← Chapters

ရှစ်ဆယ်

Vol. 11 Ch. 156

ရှစ်ဆယ်

Vol. 11 Ch. 156

အကြောင်းမှာ နှင်းဆိုင်ကယ်များသည် မြန်ဆန်သော်လည်း ယခုအခါတွင် လူနှစ်ယောက်စီ တင်ဆောင်ထားသောကြောင့် ဖြစ်သည်။

ထို့အပြင် မြေအနေအထားကို မကျွမ်းကျင်ခြင်း၊ နှင်းမုန်တိုင်း အလွန်ပြင်းထန်ခြင်းတို့ကြောင့် မည်သူမျှ အရှိန်ပြင်းပြင်း မမောင်းရဲကြဘဲ ဝံပုလွေအုပ်က ကျော်တက်ကာ တဖြည်းဖြည်း ဝိုင်းရံလာသည်ကို ကြည့်နေရုံသာ တတ်နိုင်ကြတော့သည်။

ယွီဟွေးဖေး မျက်မှောင်ကြုတ်မိသည်။ "ဒီအတိုင်းဆက်သွားလို့ မဖြစ်ဘူး။ ကျွန်တော်တို့မှာ ဖောက်ခွဲဖို့ နောက်ထပ်ဆိုင်ကယ်တွေ မရှိတော့ဘူး"

ထန်ယွမ်းလည်း မျက်မှောင်ကြုတ်ရင်း ဖြည့်စွက်ပြောသည်။

"ကျည်ဆန်တွေလည်း သိပ်မကျန်တော့ဘူး။ သူတို့တွေ သတိထားပြီး ပစ်နေကြပြီ။ အားလုံးဆီမှာ ကျည်ဆန်သိပ်မကျန်တော့လောက်ဘူး"

ဤအချက်ကို ယွီဟွေးဖေး အံ့ဩမနေတော့။ လမ်းတစ်လျှောက်လုံး ဝံပုလွေအုပ်နှင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြရာ အကြိမ်တိုင်း ကျည်ဆန်များကို ရေလိုသုံးခဲ့ကြသည်။ တောင်ထဲမဝင်ခင်ကတည်းက ဝံပုလွေအုပ်နှင့် တောဝက်အုပ်ကြီးများ ရှိသည်ကို သိထား၍ ကျည်ဆန်အမြောက်အမြား ပြင်ဆင်လာခဲ့ကြသော်လည်း ဤသို့သုံးစွဲမှုကိုမူ မခံနိုင်ကြချေ။

ထို့အပြင် သူတို့သည် လူများကို ကယ်တင်ရန်အတွက် ပစ္စည်းအများအပြားကို စွန့်ပစ်ခဲ့ကြရသဖြင့် ကျည်ဆန်မလုံလောက်ခြင်းမှာ သဘာဝကျလှသည်။

ယွီဟွေးဖေးနှင့် ထန်ယွမ်းတို့မှာ ကျည်ဆန်ကို ချွေတာသုံးစွဲသူများဖြစ်သော်လည်း သူတို့နှစ်ဦးထံတွင် ကျည်ဆန် ၂၄ တောင့်သာ ကျန်တော့သည်။ အခြားသူများမှာမူ ယခင်က ဝံပုလွေအုပ်နှင့် အချိန်အတန်ကြာ ရင်ဆိုင်ခဲ့ရသဖြင့် ကျည်ဆန်သုံးစွဲမှုမှာ ပို၍များပေလိမ့်မည်။

ထိုအချိန်တွင် အဖွဲ့ခေါင်းဆောင်စုန့်က အနားသို့ကပ်လာပြီး "ညီလေးယွီ... ကျည်ဆန်သိပ်မကျန်တော့ဘူး။ လူတိုင်းမှာ အများဆုံး ဆယ်တောင့်လောက်ပဲ ကျန်တော့မယ်ထင်တယ်။ နည်းလမ်းတစ်ခုခု စဉ်းစားပါဦး။ ငါတို့ ဝံပုလွေအုပ်ကို ဖြတ်ကျော်နိုင်မှ ဖြစ်မယ်။ မဟုတ်ရင်တော့... ဒီနေရာကနေ ထွက်နိုင်တော့မှာ မဟုတ်ဘူး"

ယွီဟွေးဖေးလည်း ခေါင်းကိုက်သွားသည်။ သို့သော် သူလည်း ဘာမှမတတ်နိုင်တော့ချေ။

ထိုအခိုက်မှာပင်...

ဝံပုလွေအုပ်သည် ဝိုင်းရံပိတ်ဆို့လိုက်လေပြီ။

တစ်ကိုယ်လုံး မည်းနက်နေသော မျက်လုံးတစ်ဖက်လပ် ဝံပုလွေဘုရင်ကြီးသည် လူများ၏မြင်ကွင်းထဲသို့ နောက်တစ်ကြိမ် ပေါ်ထွက်လာသည်။ ယခုတစ်ကြိမ်တွင် သူသည် ပို၍ပင် ရူးသွပ်ကြမ်းတမ်းနေဟန်ရှိသည်။

‘အူး...ဝူး...’

ဝံပုလွေဘုရင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ဝံပုလွေအုပ်တစ်ခုလုံး လိုက်လံအူလိုက်ကြသည်။ ထို့နောက် ဝံပုလွေအုပ်သည် ယွီဟွေးဖေးတို့ထံသို့ သတ်ဖြတ်ရန် ပြေးဝင်လာကြ၏။

ယခုတစ်ကြိမ်တွင် ဝံပုလွေဘုရင်သည် သင်ခန်းစာရသွားဟန်တူသည်။ သူသည် ရှေ့မှမတိုက်ခိုက်တော့ဘဲ နောက်တွင်ပုန်းကွယ်ကာ အေးစက်စွာ စောင့်ကြည့်နေလေသည်။

ယွီဟွေးဖေးတို့လူစုသည် မျက်လုံးများကို စူးစိုက်ကာ အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေကြသည်။

"ပစ်"

အဖွဲ့ခေါင်းဆောင်စုန့်သည် ယခုအချိန်တွင် ကျည်ဆန်ချွေတာနေ၍ အဓိပ္ပာယ်မရှိတော့ကြောင်း သိသဖြင့် တစ်ကောင်သတ်နိုင်လျှင် တစ်ကောင်အမြတ်ဟု တွေးကာ အမိန့်ပေးလိုက်သည်။

လူအားလုံး သေနတ်များကို ပစ်ဖောက်ကာ ဝံပုလွေအုပ်၏ တိုက်ခိုက်မှုကို ဟန့်တားလိုက်ကြသော်လည်း ကျည်ဆန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားကြ၏။

ထန်ယွမ်းသည် အတတ်နိုင်ဆုံး အပစ်နည်းအောင် ကြိုးစားသော်လည်း သူမလက်ထဲမှ ကျည်ဆန်များမှာ လျင်မြန်စွာ လျော့နည်းသွားပြီး နောက်ဆုံးတွင် နှစ်တောင့်သာကျန်တော့သည့်အခါ သူမ မပစ်တော့ချေ။

"ဘာလုပ်တာလဲ"

ယွီဟွေးဖေးက မေးရာ ထန်ယွမ်းမှ "ဒီနေ့တော့ ထွက်ပြေးလွတ်နိုင်တော့မှာ မဟုတ်လောက်ဘူး။ တစ်တောင့်က နင့်အတွက်၊ တစ်တောင့်က ငါ့အတွက်"

ယွီဟွေးဖေးမှာ စကားမပြောနိုင်အောင် ဖြစ်သွား၏။ ဒီကောင်မလေးက နောက်ဆုံးခရီးအတွက်တောင် ကြိုတင်ပြင်ဆင်ပြီးနေပြီပါတကား။

ထိုအချိန်တွင် ယွီဟွေးဖေးသည် မျက်လုံးများကို ပွတ်သပ်လိုက်ရင်း "မဟုတ်သေးဘူး။ ဝံပုလွေအုပ်နောက်က နှင်းထုထဲမှာ တစ်ခုခု ချဉ်းကပ်လာနေတယ်"

"ဘာကြီးလဲ" ထန်ယွမ်းက မေးသည်။

ယွီဟွေးဖေးက ခေါင်းခါရင်း "မမြင်ရဘူး"

သူစူးစိုက်ကြည့်နေစဉ် အခြားသူများလည်း မူမမှန်သည့်အခြေအနေကို သတိပြုမိသွားကြပြီး ထိုနေရာသို့ ကြည့်ရှုနေကြသည်။ တဖြည်းဖြည်းနှင့် မထင်မရှားသော အရိပ်တစ်ခု ပေါ်ထွက်လာ၏။

ထိုအချိန်တွင် နှင်းမုန်တိုင်းမှာ အနည်းငယ် အားလျော့သွားသဖြင့် မြင်ကွင်းမှာ ပို၍ရှင်းလင်းလာသည်။

ဟူကြီးက၊ "တောဝက်ကြီးတစ်ကောင်နဲ့တူတယ်"

"မဟုတ်ဘူး။ တောဝက်က အဲဒီလောက်မရှည်ဘူး" ချန်းရှန်းက ပြောသည်။

ယွီဟွေးဖေး မျက်လုံးများကို မှေးစင်းကာ ထိုအရိပ်ကို ကြည့်နေ၏။ အရိပ်မှာ အစပိုင်းတွင် တောဝက်နှင့်တူသော်လည်း တဖြည်းဖြည်း ရှည်လျားလာသည်။ အောက်ပိုင်းမှာ ခြေခြောက်ချောင်းပါသော တောဝက်နှင့်တူပြီး အပေါ်ပိုင်းမှာမူ လူတစ်ယောက်နှင့်တူနေသည်။

ထို့နောက် ယွီဟွေးဖေးသည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်လေ၏။

"ငါတို့ အသက်ရှင်ပြီ"

ထန်ယွမ်းက အံ့ဩစွာဖြင့် "အသက်ရှင်ပြီ ဟုတ်လား။ ဘာလို့လဲ"

ထို့နောက် ထန်ယွမ်းသည် ယွီဟွေးဖေးက အားယူထရပ်ကာ ထိုဝံပုလွေများကို လက်ညှိုးထိုးပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်ကို တွေ့လိုက်ရသည်။

"ဟေ့ကောင်တွေ ရပ်လိုက်စမ်း"

ထိုဝံပုလွေများသည် ယွီဟွေးဖေးနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးသဖြင့် ယွီဟွေးဖေးက နဂါးကဲ့သို့ ရုတ်တရက် ထရပ်လိုက်သည်ကို မြင်သောအခါ လန့်ဖျပ်သွားပြီး အမှန်ပင် ရပ်တန့်သွားကြသည်။ ဝံပုလွေဘုရင်က ဤသည်ကိုမြင်လျှင် ဒေါသထွက်ကာ ဟိန်းဟောက်ရန် ပြင်၏။

ယွီဟွေးဖေးက ဝံပုလွေဘုရင်ကို လက်ညှိုးထိုးရင်း "ဟေ့ကောင် သတောင်းစား... မင်းအသံကို အထဲပြန်မျိုချလိုက်စမ်း"

ဝံပုလွေဘုရင်မှာ ဒေါသထွက်သွား၏။ ယွီဟွေးဖေး၏စကားကို နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ သူက ဝံပုလွေဟိန်းဟောက်သံဖြင့် အလုံးစုံတိုက်ခိုက်ရန် အမိန့်ပေးလိုက်ဟန်တူသည်။

ထိုအချိန်တွင် ယွီဟွေးဖေးက ကျယ်လောင်စွာအော်လိုက်သည်။

"အစ်ကိုလန်... အခွင့်အရေးကောင်းပဲ။ အဲဒီကောင်ကို ဆွဲလိုက်စမ်းပါ"

ထိုအခါမှ လူအားလုံး ရှင်းလင်းစွာ မြင်လိုက်ရသည်။ နှင်းထုထဲမှ တောဝက်တစ်ကောင် ထွက်လာသည်မှာ မှန်သော်လည်း ထိုတောဝက်မှာ အလွန်ကြီးမားလှသည်။ ထိုတောဝက်၏ ကျောပေါ်တွင် လူတစ်ယောက် ထိုင်နေ၏။ အရပ်မှာ နှစ်မီတာကျော်မြင့်ပြီး ကိုယ်ခန္ဓာမှာ အလွန်တရာ တုတ်ခိုင်လှသည်။ ပခုံးပေါ်တွင် သံဆူးကြိမ်လုံးကဲ့သို့သော လက်နက်တစ်ခုကို ထမ်းထားရာ တောလူရိုင်းတစ်ယောက်နှင့်ပင် တူနေတော့သည်။

လူအားလုံးမှာ ကြက်သေသေသွားကြပြီး စိတ်ထဲတွင် "သေစမ်းပါ၊ ဒါဘာကောင်ကြီးလဲ။ တောင်စောင့်နတ်လား" ဟု တွေးနေမိကြသည့်အထိပင်။

ဝံပုလွေဘုရင်သည် နောက်မှ အန္တရာယ်ရှိသော အရိပ်အယောင်ကို ခံစားမိဟန်တူပြီး အလိုအလျောက် လှည့်ကြည့်လိုက်သည်။ ထိုအခါ သူမြင်လိုက်ရသည်မှာ လူထွားကြီးတစ်ယောက်က တုတ်ကြီးတစ်ချောင်းကို မြင့်မားစွာ မြှောက်ကိုင်ကာ သူ့ကို ပြုံးပြရင်း ကျယ်လောင်စွာ အော်လိုက်သည့်မြင်ကွင်းပင် ဖြစ်သည်။

"ရှစ်ဆယ်"

‘ဘုန်း’

လူများမှာ သံခေါင်းသံရိုးဟု ကျော်ကြားသော ဝံပုလွေဘုရင်၊ ပေါက်ကွဲမှုထဲတွင်ပင် မသေသော ဝံပုလွေဘုရင်ကြီး၏ ဦးခေါင်းကို တုတ်ဖြင့် တစ်ချက်တည်း ရိုက်ခွဲခံလိုက်ရပြီး နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ကြရသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟူကြီး၊ စွန်းတာချွမ်၊ အဖွဲ့ခေါင်းဆောင်စုန့်တို့သာမက ဝံပုလွေအုပ်ပင်လျှင် ကြက်သေသေသွားကြသည်။

သူတို့၏ ဝံပုလွေဘုရင်ကြီးသည် ဤသို့ အလွယ်တကူ သေဆုံးသွားခဲ့ပြီ။

လူထွားကြီးက အဝေးမှ ယွီဟွေးဖေးကို ပြုံးပြရင်း "ညီလေး၊ ပြီးသွားပြီ"

ယွီဟွေးဖေးက ပြုံးလိုက်၏။ "အစ်ကိုလန်၊ ကောင်းလိုက်တာဗျာ"

ရောက်ရှိလာသူမှာ အခြားသူမဟုတ် နျူလန်ခေါ် နွားကျောင်းသား ပင်ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင် သူသည် လက်နက်ကိုင်ဆောင်လာသည်။ ထိုလက်နက်မှာ ချွေ့ကျွယ်က အရေးပေါ် ပြုလုပ်ပေးလိုက်ခြင်း ဖြစ်ရမည်။ အကြောင်းမှာ အလွန်တရာ ကြမ်းတမ်းလှသောကြောင့် ဖြစ်၏။

"အူဝူး..."

ဝံပုလွေတစ်ကောင်က ဟိန်းဟောက်ရင်း နွားကျောင်းသားထံသို့ ပြေးဝင်တိုက်ခိုက်သည်။ နွားကျောင်းသားက ဤသည်ကိုမြင်လျှင် နှာခေါင်းရှုံ့ကာ သံဆူးကြိမ်လုံးကို လွှဲရိုက်ရင်း တစ်ချိန်တည်းမှာပင် သူက ကျယ်လောင်စွာအော်၏။

"ရှစ်ဆယ်"

ထိုဝံပုလွေသည် မြေပြင်ပေါ်သို့ ပိပြားသွားပြီး ခွေခေါက်သွားရာ အရိုးများပင် ကျိုးကြေသွားသည်မှာ ထင်ရှားလှသည်။ အခြားဝံပုလွေများက ဒေါသတကြီး ဟိန်းဟောက်ရင်း အုပ်စုလိုက် ပြေးဝင်လာကြရာ ယွီဟွေးဖေး၏ မျက်နှာမှာ ပျက်ယွင်းသွား၏။ သူက ဝံပုလွေဘုရင်သေလျှင် ဤဝံပုလွေများ လေးဘက်လေးတန်သို့ ထွက်ပြေးကြလိမ့်မည်ဟု ထင်ထားခဲ့သည်။ မမျှော်လင့်ဘဲ သူတို့မှာ ပို၍ရူးသွပ်လာကြရာ နွားကျောင်းသား အန္တရာယ်ရှိနိုင်သည်ဟု သူစိုးရိမ်သွားသည်။

သို့သော် နွားကျောင်းသားက ပြုံးရွှင်စွာဖြင့် "ညီလေး... တက်။ အဲဒီကောင်တွေကို အပြတ်ရှင်းလိုက်"

ထိုအဖြူရောင်တောဝက်ကြီးက ဟိန်းဟောက်သံတစ်ချက်ပေးပြီး မကြောက်မရွံ့ဘဲ ပြေးဝင်သွားသည်။ ပေါင်ချိန် ခုနစ်ရှစ်ရာခန့်ရှိသော အဖြူရောင်တောဝက်ကြီးသည် မြေတူးစက်တစ်စီးကဲ့သို့ပင်။ သူ့ရှေ့တွင် တားဆီးနေသော ဝံပုလွေအားလုံးကို တိုက်လွင့်ပစ်လိုက်ရာ နေရာမှာပင် အရိုးကျိုး၊ အကြောပြတ်ကုန်ကြ၏။

ပတ်ပတ်လည်မှ ပြေးဝင်တိုက်ခိုက်လာသော ဝံပုလွေများမှာမူ ပို၍ကံဆိုးကြသည်။ အကြောင်းမှာ သူတို့ရင်ဆိုင်ရမည့်သူမှာ နှစ်ပေါင်းရှစ်ရာကြာ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ်နေထိုင်ရင်း ထူးခြားသော ချီလင်သံမဏိလက်မောင်းအစွမ်းကို လေ့ကျင့်ထားသော အားအင်ကြီးမားလှသည့် နွားကျောင်းသား၏ သံဆူးကြိမ်လုံးပင် ဖြစ်သည်။

အလွန်လေးလံလှဟန်ရှိသော သံဆူးကြိမ်လုံးသည် နွားကျောင်းသားလက်ထဲတွင် အလေးချိန်မရှိသကဲ့သို့ပင် အပေါ်အောက် လျင်မြန်စွာ လှုပ်ရှားနေပြီး အနားသို့ကပ်လာသော ဝံပုလွေတိုင်းကို တုတ်တစ်ချက်ဖြင့် ဧည့်ခံလိုက်သည်။ ထို့နောက် ဝံပုလွေတစ်ကောင်ပြီးတစ်ကောင်သည် ဘေ့စ်ဘောလုံးများကဲ့သို့ လေထဲတွင် လိမ့်ပက်ကာ လွင့်စင်ကုန်ကြ၏။

ပြေးဝင်လာစဉ်က ဝံပုလွေတစ်ကောင်ဖြစ်သော်လည်း မြေပြင်ပေါ်သို့ ပြန်ကျလာသည့်အခါတွင်မူ အရိုးအမှုန့်များကို ထုပ်ပိုးထားသော အသားပျော့တစ်ပုံ ဖြစ်နေတော့သည်။ နွားကျောင်းသား၏ အားအင်မှာ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို မြင်နိုင်ပေသည်။

ယွီဟွေးဖေးမှာမူ အံ့ဩမနေတော့။ အကြောင်းမှာ သူသည် နွားကျောင်းသားက လက်ဗလာဖြင့် တောဝက်ဘုရင်တစ်ကောင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ပြီး နောက်ဆုံးတွင် ထိုတောဝက်ဘုရင်ကို အနိုင်ယူကာ အိမ်မွေးတိရစ္ဆာန်နှင့် ယာဉ်အဖြစ် သိမ်းပိုက်လိုက်သည်ကို ကိုယ်တိုင်မြင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။

ဤလူ၏ အားအင်မှာ အမှန်တကယ် ကြောက်ခမန်းလိလိပင်။

ဘေးမှ ဟူကြီးတို့လူစုမှာမူ လုံးဝကြက်သေသေသွားကြပြီး ပါးစပ်အဟောင်းသားဖြင့် မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်နေကြရာ ဦးနှောက်များပင် အလုပ်မလုပ်တော့ချေ။ အကြောင်းမှာ မျက်စိရှေ့မှ မြင်ကွင်းသည် အလွန်တရာ ထူးဆန်းလှသောကြောင့် ဖြစ်သည်။

လူတစ်ယောက်သည် တောဝက်တစ်ကောင်ကို စီးနင်းကာ သံဆူးကြိမ်လုံးကို လွှဲယမ်းရင်း ပါးစပ်မှ "ရှစ်ဆယ်၊ ရှစ်ဆယ်၊ ရှစ်ဆယ်..." ဟု အော်ဟစ်နေသည်။ တစ်ချိန်တည်းမှာပင် သူ၏လက်ထဲမှ သံဆူးကြိမ်လုံးသည်လည်း အပေါ်အောက် လှုပ်ရှားနေပြီး ဝံပုလွေသုံးလေးဆယ်ခန့်ကို ကောင်းကင်သို့ လွင့်စင်အောင် ရိုက်နှက်နေရာ ဝံပုလွေများမှာ ခုခံနိုင်စွမ်းပင် မရှိကြတော့ချေ။

ဆယ်မိနစ်အကြာတွင် ဝံပုလွေအကောင်နှစ်ဆယ်ကျော် အသက်စတေးပြီးနောက် ဝံပုလွေအုပ်သည် အမှန်တရားတစ်ခုကို သဘောပေါက်သွားကြသည်။ မျက်စိရှေ့မှ ထိုအရာသည် လူမဟုတ်၊ သတ္တဝါဆန်းတစ်ကောင်သာ ဖြစ်သည်။ ထို့နောက် ထိုဝံပုလွေများသည်လည်း ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် လှည့်ထွက်ပြေးကြတော့သည်။

ယွီဟွေးဖေးသည် ထိုဝံပုလွေများ၏ ကျောပြင်ကို ကြည့်ရင်း ခေါင်းခါကာ "မင်းတို့တွေ ဘာလို့ဒီလောက်ဒုက္ခခံနေကြတာလဲ။ ငါတို့နဲ့ အသေအကြေတိုက်တော့ အခုပျော်ရောပေါ့"

ဝံပုလွေအုပ် ပြန့်ကျဲသွားလေပြီ။

နွားကျောင်းသားသည် တောဝက်ကို စီးနင်းကာ ရောက်ရှိလာရာ ဟူကြီးတို့လူစုမှာ တစ်ကိုယ်လုံး သွေးများစွန်းထင်းနေသော ဤဝံပုလွေသတ်နတ်ဘုရားကြီး ရောက်လာသည်ကို မြင်သောအခါ စိတ်ထဲတွင် မလုံမလဲဖြစ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြသည်။

ယွီဟွေးဖေးက ဤသည်ကိုမြင်လျှင် အမြန်ထရပ်လိုက်သော်လည်း ကိုယ်မှာ ယိုင်နဲ့ကာ လဲကျမတတ်ဖြစ်သွားသည်။ ထန်ယွမ်းက အမြန်ပင် ယွီဟွေးဖေး၏ လက်မောင်းတစ်ဖက်ကို သူမ၏ပခုံးပေါ်သို့ တင်ပေးရင်း၏။

"ငါ မင်းကို ခေါ်သွားပေးမယ်"

ယွီဟွေးဖေးက ဤသည်ကိုမြင်လျှင် စိတ်ထဲတွင် နွေးထွေးသွားသည်။ ဤသို့သော ရေခဲမြေခဲအရပ်တွင် ဤသို့သော မိန်းကလေးတစ်ယောက်က သူ့ကို ဂရုစိုက်သည်မှာ အလွန်ကောင်းမွန်လှသည်။ သို့သော် နောက်တစ်ခဏတွင် ယွီဟွေးဖေးသည် သူ၏အင်္ကျီကော်လံကို ကရိန်းဖြင့် ချိတ်ဆွဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ဆွဲမခံလိုက်ရပြီးနောက် တောဝက်တစ်ကောင်၏ ဦးခေါင်းပေါ်သို့ တင်ခံလိုက်ရသည်။

သူ၏ခန္ဓာကိုယ်အောက်ပိုင်းသည် ထိုတောဝက်၏ မျက်လုံးများနှင့် တည့်တည့်ဖြစ်နေပြီး နောက်ပိုင်းတွင် တောဝက်၏ နှာခေါင်းမှ ထွက်လာသော အငွေ့နွေးနွေးနှင့် အစွယ်များ၏ အေးစက်မှုကိုပင် ခံစားနေရသည်။

ယွီဟွေးဖေး မော့ကြည့်လိုက်ရာ နွားကျောင်းသားက သူ့ကို ပြုံးပြရင်း "ညီလေးယွီ... ငါ အချိန်မီရောက်လာတယ်မလား"

ယွီဟွေးဖေး၏ မျက်နှာမှာ မည်းနက်သွားပြီး "အစ်ကိုကြီး... ခင်ဗျားကယ်တင်တာကတော့ အချိန်မီပါတယ်။ ဒါပေမဲ့ ခင်ဗျားနှောင့်ယှက်တာလောက်တော့ အချိန်မမီဘူး"

ယွီဟွေးဖေးသည် ဤလူကို အလွန်အံ့ဩမိသည်။ သူရှိနေသမျှ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ယွီဟွေးဖေးနှင့် မိန်းကလေးများကို ကွက်တိကွက်ကြား ခွဲထုတ်နိုင်စွမ်းရှိသည်။

နွားကျောင်းသားက နားမလည်ဟန်ဖြင့် ယွီဟွေးဖေးကို ကြည့်နေရာ သူက လက်ကာပြရင်း ပြော၏။

"တော်ပြီ... ခင်ဗျား ဒီကောင်ကြီးကို မစီးနဲ့တော့။ ကြည့်ရတာ ကြောက်စရာကြီး။ ကျွန်တော် ခင်ဗျားကို ကျွန်တော့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ်"

နွားကျောင်းသားက ခေါင်းခါရင်း "လာတုန်းက ဘိုးတော်ချွေ့က ငါ့ကိုပြောတယ်၊ သူတို့နဲ့ သိပ်ပြီး မပတ်သက်နဲ့တဲ့"

ယွီဟွေးဖေးသည် ချွေ့ကျွယ်က နွားကျောင်းသား စကားမှားမည်ကို စိုးရိမ်နေကြောင်း သိလိုက်သည်။

"ကိစ္စမရှိဘူး။ ခဏနေရင် ခင်ဗျားက အေးစက်တည်ငြိမ်တဲ့ပုံစံနဲ့နေ၊ စကားမပြောနိုင်ရင် မပြောနဲ့။ တကယ်လို့ မဖြစ်ရင် သူတို့မေးတာကို ကျွန်တော့်ကို မေးခိုင်းလိုက်"

နွားကျောင်းသားက ခေါင်းညိတ်ပြသည်။ "ကောင်းပြီ"

သူတို့နှစ်ယောက် တိုးတိုးတိတ်တိတ် စကားပြောနေကြသည်ကို ဘေးမှ ထန်ယွမ်းက ရှင်းလင်းစွာ ကြားနေရ၏။ သူမသည် ဘေးတွင် မျက်စောင်းတထိုးထိုးနှင့်ပင်။ ဤသို့ တိုးတိုးတိတ်တိတ် စကားပြောသည်ကို သူမ တစ်ခါမှ မမြင်ဖူးချေ။

ယွီဟွေးဖေးက သူ့အောက်မှ တောဝက်ကြီးကို ကြည့်ရင်း "ထိုင်၊ ထိုင်၊ ထိုင်စမ်း... မြန်မြန်။ မင်းခေါင်းပေါ်က အဖုက ငါ့တင်ပါးကို ထောက်နေတယ်"

တောဝက်ကြီးက ဟူးဟူးဟဲဟဲဖြင့် ထိုင်ချလိုက်ရာ ယွီဟွေးဖေးသည် ဝက်ခေါင်းပေါ်မှ ဆင်းလာခဲ့သည်။ သူ၏ကိုယ်မှာ အားနည်းနေဆဲဖြစ်ရာ ထန်ယွမ်းက သူ့ကို ထူပေးရန် ပြင်၏။ သို့သော် လက်ကြီးတစ်ဖက်က ယွီဟွေးဖေး၏ နောက်ကော်လံကို ဆွဲကိုင်လိုက်ပြီး စိုးရိမ်တကြီးဖြင့် ပြောလေသည်။

"သတိထား"

ယွီဟွေးဖေး၏ နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာ၏။ သူက ညှိုးငယ်စွာဖြင့် နွားကျောင်းသားကို ကြည့်ရင်း...

"အစ်ကိုကြီး၊ ခင်ဗျားက ယုန်ကိုင်နေတာလား၊ ခွေးကလေးကိုင်နေတာလား။ နည်းနည်းလောက် မျက်နှာသာပေးပါလား"

နွားကျောင်းသားက ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်၍ "တောင်းပန်ပါတယ်၊ အိမ်မှာ ခွေးကလေးတွေကို ဒီလိုကိုင်တာ အကျင့်ပါနေလို့"

"ဟိ..."

ထန်ယွမ်းသည် ဤစကားကိုကြားလျှင် မရယ်ဘဲ မနေနိုင်တော့။

ထိုအခါ နွားကျောင်းသားက သူမကို သတိပြုမိသွားပြီး ကြည့်လိုက်ရင်း "အလို... ဒီညီလေးက ရုပ်ရည်က မိန်းကလေးဆန်လိုက်တာ"

ထန်ယွမ်းမှာ ချက်ချင်း ရယ်မရတော့ချေ။ သူမ ရှင်းပြရန် ပြင်လိုက်ရာ ယွီဟွေးဖေးက အမြန်အော်ပြောလိုက်သည်။

"ဟုတ်တယ်၊ သူက ရုပ်ရည်က မိန်းကလေးဆန်တယ်... တရားဝင်မိတ်ဆက်ပေးရရင် ဒါက ကျွန်တော့်ညီလေး ထန်ယွမ်း။ ဒါက ကျွန်တော့်အစ်ကိုလန်"

ထန်ယွမ်းမှာ အံ့ဩသွားပြီး ယွီဟွေးဖေးကို သံသယဖြင့် ကြည့်နေသော်လည်း အမှန်ကို မဖော်ထုတ်ခဲ့ချေ။

All Chapters