတင်းပေါက်ကို ပိတ်ဆို့ထားသော ဗီရိုများပင် တုန်ခါနေသည်မှာ အပြင်ဘက်တွင် သားရဲကြီးတစ်ကောင်က တွန်းနေသည့်အလားပင်။
ယွီဟွေးဖေးသည် ဆိုဖာများကို ထပ်မံဆွဲယူကာ ဗီရိုများကို ပိုမိုခိုင်မာအောင် ပိတ်ဆို့လိုက်၏။
ထိုအချိန်တွင် ဟူကြီး နိုးလာသဖြင့် ယွီဟွေးဖေးက "ဘာမှမဖြစ်ဘူး... ခင်ဗျားဆက်အိပ်ပါ" ဟု ပြောလိုက်သည်။
ဟူကြီးက ခေါင်းခါရင်း "ဒီလေတိုက်သံက တစ္ဆေငိုသံကျနေတာပဲ၊ ဘယ်လိုအိပ်ပျော်တော့မှာလဲ။ မင်း ပြန်အိပ်ချင်သေးလား" ဟု ပြန်မေး၏။
"မအိပ်တော့ဘူး၊ အိပ်မပျော်တော့ဘူး"
"ဒီလောက်လေပြင်းတိုက်နေတာ မနက်လင်းရင် လမ်းက သွားရခက်တော့မှာပဲ"
"ဆီလောက်ရဲ့လားဗျ"
ဟူကြီးက ရယ်မောရင်း "စိတ်ချပါ၊ ငါတို့လာတုန်းက ဆီအလုံအလောက်ယူခဲ့တယ်။ အသွားအပြန်မလောက်ပေမယ့် ဒီမှာလည်း ဆီသိုလှောင်ထားတာရှိတယ်။ မဟုတ်ရင် ဟိုလေယာဉ်က ဘယ်လိုလုပ် အသွားအပြန်ပျံနိုင်မှာလဲ" ဟု ဖြေလိုက်ရာ ယွီဟွေးဖေးလည်း စိတ်အေးသွားသည်။
ဟူကြီးသည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို ကြည့်လိုက်ရာ ရွှေကျားသစ်ကြီးမှာ မည်သည့်နေရာသို့ ရောက်သွားသည်မသိ။ မြေပေါ်မှ ဝံပုလွေအလောင်းများမှာမူ နှင်းများဖုံးလွှမ်းကာ အုတ်ဂူငယ်လေးများအဖြစ် ပြောင်းလဲနေလေပြီ။
လေပြင်းတိုက်ခတ်မှုကြောင့် ရဟတ်ယာဉ်မှာလည်း ယိမ်းထိုးနေသည်မှာ မည်သည့်အချိန်တွင် လဲကျသွားမည်မသိပေ။
ဟူကြီးက မျက်မှောင်ကြုတ်ရင်း "ဒီရာသီဥတုက ဘာဖြစ်လို့ ဒီလောက်လေပြင်းတိုက်နေရတာလဲ" ဟု ရေရွတ်လိုက်သည်။
ထိုအချိန်တွင် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြသည်။