ပြန်လည်ဆုံစည်းခြင်း
Vol. 11 Ch. 155
ကျည်တစ်တောင့်နှင့် ဝံပုလွေတစ်ကောင်ကို သုတ်သင်နိုင်သည်ဟု အလွယ်တွက်လျှင်ပင် ကျည်ဆန်များက လုံလောက်မည်မဟုတ်။
ထိုမျှမက ဤသို့သော နှင်းမုန်တိုင်းတိုက်ခတ်နေသည့်အချိန်တွင် ဝံပုလွေတို့၏ အမြင်အာရုံနှင့် အကြားအာရုံတို့သည် လူသားများထက် များစွာသာလွန်သည်။ သူတို့၏ ရွေ့လျားနှုန်းကလည်း လူထက်မြန်လှသည်။ ထို့အပြင် ထိုကောင်များသည် အလွန်တရာ နိုးကြားလင်းမြင်ပြီး ကောက်ကျစ်စဉ်းလဲကြသည့်အတွက် ယခုအခြေအနေတွင် ဝံပုလွေတစ်ကောင်ကို ထိမှန်အောင်ပစ်ခတ်ရန်မှာ အင်မတန် ခက်ခဲလှပေသည်။
ကျည်ဆန် ၂၄ တောင့်။ ယွီဟွေးဖေးတစ်ယောက် သူ့လက်ထဲမှ ကျည်ဆန်များဖြင့် ဝံပုလွေဘယ်နှစ်ကောင်ကို အသက်ခြွေနိုင်မည်ကို အမှန်တကယ် မသိတော့ချေ။
သို့သော် မည်သို့ပင်ဖြစ်စေ၊ သူသည် ထိုလူများကို သွားရောက်ကယ်တင်ရပေမည်။
ဝါကြီးနှင့် သူ၏အဖွဲ့သည် ယွီဟွေးဖေးကို ရှေ့သို့ လမ်းပြခေါ်ဆောင်သွားရာ မကြာမီမှာပင် ဝံပုလွေများ၏ အရိပ်အယောင်ကို လှမ်း၍မြင်လိုက်ရတော့သည်။
အရေအတွက်မှာ မနည်းလှ။ ရှေ့တည့်တည့်မှာပင် ဆယ့်လေးငါးကောင်ခန့်ရှိနေသည်။ ပို၍လှမ်းသော နှင်းထုထဲတွင် သေချာပေါက် ထို့ထက်ပို၍ ရှိပေဦးမည်။ ဤနေရာတွင် အနည်းဆုံး ဝံပုလွေအကောင် သုံးလေးဆယ်ခန့် ရှိနေရပေမည်။
ခွေးဟောင်သံကိုကြားသောအခါ ဝံပုလွေအုပ်သည် တစ်ပြိုင်နက် လှည့်ကြည့်လာကြသည်။ အကောင်တိုင်း၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ် သားရဲအရောင်များ တောက်လောင်နေကြ၏။
ယွီဟွေးဖေးကို မြင်လိုက်သောအခါတွင်မူ ထိုဝံပုလွေများမှာ ပို၍ပင် ရူးသွပ်ကြမ်းတမ်းလာကြတော့သည်။
ရန်သူတွေ့လျှင် မျက်စိနီသည်ဟူသော စကားအတိုင်းပင်။ ဆာလောင်မှုကြောင့် ရူးမတတ်ဖြစ်နေသော ဝံပုလွေများသည် အသံနက်ကြီးများဖြင့် ဟိန်းဟောက်ကာ ပြေးဝင်လာကြတော့သည်။
ဝါကြီးနှင့်သူ့အဖွဲ့မှာလည်း အနည်းငယ်မျှ နောက်မတွန့်ဘဲ တည့်တည့်ပင် ပြေးဝင်တိုက်ခိုက်လေသည်။
ဝါကြီးသည် ရှေ့ဆုံးမှ ခေါင်းဆောင်ကာ ဝံပုလွေတစ်ကောင်ကို အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်ချလိုက်ပြီး လည်မျိုကို တစ်ခါတည်း ကိုက်ဖြတ်လိုက်ရာ သွေးများပင် ပန်းထွက်ကုန်၏။
ထိုဝံပုလွေမှာ ချက်ချင်းပင် တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။
ကျန်ရှိသော ခွေးဆယ့်နှစ်ကောင်မှာလည်း အစွမ်းကုန် အားထုတ်တိုက်ခိုက်ကြသည်။ တစ်ကောင်ချင်းစီရင်လျှင် ရက်ပေါင်းများစွာ အစာငတ်နေသော ဤဝံပုလွေများကို သူတို့ ကောင်းကောင်းရင်ဆိုင်နိုင်ကြသည်။ သို့သော် အကြမ်းပတမ်း သတ်ဖြတ်သည့်နေရာတွင်မူ ဝံပုလွေများကို မယှဉ်နိုင်ကြချေ။
ယွီဟွေးဖေး၏ ရင်ခွင်ထဲမှ ခွေးနက်ကြီးသည် ဤမြင်ကွင်းကိုတွေ့လျှင် အပြင်သို့ခုန်ထွက်၍ ကူညီရန်ပြင်သည်။
ယွီဟွေးဖေးက သူ့ကို ဖိထားလိုက်ပြီး၊ "မင်း ငြိမ်ငြိမ်နေစမ်း။ ခြေထောက်ကျိုးနဲ့ ဘာထွက်လုပ်မလို့လဲ။"
ထိုသို့ပြောရင်း ယွီဟွေးဖေးသည် စွတ်ဖားပေါ်မှ မတ်တပ်ထရပ်လိုက်ကာ လက်ထဲမှ သေနတ်ဖြင့် သူ့ထံပြေးဝင်လာသော ဝံပုလွေတစ်ကောင်ကို ချိန်ရွယ်ဟန်ပြုလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ထိုဝံပုလွေသည် ဘေးသို့ချက်ချင်းရှောင်တိမ်းကာ မြေပြင်ပေါ်တွင် လူးလိမ့်ပြေးထွက်သွားတော့သည်။
သို့သော် ယွီဟွေးဖေးက သေနတ်မပစ်ဘဲ ဘေးမှ အခြားဝံပုလွေတစ်ကောင်ကို ထပ်မံခြောက်လှန့်လိုက်ရာ ထိုကောင်မှာလည်း လန့်ဖျပ်ကာ ရှောင်တိမ်းသွားပြန်ရာ ယွီဟွေးဖေး ပြုံးလိုက်မိတော့သည်။
ဤသို့ဖြင့် ခွေးဆယ့်နှစ်ကောင်က ရှေ့မှလမ်းဖွင့်ပြီး ယွီဟွေးဖေးက နောက်မှ သေနတ်ဖြင့် ခြိမ်းခြောက်ဟန့်တားကာ ဝံပုလွေဆယ့်လေးငါးကောင်၏ တားဆီးမှုကို အောင်မြင်စွာ ဖြတ်ကျော်လာနိုင်ခဲ့သည်။ ထိုအခါမှ ရှေ့တွင် ကန့်လန့်ခံထားသော နှင်းလျှောဆိုင်ကယ်များကို မြင်လိုက်ရသည်။
ထိုအချိန်တွင် နှင်းဆိုင်ကယ်များကို လေးထောင့်ပုံစံကန့်လန့်ဖြတ်ရပ်ထားလေသည်။ ဟူကြီး၊ အဖွဲ့ခေါင်းဆောင်စုန့်၊ ချန်းရှန်းနှင့် ချန်းယန် တို့သည် သေနတ်ကိုယ်စီဖြင့် အရပ်လေးမျက်နှာမှ ဝံပုလွေများကို ပစ်ခတ်တိုက်ခိုက်နေကြသည်။
ယွီဟွေးဖေးတို့ အုပ်စု သတ်ဖြတ်ဝင်ရောက်လာသည်ကို မြင်သောအခါ အဖွဲ့ခေါင်းဆောင်စုန့်၏ မျက်နှာမှာ မကောင်းလှပေ။ သူက အားကုန်အော်ဟစ်ပြောလိုက်သည်။
"မင်းတို့ ဘာလို့ဝင်လာကြတာလဲ။ မြန်မြန်ပြေးကြလေ"
ထန်ယွမ်းက ပြန်ပြောသည်။ "အဖွဲ့ခေါင်းဆောင်ကို လာကူတာပါ"
အဖွဲ့ခေါင်းဆောင်စုန့်က ခါးသီးစွာရယ်ရင်း၊ "ငါ့ကိုကူမယ် ဟုတ်လား။ ငါထင်တာတော့ သူတို့က မင်းတို့ကို တမင်သက်သက် ဝင်ခွင့်ပေးလိုက်တာပဲ ဖြစ်လိမ့်မယ်"
သူ့စကားပင် မဆုံးသေး၊ မူလက အရေအတွက်နည်းပါးနေသော ဝံပုလွေများ တဖြည်းဖြည်း တိုးပွားလာတော့သည်။
ယခင်က ကျည်ဆန်များကို အလဟဿဖြစ်အောင် လှည့်စားတိုက်ခိုက်ဟန်ပြပြီး ထွက်ပြေးနေသော ဝံပုလွေများပင်လျှင် ငြိမ်သက်သွားကြကာ ကိုယ်ကိုနှိမ့်၍ အသံနက်ကြီးများဖြင့် ဟိန်းဟောက်ရင်း ဝိုင်းရံပိတ်ဆို့ရန် ပြင်ဆင်လာကြတော့သည်။
ဤမြင်ကွင်းကိုတွေ့မှ ယွီဟွေးဖေးသည် အဖွဲ့ခေါင်းဆောင်စုန့်၏ စကားမှာ မှန်ကန်ကြောင်း သိလိုက်ရသည်။
သို့သော် ဝင်လာမှတော့လည်း ယွီဟွေးဖေး မကြောက်တော့ချေ။ သူသည် သေနတ်ကိုကိုင်ကာ စွတ်ဖားပေါ်မှ ခုန်ဆင်းလိုက်၏။
"အဖွဲ့ခေါင်းဆောင်... ကျွန်တော်တို့ ဒီအတိုင်းထိုင်စောင့်နေလို့မဖြစ်ဘူး။ တိုက်ထွက်မှရမယ်။ ဒီအတိုင်းဆက်နေရင် အားကုန်ပြီး ဒုက္ခရောက်ကုန်လိမ့်မယ်"
အဖွဲ့ခေါင်းဆောင်စုန့်က ခေါင်းညိတ်သည်။
"ငါလည်း အဲဒီလိုပဲ တွေးနေတာ။ နှင်းမုန်တိုင်းက ပိုပိုကြီးလာပြီ။ ဝံပုလွေတွေလည်း လှုပ်ရှားရခက်လာပြီ။ ပြီးတော့ အပူချိန်ကလည်း ကျနေတုန်းပဲ။ ဒီအတိုင်းသာဆက်သွားရင် သူတို့လည်း အအေးဒဏ်နဲ့ သေကုန်မှာပဲ။ အားလုံး အချိန်ဆွဲလို့မရကြတော့ဘူး။"
ဟူကြီးက "ငါ့ဘက်က အဆင်သင့်ဖြစ်ပြီ"
ယွီဟွေးဖေး မေးခွန်းမထုတ်ရသေးခင်မှာပင် အဖွဲ့ခေါင်းဆောင်စုန့်က ရှင်းပြသည်။
"အတင်းတိုးထွက်မယ်ဆိုရင်တော့ မဖြစ်နိုင်ဘူး။ ခဏနေရင် ငါတို့ နှင်းဆိုင်ကယ်တစ်စီးကို လမ်းဖွင့်ဖို့သုံးမယ်။ အဲဒီအခါကျရင် ဆိုင်ကယ်ကို မီးရှို့ပြီး ဝံပုလွေအုပ်ထဲမှာ ဖောက်ခွဲလိုက်မယ်။ ဒီနည်းနဲ့ဆိုရင် လမ်းတစ်ခုပွင့်သွားနိုင်တယ်"
ယွီဟွေးဖေးက ခေါင်းခါရင်း "မဖြစ်ဘူး။ အဲဒီဆိုင်ကယ်ကို ထိန်းမောင်းမယ့်လူတစ်ယောက်လိုတယ်"
"ငါမောင်းမယ်"
အဖွဲ့ခေါင်းဆောင်စုန့်က ပြောလေရာ ထန်ယွမ်း ချက်ချင်းငြင်းသည်။
"မဖြစ်ဘူး။ ခင်ဗျားခြေထောက်မှာ ဒဏ်ရာရှိတယ်။ ယာဉ်ပေါ်က ခုန်ချပြီးရင် ခင်ဗျား ပြန်ထနိုင်တော့မှာ မဟုတ်ဘူး"
"စိတ်မပူပါနဲ့။ ငါ ဘာမှမဖြစ်ပါဘူး။"
ထန်ယွမ်းက ခေါင်းမာမာဖြင့် "မဖြစ်ဘူးဆို မဖြစ်ဘူးပဲ"
ချန်းရှန်းက ဝင်ပြောသည်။ "ကျွန်တော်မောင်းမယ်။ ကျွန်တော် မသေမချင်း မကြောက်ဘူး"
ချန်းယန်ကလည်း "ကျွန်တော်ပဲ မောင်းပါ့မယ်။ ကျွန်တော်က အပြေးမြန်တယ်။"
ယွီဟွေးဖေးလည်း ပါဝင်ရန် ဟန်ပြင်လိုက်စဉ် ဟူကြီးက ပြောသည်။ "တော်စမ်းပါ။ မင်းကတော့ ဒီအထဲရောမနေနဲ့တော့။ ငါပဲလုပ်ပါ့မယ်။ ငါလုပ်ရင်တော့ မင်းစိတ်ချနိုင်တယ်မလား ခေါင်းဆောင်စုန့်။ ကိုယ်ခန္ဓာကြံ့ခိုင်မှုဖြစ်ဖြစ်၊ အပြေးနှုန်းဖြစ်ဖြစ် ငါက မင်းထက်သာတယ်"
အဖွဲ့ခေါင်းဆောင်စုန့်က "မဖြစ်ဘူး။ အရမ်းအန္တရာယ်များတယ်"
"ဝံပုလွေတွေ လာကုန်ပြီ" ဟူ၍ စွန်းတာချွမ်က ရုတ်တရက် အော်လိုက်သည့်အခိုက် ယွီဟွေးဖေး မော့ကြည့်လိုက်ရာ ဝံပုလွေဘုရင်ကြီး ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
အားလုံးတိုင်ပင်ချိန် မရတော့။ နောက်ဆုံးတွင် ပေါက်ကွဲနိုင်ခြေရှိသော နှင်းဆိုင်ကယ်ကို ဟူကြီးက မောင်းရန်ဆုံးဖြတ်လိုက်ကြသည်။ ကျန်သုံးစီးတွင် ချန်းရှန်းက စွန်းတာချွမ်ကို တင်ကာ၊ ချန်းယန်က ဝူရွှယ်မေကို တင်၍မောင်းနှင်ရန် ပြင်ဆင်ကြလေသည်။
ထိုအခါမှ ယွီဟွေးဖေးသည် အဖွဲ့ထဲတွင် လူပန်ဇီ မပါဝင်သည်ကို သတိပြုမိသွားချိန် သူမေးရန်မလိုဘဲ ချန်းယန်က ပြောလာ၏။
"လမ်းတစ်ဝက်မှာ ပြုတ်ကျကျန်ခဲ့တာ။ ဝံပုလွေအုပ်က ဆွဲသွားပြီ"
ဝံပုလွေအုပ်က ဆွဲသွားပြီဆိုလျှင် မည်သို့ဖြစ်မည်ကို တွေးကြည့်စရာပင်မလိုတော့။ ထိုသို့ပြောရင်း ချန်းယန်သည် ခေါင်းငုံ့သွားကာ မျက်လုံးများမှာ မှောင်ကျသွားသည်။ လူပန်ဇီသည် သူ့ယာဉ်ပေါ်မှ ပြုတ်ကျသွားခြင်း ဖြစ်ရမည်။
ယွီဟွေးဖေးလည်း သက်ပြင်းချမိသည်။ သူသည် ချန်းယန်ကို အပြစ်မတင်လို။ မိုင်ပေါင်းထောင်ချီ ထွက်ပြေးလွှတ်မြောက်ရာခရီးတွင် မည်သူက မည်သူ့ကို အသက်ရှင်အောင် စောင့်ရှောက်နိုင်မည်ဟု အာမခံနိုင်မည်နည်း။ အားလုံးမှာ မိမိဘာသာ ကြိုးစားရုံသာ ရှိတော့သည်။
ဝံပုလွေဘုရင်သည် အနီးအနားသို့ရောက်လာပြီး ဝံပုလွေမျက်လုံးတစ်စုံဖြင့် ယွီဟွေးဖေးကို စူးစိုက်ကြည့်နေသည်။ ယွီဟွေးဖေးအပေါ်ထားရှိသော သူ၏အမုန်းတရားမှာ ကောင်းကင်နှင့်ပင် ထိစပ်လုနီးပါးပင်။ ယွီဟွေးဖေးနှင့် စတွေ့သည့်အချိန်မှစ၍ သူ၏ဝံပုလွေအုပ်သည် အကြိမ်တိုင်း အဖွဲ့ဝင်များ ဆုံးရှုံးခဲ့ရသည်။ အရေအတွက်မှာ ထက်ဝက်နီးပါးပင် လျော့ကျသွားခဲ့ပြီ။
သူ၏ဝံပုလွေအုပ်မှာ ကြီးမားသော်ငြားလည်း ဤသို့အဆုံးအရှုံးကို မခံနိုင်တော့ချေ။ ဝံပုလွေဘုရင်က အသံနက်ဖြင့် ဟိန်းဟောက်လိုက်ရာ ဝံပုလွေအားလုံး လှုပ်ရှားလာကြသည်။
ထိုအချိန်တွင် ယွီဟွေးဖေးက ကျယ်လောင်စွာအော်လိုက်သည်။
"ယာဉ်ပေါ်တက်ကြ"
ထိုသို့အော်ရင်း သူသည် နောက်မှစွတ်ဖားပေါ်သို့ ခုန်တက်လိုက်သည်။ သို့သော် လှည့်ကြည့်လိုက်သောအခါ ထန်ယွမ်းကို မတွေ့တော့ချေ။
"ထန်ယွမ်း... မင်းဘာလုပ်နေတာလဲ"
ဟူကြီး၏ ထိတ်လန့်တကြားအော်သံ ထွက်ပေါ်လာသည်။
ယွီဟွေးဖေး၏ နှလုံးသားမှာ တစ်ချက်တုန်လှုပ်သွားပြီး မော့ကြည့်လိုက်ရာ ထန်ယွမ်းသည် စတေးရန်ပြင်ထားသော နှင်းဆိုင်ကယ်ပေါ်သို့ ခုန်တက်သွားပြီး ဝံပုလွေဘုရင်ရှိရာဘက်သို့၊ အိမ်ပြန်လမ်းဘက်သို့ တရှိန်ထိုး မောင်းထွက်သွားသည်ကို တွေ့လိုက်ရသည်။
ဝံပုလွေဘုရင်က ဟိန်းဟောက်လိုက်ရာ ဝံပုလွေအုပ်မှာ တစ်ပြိုင်နက် အားကုန်ထုတ်၍ ရှောင်တိမ်းခြင်းမရှိဘဲ ထန်ယွမ်းထံသို့ တည့်တည့်ပြေးဝင်သွားကြသည်။ ဝံပုလွေအုပ်မှာလည်း အသေအကြေ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြပြီ ဖြစ်သည်။
ယွီဟွေးဖေး၏ စိတ်ထဲတွင် ပူလောင်လာပြီး ဝါကြီးကို အနောက်မှလိုက်ရန် တိုက်တွန်းသည်။ အဖွဲ့ခေါင်းဆောင်စုန့်ကလည်း အော်သည်။
"ဆိုင်ကယ်ပေါ်တက်၊ နောက်ကလိုက်ကြ"
ထိုသို့အော်ရင်း အဖွဲ့ခေါင်းဆောင်စုန့်သည် နှင်းဆိုင်ကယ်ကို မောင်းနှင်ကာ ထန်ယွမ်းနောက်သို့ လိုက်လေသည်။ ယွီဟွေးဖေးကမူ လက်တစ်ဖက်ဆန့်တန်းကာ ဟူကြီးကို စွတ်ဖားပေါ်သို့ ဆွဲတင်လိုက်သည်။
ဝံပုလွေဘုရင်က အူနေသည်၊ နှင်းဆိုင်ကယ်က ဟိန်းဟောက်နေ၏။
လူနှင့်ဝံပုလွေတို့ တဖြည်းဖြည်း နီးကပ်လာလေပြီ။
ထိုအချိန်၌ ထန်ယွမ်းသည် ရှောင်တိမ်းခြင်းမရှိဘဲ ဝံပုလွေဘုရင်ထံသို့ တည့်တည့်မောင်းနှင်သွား၏။ ဝံပုလွေဘုရင်မှာလည်း ဟိန်းဟောက်ရင်း ရှောင်တိမ်းခြင်းမရှိဘဲ ထန်ယွမ်းထံသို့ ခုန်အုပ်လိုက်သည်။
"ထန်ယွမ်း... ခုန်ချလိုက်တော့" အဖွဲ့ခေါင်းဆောင်စုန့်က အားကုန်အော်သည်။
သို့သော် ထန်ယွမ်းသည် မခုန်ချဘဲ အလုံအလောက်နီးကပ်သွားသည့်အခိုက်တွင် ရုတ်တရက် ခုန်ချ၏။ ချန်းရှန်းကမူ လက်ထဲမှသေနတ်ကို မြှောက်ကာ ရှေ့မှ နှင်းဆိုင်ကယ်၏ ဆီတိုင်ကီကို ချိန်၍ ပစ်ခတ်လိုက်သည်။
‘ဘုန်း’
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ မီးတောက်များ ကောင်းကင်သို့ ထိုးတက်သွားသည်။ ပြေးဝင်လာသော ဝံပုလွေဘုရင်မှာ ပေါက်ကွဲမှုကြောင့် လွင့်စင်သွားကာ လေထဲတွင် တစ်ပတ်လည်သွားပြီး သားမွှေးများမှာ မီးလောင်ကျွမ်း၍ မည်းနက်သွားတော့သည်။
ဝံပုလွေအုပ်မှာမူ ထိုပေါက်ကွဲသံကြီးကြောင့် လန့်ဖျပ်ကာ လေးဘက်လေးတန်သို့ ထွက်ပြေးကုန်ကြသည်။
တစ်ဖက်တွင်မူ အဖွဲ့ခေါင်းဆောင်စုန့်သည် ထန်ယွမ်းကို လှမ်းဆွဲရန် ကြိုးစား၏။ သို့သော် ပေါက်ကွဲမှု၏ လှိုင်းဂယက်နှင့်အတူ နှင်းပွင့်များလား၊ နှင်းရည်များလားမသိသော အရာများ ပက်ဖျန်းလာကာ သူတို့နှစ်ဦး၏ လှုပ်ရှားမှုကို ပျက်ပြားသွားစေသည်။
အဖွဲ့ခေါင်းဆောင်စုန့်သည် ထန်ယွမ်းကို မဆွဲနိုင်လိုက်။ ထန်ယွမ်းမှာ မြေပြင်ပေါ်တွင် လူးလိမ့်သွားသည်။
မော့ကြည့်လိုက်သောအခါ ပေါက်ကွဲမှုကြောင့် တစ်ကိုယ်လုံးမည်းနက်နေသော ဝံပုလွေဘုရင်သည် သူမ၏ရှေ့တွင် မှောက်လျက်သား ရှိနေသည်ကို တွေ့လိုက်ရသည်။ ဝံပုလွေဘုရင်က ဖြည်းညင်းစွာ ခေါင်းထောင်လာသည်။ မျက်လုံးတစ်ဖက်မှာ သွေးများနှင့် ပျက်စီးနေသော်လည်း ကျန်မျက်လုံးတစ်ဖက်မှာမူ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြမ်းကြုတ်နေ၏။
ဒီကောင် မသေသေးပါတကား။
ဝံပုလွေဘုရင်က ပါးစပ်ဟကာ ထန်ယွမ်းကို ကိုက်ရန်ပြင်သည်။
ထိုအချိန်တွင် နောက်မှ အော်သံတစ်ခု ထွက်ပေါ်လာသည်။
"ထန်ယွမ်း... ဖမ်းလိုက်"
ထန်ယွမ်းသည် ခေါင်းပင်မလှည့်ဘဲ အလိုအလျောက် နောက်သို့ရှောင်တိမ်းလိုက်ရာ ဝံပုလွေဘုရင်၏ ကိုက်ချက်ကို လွတ်သွားသည်။
သို့သော် ဝံပုလွေဘုရင်က တစ်ချက်လွဲသွားပြီးနောက် ထန်ယွမ်းထံသို့ ခုန်အုပ်လိုက်သည်။ ထိုအခိုက်တွင် လက်ကြီးတစ်ဖက် ရောက်လာကာ ထန်ယွမ်း၏ အင်္ကျီကို ဆွဲကိုင်၍ အားကုန်လွှဲပစ်လိုက်ရာ သူမဟာ လေထဲသို့ မြောက်တက်သွားလေ၏။
ဝံပုလွေဘုရင်က နောက်တစ်ကြိမ် လွဲချော်သွားပြီး စွတ်ဖားဘီးနှင့် တိုက်မိကာ ခေါင်းကွဲသွေးထွက်ပြီး မြေပြင်ပေါ်သို့ လိမ့်ကျသွားကာ စွတ်ဖားနောက်တွင် ကျန်ရစ်ခဲ့သည်။
စွတ်ဖားပေါ်တွင် ယွီဟွေးဖေးက ထန်ယွမ်းကို ဆွဲတင်လိုက်သည်ကို မြင်သော ဟူကြီးက သတ္တဝါဆန်းတစ်ကောင်ကို ကြည့်သကဲ့သို့ ယွီဟွေးဖေးကို ကြည့်ရင်း...
"ဟိုက်ရှားပါး... မင်းရဲ့အားက အံ့ဩစရာပဲ"
ယွီဟွေးဖေးလည်း အနည်းငယ် ကြောင်အသွားသည်။ သူခုနက လူကယ်ရန်သာ စိတ်စောနေပြီး ထန်ယွမ်း အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ကို မြင်သောအခါ အလိုအလျောက်ပင် ဆွဲယူလွှဲပစ်လိုက်မိသည်။ မမျှော်လင့်ဘဲ အောင်မြင်သွားခဲ့ခြင်းပင်။
ယွီဟွေးဖေး စကားတစ်ခွန်းပြောမည်ကြံရွယ်စဉ်မှာပင် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသလို ခံစားရပြီး စွတ်ဖားပေါ်သို့ ပုံ့ပုံ့လေး ထိုင်ကျသွားကာ မျက်နှာမှာ ဖြူဖျော့သွားသည်။
ထိုခံစားချက်မှာ အချိန်ကြာမြင့်စွာ ထိုင်နေရာမှ ရုတ်တရက်မတ်တပ်ထရပ်လိုက်သည့်အခါ ဦးနှောက်သို့ သွေးမရောက်ဘဲ မျက်စိများပြာဝေကာ တစ်ကိုယ်လုံး အားနည်းသွားသကဲ့သို့ပင်။
သို့သော် ယခုတစ်ကြိမ်တွင် ယွီဟွေးဖေး၏ အခြေအနေမှာ ပို၍ဆိုးရွားသည်။ တစ်ကိုယ်လုံး ချည့်နဲ့သွားကာ ခဏတာမျှ အားအင်မရှိတော့ချေ။
ဟူကြီးက ယွီဟွေးဖေးကို အင်အားဖြည့်အချိုတောင့်တစ်တောင့် ထိုးပေးရင်း၊
"မင်းက ကိုယ်ထဲက အစွမ်းကုန်ထုတ်သုံးလိုက်လို့ ခဏတာ အားကုန်သွားတာ။ မလှုပ်နဲ့၊ ခဏနားလိုက်ရင် ကောင်းသွားလိမ့်မယ်။ ဒီအချိုတောင့်စားလိုက်"
ယွီဟွေးဖေးက ခါးသီးစွာပြုံးရင်း၊ "ကျွန်တော်ပြောချင်တာက အချိုတောင့်ကိုင်ဖို့တောင် အားမရှိတော့ဘူး"
ထိုအချိန်တွင် အချိုတောင့်မှာ သူ၏ပါးစပ်ထဲသို့ ရောက်နှင့်နေပြီဖြစ်သည်။
ထန်ယွမ်းက "စား"
ယွီဟွေးဖေး အံ့အားသင့်သွားသော်လည်း စားလိုက်သည်။ ယခုအချိန်တွင် အခြားအရာများကို မစဉ်းစားနိုင်တော့။ အားအင်ပြန်လည်ပြည့်ဖြိုးရေးက အရေးကြီးဆုံးဖြစ်သည်။
လူသုံးယောက်နှင့် ခွေးတစ်ကောင် စွတ်ဖားပေါ်တွင် ကြပ်သိပ်စွာ စီးနင်းလိုက်ပါလာရာ ဝါကြီးနှင့် ခွေးဆယ့်နှစ်ကောင်ပင်လျှင် ဆွဲရန် အားစိုက်နေရသည်။ စွတ်ဖား၏အရှိန်မှာ သိသိသာသာ နှေးကွေးသွား၏။
သို့သော် ဝံပုလွေအုပ်မှာလည်း ခုနက ပေါက်ကွဲမှုကြောင့် လန့်ဖျပ်ကာ အုပ်စုကွဲသွားပြီး အစီအစဉ်ပျက်ပြားသွားကာ ခဏတာမျှ သတိမကပ်နိုင်သေး။
ထိုအချိန်တွင် အဖွဲ့ခေါင်းဆောင်စုန့်က ပြေးလာပြီး "ဟူကြီး... ဆိုင်ကယ်ပေါ်တက်"
ဟူကြီးက ‘အေး’ ဟုထူးရင်း ခုန်တက်လိုက်သည်။ ဟူကြီး မရှိတော့သောအခါ စွတ်ဖား၏အရှိန်မှာ သိသိသာသာ ပြန်မြန်လာသည်။
ထန်ယွမ်းက ယွီဟွေးဖေးကို စွတ်ဖား၏ထောင့်တစ်နေရာတွင် နေရာချပေးပြီး ခွေးနက်ကြီးကို သူ၏ရင်ခွင်ထဲသို့ ထည့်ပေးကာ၊ "ပွေ့ထား... နွေးတယ်"
ထို့နောက် ထန်ယွမ်းသည် ယွီဟွေးဖေးကို စောင်ဖြင့် ကောက်ညှင်းကျည်တောက်ကဲ့သို့ ပတ်လိုက်ပြီး သူမကိုယ်တိုင်မှာမူ သေနတ်ကိုကိုင်ကာ မတ်တပ်ရပ်လိုက်သည်။ သူမ၏ မျက်လုံးတစ်စုံမှာ အေးစက်တည်ငြိမ်နေပြီး လူတစ်ယောက်၊ သေနတ်တစ်လက်ဖြင့် နှင်းမုန်တိုင်းထဲတွင် ရပ်နေပုံမှာ စစ်နတ်သမီးတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါလှပေသည်။
ယွီဟွေးဖေးပင်လျှင် ငေးကြည့်မိသွား၏။
သို့သော် သူ၏အတွေးများမှာ ဝံပုလွေအူသံကြောင့် ချက်ချင်းပြတ်တောက်သွားပြီး သေနတ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။
"ဘာဖြစ်နေတာလဲ"
ယွီဟွေးဖေးက မေးရာ ထန်ယွမ်းမှ "ဝံပုလွေဘုရင် မသေသေးဘူး။ ဝံပုလွေအုပ်ကို ပြန်စုစည်းပြီး နောက်ကလိုက်လာနေတယ်"
"သေစမ်း... တကယ်ပဲ အရိပ်လို မခွဲမခွာ လိုက်နေတာပါလား"
"စိတ်မပူနဲ့... အေးအေးဆေးဆေးအနားယူ။ နောက်ဆက်တွဲကိစ္စတွေကို ငါ့ကိုတာဝန်ထားလိုက်"
ထန်ယွမ်းသည် စကားပြောရင်း နောက်သို့လှည့်ကာ သေနတ်တစ်ချက်ပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာရာ ပစ်မှတ်ကို ထိမှန်သွားကြောင်း သိသာလှသည်။
ဝံပုလွေအုပ်သည် နောက်မှလိုက်နေပြီး အရှိန်မှာလည်း တဖြည်းဖြည်း မြန်လာကာ အားလုံးကို နောက်တစ်ကြိမ် ဝိုင်းရံရန် ကြိုးပမ်းနေသည့်ဟန် ရှိနေတော့သည်။