လှည့်ဖြားခြင်းနှင့် သစ္စာရှိခြင်း
Vol. 11 Ch. 153
ထိုစဉ် ဟူကြီးက ရုတ်တရက် "မင်းရဲ့ခွေးနက်ကြီးရော" ဟု မေးလိုက်ရာ ယွီဟွေးဖေးက ခေါင်းခါရင်း "မသိဘူးဗျ၊ မနေ့ကတည်းက မတွေ့တော့တာ။ အခြေအနေမကောင်းတာမြင်တော့ ထွက်ပြေးသွားပြီထင်တယ်..." ဟု ဖြေလိုက်သည်။
ဟူကြီးသည် ခွေးနက်ကြီး၏ အကျင့်စရိုက်ကို ပြန်စဉ်းစားကြည့်မိရာ ထွက်ပြေးသွားသည်ဆိုခြင်းမှာလည်း မဆန်းလှပေ။
ခေါင်းဆောင်စုန့်က မနက်စာကြိုတင်ချက်ပြုတ်ထားရာ အားလုံးစားသောက်ပြီးနောက် အပြင်ဘက်တွင်လည်း အလင်းရောင်စတင်ပျိုးလာပြီဖြစ်သည်။
လူအားလုံး ပစ္စည်းများကို အလျင်အမြန်သိမ်းဆည်းကြပြီးနောက် ခေါင်းဆောင်စုန့်နှင့် ဟူကြီးက ရှေ့မှလမ်းဖွင့်ကာ ယွီဟွေးဖေး၊ ချန်းရှန်းနှင့် ချန်းယန်တို့က နောက်မှလိုက်ပါလာကြသည်။ ခွေးကြီးများနှင့် အခြားသူများမှာ အလယ်တွင် နေရာယူထားကြသည်။
အိမ်ထဲမှထွက်သည်နှင့် လူအားလုံးသည် ဓာတ်ဆီပုံးများကိုကိုင်ဆောင်ကာ နှင်းဆိုင်ကယ်များဆီသို့ ပြေးသွားကြ၏။ စွန်းတာချွမ်တို့အဖွဲ့က ဆိုင်ကယ်များဆီဖြည့်သည့်တာဝန်ကို ယူထားပြီး အခြားသူများကမူ အစောင့်အကြပ်တာဝန်ယူထားကြသည်။
ယွီဟွေးဖေးသည်လည်း ခွေးများကို ကြိုးများအလျင်အမြန်တပ်ဆင်ပေးနေသော်လည်း လေပြင်းနှင့်နှင်းများကြောင့် သူ၏လက်များမှာ ခဏအကြာတွင် အေးခဲကာ နာကျင်လာသည်။ နှင်းပွင့်များသည် သူ၏လက်များကို လာရောက်ရိုက်ခတ်နေရာ ဓားဖြင့်ခွဲသကဲ့သို့ပင် နာကျင်လှရာ လက်များမှာ မခိုင်းစေနိုင်တော့ဘဲ ကြိုးတပ်ဆင်သည့်အရှိန်မှာလည်း နှေးကွေးလာသည်။
အားလုံးအလုပ်ရှုပ်နေကြစဉ် လူပန်ဇီက ရုတ်တရက် "လေနဲ့နှင်းတွေကြားထဲမှာ တစ်ခုခုရှိတယ်" ဟု အော်ပြောလိုက်ရာ လူအားလုံး၏စိတ်အာရုံများ ချက်ချင်း တောင့်တင်းသွားကြ၏။
လူပန်ဇီက အဝေးသို့လက်ညှိုးထိုးပြရင်း "ငါခုနက လေနဲ့နှင်းတွေကြားထဲမှာ တစ်ခုခုဖြတ်ပြေးသွားတာ တွေ့လိုက်တယ်" ဟု ဆိုသည်။
စွန်းတာချွမ်က "ဝတုတ်... မင်းစကားပြောရင် သေချာစဉ်းစားပြီးမှပြော၊ မျက်စိမှားတာမဟုတ်ပါစေနဲ့ကွ... လူခြောက်တာက ပိုကြောက်ဖို့ကောင်းတယ်" ဟု ဆဲဆိုလိုက်သည်။
"ငါတကယ်တွေ့တာပါဟ။ ခြေလေးချောင်းနဲ့ပဲ လူတော့မဟုတ်ဘူး"
"ဘာပဲရှိရှိ၊ အားလုံးအချိန်ဆွဲမနေနဲ့တော့၊ မြန်မြန်ဆီဖြည့်ပြီး သွားကြမယ်" ဟု ခေါင်းဆောင်စုန့်က တိုက်တွန်းလိုက်သည်။
စွန်းတာချွမ်၊ လူပန်ဇီ၊ ဝူရွှယ်မေနှင့် ထန်ယွမ်းတို့က ဆီဖြည့်ပေးရာ နှင်းဆိုင်ကယ်လေးစီးမှာ လျင်မြန်စွာပင် ဆီပြည့်သွားပြီး အပိုဆီအနည်းငယ်ကိုလည်း ယူဆောင်သွားထားသည်။
နောက်ဆုံးတစ်စီးကို ဆီဖြည့်နေစဉ်...
ဟူကြီးက "သတိထား... တကယ်ပဲ တစ်ခုခုရှိတယ်" ဟု အော်ဟစ်လိုက်၏။
လေနှင့်နှင်းများကြားထဲမှ အရာတစ်ခုသည် လေအလျင်အတိုင်း ပြေးထွက်လာရာ အလွန်ပင်လျင်မြန်လှသည်။ လေပြင်းနှင့်နှင်းများကြောင့် အမြင်အာရုံမှာ ဆယ်မီတာအကွာအထိသာ မြင်နိုင်ရာ သူတို့မြင်လိုက်ရသည့်အချိန်တွင် ထိုအရာသည် မျက်စိရှေ့သို့ ရောက်ရှိနေလေပြီ။
ထိုအခါမှ အားလုံးသည် ထိုအရာမှာ ရွှေကျားသစ်ကြီးဖြစ်ကြောင်း ရှင်းလင်းစွာမြင်တွေ့လိုက်ရ၏။
ရွှေကျားသစ်ကြီး ပြေးဝင်လာသည့်အချိန်တွင် ချန်းရှန်းသည် အလိုအလျောက်ပင် တုံ့ဆိုင်းသွားသည်။ ထိုတုံ့ဆိုင်းမှုကြောင့်ပင် သူမြေပေါ်သို့ လဲကျသွားလေ၏။
ဒိုင်း...
သေနတ်သံတစ်ချက် ထွက်ပေါ်လာသည်နှင့်အတူ ရွှေကျားသစ်ကြီး၏ တုံ့ပြန်မှုမှာ အလွန်ပင်လျင်မြန်လှသည်။ သေနတ်သံမထွက်ပေါ်မီတွင် သူသည် ခုန်ထွက်သွားပြီး ပစ်မှတ်မှာ ချန်းယန်ဖြစ်နေလေသည်။
ချန်းယန်မှာမူ ပို၍ပြတ်သား၏။ သူချက်ချင်းပင် သေနတ်ဖြင့်ပစ်လိုက်သည်။
သို့သော် ရွှေကျားသစ်ကြီးသည် ရုတ်တရက်လှည့်ထွက်သွားရာ အလွန်ပင်လျင်မြန်ပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် သွက်လက်လှသည်။
တစ်ချက်လှည့်ထွက်သွားပြီးနောက် သူသည် ကြိုးများမတပ်ဆင်ရသေးသော ခွေးတစ်ကောင်ဆီသို့ ပြေးဝင်သွားပြီး ထိုခွေးကို လက်ဖြင့်တစ်ချက်ရိုက်ချပြီးနောက် ပါးစပ်ဖြင့်ကိုက်ချီကာ ထွက်ပြေးသွားတော့သည်။
ယွီဟွေးဖေးသည် ထိုမြင်ကွင်းကိုတွေ့သောအခါ ဒေါသတကြီးဖြင့် "ခွေးမသား" ဟု ဆဲဆိုလိုက်မိသည်။
အခြားခွေးများမှာ ဟောင်သံများပေး၍ လိုက်ရန်ကြိုးစားကြသော်လည်း အားလုံးကြိုးများဖြင့် တုပ်နှောင်ထားသောကြောင့် လိုက်ရန်ခက်ခဲနေ၏။
ယွီဟွေးဖေးသည်လည်း ချက်ချင်းပင် ဓားမြှောင်ကိုဆွဲထုတ်ကာ နောက်မှလိုက်သွားလေသည်။
လူပန်ဇီက "ပြန်လာခဲ့။ မင်းရူးနေလား... အဲ့ဒါ ခွေးတစ်ကောင်ပဲလေ" ဟု အော်ဟစ်လိုက်သည်။
သို့သော် ယွီဟွေးဖေးသည် နောက်ပင်မလှည့်ဘဲ လေနှင့်နှင်းများကြားထဲသို့ ပြေးဝင်သွားလေသည်။
လူပန်ဇီက ထပ်မံအော်ဟစ်ရန်ကြိုးစားစဉ် ထန်ယွမ်းက "အဲ့ဒါတွေက ခွေးတွေမဟုတ်ဘူး၊ အသင်းဖော် အပေါင်းဖော်တွေပဲ။ ငါတို့ အဲ့ဒီခွေးကိုစွန့်ပစ်နိုင်ရင် မင်းကိုလည်း စွန့်ပစ်နိုင်တယ်" ဟု ပြောလိုက်ရာ လူပန်ဇီ ပါးစပ်ပိတ်သွားတော့သည်။
"ဒီကြောင်စုတ်ကြီး တော်တော်လည်တာပဲ။ သူ့ပစ်မှတ်က အစကတည်းက လူမဟုတ်ဘဲ ခွေးဖြစ်နိုင်တယ်။ ရှေ့ကနေဝင်တိုက်ပြီး ငါတို့ကိုခြောက်၊ ပြီးတော့ လျှပ်စီးလက်သလို လှည့်ထွက်ပြီး ခွေးကိုလုပြေးသွားတာ... တောက်... အခုခေတ်တိရစ္ဆာန်တွေက ဒီလောက်တောင် ဉာဏ်ကောင်းနေကြပြီလား" ဟု ဟူကြီးက ဆဲဆိုရင်း သေနတ်ကိုကိုင်ကာ လိုက်သွားရန်ပြင်လိုက်သည်။
ခေါင်းဆောင်စုန့်က "ဟူကြီး... ခင်ဗျားမသွားနဲ့၊ ငါသွားမယ်" ဟု ဆိုသည်။
"စုန့်ကြီး... မင်းက ဘာသွားလုပ်မှာလဲ။ မင်းခြေထောက်က ဒဏ်ရာကို မေ့သွားပြီလား။ ဒီရေခဲတောထဲမှာ မင်းဘယ်လောက်ဝေးဝေးပြေးနိုင်မှာမို့လို့လဲ. ငါပဲသွားလိုက်မယ်..."
ဟူကြီး ထွက်သွားရန်ပြင်စဉ် ချန်းရှန်းက "ထန်ယွမ်း... မင်းဘာလုပ်တာလဲ" ဟု အော်ဟစ်လိုက်၏။
ထန်ယွမ်းသည် နှင်းဆိုင်ကယ်ကိုမောင်းနှင်ကာ ယွီဟွေးဖေးနောက်သို့ လိုက်သွားခြင်းပင်။ ထို့အတူ ခွေးကြီးတစ်ကောင်သည်လည်း သူ့ဘာသာသူ ကြိုးကိုဖြေကာ ခွေးတစ်အုပ်ကိုဦးဆောင်လျက် နှင်းလျှောစီးလှည်းကိုဆွဲကာ လိုက်ပါသွားလေသည်။
ခေါင်းဆောင်စုန့်တို့ ကယ်ဆယ်ရန်ပြင်ဆင်နေစဉ် လူပန်ဇီက "နှင်းတွေထဲမှာ တစ်ခုခုရှိသေးတယ်၊ ဝံပုလွေတွေ! ဝံပုလွေအုပ်ကြီး!" ဟု အော်ဟစ်လိုက်ရာ လူအားလုံး၏နှလုံးသားများ အေးခဲသွားကြသည်။
ခေါင်းဆောင်စုန့်က လှည့်ထွက်ကာ "ဆိုင်ကယ်ပေါ်တက်၊ မြန်မြန်သွားကြ" ဟု အော်ဟစ်လိုက်သည်။
ချန်းရှန်းနှင့် ချန်းယန်က "ကျွန်တော်တို့ ယွီဟွေးဖေးနဲ့ ထန်ယွမ်းကို သွားကယ်ရမယ်" ဟု ဆို၏။
ခေါင်းဆောင်စုန့်က "ပတ်ဝန်းကျင်မှာ ဝံပုလွေတွေရှိနေတယ်။ ငါတို့သွားရင် ဝံပုလွေတွေကိုပါ ခေါ်သွားသလိုဖြစ်လိမ့်မယ်။ ပြေး... ဝံပုလွေတွေကို ဆွဲခေါ်သွားမှ သူတို့ရှင်သန်ဖို့အခွင့်အရေး ပိုများလိမ့်မယ်" ဟု ဆိုလိုက်၏။
ထိုအခါမှ နှစ်ဦးသား စကားမများတော့ဘဲ ဆိုင်ကယ်ပေါ်သို့ တက်လိုက်ကြသည်။
ဆိုင်ကယ်များ မောင်းထွက်သွားသည့်အချိန်တွင် ကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ တောင်စောင်းလေကွယ်ရာနေရာတွင် ဝံပုလွေတစ်အုပ်သည် ဝပ်နေကြခြင်းပင်။ ဤကောင်များသည် သူတို့ကို ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးစားနေကြသည်တကား။
သို့သော် ဝံပုလွေများလည်း ခေါင်းဆောင်စုန့်တို့ ဤမျှပြတ်သားစွာ ထွက်ပြေးမည်ဟု မထင်မှတ်ထားပေ။
ဝံပုလွေများသည် ဝိုင်းရံတိုက်ခိုက်ရန် အချိန်မမီလိုက်ဘဲ ခေါင်းဆောင်စုန့်တို့က ဖောက်ထွက်သွားရာ ဒေါသတကြီးဖြင့် ဟိန်းဟောက်ကာ နောက်မှလိုက်ပါသွားကြသည်။ သို့သော် ဝံပုလွေအချို့မှာမူ လေနှင့်နှင်းများကြားထဲသို့ ပြေးဝင်သွားကြ၏။
ထိုအချိန်တွင် ယွီဟွေးဖေးသည် မြေပေါ်မှ ကျားသစ်ခြေရာများကို ကြည့်ရင်း အားကုန်ပြေးနေရသည်။ သို့သော် လေနှင့်နှင်းများမှာ အလွန်ပြင်းထန်လှရာ သူ၏ခွန်အား မည်မျှပင်ကောင်းစေကာမူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ခြေထောက်တစ်ဝက်နစ်ဝင်သွားသော နှင်းထူထဲတွင် သူလျင်မြန်စွာ မပြေးနိုင်ပေ။
ကျားသစ်ခြေရာအချို့မှာလည်း တဖြည်းဖြည်းပျောက်ကွယ်စပြုနေပြီဖြစ်ရာ ယွီဟွေးဖေး ပို၍စိုးရိမ်လာသည်။
ထိုခွေးများသည် အဘိုးကြီးစွန်း၏ အသက်သဖွယ်ဖြစ်ပြီး ယွီဟွေးဖေးနှင့်လည်း သေအတူရှင်မွေးပေါင်းများစွာ ရှိခဲ့ကြသည်။ သူတို့ကို ခွေးများဟု တစ်ခါမျှမသတ်မှတ်ခဲ့ဘဲ သူ၏လက်ထဲတွင် မည်သည့်ခွေးကိုမျှ ထိခိုက်နစ်နာခွင့်ပြုမည်မဟုတ်ပေ။
ထိုစဉ် ခွေးဟောင်သံတစ်ချက် ထွက်ပေါ်လာ၏။
ယွီဟွေးဖေး မြေပေါ်တွင်လဲကျနေသော ခွေးတစ်ကောင်ကို တွေ့လိုက်ရသည်။ တစ်ကိုယ်လုံးသွေးများဖြင့်ပြည့်နေပြီး ခြေထောက်ကျိုးနေသော်လည်း အသက်မသေသေးပေ။ ထိုခွေးသည် အော်ဟစ်ရင်း ယွီဟွေးဖေးကို သနားစဖွယ်ကြည့်နေသည်။ သို့သော် ကျားသစ်ကိုမူ မတွေ့ရချေ။
ကြောင်မျိုးရင်းတိရစ္ဆာန်များသည် အမဲလိုက်ရာတွင် အလွန်ကျွမ်းကျင်ကြောင်း သိထားသည်။ ရွှေကျားသစ်သည်လည်း အလွန်ပင်လည်လှ၏။
ခွေးကို ဤနေရာတွင် ခြေထောက်ကိုချိုး၍ ထားခဲ့ခြင်းမှာ ခွေးထွက်မပြေးနိုင်ရန်ဖြစ်သည်။ သို့သော် ခွေးကအော်နေပြီး ကျားသစ်ကမရှိ... ဤသည်မှာ ထောင်ချောက်တစ်ခုဖြစ်နိုင်ခြေများသည်။
ဝေါင်း...
နောက်ကျောမှ ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာရာ ယွီဟွေးဖေး၏ကြက်သီးမွှေးညှင်းများ ထောင်ထလာပြီး ကျောထဲတွင် စိမ့်ခနဲဖြစ်သွားသည်။
ထိုကျားသစ်က သူ၏နောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူသိလိုက်ပြီ။
အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ချက်ချင်းမလှည့်သေးဘဲ လက်ထဲမှဓားမြှောင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလိုက်ရင်း မျက်လုံးများကိုမှိတ်ကာ နောက်ကျောမှအသံကို အာရုံစိုက်နားထောင်နေလိုက်သည်။
ကျားသစ်သည် တဖြည်းဖြည်းနီးကပ်လာပြီး ဟိန်းဟောက်သံမှာလည်း ပို၍ကျယ်လောင်လာလေပြီ။
အန္တရာယ်နီးကပ်လာသည်နှင့်အမျှ ယွီဟွေးဖေးသည် စိတ်ထဲမှကြောက်ရွံ့မှုကို တွန်းလှန်ကာ သူ၏ကြားအာရုံကို မြှင့်တင်လျက် လေပြင်းများကြားထဲမှ ကျားသစ်၏အသံကို ကြိုးစားနားထောင်နေလိုက်သည်။
နီးလာပြီ... နီးလာပြီ... ပို၍ပို၍ နီးကပ်လာပြီ။
ယွီဟွေးဖေး၏အသက်ရှုသံမှာ ပို၍တည်ငြိမ်လာပြီး စိတ်အစဉ်မှာလည်း ကြည်လင်နေ၏။ သူ၏ကိုယ်တွင်းမှသွေးများသည် လျင်မြန်စွာစီးဆင်းနေပြီး တစ်ကိုယ်လုံးချွေးများထွက်ကာ နှလုံးခုန်သံမှာလည်း ပြင်းထန်နေပြီး ခန္ဓာကိုယ်သည်လည်း ချက်ချင်းပင် အကောင်းဆုံးအခြေအနေသို့ ရောက်ရှိသွားသည်။ အာရုံခြောက်ပါးမှာလည်း ထူးခြားစွာပြောင်းလဲလာပြီး လေပြင်းများကြားထဲမှ ကျားသစ်၏အသံကို ခွဲခြားသိမြင်နိုင်ကာ ကျားသစ်၏အနံ့ကိုပင် ရရှိနေ၏။
ထိုအခိုက်တွင် မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်ပြီး နောက်မလှည့်၊ ကိုယ်မလှည့်ဘဲ ဓားမြှောင်ကို သူ၏ပခုံးပေါ်သို့ တင်လိုက်၍ ကိုယ်ကို အနည်းငယ်စောင်းလိုက်၏။
ဇွက်...
ထိုးသွင်းသံနှင့်အတူ သွေးနွေးနွေးတစ်စက်က ယွီဟွေးဖေး၏ပခုံး၊ လည်ပင်းနှင့် မျက်နှာတစ်ခြမ်းပေါ်သို့ ပက်ဖျန်းလာသည်။ တစ်ချိန်တည်းမှာပင် နာကျင်စွာအော်ဟစ်သံနှင့်အတူ ကြီးမားသောအားတစ်ခုက သူ့ကိုတွန်းထုတ်လိုက်ရာ ယွီဟွေးဖေး လွင့်စင်ထွက်သွားသလို လက်ထဲမှဓားမြှောင်လည်း လွတ်ကျသွား၏။
သူလေထဲတွင်လှည့်ထွက်၍ နောက်သို့ကြည့်လိုက်ရာ ရွှေကျားသစ်၏ပါးစပ်တွင် ဓားမြှောင်စိုက်ဝင်နေပြီး မြေပေါ်တွင် နာကျင်စွာအော်ဟစ်ရင်း ဓားမြှောင်ကို ထုတ်ယူရန်ကြိုးစားနေကြောင်း တွေ့လိုက်ရသည်။
"တော်သေးရဲ့... လောင်းကြေးနိုင်သွားတယ်"
မှန်ပေ၏။ ယွီဟွေးဖေးဟာ ရွှေကျားသစ်၏တည်နေရာကို သိရှိသော်လည်း သိရှိခြင်းနှင့် တိုက်ခိုက်နိုင်ခြင်းမှာ မတူညီကြောင်း သူကောင်းကောင်းသိထားသည်။
အဘိုးအိုများပြောစကားအရ ကြောင်မျိုးရင်းတိရစ္ဆာန်များသည် နောက်ကျောမှ ချောင်းမြောင်းတိုက်ခိုက်ရသည်ကို နှစ်သက်ကြသည်။ ထို့ကြောင့် သူသည် လောင်းကြေးထပ်လိုက်ခြင်းဖြစ်သည်။
ရှေ့တည့်တည့်မှ မတိုက်ခိုက်နိုင်ပါက နောက်ကျောကို ရွှေကျားသစ်အား ပေးထားလိုက်ခြင်းဖြင့် သူ့ကိုတိုက်ခိုက်ရန် ဆွဲဆောင်ပြီး တိုက်ခိုက်သည့်အခိုက်တွင် ဓားကို ပခုံးပေါ်တင်ထားလိုက်ခြင်း ဖြစ်သည်။ သူ၏ခွန်အားအားလုံးမှာ ဓားပေါ်တွင် ရှိနေ၏။
ရွှေကျားသစ်က သူ၏လည်ပင်းကို ကိုက်မည်ဟု လောင်းကြေးထပ်ခဲ့သည်။ ထင်သည့်အတိုင်းပင် ရွှေကျားသစ်သည် လည်ပင်းကိုကိုက်သည့်အခါ ယွီဟွေးဖေးက ကိုယ်ကိုစောင်းလိုက်ရာ ဓားမြှောင်နှင့်တည့်တည့်တိုးကာ အပြင်းအထန်ဒဏ်ရာရသွားခြင်းဖြစ်သည်။
ဤရလဒ်မှာ ကံကောင်းခြင်းများစွာပါဝင်သော်လည်း ယွီဟွေးဖေး၏ကံကောင်းမှုနှင့် လောင်းကြေးမှန်ကန်မှုကြောင့်သာဖြစ်သည်။
ယွီဟွေးဖေးသည် ခွေးကြီးဆီသို့ အမြန်ပြေးသွားပြီး ခွေးကြီးကိုပွေ့ချီကာ ရွှေကျားသစ်ကိုရှောင်ရှား၍ ပြန်ပြေးရန်ကြိုးစားသည်။ သို့သော် ရွှေကျားသစ်သည် ပါးစပ်ထဲရောက်ခါနီးအစာ လွတ်ထွက်သွားမည်ကိုမြင်သောအခါ ဒေါသထွက်သွားကာ ပါးစပ်ထဲမှဓားမြှောင်ကိုပင် ဂရုမစိုက်တော့ဘဲ ယွီဟွေးဖေးဆီသို့ ပြေးဝင်လာသည်။
ယွီဟွေးဖေးက ပြေးဝင်လာသော ရွှေကျားသစ်ကိုကြည့်ရင်း စိတ်ထဲတွင် စိုးရိမ်ပူပန်မှုနှင့်အတူ မတတ်နိုင်တော့သည့်အခြေအနေသို့ ရောက်ရှိနေသည်။ သူ့တွင် သေနတ်မပါ၊ လက်ထဲမှ ဓားမြှောင်တစ်ချောင်းမှာလည်း ရွှေကျားသစ်ပါးစပ်တွင် စိုက်ဝင်နေ၏။
ထိုအချိန်တွင် သူလုံးဝခုခံနိုင်စွမ်းမရှိတော့ပေ။
ထိုစဉ် လေနှင့်နှင်းများကြားထဲမှ ဆိုင်ကယ်အင်ဂျင်သံ ထွက်ပေါ်လာ၏။
"ကျွန်တော်ဒီမှာ"
ယွီဟွေးဖေးက မဆိုင်းမတွပင် အော်ဟစ်လိုက်သော်လည်း သူ၏အော်ဟစ်သံသည် ရွှေကျားသစ်ကို လှုံ့ဆော်လိုက်သကဲ့သို့ ဖြစ်သွားပြီး ထိုကောင်မှာ အရှိန်မြှင့်ကာ သူ့ဆီသို့ ခုန်အုပ်လိုက်တော့သည်။ ထိုအခါ ယွီဟွေးဖေးမှာ မျက်လုံးများကိုမှေးစင်းကာ နောက်ဆုံးခုခံမှုအတွက် ပြင်ဆင်လိုက်သည်။ အသက်လုတိုက်ခိုက်ရပေတော့မည်။
တစ်ချိန်တည်းမှာပင် ခွေးကြီးကို "ဟောင်... အားကုန်ဟောင်" ဟုပါ ပြောလိုက်၏။
ထိုခွေးသည် အမိန့်စကားကြားသည်နှင့် "ဝုတ်... ဝုတ်... ဝုတ်..." ဟု အရူးအမူးဟောင်လေတော့သည်။
ရွှေကျားသစ်က လေထဲမှ အုပ်ဆင်းလာရာ ယွီဟွေးဖေး ဒူးထောက်ရန်ပြင်ဆင်စဉ် သူ၏ပခုံးပေါ်မှခွေးကြီးဟာ ရုတ်တရက်လှည့်ထွက်ကာ ရွှေကျားသစ်ဆီသို့ ခုန်ဝင်သွားလေ၏။