ညီနောင်နှင့် အလှပဂေး
Vol. 11 Ch. 154
"မလုပ်နဲ့"
ယွီဟွေးဖေး အော်လိုက်သော်လည်း ထိုခွေးကို ဖမ်းဆွဲရန် အချိန်မမီတော့ပေ။
ရွှေကျားသစ်က လက်ဖြင့်တစ်ချက်ရိုက်လိုက်ရာ ထိုခွေးနက်ကြီး လွင့်စင်ထွက်သွားပြီး လေထဲတွင် တစ်ပတ်လည်ကာ အဝေးသို့ ကျသွားလေသည်။
ယွီဟွေးဖေးလည်း ထိုခွေးနက်ကြီး နှင်းထုထဲသို့ ကျသွားပြီး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။ သူဒေါသတကြီးဟိန်းဟောက်ရင်း ခွေးနက်ကြီးကို ရှာဖွေရန် ပြေးသွားရန် ပြင်လိုက်သော်လည်း ရွှေကျားသစ်က နောက်တစ်ကြိမ် အရှိန်ယူကာ ခုန်အုပ်လာပြန်သည်။
ထိုအချိန်မှာပင် နှင်းလဆိုင်ကယ်တစ်စီး လေနှင့်နှင်းများကြားမှ ထိုးထွက်လာ၏။
ဒုန်း...
အသံကျယ်ကြီးနှင့်အတူ ရွှေကျားသစ်ကို တည့်တည့်ဝင်တိုက်လိုက်သည်။ ရွှေကျားသစ်၏ အင်အား မည်မျှပင်ကြီးမားစေကာမူ စက်ပစ္စည်းကိုကား မည်သို့မျှ မယှဉ်နိုင်ပေ။ ချက်ချင်းပင် ဘေးသို့လွင့်စင်ထွက်သွား၏။
ထန်ယွမ်းသည် မော်တော်ဆိုင်ကယ်ကို တစ်ပတ်လှည့်ကာ ရပ်လိုက်ပြီး "မြန်မြန်တက်" ဟု အော်ပြောလိုက်ရာ ယွီဟွေးဖေးလည်း လှည့်ကြည့်လိုက်ပြီး သူမ၏ကိုယ်ပေါ်တွင် ချိတ်ဆွဲထားသော သေနတ်ကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ထန်ယွမ်းဆီသို့ အရှိန်ဖြင့်ပြေးသွားရင်း "ခေါင်းငုံ့" ဟု အော်၏။
ထန်ယွမ်း အလိုအလျောက်ပင် ခေါင်းငုံ့လိုက်ရာ သူမ၏နောက်ကျောမှ တစ်စုံတစ်ခု ခုန်အုပ်လာသည်ကို မျက်စိထောင့်မှ မြင်လိုက်ရသဖြင့် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။ တစ်ချိန်တည်းမှာပင် လက်တစ်ဖက်မှာ သူမရင်ဘတ်ရှေ့သို့ ရောက်လာပြီး သေနတ်ကိုဆွဲယူကာ အောက်သို့ဖိချ၍ သေနတ်ပြောင်းကို အပေါ်သို့ထောင်လျက် သူမ၏ပခုံးပေါ်သို့ တင်လိုက်သည်။
"သေပေတော့"
ဒိုင်း...
ထန်ယွမ်း၏နားထဲတွင် အူသွားပြီး နာကျင်မှုကို ခံစားလိုက်ရသော်လည်း ဤမိန်းကလေးသည် စိတ်မာကျောသူဖြစ်သောကြောင့် ခါးကိုမကုန်းဘဲ မတ်မတ်ရပ်နေ၏။ အဘယ်ကြောင့်ဆိုသော် သူမ လှုပ်ရှားလိုက်ပါက သေနတ်၏တိကျမှုကို ထိခိုက်မည်စိုးသောကြောင့်ဖြစ်သည်။
သို့သော် သေနတ်သံထွက်ပေါ်သည်နှင့် ကျည်ဆန်သည် အပြင်သို့ထွက်သွားပြီဖြစ်ရာ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းမှာ အဖြေထွက်နှင့်ပြီဖြစ်သည်။
ဒုန်း...
အလေးချိန်စီးသော အရာတစ်ခုသည် ထန်ယွမ်းကိုယ်ပေါ်သို့ ဖိကျလာရာ သူမသည် ဆိုင်ကယ်ပေါ်မှ လဲကျသွားပြီး ယွီဟွေးဖေး၏ကိုယ်ပေါ်သို့ ထပ်ဆင့်ကျသွားလေသည်။
ယွီဟွေးဖေးမှာမူ ပို၍ကံဆိုးသည်။ သူလေထဲမှ ပျံဝဲလာသူဖြစ်ရာ ယခု ထန်ယွမ်းက သူ့အပေါ်သို့ ဖိကျလာသောအခါ သူ၏ဦးခေါင်းနောက်စေ့သည် ပျော့ပျောင်းသောအရာတစ်ခုဖြင့် ဖိမိသွားပြီးနောက် ဆိုင်ကယ်နှင့် ဆောင့်မိသွားလေသည်။
နောက်ကျောတွင် လူတစ်ယောက်နှင့် ရွှေကျားသစ်တစ်ကောင်။
ထိုအလေးချိန်ကြောင့် ယွီဟွေးဖေးမှာ သူ၏မျက်နှာတစ်ခုလုံး ပြားချပ်သွားတော့မည်ဟု ထင်မှတ်လိုက်မိသည်။
သူမ၏အပေါ်မှ "ဘာမှမဖြစ်ဘူးမဟုတ်လား" ဟူသော ထန်ယွမ်း၏စိုးရိမ်တကြီးအသံကို ကြားလိုက်ရသည်။
"ခင်ဗျားကို အဲ့ဒီလို ဧရာမအရာနှစ်ခုက ဖိထားရင် ဘယ်လိုနေမလဲ စမ်းကြည့်ပါလား။ အမလေး... ခင်ဗျားတို့က တောင်နှစ်လုံးကျနေတာပဲ!" ဟု ယွီဟွေးဖေးသည် အလိုအလျောက်ပင် ညည်းညူလိုက်၏။
ပြောသူက စိတ်ထဲမထားသော်လည်း ကြားသူ ထန်ယွမ်း၏မျက်နှာမှာမူ ချက်ချင်းနီရဲသွားသည်။
ထိုစဉ် ခွေးကြီးများ ရောက်ရှိလာပြီး ဦးခေါင်းတစ်ခုလုံး ပွင့်ထွက်နေသော ရွှေကျားသစ်ကို ဝိုင်းကိုက်ဆွဲကြကာ သူတို့နှစ်ဦး၏ကိုယ်ပေါ်မှ ဖယ်ရှားပေးလိုက်ကြသည်။ ထိုအခါမှ ယွီဟွေးဖေးသည် သူ၏ဦးခေါင်းနောက်တွင် အမှန်ပင် တောင်နှစ်လုံးရှိနေကြောင်း သတိပြုမိလိုက်သည်။
သို့သော် ထိုအကြောင်းကို စဉ်းစားရန် အချိန်မရှိပေ။ ထန်ယွမ်းနှင့် ယွီဟွေးဖေးတို့ အလျင်အမြန်ထလိုက်ကြ၏။
ထန်ယွမ်းက "ရှင့်နှာခေါင်း ဘယ်လိုနေသေးလဲ" ဟု စိုးရိမ်တကြီးမေးချိန်မှသာ ယွီဟွေးဖေး နှာခေါင်းကို ပွတ်သပ်လိုက်ရာ နှာခေါင်းသွေးများ ထွက်ကျလာကြောင်း သတိထားမိလိုက်၏။ စက္ကူအနည်းငယ်ဖြင့် ဆို့လိုက်ပြီးနောက် "မြန်မြန်သွားကြမယ်၊ သွေးနံ့က အရမ်းပြင်းတယ်၊ ဝံပုလွေတွေ ရောက်လာတော့မယ်" ဟု ပြောလိုက်သည်။
ထိုသို့ပြောရင်း ယွီဟွေးဖေးသည် ခွေးနက်ကြီးရှိရာသို့ ပြေးသွား၏။ နှင်းပုံထဲမှ ခေါင်းနက်လေးတစ်လုံး ထွက်ပေါ်လာရာ ထိုခွေးနက်ကြီး မသေသေးကြောင်း သိလိုက်ရသဖြင့် ယွီဟွေးဖေးသည် စိတ်အေးသွားပြီး ဝမ်းသာအားရဖြစ်သွားသည်။
သူ ထိုခွေးကိုပွေ့ချီကာ စွပ်ဖားပေါ်သို့ တင်လိုက်ပြီး "သွားမယ်" ဟု အမိန့်ပေးလိုက်ရာ ခွေးကြီးတစ်ကောင်က ဟိန်းဟောက်ရင်း ကျန်ခွေးများနှင့်အတူ လှည်းကိုဆွဲကာ စတင်ထွက်ခွာလေ၏။ သို့သော် ယွီဟွေးဖေးဟာ ထန်ယွမ်းတစ်ယောက် နေရာတွင်ပင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ"
"ဆိုင်ကယ်ပျက်သွားပြီ"
"ဆိုင်ကယ်ကို ပစ်ထားခဲ့၊ စွပ်ဖားပေါ်တက်" ဟု ယွီဟွေးဖေးက ပြတ်ပြတ်သားသားပြောလိုက်ရာ ထန်ယွမ်း ခေါင်းညိတ်ရင် လှည်းပေါ်သို့ တက်လိုက်၏။
ခွေးကြီး၏ဟောင်သံမှာ ရုတ်တရက်ပြင်းထန်လာရာ ယွီဟွေးဖေးသည် အန္တရာယ်တစ်ခုခု ထပ်မံရောက်ရှိလာတော့မည်ကို သိလိုက်ပြီ။
"သွား... သွား... မြန်မြန်သွား..." ဟု ပြောရင်း ယွီဟွေးဖေးသည် သေနတ်ပြောင်းကို လှည့်ကာ အနီးအနားရှိ ရွှေကျားသစ်အလောင်းကို နောက်တစ်ချက်ပစ်လိုက်ရာ သွေးနှင့်အသားများ လွင့်စင်ထွက်သွားသည်။
"ရှင်ဘာလုပ်တာလဲ"
"အလဟဿမဖြစ်အောင် အသုံးချတာပေါ့"
ထိုစဉ် ဝံပုလွေတစ်အုပ် ပြေးဝင်လာသော်လည်း ယွီဟွေးဖေး၏ ဝတ်ရုံနီနှင့် လက်ထဲမှသေနတ်ကို မြင်သောအခါ တုံ့ဆိုင်းသွားကြသည်။
လေပြင်းနှင့်အတူ သွေးနံ့များ လွင့်ပါလာရာဆီသို့ လှမ်းကြည့်လိုက်သည်အခိုက် မြေပေါ်မှ ရွှေကျားသစ်အလောင်းကို တွေ့သောအခါ လမ်းကြောင်းပြောင်းကာ ရွှေကျားသစ်ဆီသို့ ပြေးဝင်သွားကြ၏။
ထိုဝံပုလွေများအတွက်မူ သေဆုံးနေပြီးသော ရွှေကျားသစ်နှင့် ယွီဟွေးဖေးတို့ ယှဉ်လိုက်ပါက ယွီဟွေးဖေးမှာ ပို၍အန္တရာယ်များပေ၏။ ထို့ကြောင့် အသားစား၍ ဗိုက်ဖြည့်ခြင်းနှင့် သေဆုံးနိုင်ခြေရှိသော တိုက်ပွဲတစ်ခုကို ဆင်နွှဲခြင်းတို့တွင် သူတို့သည် အသားစားခြင်းကို ရွေးချယ်လိုက်ကြသည်။
"သွား"
ယွီဟွေးဖေးက အမိန့်ပေးလိုက်ရာ ခွေးများက အားကုန်ပြေးထွက်လေသည်။
ဘေးမှထန်ယွမ်းသည် ဤမြင်ကွင်းကိုတွေ့သောအခါ အံ့ဩတကြီးဖြင့် "ဒါတောင် ရှင်က စဉ်းစားမိသေးတယ်လား..." ဟု ပြောလိုက်သည်။
ယွီဟွေးဖေးက ခါးသက်စွာရယ်မောရင်း "မတတ်နိုင်ဘူးလေ... အခြေအနေက တွန်းပို့နေတာကိုး။ ကြိုမတွေးထားရင် အားလုံး သေကုန်မှာပေါ့" ဟု ဖြေသည်။
ထန်ယွမ်း ခေါင်းညိတ်ကာ စွပ်ဖားပေါ်မှစောင်ကို ယူ၍ နှစ်ဦးသားခြုံလိုက်ကြသည်။ ထို့အပြင် ယွီဟွေးဖေးက သူ၏အတွင်းခံအင်္ကျီမှ အဝတ်စအချို့ကို ဆုတ်ဖြဲကာ ခွေးနက်ကြီး၏နောက်ခြေထောက်ကို ပတ်တီးစည်းပေး၏။
အစပိုင်းတွင် သူတို့နှစ်ဦးသည် အကွာအဝေးတစ်ခုထားကာ ခွေးကို အလယ်တွင်ထားကြသည်။ သို့သော် လေနှင့်နှင်းများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ သူတို့နှစ်ဦး၏ကိုယ်ခန္ဓာများမှာ ပို၍အေးစက်လာသည်။ နောက်ဆုံးတွင် ယွီဟွေးဖေးသည် ခွေးနက်ကြီးကို သူ၏ပေါင်ပေါ်သို့ တင်လိုက်ပြီး လက်တစ်ဖက်ဖြင့် ထန်ယွမ်း၏ခါးကို ဆွဲဖက်ကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
ထန်ယွမ်းသည် အစပိုင်းတွင် ရုန်းကန်ရန်ကြိုးစားသော်လည်း ယွီဟွေးဖေးက သနားစဖွယ်အသံဖြင့် "ကျွန်တော် အေးလို့ သေရတော့မယ်၊ ကူညီပါဦး" ဟု ပြောလိုက်ရာ ထန်ယွမ်းသည် ဘာစကားမျှမဆိုဘဲ ငြိမ်သက်သွားသည်။
ထိုအခါ ယွီဟွေးဖေးသည် စောင်ဖြင့် သူတို့သုံးဦးကို လုံခြုံစွာ လွမ်းခြုံထားလိုက်သည်။ လေပြင်းတိုက်ခတ်မှုကြောင့် နှင်းပွင့်များသည် မျက်နှာပေါ်သို့ လာရောက်ရိုက်ခတ်ရာ အလွန်ပင်နာကျင်လှ၏။
ယွီဟွေးဖေးက ခါးသက်စွာရယ်မောရင်း "ဒီလိုဖြစ်မယ်မှန်းသိရင် ဆိုင်ကယ်ဦးထုပ်တစ်လုံး ယူလာခဲ့ပါတယ်" ဟု ဆိုချိန်၌ ထန်ယွမ်းက သူမ၏ဦးထုပ်ကို ညွှန်ပြလိုက်သည်။
သို့သော် သူက ခေါင်းခါရင်း "ထားပါ... ငါ ခေါင်းငုံ့ထားလိုက်မယ်၊ မင်းလမ်းကြည့်" ဟု ပြောပြီး ခွေးနက်ကြီး၏ခေါင်းနောက်တွင် ပုန်းကွယ်နေလိုက်၏။
ထိုအခိုက်တွင် ခွေးနက်ကြီး၏အကြည့်မှာ "ငါက လူနာကွ... မင်းက လူနာကို လေကာအဖြစ်သုံးနေတာလား။ မင်းလူမှဟုတ်သေးရဲ့လား။" ဟု ပြောနေသည့်အလားပင်။
ယွီဟွေးဖေးက ရယ်ကျဲကျဲဖြင့် "ညီလေးရာ... မင်းမှာ အမွေးတွေရှိနေတာပဲ။ စိတ်မဆိုးပါနဲ့ကွာ" ဟု ဆိုသည်။
ထန်ယွမ်းသည် ထိုစကားကိုကြားသောအခါ ရယ်မောလိုက်ရင်း "ရှင်ကတော့ ဘယ်အချိန်ရောက်ရောက် ဟာသလုပ်နိုင်တာပဲ" ဟု ပြော၏။
ယွီဟွေးဖေးက "ဘာလို့ မလုပ်ရမှာလဲ။ ဘေးမှာ အလှပဂေး၊ ရင်ခွင်မှာ ညီလေးတစ်ကောင်၊ ရှေ့မှာ ညီအစ်ကို၁၃ယောက်က လမ်းဖွင့်ပေးနေတယ်။ သေရွာကနေ လွတ်မြောက်လာတာပဲ၊ ပျော်ရမှာပေါ့" ဟု ဖြေသည်။
ထန်ယွမ်းသည်လည်း ဘာမျှပြန်မပြောဘဲ ပြုံးလိုက်သည်။ ထိုစဉ် လှည်းတစ်ချက်တုန်ခါသွားရာ ယွီဟွေးဖေး၏ဦးခေါင်းသည် ခွေးခေါင်းနှင့်ဆောင့်မိသွားပြီးနောက် ထန်ယွမ်းနှင့် ထပ်မံဆောင့်မိပြန်သည်။ တိတိကျကျပြောရလျှင် ထန်ယွမ်းက လာဆောင့်ခြင်းဖြစ်သည်။
ယွီဟွေးဖေး၏ဦးခေါင်းသည် တောင်ပေါ်သို့ ထပ်မံရောက်ရှိသွားပြန်သည်။ ပျော့ပျောင်း၊ သက်တောင့်သက်သာရှိသော်လည်း တောင်ပေါ်မှနှင်းများက သူ၏မျက်နှာတစ်ခုလုံးကို အေးစက်သွားစေသည်။
"အေးလိုက်တာ... ခင်ဗျားကိုယ်ပေါ်က နှင်းတွေကို ခါချလိုက်ပါဦး..."
ထန်ယွမ်းသည် အခွင့်အရေးယူတတ်သော ဤလူကို မျက်စောင်းထိုးလိုက်ပြီး ဘာမျှမပြောဘဲ ကိုယ်ပေါ်မှနှင်းများကို ခါချလိုက်သည်။ ယွီဟွေးဖေးသည်လည်း သူစကားမှားသွားသည်ကို သိသဖြင့် ချောင်းတစ်ချက်ဟန့်ကာ "သူတို့ ဘယ်ရောက်သွားကြပြီလဲ" ဟု အကြောင်းအရာပြောင်းလိုက်သည်။
ခဏအကြာတွင် ယွီဟွေးဖေးသည် သူတို့နှင့် အဖွဲ့ကွဲသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ထိုအချိန်တွင် မျက်လုံးဖြင့်ကြည့်ရှုခြင်းမှာ အသုံးမဝင်တော့ဘဲ အလိုအလျောက်သိစိတ်နှင့် မှတ်ဉာဏ်ကိုသာ အားကိုးရမည်ကို သူသိသည်။
သူသည် ကြိုးကိုတင်းတင်းဆွဲကိုင်ထားရင်း ရှေ့သို့စူးစိုက်ကြည့်ကာ သူတို့၏တည်နေရာကို သတ်မှတ်နိုင်မည့် အမှတ်အသားတစ်ခုခုကို ရှာဖွေနေ၏။
ယွီဟွေးဖေးသည် ငယ်စဉ်ကတည်းက အဘိုးဖြစ်သူနှင့် ဤကဲ့သို့သော မှတ်ဉာဏ်နှင့် ဆင်ခြင်တုံတရားဂိမ်းများကို ဆော့ကစားခဲ့ဖူးသောကြောင့် ဤအရာကို ကောင်းစွာလုပ်ဆောင်နိုင်သည်။ ခဏတာ အချိန်အတွင်းတွင်ပင် သူ၏စိတ်ထဲ၌ တောင်ပေါ်သို့ဝင်ရောက်လာသည့် မြေပုံတစ်ခုကို ပြန်လည်ပုံဖော်နိုင်ခဲ့သည်။
ထို့နောက် မူလမြေပုံကို နှင်းများဖြင့်ဖုံးလွှမ်းကာ ခွေးများ၏ပြေးနှုန်းနှင့် အချိန်ကိုတွက်ချက်၍ သူတို့၏တည်နေရာကို ခန့်မှန်းလိုက်သည်။
တိကျမှုအနည်းငယ်လွဲချော်နိုင်သော်လည်း ဘာမျှမရှိခြင်းထက်တော့ ပို၍ကောင်းပေ၏။
ယွီဟွေးဖေးသည် လမ်းကြောင်းကိုထိန်းချုပ်ကာ ခွေးကြီးက ရှေ့မှဦးဆောင်သွားသည်။ ထိုသို့ဖြင့် သူ့မှတ်ဉာဏ်နှင့် ခွေးကြီး၏ထက်မြက်မှုတို့ ပေါင်းစပ်ကာ သူတို့နှစ်ဦးသည် ဤနှင်းဖြူလွှမ်းသောမြေပြင်ပေါ်တွင် မူလလမ်းကြောင်းအတိုင်း ပြန်လည်ထွက်ခွာနိုင်ခဲ့ကြသည်။
ယွီဟွေးဖေးက ထန်ယွမ်းကို "ခေါင်းဆောင်စုန့်တို့ လမ်းပြန်ရှာနိုင်ပါ့မလား" ဟု စိုးရိမ်တကြီးမေးလိုက်သည်။
ထန်ယွမ်းက "ပြဿနာမရှိလောက်ပါဘူး၊ ခေါင်းဆောင်စုန့်နဲ့ ဟူကြီးတို့က အတွေ့အကြုံရှိတဲ့ ကယ်ဆယ်ရေးသမားတွေပါ။ အထူးသဖြင့် ခေါင်းဆောင်ပဲ။ သူ့မှတ်ဉာဏ်က အရမ်းကောင်းတယ်၊ တစ်ခေါက်သွားဖူးတဲ့လမ်းကို မှတ်မိနိုင်တယ်" ဟု ဖြေသည်။
ထိုစကားကိုကြားမှ ယွီဟွေးဖေးလည်း စိတ်အေးသွား၏။
သို့သော် ထိုစဉ် ခွေးကြီးသည် ရုတ်တရက်အရှိန်လျှော့လိုက်ပြီး မြူခိုးများကြားထဲသို့ ဟောင်သံများဖြင့် ဟောင်လေသည်။ ယွီဟွေးဖေးသည် ဝံပုလွေအော်သံနှင့် သေနတ်သံများကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏နှလုံးသား တစ်ချက်တုန်ခါသွားပြီး "ငါတို့ သူတို့ကိုတွေ့ပြီထင်တယ်။ ဝါကြီး... သွားကြစို့..." ဟု အမိန့်ပေးလိုက်သည်။
ခွေးကြီးသည် ကျန်ခွေးများနှင့်အတူ ချက်ချင်းလမ်းကြောင်းပြောင်းကာ အသံလာရာဘက်သို့ ပြေးသွားလေသည်။
ထိုအချိန်၌ ယွီဟွေးဖေးဟာ လက်ထဲမှသေနတ်ကိုကိုင်ကာ ထန်ယွမ်းကို "ကျည်ဆန်ဘယ်လောက်ကျန်သေးလဲ" ဟု မေးလိုက်သည်။
ထန်ယွမ်းသည် သူမ၏ခါးပတ်အိတ်ထဲမှ ကျည်ဆန်အားလုံးကို ထုတ်ယူလိုက်ရာ ၂၄ တောင့်သာရှိရာ ယွီဟွေးဖေး မျက်မှောင်ကြုတ်သွားသည်။ ၂၄ တောင့်သာ ကျန်ရှိတော့ရာ အခြေအနေမှာ အလွန်ပင်ခက်ခဲနေပြီ။။