← Chapters

ဝါကြီး၏မာန

Vol. 11 Ch. 158

ဝါကြီး၏မာန

Vol. 11 Ch. 158

ချန်းရှန်းနှင့် ချန်းယန်တို့လည်း မျက်မှောင်ကြုတ်နေကြသည်။

"တော်ကြပါတော့ အားလုံးပဲ။ မူလလမ်းအတိုင်းသွားရင် ကျွန်တော်တို့ နောက်ထပ်တစ်ရက်ပိုလျှောက်ရမယ်။ အဲဒီတစ်ရက်မှာ ကျွန်တော်တို့မှာ ဘာရိက္ခာမှ မရှိဘူး။ ဒီနှင်းက ပိုပိုကြီးလာတယ်၊ လေကလည်း ပိုပိုပြင်းလာတယ်။ အမှန်အတိုင်းပြောရရင် ဒီလိုနှင်းမုန်တိုင်း နောက်တစ်ရက်လောက်ထပ်လာရင် ကျွန်တော်တောင် ထွက်သွားနိုင်ပါ့မလား မသေချာဘူး။ ဘာလို့လဲဆိုတော့ နှင်းက အရမ်းထူတယ်၊ မြေအနေအထားပြောင်းလဲမှုက အရမ်းကြီးတယ်၊ လုံးဝမှတ်မိနိုင်တော့မှာ မဟုတ်ဘူး။ ဝါကြီးမှာ ဖြတ်လမ်းရှိရင် သူ့နောက်လိုက်သွားတာက အသက်ရှင်နိုင်မယ့်အခွင့်အရေးပဲ။"

စွန်းတာချွမ်တို့လူစုမှာ တစ်စုံတစ်ခုပြောချင်သေးသော်လည်း နောက်ဆုံးတွင် လက်လျှော့လိုက်ကြသည်။ အကြောင်းမှာ ယခုအချိန်တွင် အခြားနည်းလမ်းမရှိတော့ဘဲ စမ်းကြည့်ရုံသာ ရှိတော့သည်။

ယွီဟွေးဖေးသည် စွတ်ဖားပေါ်မှ ခုန်ဆင်းကာ "ကျွန်တော် ဝါကြီးကို သွားမေးကြည့်မယ်။ သူတကယ်လမ်းသိမသိ ကြည့်ရမယ်။ လျှောက်သွားလို့မဖြစ်ဘူး။ လျှောက်သွားရင် သေကုန်လိမ့်မယ်"

အဖွဲ့ခေါင်းဆောင်စုန့်က ခေါင်းညိတ်ထောက်ခံလေ၏။ ယွီဟွေးဖေးသည် ဝါကြီးကို ရှာတွေ့ပြီး ထိုင်ချကာ မေးလိုက်သည်။

"ဝါကြီး... မင်းအိမ်ပြန်လမ်းကို ရှာနိုင်သေးလား"

ဝါကြီးသည် ပင်ပန်းနွမ်းနယ်နေဟန်ရှိသော်လည်း မာနကြီးကြီးဖြင့် ဦးခေါင်းကို မော့ကာ အဝေးသို့ကြည့်ရင်း ‘ဝုတ် ဝုတ်’ ဟု ဟောင်လိုက်သည်။

ယွီဟွေးဖေးက ပြုံးလိုက်ပြီး "ကောင်းပြီ၊ ငါမင်းကို ယုံတယ်။ ဝါကြီး... အခုကစပြီး ငါတို့အားလုံးရဲ့အသက်ကို မင်းလက်ထဲအပ်လိုက်ပြီ... ငါတို့ကို အိမ်ပြန်ခေါ်သွားပါ"

ဝါကြီးသည် ဆက်လက်ဟောင်နေသလို ဘေးမှ အဖြူရောင်တောဝက်ကလည်း လိုက်အော်နေလေ၏။

ယွီဟွေးဖေးက ရယ်မောရင်း "တာ့ပိုင်... မင်းကိုလည်း အားကိုးရမယ်။ အိမ်ပြန်ရောက်ရင် ငါတို့အိမ်နောက်ဖေးက တာ့ပိုင်မလေးက မင်းအတွက်ပဲ"

တောဝက်ဖြူသည် နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ အလွန်တရာ စိတ်လှုပ်ရှားပျော်ရွှင်နေပြီး နေရာမှာပင် ခုန်ပေါက်နေ၏။

ယွီဟွေးဖေးသည်လည်း နောက်သို့ပြန်သွားပြီး အဖွဲ့ခေါင်းဆောင်စုန့်တို့ကို အားကုန်ခေါင်းညိတ်ပြလိုက်သည်။ သူ၏မျက်လုံးများက သူတို့ကို "ကိစ္စမရှိဘူး၊ သွားကြစို့" ဟု ပြောနေသကဲ့သို့ပင်။

ထို့နောက် အားလုံး ယာဉ်ပေါ်တက်ကာ စွတ်ဖားက ရှေ့မှလမ်းဖွင့်ပြီး နှင်းဆိုင်ကယ်များက နောက်မှလိုက်ကာ တောင်အပြင်သို့ တရှိန်ထိုး ထွက်ခွာသွားကြသည်။

နှင်းမုန်တိုင်းမှာမူ ဆက်လက်တိုက်ခတ်နေဆဲ...

နေ့လယ်ပိုင်းသို့ရောက်သောအခါ မိုးတိမ်များ ပို၍ထူထပ်လာပြီး နှင်းမှာ ပို၍ကျလာကာ နေရောင်ကို ကွယ်ကာလိုက်သဖြင့် တစ်ကမ္ဘာလုံး စောစီးစွာ ညသို့ရောက်ရှိသွားတော့သည်။

အမှောင်ထဲတွင် ယွီဟွေးဖေးသည် ဘာကိုမှ မမြင်ရတော့ချေ။ နောက်သို့လှည့်ကြည့်မှသာ နှင်းဆိုင်ကယ်၏ မီးရောင်မှိန်မှိန်က နောက်မှလူများ နောက်မကျကျန်ခဲ့ကြောင်း ပြောပြနေသည်။ အားလုံးလိုက်မီစေရန်နှင့် လမ်းမပျောက်စေရန် ယွီဟွေးဖေးသည် တုတ်တစ်ချောင်းကို ရှာဖွေကာ သွားရင်းနှင့် ယာဉ်ပေါ်မှ သံလက်ကိုင်ကို ရိုက်ခတ်နေသဖြင့် ‘တောင် တောင်’ ဟူသော သတ္တုသံများ ထွက်ပေါ်နေ၏။

နောက်မှမူ အခါအားလျော်စွာ ဟွန်းတီးသံ သို့မဟုတ် မီးရောင်ပြခြင်းဖြင့် တုံ့ပြန်ကြသည်။ ဤသို့ဖြင့် အားလုံးသည် အချင်းချင်းကူညီဖေးမရင်း အမှောင်ထဲတွင် ခရီးဆက်နေကြသည်။ ယခုအချိန်တွင် ယွီဟွေးဖေးနှင့် နွားကျောင်းသားမှလွဲ၍ အခြားသူအားလုံး၏စိတ်မှာ မတည်မငြိမ်ဖြစ်နေကြသည်။

တကယ့်ညအချိန်သို့ရောက်သောအခါ သူတို့မှာ မခံနိုင်တော့လုနီးပါးဖြစ်နေပြီ။ အဖွဲ့ခေါင်းဆောင်စုန့်က လိုက်လာပြီး နေရာရှာ၍ နားနေသင့်သလားဟု မေးရာ ယွီဟွေးဖေး ငြင်းပယ်လိုက်သည်။ အကြောင်းမှာ ယခုအချိန်တွင် နေရာရှာ၍နားနေခြင်းမှာ လုံးဝရယ်စရာကောင်းသော ကိစ္စဖြစ်သောကြောင့်ပင်။

သူတို့ဘယ်မှာရှိနေသည်ကို ကိုယ်တိုင်ပင်မသိဘဲ နှင်းမုန်တိုင်းကို ကာကွယ်နိုင်သောနေရာကို ဘယ်မှာရှာရမည်နည်း။ ထိုသို့သောနေရာကို မရှာနိုင်လျှင် နားနေခြင်း၏အဓိပ္ပာယ်မှာ အဘယ်နည်း။ နှင်းများဖြင့် အရှင်လတ်လတ် မြှုပ်နှံခံရရန် စောင့်နေရမည်လော။

အဖွဲ့ခေါင်းဆောင်စုန့်လည်း ထိုအကြောင်းရင်းကို နားလည်သဖြင့် လာမေးခြင်းမှာ ယွီဟွေးဖေးထံမှ အဖြေတစ်ခုရယူကာ အခြားသူများကို ပြန်ပြောရန်သာ ဖြစ်သည်။

နွားကျောင်းသားသည် ဘေးမှ စိုးရိမ်နေသော ထန်ယွမ်းကို ကြည့်ရင်း "ညီလေး... မကြောက်နဲ့။ ငါ့ရဲ့နှစ်ပေါင်းရှစ်ရာ လူ့ဘဝအတွေ့အကြုံအရ တောဝက်တွေက လူတွေထက် မှတ်ဉာဏ်ပိုကောင်းတယ်။ အဲဒီခွေးလည်း မဆိုးပါဘူး... အတိုချုပ်ပြောရရင် ဒီအချိန်မှာ သူတို့က လူတွေထက် ပိုအားကိုးရတယ်။ လိုက်သွားရင် အိမ်ပြန်ရောက်မှာပါ"

ထန်ယွမ်းက ခါးသီးစွာပြုံးရင်း "အစ်ကိုလန်က တကယ်နောက်တတ်တာပဲ"

သူမသည် နွားကျောင်းသားပြောသော နှစ်ပေါင်းရှစ်ရာကို နောက်ပြောင်ခြင်းဟု ထင်မှတ်ကာ မယုံကြည်ခဲ့ချေ။ ယွီဟွေးဖေးကမူ နွားကျောင်းသား၏ခါးကို တိတ်တဆိတ် ဆွဲလိမ်လိုက်ရာ ဤလူမှာ အသားမာ၊ အရေထူလွန်းသဖြင့် သူပင်လျှင် မလိမ်နိုင်လုနီးပါးဖြစ်နေ၏။

သို့သော် နွားကျောင်းသားလည်း သူစကားမှားပြောမိသည်ကို သိသဖြင့် ချက်ချင်းပါးစပ်ပိတ်ကာ တိတ်ဆိတ်စွာထိုင်၍ လေကာပေးနေသည်။

ဤလူ၏ကိုယ်ခန္ဓာကြံ့ခိုင်မှုမှာ အလွန်ကောင်းမွန်လှသည်။ သူ၏ကိုယ်တွင်းသွေးလည်ပတ်မှုမှာ အလွန်လျင်မြန်သည်။ နှင်းမုန်တိုင်းမှာ ကြီးမားသော်လည်း သူ၏ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် ဘယ်ကရလာမှန်းမသိသော အနွေးထည်ကြီးဖြင့် အနိုင်နိုင်ခံနေနိုင်သည်။ ယွီဟွေးဖေးသည် ယခင်က အအေးဒဏ်ကြောင့် သေလုနီးပါးဖြစ်ခဲ့သော နွားကျောင်းသားမှာ ဤနွားကျောင်းသားအစစ် ဟုတ်မဟုတ်ကိုပင် သံသယဝင်မိသည်။

သို့သော် သေချာစဉ်းစားကြည့်လျှင် ထိုလူသည် ယခင်က အပြင်တွင် တစ်ရက်နှစ်ရက်ကြာ အေးခဲနေခဲ့ပြီး အဝတ်အစားလည်း ပါးလွှာစွာ ဝတ်ဆင်ထားသဖြင့် ထိုသို့ဖြစ်သွားခြင်းမှာ သဘာဝကျလှသည်။

နောက်တစ်ချက်မှာ ယွီဟွေးဖေးသည် နွားကျောင်းသားနေထိုင်သောနေရာမှာ ကမ္ဘာမြေ၏တောင်ပိုင်းနှင့်တူပြီး ထိုနေရာမှအအေးမှာ ဤနေရာမှ ကိုယ်ခန္ဓာကို တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ အရိုးတွင်းစိမ့်ဝင်သော မှော်ပညာတိုက်ခိုက်မှုမျိုးဖြစ်သည်ဟု သံသယဝင်မိ၏။ ထိုသို့သောအအေးဒဏ်ကို မည်မျှသန်မာသောကိုယ်ခန္ဓာပင်ဖြစ်စေ မခံနိုင်ချေ။

လျှောက်တွေးရင်း ယွီဟွေးဖေး၏မျက်စိရှေ့မှာ အမှောင်ကျနေပြီ။ နောက်ဆုံးတွင် ယွီဟွေးဖေးလည်း အအေးဒဏ်ကြောင့် နွားကျောင်းသား၏အခြားတစ်ဖက်သို့ တိုးကပ်လိုက်သည်။

ယွီဟွေးဖေးသည် ထန်ယွမ်းနှင့် နီးကပ်သွားပြီး မျက်စိရှေ့မှလူကို ကြည့်ရင်း "နင်ရှိသေးလား"

ထန်ယွမ်းက ရယ်ရခက်၊ ငိုရခက်ဖြင့် "ဒီအချိန်မှာတော့ မနောက်ပါနဲ့တော့"

"ငါမနောက်ဘူး၊ ငါနင့်ကို တကယ်မမြင်ရလို့။ ဒီမှာက အရမ်းမှောင်တာ"

ထန်ယွမ်းမှာ စကားမပြောနိုင်တော့ချေ။ အမှန်တကယ်တွင် သူမလည်း သူမနှင့်လက်တစ်ကမ်းအကွာမှ ယွီဟွေးဖေးကို မမြင်ရချေ။ ထိုအချိန်တွင် လက်တစ်ဖက်ရောက်လာပြီး သူမ၏လက်မောင်းကို ဆွဲကိုင်လိုက်လေ၏။

"ကိုင်ထား... စိတ်မပူရအောင်လို့"

ထန်ယွမ်း၏စိတ်ထဲတွင် နွေးထွေးသွားသည်။ သူမသည် ယွီဟွေးဖေးက အခွင့်အရေးယူခြင်းမဟုတ်ဘဲ သူမကို တကယ်စိုးရိမ်နေကြောင်း သိလိုက်သည်။ ထိုဘက်တွင် ယွီဟွေးဖေးလည်း နွားကျောင်းသားကို ဆွဲထားသည်။ နွားကျောင်းသားက လက်တစ်ဖက်ဖြင့် ကြိုးကိုင်ထားပြီး လက်တစ်ဖက်ဖြင့် ထိုခွေးနက်ကြီးကို ကိုင်ထား၏။ ခွေးနက်ကြီးက တုတ်တစ်ချောင်းကို ကိုက်ထားပြီး ခဏအကြာတွင် ဘေးမှ သံလက်ကိုင်ကို တစ်ချက်ရိုက်ခတ်လိုက်သည်။

လေမှာ ပို၍ပြင်းထန်လာသည်၊ နှင်းမှာ ပို၍ကြီးမားလာသည်။

နောက်ပိုင်းတွင် အားလုံးသည် ရှေ့သို့သွားနေသည်လား၊ မသွားနေသည်လားကိုပင် မသိတော့ချေ။ အကြောင်းမှာ ပတ်ဝန်းကျင်မှ အမှတ်အသားများကို လုံးဝမမြင်ရတော့သောကြောင့် ဖြစ်သည်။

နောက်မှ နှင်းဆိုင်ကယ်က အသံပြုသော်လည်း စွတ်ဖားမှာမူ ရပ်တန့်မည့်ပုံမပေါ်ချေ။

ယွီဟွေးဖေးက ကျယ်လောင်စွာအော်သော်လည်း နောက်မှလူများမှာ ရှင်းလင်းစွာမကြားရဟန်တူသည်။ အမှန်တကယ်တွင် ထိုဘက်မှအော်သံကို ယွီဟွေးဖေးလည်း တစ်ခွန်းမှ မကြားရချေ။

ပြတ်တောင်းပြတ်တောင်း၊ ရှိတစ်ခါ၊ မရှိတစ်ခါ...

ထိုအချိန်တွင် နှင်းဆိုင်ကယ်တစ်စီးက လိုက်လာပြီး စွန်းတာချွမ်က ကျယ်လောင်စွာအော်လေ၏။။

"ယွီဟွေးဖေး... မင်းက ငါတို့ကို ဘယ်ခေါ်သွားနေတာလဲ။ လူသေသွားနိုင်တယ်ဆိုတာ မင်းသိလား"

ယွီဟွေးဖေး စကားတစ်ခွန်းပြောမည်ကြံရွယ်စဉ်မှာပင် စွတ်ဖား၏အရှိန်မှာ တဖြည်းဖြည်းနှေးကွေးလာသည်ကို ခံစားလိုက်ရသည်။ အခြားတစ်ဖက်မှ ချန်းရှန်းနှင့် ချန်းယန်တို့လည်း လိုက်လာပြီး ဆိုလေ၏။

"ယွီဟွေးဖေး... ငါတို့အခုဘယ်မှာလဲ။ အခုဘယ်သွားနေတာလဲ"

ယွီဟွေးဖေးလည်း ဖြေချင်သော်လည်း သူကိုယ်တိုင်ဘယ်မှာရှိနေသည်ကို မသိချေ။ သို့သော် ယွီဟွေးဖေးသည် သူတို့ဘယ်သွားနေသည်ကို သိသဖြင့်ပြန်လည်ဖြေဆိုလိုက်သည်။

"အိမ်ပြန်နေတာ"

"မင်းအဘိုးကြီးအိမ်ကို ပြန်နေတာလား။ ဒါက အိမ်ပြန်လမ်းလား" ချန်းယန်က မဆဲဘဲမနေနိုင်တော့။

ထန်ယွမ်းက "ချန်းယန်... မင်းဒီလိုမလုပ်ပါနဲ့"

ချန်းယန်က ဒေါသတကြီးဖြင့် "ငါဒီလိုမလုပ်ရဘူး ဟုတ်လား။ သူက ငါတို့ကို သေအောင်လုပ်တော့မယ်၊ မင်းက ငါ့ကို ဒီလိုမလုပ်ပါနဲ့လို့ ပြောနေတာလား။ ငါအကြံပေးချင်တာက ချက်ချင်းဒီနေရာမှာ နှင်းဂူတူးပြီး စခန်းချကြရအောင်။ နှင်းမုန်တိုင်းကို ရှောင်ကြရအောင်"

ချန်းရှန်းနှင့် စွန်းတာချွမ်ကလည်း ထောက်ခံသည်။ "ငါသဘောတူတယ်။"

ဝူရွှယ်မေက စကားမပြောသော်လည်း သူမသည် စွန်းတာချွမ်၏ဇနီးဖြစ်သဖြင့် တိတ်ဆိတ်နေခြင်းမှာ ထောက်ခံခြင်းသာ ဖြစ်သည်။

ထိုအချိန်တွင် ဟူကြီးက လိုက်လာပြီး ငိုသံပါဖြင့် "ညီလေးယွီ၊ ဒီ... တကယ်လို့မဖြစ်ရင် ဒီနေရာမှာပဲ ဂူတူးကြရအောင်။ ငါ့မှာ ဂူတူးတဲ့အတတ်ပညာရှိသေးတယ်"

အဖွဲ့ခေါင်းဆောင်စုန့်က "ညီလေးယွီ... မင်းမှာ ယုံကြည်မှုရှိသေးလား"

ယွီဟွေးဖေးက ရှေ့သို့ကြည့်ရင်း "ကျွန်တော်မသိဘူး၊ ဒါပေမဲ့ ကျွန်တော် ဝါကြီးကို ယုံကြည်တယ်။ သူကျွန်တော့်ကို စိတ်မပျက်စေခဲ့ဖူးဘူး"

"ဒီအချိန်မှာ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့တော့လား" ချန်းရှန်းက ဒေါသတကြီးဖြင့် ပြောသည်။

ထိုအချိန်တွင် စွတ်ဖားအရှိန်မှာ နှေးကွေးသွားရာ ယွီဟွေးဖေး စိတ်ထဲတွင် ထိတ်လန့်သွားပြီး၏။

"ဘာဖြစ်တာလဲ"

စွတ်ဖားရပ်တန့်သွားသောအခါ ယွီဟွေးဖေးသည် အခြားသူများကို ဂရုမစိုက်ဘဲ ဝါကြီးကို တိုက်ရိုက်သွားရှာသည်။ ထိုအခါ ဝါကြီးတို့အဖွဲ့မှာ အားလုံး မြေပြင်ပေါ်တွင် လှဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

ယွီဟွေးဖေး၏စိတ်ထဲတွင် တစ်ချက်တုန်လှုပ်သွားပြီး ခွေးတစ်ကောင်စီကို လိုက်ကြည့်ရာ သူတို့မှာ ပင်ပန်းနွမ်းနယ်၍ မသွားနိုင်တော့သော်လည်း အသက်အန္တရာယ်မရှိသေးကြောင်း တွေ့လိုက်ရသည်။ ဝါကြီးလည်း ထိုနေရာတွင် မလှုပ်မယှက် လှဲလျောင်းနေသည်။ ယွီဟွေးဖေး ရောက်လာသည်ကို မြင်သောအခါ မျက်ခွံကို အနည်းငယ်ဖွင့်ကြည့်ကာ... ဟူးဟူးဟဲဟဲ အသံပြုလိုက်သည်။

ဤလမ်းတစ်လျှောက်လုံး အားကုန်ပြေးလွှားကာ နှစ်ရက်ခရီးကို တစ်ထိုင်တည်းပြေးခဲ့ကြပြီး ကြားထဲတွင် ဝံပုလွေအုပ်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရသဖြင့် သူတို့မှာ အမှန်တကယ် ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်သည်။

တောဝက်မှာမူ ခံနိုင်ရည်အလွန်ကောင်းသော်လည်း သူသည် နွားကျောင်းသားကို တင်ဆောင်ကာ တစ်လမ်းလုံးပြေးလာပြီးနောက် မနားမနေ လှည့်ပြန်ပြေးလာခဲ့သည်ကို မမေ့သင့်ချေ။ ဤသို့သောခရီးကို သူ မပင်ပန်းဘဲမသေသွားခြင်းမှာပင် ကံကောင်းလှပြီ။ တာ့ပိုင်သည် ထိုနေရာတွင် ဟူးဟူးဟဲဟဲဖြင့် လှဲလျောင်းနေပြီး မလှုပ်တော့ချေ။

ထိုအချိန်တွင် ချန်းရှန်း၊ ချန်းယန်၊ စွန်းတာချွမ်၊ ဟူကြီး၊ ထန်ယွမ်းတို့လည်း ရောက်ရှိလာကြသည်။ ခွေးများပင် ဤသို့ဖြစ်နေသည်ကို မြင်သောအခါ အားလုံး၏မျက်မှောင်မှာ ကြုတ်သွား၏။

ချန်းယန်၏လေသံမှာ အနည်းငယ်ပျော့ပျောင်းလာသည်။ "ယွီဟွေးဖေး၊ ထားလိုက်ပါတော့လား။ ဒီနေရာမှာပဲ နှင်းဂူတူးကြရအောင်"

ယွီဟွေးဖေးမှာ ငြင်းပယ်ရန် အကြောင်းပြချက်မရှိတော့ချေ။ ယွီဟွေးဖေးသည် ဝါကြီးကို ပွေ့ဖက်ရင်း "ဝါကြီး... ပင်ပန်းသွားပြီ။ အိမ်မရောက်နိုင်ခဲ့ပေမယ့် ကျေးဇူးတင်ပါတယ်"

ဤစကားကိုကြားလျှင် ဝါကြီးသည် ရုတ်တရက် ခေါင်းထောင်လာပြီး ကောင်းကင်သို့မော့ကာ အားကုန်ဟောင်လိုက်သည်။

"ဝုတ် ဝုတ် ဝုတ်။ ဝုတ် ဝုတ် ဝုတ်"

ဝါကြီးဟောင်လျှင် ခွေးဆယ့်နှစ်ကောင်လည်း လိုက်ဟောင်ကြချိန် စွပ်ဖားပေါ်မှ ခွေးနက်ကြီးလည်း ဟောင်သည်။

စွန်းတာချွမ်က နားမလည်စွာနှင့် စိတ်မရှည်စွာဖြင့် "ဒီအချိန်ရောက်မှ ဘာလို့ဟောင်နေကြတာလဲ။ အားနည်းနည်းချန်ထားကြဦး။ ဟောင်လိုက်ရုံနဲ့ ကောင်းကင်က နတ်စစ်သည်တော်တွေ ဆင်းလာပြီး ကယ်တင်မှာလား"

ထိုအချိန်တွင် ယွီဟွေးဖေး ရုတ်တရက် ထရပ်ကာ နားစွင့်နေသည်။ စွန်းတာချွမ်က တစ်စုံတစ်ခုပြောမည်ကြံရွယ်စဉ် ဝူရွှယ်မေက တားဆီးလိုက်သည်။ ဤအခိုက်တွင် နွားကျောင်းသားလည်း လျှောက်လာပြီး တိုးတိုးလေးပြောသည်။

"ငါခွေးဟောင်သံ ကြားလိုက်သလိုပဲ"

စွန်းတာချွမ်က တိုးတိုးလေးပြောသည်။ "မင်းနားက တကယ်ကောင်းတာပဲ။ မျက်စိရှေ့တင်ရှိနေတာတောင် မကြားရင်သာ ထူးဆန်းတော့မှာ"

နွားကျောင်းသားက ခေါင်းခါသည်။ "သူတို့ဟောင်သံမဟုတ်ဘူး။ ခွေးဟောင်သံက ရှေ့ကလာတာ"

စွန်းတာချွမ်က "ဒီတောနက်ကြီးထဲမှာ ဘယ်ကခွေးလာမှာလဲ။ မင်းနားကြားမှားတာနေမှာပေါ့"

ချန်းရှန်းလည်း "ခင်ဗျားတို့ သံသယတွေ မဝင်ကြပါနဲ့တော့။ သိပ္ပံပညာအရ လူတွေက အပူချိန်နိမ့်တဲ့ပတ်ဝန်းကျင်မှာ၊ သေခြင်းတရားရှေ့မှာ အမြင်မှားတတ်ကြတယ်။ ဒီအချိန်မှာ အကောင်းဆုံးနည်းလမ်းက ဒီနေရာမှာပဲ ဂူတူးပြီး အနွေးဓာတ်ပြဿနာကို အရင်ဖြေရှင်းပြီးမှ တခြားကိစ္စတွေကို ပြောကြတာပေါ့"

"အသံမထွက်နဲ့၊ သူနားထောင်နေတယ်" ထန်ယွမ်းက ပြောသည်။

ချန်းရှန်းက ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်ပြီး "ဒီအချိန်ရောက်နေပြီ၊ မင်းက သူ့ဘက်က ကာပြောနေတုန်းပဲလား။ အရင်က သူမှန်ခဲ့တယ်၊ ဒါပေမဲ့ အခု... သိသိသာသာမှားနေပြီလေ"

ချန်းယန်ကလည်း "ဟုတ်တယ်လေ... ထန်ယွမ်း။ ငါတို့ငယ်ငယ်ကတည်းက အတူတူနေလာကြတာ၊ ငါတို့က မင်းကို ဘယ်တုန်းက ဒုက္ခပေးဖူးလို့လဲ။ ဒီတစ်ခါ ငါတို့ပြောတာ နားထောင်လို့မရဘူးလား"

ဟူကြီးက ကြားဝင်ဖြန်ဖြေသော်လည်း အသုံးမဝင်ချေ။ အဖွဲ့ခေါင်းဆောင်စုန့်က ဤသည်ကိုမြင်လျှင် အေးစက်စွာ ဆိုလိုက်သည်။

"တော်ကြတော့။ အားလုံးပါးစပ်ပိတ်ထား။ ဂူတူးချင်တဲ့သူတွေ ဂူသွားတူးကြ။ ဒီမှာ ရန်မဖြစ်ကြနဲ့"

ချန်းရှန်းနှင့် ချန်းယန်တို့ ကြားလျှင် ဒေါသတကြီးဖြင့် ဂူသွားတူးကြသည်။ စွန်းတာချွမ်က "ငါကူညီမယ်" ။ဝူရွှယ်မေလည်း လိုက်သွားသည်။

သူတို့ ပစ္စည်းကိရိယာရှာနေစဉ်မှာပင် မထင်မရှား ခွေးဟောင်သံတစ်ခု ထွက်ပေါ်လာတော့သည်။

All Chapters