ရင်အုံကြွက်သားတွေက မဆိုးဘူးပဲ
Vol. 11 Ch. 157
နွားကျောင်းသားက အံ့ဩစွာဖြင့် "ဒီညီလေးက တော်သားပဲ။ မိန်းကလေးတွေထက်တောင် ချောတယ်။ ရင်အုံကြွက်သားတွေလည်း လေ့ကျင့်ထားပုံပဲ။ ဒါပေမဲ့ ငါ့လောက်တော့ မကြီးဘူး၊ ဟားဟားဟား..."
နွားကျောင်းသားသည် စကားဆုံးသည်နှင့် သူ၏အပေါ်အင်္ကျီကို ဆွဲဖြဲလိုက်ရာ သံမဏိချောင်းများကဲ့သို့သော သူ၏ရင်အုံကြီး ပေါ်ထွက်လာပြီး တဆတ်ဆတ်ပင် တုန်ခါနေသေးသည်။ ထန်ယွမ်းသည် ဤသို့သောမြင်ကွင်းမျိုးကို တစ်ခါမှမကြုံဖူးသဖြင့် မျက်နှာများပင် နီရဲသွားတော့သည်။
နွားကျောင်းသားက ဂုဏ်ယူစွာဖြင့် ရယ်မောရင်း "ညီလေး၊ ရှက်မနေနဲ့။ ယောက်ျားဆိုတာ... အစ်ကို့လို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရတယ်။ လာ... မင်းလည်း ထုတ်ပြလိုက်၊ ငါတို့နှစ်ယောက် ယှဉ်ကြည့်ကြရအောင်"
ယွီဟွေးဖေးသည် ဤစကားကိုကြားလျှင် တောဝက်ကို ခြေဖြင့်ကန်လိုက်ပြီး "ထစမ်း..."
ထို့နောက် ယွီဟွေးဖေးသည် နွားကျောင်းသားကို ဆွဲခေါ်ရင်း "ခင်ဗျား တော်လောက်ပြီ။ စကားမများနဲ့တော့။ လာ... ကျွန်တော် ခင်ဗျားကို တခြားသူတွေနဲ့ မိတ်ဆက်ပေးမယ်"
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ထန်ယွမ်းတစ်ယောက်တည်း နှင်းပြင်ပေါ်တွင် လေထဲ၌ ကြောင်ငေးကျန်ရစ်ခဲ့သည်။ သူမ၏စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိနေတော့သည်။
‘ဒါ ဘယ်လိုလူတွေလဲ၊ တွေ့တွေ့ချင်း ရင်အုံကြွက်သားအကြီးအသေး လာယှဉ်နေကြတယ်’
နွားကျောင်းသားကို ခေါ်ဆောင်ရင်း ယွီဟွေးဖေးသည် အားလုံးနှင့် မိတ်ဆက်ပေးလိုက်သည်။ သို့သော် ယွီဟွေးဖေးသည် နွားကျောင်းသား၏အမည်ကို မုန်လန်ဟု ပြောင်းလိုက်ပြီး သူ၏အစ်ကိုဝမ်းကွဲဖြစ်ကြောင်း ပြောလိုက်၏။
အားလုံးသည် ယွီဟွေးဖေး၏ အစ်ကိုဝမ်းကွဲဟု ကြားသောအခါ စိတ်အေးသွားကြသည်။ အကြောင်းမှာ သူတို့သည် နွားကျောင်းသားကို ကြည့်သည့်အကြည့်မှာ ဝံပုလွေအုပ်ကို ကြည့်သည်ထက်ပင် ကြောက်မက်ဖွယ်ကောင်းနေသောကြောင့် ဖြစ်သည်။ နွားကျောင်းသား၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်တရာ ကြောက်ခမန်းလိလိပင်။
နွားကျောင်းသားက ခေါင်းကုတ်ကာ တစ်စုံတစ်ခုပြောရန် ပြင်လိုက်သော်လည်း ယွီဟွေးဖေးက ဖြတ်ပြောလိုက်သည်။
"အားလုံးပဲ... အချိန်က သိပ်မရှိတော့ဘူး။ မြန်မြန်သွားကြရအောင်။ အပူချိန်က ပိုပိုကျလာပြီ"
အားလုံး ခေါင်းညိတ်လိုက်ကြသည်။ ယခုအခါ နှင်းဆိုင်ကယ်များမှာ အလုံအလောက်ရှိနေပြီဖြစ်သည်။ နွားကျောင်းသားက တောဝက်ကို ဆက်စီးပြီး ယွီဟွေးဖေးနှင့် ထန်ယွမ်းက စွတ်ဖားကို ဆက်စီးကြ၏။
ဤတစ်ကြိမ်တွင် နွားကျောင်းသားပါလာသဖြင့် ယွီဟွေးဖေးမှာ စိတ်အေးသွားရသည်။ သူကောင်းကောင်းသိသည်လေ။ လက်နက်မပါလျှင် နွားကျောင်းသားသည် ထိုဝံပုလွေများကို အနိုင်ယူနိုင်မည် မဟုတ်သော်လည်း သံဆူးကြိမ်လုံးကိုင်ထားသော သူသည်ကား အံ့ဖွယ်သတ္တဝါတစ်ကောင်ပင် ဖြစ်သည်။
ယွီဟွေးဖေးက စိတ်အေးလက်အေးဖြင့် ကိုယ်ကိုလုံးကာ ရှေ့တွင် ခွေးနက်ကြီးကို ပွေ့၍ လေကာထားပြီး နောက်တွင် သားမွှေးကူရှင်က နွေးထွေးစေသည်။ တစ်ဖက်တွင်မူ ကျောက်စိမ်းကဲ့သို့ နူးညံ့သော ကိုယ်ခန္ဓာတစ်ခုရှိနေပြီး ပြင်းထန်စွာ လှုပ်ခါသည့်အခါ အခွင့်အရေးပင် ရနိုင်သေးသည်။
ထိုသာယာသော ဘဝလေးကို ယွီဟွေးဖေးသည် ဤအတိုင်းပင် ဆက်လက်ဖြတ်သန်းသွားချင်စိတ် ပေါက်လာမိသည်။ သို့သော် ယွီဟွေးဖေး၏ ပျော်ရွှင်မှုလေးမှာ လျင်မြန်စွာပင် အဆုံးသတ်သွား၏။
အကြောင်းမှာ ရာသီဥတုသည် အလွန်လျင်မြန်စွာ အေးစက်လာသောကြောင့်ပင်။ ယခင်က အနည်းငယ်အားပျော့သွားသော နှင်းမုန်တိုင်းသည် ယခုအခါတွင် နောက်တစ်ကြိမ် ရူးသွပ်လာပြန်သည်။
ကောင်းကင်နှင့် မြေကြီး မည်းမှောင်နေသည့်အောက်တွင် ယွီဟွေးဖေးသည် သူ၏ကိုယ်ပေါ်မှ စောင်ကိုပင် လေတိုးဝင်နေသည်ဟု ခံစားနေရ၏။ သူ့ကိုယ်ပေါ်မှ အဝတ်အစားများသည် မဝတ်ထားသကဲ့သို့ပင် တဖြည်းဖြည်း အေးစက်လာသည်။ သူ၏ရင်ခွင်ထဲမှ ခွေးမှာပင် တဆတ်ဆတ်တုန်နေလေပြီ။
ယွီဟွေးဖေး မော့ကြည့်လိုက်ရာ ထန်ယွမ်း၏မျက်နှာမှာမူ ပုံမှန်အတိုင်းပင် ရှိနေသေးသည်ကို တွေ့လိုက်ရသည်။ သူမဝတ်ထားသော အဝတ်အစားများမှာ အထူးပြုလုပ်ထားခြင်းဖြစ်သည်။ သူမအဆိုအရ သူတို့၏ပစ္စည်းကိရိယာအားလုံးမှာ စစ်ဘက်သုံးပစ္စည်းများဖြစ်ပြီး အတွင်းတွင် နည်းပညာမြင့်ပစ္စည်းများစွာ ပေါင်းစပ်ထားသဖြင့် အအေးဒဏ်ကာကွယ်ခြင်း၊ လေကာခြင်းနှင့် နွေးထွေးမှုပေးခြင်းတို့တွင် အကောင်းဆုံးဖြစ်သည်ဟု ဆိုသည်။
ထန်ယွမ်း ဘာမှမဖြစ်သေးသည်ကို မြင်သောအခါ ယွီဟွေးဖေးမှာ စိတ်အေးသွားသည်။
အမှန်တကယ်တွင် သူသည် ထန်ယွမ်းနှင့် တိုင်ပင်ကာ သူမကို တောဝက်စီးခိုင်းပြီး နွားကျောင်းသားကို စွတ်ဖားပေါ်တက်ခိုင်းရန် စဉ်းစားမိသည်။ ထိုလူမှာ ကိုယ်လုံးကိုယ်ပေါက်ကြီးမားသဖြင့် လေကာရာတွင် အကျိုးရှိပေလိမ့်မည်။
အဓိကအချက်မှာ နွားကျောင်းသားသည် ယောက်ျားဖြစ်သဖြင့် ယွီဟွေးဖေးသည် သူ့ကိုယ်ပေါ်သို့ တိုးဝှေ့ရန် အားမနာဘဲ နေနိုင်မည်ဖြစ်သည်။ သို့သော် ဤစကားကို ယွီဟွေးဖေးသည် နောက်ဆုံးတွင် မပြောထွက်ခဲ့ချေ။
သူသည် အားလုံးကို ရပ်တန့်ကာ မီးဖို၍ အနွေးဓာတ်ယူရန်လည်း စဉ်းစားမိသေးသည်။ သို့သော် သူချက်ချင်းပင် သတိရလိုက်သည်မှာ ဆိုင်ကယ်ပေါ်တွင် ရိက္ခာပစ္စည်းများ မရှိတော့သဖြင့် ရပ်တန့်လျှင် အနွေးဓာတ်ယူရန် နေရာပင် ရှာမတွေ့နိုင်တော့ခြင်း ဖြစ်သည်။ ယခုအကောင်းဆုံးနည်းလမ်းမှာ ယခင်က နေထိုင်ခဲ့သော တောင်ဂူသို့ အရောက်သွားရန်ပင်။ တောင်ဂူထဲတွင် လေကွယ်နိုင်သည်။
ထိုနေရာတွင် ယခင်က စုဆောင်းထားသော ထင်းများရှိသဖြင့် ချက်ချင်းမီးမွှေး၍ အနွေးဓာတ်ယူနိုင်သည်။ သို့သော် ထိုအကွာအဝေးမှာ ခဏတာဖြင့် ရောက်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ယွီဟွေးဖေးသည် သည်းခံနေရုံသာ ရှိတော့သည်။
တဖြည်းဖြည်းနှင့် ယွီဟွေးဖေး၏ ကိုယ်အပူချိန်မှာ ကျဆင်းလာပြီး သတိမှာပင် ဝေဝါးလာသည်။ နောက်ဆုံးတွင် သူဘာဖြစ်သွားသည်ကို မသိလိုက်ဘဲ ထိုအတိုင်းပင် အိပ်ပျော်သွားတော့သည်။
ထန်ယွမ်းသည် စွတ်ဖားကို အဆက်မပြတ်မောင်းနှင်နေစဉ် ရုတ်တရက် ခွေးနက်ကြီးက နှစ်ကြိမ်ဟောင်လိုက်သဖြင့် သူမခေါင်းငုံ့ကြည့်လိုက်ရာ မျက်နှာပျက်သွားတော့သည်။ အကြောင်းမှာ ယွီဟွေးဖေး၏မျက်နှာမှာ ဖြူဆွတ်နေပြီး နှုတ်ခမ်းများပင် ပြာနှမ်းနေသောကြောင့် ဖြစ်သည်။ သူ့တစ်ကိုယ်လုံးကို စမ်းကြည့်လိုက်ရာ ရေခဲတုံးကဲ့သို့ အေးစက်နေ၏။
ထန်ယွမ်းသည် ယွီဟွေးဖေး အအေးဒဏ်ကြောင့် သေလုနီးပါးဖြစ်နေကြောင်း သိလိုက်သည်။ အကူအညီတောင်းရန် စဉ်းစားသော်လည်း လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားမိ၏။ ရပ်တန့်လိုက်လျှင်ပင် အားလုံးထံတွင် ယွီဟွေးဖေးကို အနွေးဓာတ်ပေးရန် ပစ္စည်းကိရိယာများ မရှိချေ။
ထိုနှင်းဆိုင်ကယ်များ၏ အင်ဂျင်များမှာ ပူနွေးနေသော်လည်း အင်ဂျင်နှိုး၍ ယွီဟွေးဖေးကို အနွေးဓာတ်ပေးလျှင် ဆီမှာ အိမ်ပြန်ရောက်သည်အထိ လုံလောက်မည်မဟုတ်ချေ။
အကြိမ်ကြိမ်စဉ်းစားပြီးနောက် ထန်ယွမ်းသည် သက်ပြင်းတစ်ချက်ချကာ စောင်ခြုံထဲသို့ ဝင်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ဖြန့်ကာ ယွီဟွေးဖေးကို အားကုန်ပွေ့ဖက်လိုက်ပြီး ယွီဟွေးဖေး၏ဦးခေါင်းကို သူမ၏လေကာအင်္ကျီအတွင်းသို့ ထည့်ကာ သူမ၏ကိုယ်နှင့် ကပ်၍ အနွေးဓာတ်ပေးနေတော့သည်။
မူးဝေဝေဖြစ်နေစဉ် ယွီဟွေးဖေးသည် မွှေးရနံ့တစ်ခုကို ရလိုက်သည်။ ခေါင်းလျှော်ရည်နံ့နှင့်တူသလို၊ ဆပ်ပြာနံ့နှင့်လည်း တူသလိုလို၊ သို့သော် အလွန်နွေးထွေးလှသည်။ သူအလိုအလျောက် တိုးဝှေ့ကာ အဆင်ပြေဆုံးနေရာကို ရွေးချယ်မှီခိုလိုက်ပြီးနောက် နောက်တစ်ကြိမ် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
အိပ်မက်ထဲတွင် ယွီဟွေးဖေး၏စိတ်မှာ ရှုပ်ထွေးနေသည်။ သူနှင်းမုန်တိုင်းထဲတွင် ရှိနေသည်ကို မေ့လျော့သွားပြီး အိမ်တွင်းရှိ အိပ်ရာကြီးပေါ်၌ လှဲလျောင်းနေသည်ဟု ထင်နေသည်။
မည်မျှကြာသွားသည်မသိ၊ ယွီဟွေးဖေးသည် သတိပြန်လည်လာပြီး သူဘယ်မှာရှိနေသည်ကို သတိရလာသည်။ သို့သော် ဤနေရာသည် အဘယ်ကြောင့် ဤမျှနွေးထွေးနေသနည်း။ သူသည် အလိုအလျောက် မျက်လုံးဖွင့်ကြည့်လိုက်ရာ တောင်တစ်လုံး... နှင့် ချောမောသောမျက်နှာလေးတစ်ခုကို မြင်လိုက်ရသည်။
ယွီဟွေးဖေး၏နှလုံးသားမှာ တစ်ချက်တုန်လှုပ်သွားသော်လည်း အများစုမှာ မည်သည့်ညစ်ညမ်းသောအတွေးမျှမရှိဘဲ နွေးထွေးမှုသာ ဖြစ်သည်။
သူတစ်စုံတစ်ခုပြောချင်သော်လည်း မည်သို့ပြောရမည်ကို မသိတော့။ အကြောင်းမှာ ယခုအခြေအနေသည် အနည်းငယ် ရှက်စရာကောင်းနေသောကြောင့် ဖြစ်သည်။ နောက်တစ်ခဏတွင် ငိုက်မျဉ်းမှုက စိုးမိုးလာပြီး ယွီဟွေးဖေး နောက်တစ်ကြိမ် အိပ်ပျော်သွားပြန်သည်။
နောက်တစ်ကြိမ် နိုးလာသည့်အခါတွင် သူအကျွမ်းတဝင်ရှိသော ခေါင်းလျှော်ရည်နံ့ကို မရတော့ဘဲ ဆီးနံ့ကဲ့သို့သော အနံ့တစ်ခု ရနေသည်။
သူ၏ပထမဆုံးအတွေးမှာ ‘ထန်ယွမ်း ဆီးသွားတာလား’
သို့သော် ယွီဟွေးဖေးသည် ဤအတွေးကို ချက်ချင်းပယ်ဖျက်လိုက်ပြီး ‘ဆီးသွားရင်တောင် ငါတို့ မပြောသင့်ဘူး။ အရမ်းရှက်စရာကောင်းတယ်... မသိချင်ယောင်ဆောင်လိုက်တာပဲ ကောင်းတယ်။ အင်း... စာအုပ်ထဲက ဇာတ်လိုက်တွေက ဘယ်လိုနိုးလာကြတာလဲ။ မူးချင်ယောင်ဆောင်ပြီး ဒီအတိုင်းကျော်သွားလိုက်ရင် ကောင်းမလား’
ထို့ကြောင့် ယွီဟွေးဖေးသည် မျက်လုံးမဖွင့်သေးခင်မှာပင် ဇာတ်လမ်းများထဲမှ ဇာတ်လိုက်များကဲ့သို့ မူးဝေနေသည့်ဟန်ဖြင့် "ပင်ပန်းသွားပြီနော်၊ ကျေးဇူးတင်ပါတယ်"
"ကိစ္စမရှိဘူး... မင်းလှဲနေလိုက်။ အစ်ကို အဆင်ပြေတယ်"
အကျွမ်းတဝင်ရှိသော အသံတစ်ခု ထွက်ပေါ်လာ၍ ယွီဟွေးဖေးသည် ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်ရာ နွားကျောင်းသား ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ဦးခေါင်းမှာ ယခု နွားကျောင်းသား၏ ပေါင်ကြားထဲသို့ ထည့်ထားခြင်းခံနေရသဖြင့် ဆီးနံ့ရနေခြင်းပင်။
ယွီဟွေးဖေး ချက်ချင်းပင် ပျို့အန်ချင်စိတ်ဖြစ်လာပြီး အမြန်ထရန် ကြိုးစားသည်။ သို့သော် ထိုစောင်အိတ်ထဲမှ ထွက်လာသည်နှင့် မျက်နှာကို နှင်းမုန်တိုင်းက ရိုက်ခတ်လိုက်သည်။ မျက်စိရှေ့မှ မြင်ကွင်းမှာ ဖြူဖွေးနေပြီး နှင်းပွင့်ကြီးများမှာ လက်မအနည်းငယ်ခန့်ပင် ကြီးမားသည်။ ကောင်းကင်တစ်ခုလုံး ပျံဝဲကာ ကျဆင်းနေသဖြင့် လမ်းကိုမြင်ရဖို့မဆိုထားနှင့် သုံးမီတာအကွာမှ လူကိုပင် ယောက်ျားမိန်းမ မခွဲခြားနိုင်တော့ချေ။
ယွီဟွေးဖေးသည် မျက်လုံးများကို ပွတ်သပ်ရင်း "ဘာဖြစ်နေတာလဲ"
နွားကျောင်းသားက အော်ပြောသည်။ "နှင်းအရမ်းကြီးလို့ အားလုံး မြန်မြန်မသွားနိုင်ဘူး။ ပြီးတော့ လူစုကွဲသွားနိုင်တယ်။ အဓိကကတော့ ငါတို့ လမ်းပျောက်နေကြပြီထင်တယ်"
ဤစကားကိုကြားလျှင် ယွီဟွေးဖေး၏ဦးခေါင်းမှာ မိုက်ခနဲဖြစ်သွားသည်။ လမ်းပျောက်သွားပြီ ဟုတ်လား။
ကျည်ဆန်ကုန်၊ ရိက္ခာပြတ်နေသည့်အခြေအနေတွင် လမ်းပျောက်သွားသည်ဆိုလျှင် သေဆုံးသွားသည်နှင့် ဘာများထူးတော့မည်နည်း။
ယွီဟွေးဖေး အမြန်ထရပ်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ နောက်တွင် ယာဉ်တစ်စီး လိုက်လာသည်ကို မထင်မရှားမြင်နိုင်ပြီး အခြားသူများကိုမူ လုံးဝမမြင်ရတော့ချေ။ ရှေ့တွင်လည်း ခွေးသုံးလေးကောင်ကိုသာ မြင်နိုင်ပြီး ကျန်သည်တို့မှာ ကြိုးများ နှင်းထုထဲတွင် ပျောက်ကွယ်နေသည်။
ထိုအခါ ယွီဟွေးဖေးသည် ခွေးများကို အမြန်ရပ်တန့်ခိုင်းလိုက်ချိန် နောက်မှ နှင်းဆိုင်ကယ်လည်း ရပ်တန့်သွားသည်။
"ဘာဖြစ်နေတာလဲ"
ဆင်းလာသူများမှာ ဟူကြီးနှင့် အဖွဲ့ခေါင်းဆောင်စုန့်တို့ဖြစ်သည်။ သူတို့နှစ်ယောက် ခေါင်းခါရင်း အော်ပြောသည်။ "နှင်းမုန်တိုင်းအရမ်းကြီးလို့ ငါတို့ လမ်းလုံးဝမသိတော့ဘူး။ အခု ဝါကြီးကိုပဲ လမ်းပြခိုင်းနေရတယ်"
နွားကျောင်းသားက "ငါ့ရဲ့ တာ့ပိုင်လည်း ရှိသေးတယ်"
"ခင်ဗျားရဲ့ တာ့ပိုင်ကိုတော့ ထည့်မတွက်နဲ့တော့။ အဲဒါ ဝက်တစ်ကောင်။"
ဟူကြီးက ခေါင်းခါရင်း "ဝက်ကို အထင်မသေးနဲ့။ ဝက်ရဲ့ဉာဏ်ရည်က တိရစ္ဆာန်တွေထဲမှာ အကောင်းဆုံးထဲက တစ်ခုဖြစ်နိုင်တယ်။ အဲဒီဝက်ဖြူကြီးက မင်းရဲ့အစ်ကိုဝမ်းကွဲကို ငါတို့ဆီ ခေါ်လာနိုင်တာက အရာအားလုံးကို သက်သေပြနေပြီ။ အခုငါတို့ တိရစ္ဆာန်တွေရဲ့ပင်ကိုအသိဉာဏ်နဲ့ လမ်းရှာတာကိုပဲ အားကိုးလို့ရတော့တယ်။ ကိုယ့်ဘာသာကိုယ်တော့ လုံးဝမရှာနိုင်တော့ဘူး"
ထိုအချိန်တွင် ချန်းရှန်း၊ ချန်းယန်၊ စွန်းတာချွမ်နှင့် ဝူရွှယ်မေတို့လည်း ရောက်လာကြသည်။ ယွီဟွေးဖေး ကြည့်လိုက်ရာ စိတ်ထဲတွင် တစ်ချက်တုန်လှုပ်သွားပြီး စိုးရိမ်စွာဖြင့် "ထန်ယွမ်းရော"
"အဟမ်း... ဒီမှာ" ထန်ယွမ်းက ချောင်းဆိုးသံဖြင့် ပြောသည်။
ထိုအခါမှ ယွီဟွေးဖေးသည် ထန်ယွမ်းက စွတ်ဖားပေါ်တွင်ပင် ရှိနေသေးကြောင်း သတိပြုမိသွားသည်။ သို့သော် သူတို့နှစ်ဦးကြားတွင် နွားကျောင်းသား ခြားနေသည်။ နွားကျောင်းသားမှာ တောင်လိုပုံလို ကြီးမားပြီး တံခါးတစ်ချပ်ကဲ့သို့ ရှည်လျားသဖြင့် သေးငယ်သော ထန်ယွမ်းကို လုံးဝကွယ်နေစေခြင်းပင်။
နွားကျောင်းသားက "ငါလာတုန်းက ဒီညီလေးလည်း အအေးဒဏ်ခံနေရတာနဲ့တူလို့ ငါဒီမှာပဲ ထိုင်လိုက်တာ။ ငါသူ့ကို လေကာပေးလို့ရတယ်"
အမှန်ပင် လေသည် ဤဘက်မှ တစ်ဖက်သို့ တိုက်ခတ်နေသဖြင့် နွားကျောင်းသားသည် နှင်းမုန်တိုင်းများစွာကို ကာကွယ်ပေးနိုင်သည်။ ယွီဟွေးဖေးသည် ထန်ယွမ်း ဘာမှမဖြစ်သည်ကို မြင်သောအခါ စိတ်အေးသွားသည်။
အဖွဲ့ခေါင်းဆောင်စုန့်သည် ယွီဟွေးဖေး နိုးလာသည်ကို မြင်လျှင် ချက်ချင်းပင် မြေပုံတစ်ချပ်ကို ထုတ်၍ ပြသည်။ ၎င်းမှာ သူတို့ လမ်းတစ်လျှောက် သွားလာခဲ့သော လမ်းကြောင်းပြမြေပုံဖြစ်ပြီး လမ်းတစ်ပိုင်းစီ၊ အကွေ့တစ်ခုစီကို မှတ်တမ်းတင်ထားသည်။ အဓိကအချက်မှာ အချိန်နှင့် ခန့်မှန်းအကွာအဝေးကို မှတ်သားထားခြင်း ဖြစ်သည်။
ယွီဟွေးဖေး ကြည့်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်ပြီး ဦးနှောက်ထဲတွင် အားလုံးသွားလာခဲ့သော လမ်းကြောင်းနှင့် တောင်တန်းမြေမျက်နှာသွင်ပြင်ကို ပြန်လည်စဉ်းစားလိုက်သည်။
နောက်ဆုံးတွင် ယွီဟွေးဖေးက ခါးသီးစွာပြုံးရင်း၊ "မဟုတ်ဘူး... လုံးဝမဟုတ်ဘူး။ အခုသွားနေတဲ့လမ်းက အရင်လာခဲ့တဲ့လမ်းနဲ့ လုံးဝမတူဘူး"
အဖွဲ့ခေါင်းဆောင်စုန့်က "မင်းလည်း ဒီလိုပဲ ထင်တာလား"
ယွီဟွေးဖေးက ခေါင်းခါရင်း "နည်းနည်းပါးပါးမတူရင် ကျွန်တော် မသေချာဘူး။ ဒါပေမဲ့ ဒီမှာက ခြားနားချက်က အရမ်းကြီးတယ်။ သေချာပေါက် မတူဘူး။ အဖွဲ့ခေါင်းဆောင်... ခင်ဗျားလည်း မြင်တယ်မလား"
အဖွဲ့ခေါင်းဆောင်စုန့်က ခါးသီးစွာ ခေါင်းညိတ်သည်။ သူအစပိုင်းတွင် မမှန်သည်ကို တွေ့သောအခါ သူကိုယ်တိုင် လမ်းကြောင်းမှားတွက်မိသည်ဟု ထင်ခဲ့သည်။ ယခု ယွီဟွေးဖေးနှင့် မှတ်ဉာဏ်တိုက်ဆိုင်ကြည့်သောအခါ လူအနည်းငယ်မှာ ကြောင်သွားကြသည်။ ဤသည်မှာ သူတို့ အမှန်တကယ် လမ်းပျောက်နေသည်ဟု ဆိုလိုခြင်း မဟုတ်လော။
သို့သော် ယွီဟွေးဖေးက "ခင်ဗျားတို့ စိတ်မလှုပ်ရှားကြပါနဲ့။ လမ်းကြောင်းမတူပေမဲ့ ဦးတည်ရာက မမှားဘူး။ ဝါကြီးက အရင်မုဆိုးတွေနဲ့ တောင်ထဲကို အမြဲဝင်ထွက်နေတာ၊ ဒီတောတောင်ကို ကျွန်တော့်ထက် ပိုကျွမ်းတယ်။ အခုကျွန်တော်သံသယရှိတာက ဝါကြီးက မူလလမ်းကြောင်းကို စွန့်ပြီး ငါတို့ကို ဖြတ်လမ်းကနေ အိမ်ပြန်ခေါ်နေတာ"
စွန်းတာချွမ်က စိတ်မရှည်စွာဖြင့် "လူတွေတောင် လမ်းမမှတ်မိတာ၊ ခွေးတစ်ကောင်ကို အားကိုးရမှာလား"
ဝူရွှယ်မေကလည်း စိုးရိမ်စွာဖြင့် "ခွေးက ဘယ်လောက်ပဲ ဉာဏ်ကောင်းနေပါစေ ခွေးပဲလေ၊ သူက ငါတို့ကို အိမ်ပြန်ခေါ်နိုင်ပါ့မလား"