အကျဉ်းသားအသစ်
Vol. 11 Ch. 162
ထို့နောက် ဤကောင်နှစ်ကောင်သည် တစ်ကောင်က တံခါးပေါ်တွင် မှီကာ အသေအလဲတွန်းထားကြတော့သည်။ အခြားတစ်ကောင်မှာမူ ရှာဖွေနိုင်သမျှပစ္စည်းများကို ရှာဖွေကာ တံခါးပိတ်ဆို့ရန် ဆွဲယူလာနေပြီ။
ယွီဟွေးဖေးမှာ စကားမပြောနိုင်အောင်ဖြစ်ကာ ရယ်ရခက်ငိုရခက်ဖြင့် "ခင်ဗျားတို့က ခင်ဗျားတို့ရှိနေရင် ပြဿနာမရှိဘူးဆို"
သရဲနက်သည် တံခါးပိတ်ဆို့ရင်း အားကုန်ခေါင်းညိတ်သည်။ "ဟုတ်တယ်... ပြဿနာမရှိဘူး။ လူတော့ ဘာမှမဖြစ်ဘူး၊ ဒါပေမဲ့ အစာအိမ်ကတော့ သေချာပေါက်ပြဿနာရှိတယ်"
ယွီဟွေးဖေးမှာ နောက်တစ်ကြိမ် စကားမပြောနိုင်တော့ချေ။ ထိုအချိန်တွင် အိတ်ကပ်ထဲမှ နောက်တစ်ကြိမ် ပူလောင်မှုတစ်ခု ဖြစ်ပေါ်လာ၍ တံဆိပ်ကို ထုတ်ကြည့်လိုက်ရာ အပေါ်မှစာသားများမှာ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
"ညီလေးယွီ... သူ့ကိုတံခါးဖွင့်ပေးလိုက်ပါဦး။ တိကျန့် အဲဒီဘုန်းကြီးငယ်လေးက ငါ့ကိုပြောနေပြီဟ"
"မဖွင့်ဘူး... ဒါကတော့ ဘာပြောပြော ပြန်ပို့ရမယ်"
"ဒီကောင်လေး ဘာလို့ဒီလောက်ခေါင်းမာနေတာတုန်း။ မင်းပိုက်ဆံမရှိတော့ဘူးဆို။ ပိုက်ဆံမရှိတော့ဘဲ မင်းသူတို့ကို အသားကျွေးနေသေးတာလား။ ဒီဘုန်းကြီးရောက်လာရင် မင်းရဲ့စားစရိတ်က တစ်ဝက်မက လျော့ကျသွားမှာ သေချာတယ်နော်။ စိတ်ကူးမလွဲနဲ့"
ယွီဟွေးဖေးက ဟက်ဟက်ပက်ပက်ရယ်မောရင်း "ဟုတ်တယ်လေ... ကျုပ်ကိုယ်အလေးချိန်လည်း တစ်ဝက်မက လျော့ကျသွားမှာပေါ့။ ကျုပ်ဂရုမစိုက်ဘူး၊ ဒါကိုတော့ ပြန်ပို့ကိုပို့မယ်"
"ဒါက တကယ်ပြန်ပို့လို့မရဘူး... ပြီးတော့ မင်းတို့လည်း မတားနဲ့တော့။ ထပ်တားနေရင် ဒီကောင်ခဏနေရင် နတ်မင်းကြီးဆီ သွားတိုင်ရင် အပြစ်ပေးခံရဦးမယ်"
ယွီဟွေးဖေးမှာ စကားမပြောနိုင်တော့ချေ။ သို့သော် စဉ်းစားကြည့်လျှင်လည်း ထိုအကြောင်းရင်းမှာ မှန်ကန်လှသည်။ သူသည် အကျဉ်းထောင်မှူးတစ်ယောက်သာ ဖြစ်သည်။ အထက်က ဘယ်သူ့ကိုပစ်ချချ၊ သူပြောတာကို နားထောင်မည်တဲ့လား။
"မြန်မြန်တံခါးဖွင့်လိုက်ပါ... ဘာပဲဖြစ်ဖြစ် ဒါက မင်းနယ်မြေ၊ မင်းသူ့ကိုကြောက်နေသေးတာလား"
နောက်ဆုံးတွင် ယွီဟွေးဖေးသည် တံခါးဖွင့်လိုက်သည်။ ဘုန်းကြီးငယ်လေး ဝင်လာပြီး ထိုကြီးမားလှသည့် သားရဲကြီး တိထင်မှာမူ မဝင်လာချေ။
ဘုန်းကြီးငယ်လေး ဝင်လာသည်နှင့် အားလုံးကို အနည်းငယ်ပြုံးပြပြီးနောက် မျက်ခုံးပင့်ကာ မကောင်းဆိုးဝါးဆန်ဆန်ပြုံးလေ၏။
"မီးဖိုချောင်ထဲမှာ အသားရှိတယ်... ဟုတ်တယ်မလား"
ယွီဟွေးဖေး ကြားလျှင် စိတ်ထဲတွင် "ဒီကောင် ခွေးနှာခေါင်းလား" ဟူ၍ပင် တွေးမိလိုက်သည်။
ထို့အခိုက် ဤဘုန်းကြီးငယ်လေးသည် ခြေတိုတိုကိုသုံးကာ မီးဖိုချောင်သို့ ပြေးဝင်သွားသဖြင့် ယွီဟွေးဖေးက အလိုအလျောက် နောက်သို့လှည့်၍ သူ၏နောက်ကော်လံကို ဆွဲကိုင်လိုက်ပြီး ဆွဲမလိုက်ရာ ခြေထောက်တိုလေးနှစ်ချောင်းမှာ လေထဲတွင် လှုပ်ရှားနေလေ၏။
မှန်၏၊ ယွီဟွေးဖေးသည် တိကျန့်ဘုရားလောင်းကို ဂုတ်မှဆွဲမလိုက်ခြင်းပင်။
သရဲဖြူ၊ သရဲနက်တို့မှာ ယခင်ခဏက အလွန်ကြောက်လန့်နေသော်လည်း နောက်တစ်ခဏတွင် တိကျန့်ဘုရားလောင်း ယွီဟွေးဖေး၏ဆွဲမခြင်းကို ခံလိုက်ရသည်ကို မြင်သောအခါ တစ်ယောက်ချင်းစီ ရယ်မောကြတော့သည်။
"ဟားဟားဟား... ဘုရားလောင်း၊ မင်းလည်း ဒီနေ့ရောက်လာပြီပေါ့။ တန်ခိုးမရှိတော့ဘူးမလား။ ငါတို့အားလုံး တူတူပဲဖြစ်သွားပြီမလား" သရဲနက်က ပါးစပ်ကြီးကိုဖြဲကာ ဟားတိုက်ရယ်မောသည်။
"အော့မီတော်ဖော်"
တိကျန့်သည် လက်အုပ်ချီကာ ပြုံးလိုက်ပြီးနောက် ယွီဟွေးဖေးကို တစ်ချက်ကြည့်လိုက်ရာ ယွီဟွေးဖေးခမျာ ရုတ်တရက် နိမိတ်မကောင်းသလို ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင် တိကျန့်သည် ယွီဟွေးဖေး၏လက်မောင်းကို ဆွဲကိုင်ကာ အားကုန်ဆွဲလိုက်သည်။
‘ဘုန်း’
ယွီဟွေးဖေးမှာ ဘုန်းကြီးငယ်လေး၏ ပစ်ပေါက်ခြင်းကို ခံလိုက်ရပြီးနောက် ဤကောင်လေးသည် သူ့ကို အပြစ်ကင်းစင်သောမျက်နှာဖြင့် ပြုံးရွှင်စွာ ဆိုလေ၏။
"အော့မီတော်ဖော်... သနားကြင်နာတော်မူတတ်သော ဗုဒ္ဓမြတ်စွာဘုရား..."
ဤဘုန်းကြီးငယ်လေးသည် မျက်ခုံးပင့်ကာ နှုတ်ခမ်းမဲ့ရင်း သွားဖြူဖြူများကို ဖော်ထုတ်လိုက်သည်။ ထိုအပြုံးနှင့်အတူ ဘုန်းကြီးငယ်လေးမှာ ပို၍ကြောက်မက်ဖွယ်ကောင်းလာသည်။
"ငါဘုရားလောင်းက မင်းကို နတ်ပြည်ပို့ပေးမယ်ကွ"
ထို့နောက် ဤဘုန်းကြီးငယ်လေးသည် တိုက်ရိုက်ပြေးဝင်သွားပြီး ယွီဟွေးဖေးကို ခွစီးကာ အဆက်မပြတ်ထိုးနှက်တော့သည်။
သရဲနက် ဤသည်ကိုမြင်လျှင် အမြန်သွားရောက်တားဆီးသည်။ သို့သော် ဤအကောင်ငယ်လေးမှာ အလွန်ကြမ်းလှ၏။ နောက်သို့လှည့်ကာ သရဲနက်ကို တစ်ချက်ကြည့်ပြီးနောက် ရုတ်တရက် အရှိန်မြှင့်ကာ သရဲနက်၏ဗိုက်ကို ခေါင်းဖြင့်တိုက်လိုက်ရာ သရဲနက်ခမျာ လွင့်စင်သွားရှာလေသည်။
သရဲဖြူက ဒေါသတကြီးဖြင့် "ပိစိကွေးလေး... မင်းက နတ်ပြည်တက်ချင်သေးတာလား"
သရဲဖြူ၏လက်ကြီးက ဆွဲဆန့်ထွက်လာလေရာ ဘုန်းကြီးငယ်လေးသည် နှုတ်ခမ်းမဲ့ပြုံးလိုက်ပြီး မျက်လုံးထဲတွင် ကြောက်မက်ဖွယ်အလင်းရောင်များ တောက်ပလာသည်။ ခေါင်းငုံ့ကာ မြေပြင်ပေါ်တွင် တစ်ပတ်လိမ့်လိုက်ပြီး သရဲဖြူ၏လက်ကြီးကို ရှောင်တိမ်း၍ မြေပြင်ပေါ်မှ အပြာရောင်အုတ်ခဲကြီးတစ်လုံးကို ကောက်ယူကာ လှည့်ခုန်လိုက်သည်။
‘ခွပ်’
ထိုအုတ်ခဲသည် သရဲဖြူ၏ခေါင်းကို တိုက်ရိုက်ခွဲလိုက်သည်။
ယခင်ကပင် ပြောခဲ့သည့်အတိုင်း ဤလူများ လူ့ဘုံသို့ဆင်းသက်လာပြီးနောက် သုံးပွင့်ဆိုင်ထိပ်တန်း ဒြပ်ငါးပါးစုံအခြေခံရှိသူ နတ်မင်းကြီးဖြစ်စေ၊ သာမန်နတ်ဖြစ်စေ လောကီဓားတစ်ချက်ဖြင့် လူ့ဘုံသို့ ခုတ်ချခံရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤကမ္ဘာ၏စည်းမျဉ်းများသည် သင့်အခြားကမ္ဘာမှ ကိုယ်ခန္ဓာကြံ့ခိုင်မှုအရ အချိုးအစားတစ်ခုဖြင့် အစွမ်းအစကို လျှော့ချပြီးနောက် လူ့ခန္ဓာကိုယ်တစ်ခုကို ပေးအပ်မည်ဖြစ်သည်။
ဆိုလိုသည်မှာ ယခုသရဲဖြူ၊ သရဲနက်သည် ငရဲနတ်ဖြစ်သော်လည်း လူ့ခန္ဓာကိုယ်ရှိနေပြီဖြစ်သည်။ သာမန်လူနှင့် ဘာမှမခြားနားချေ။ ထို့ကြောင့် ဤတစ်ချက်ရိုက်ခံလိုက်သည့်အခါ သွေးများ စီးကျလာတော့သည်။
ယွီဟွေးဖေးသည် အစပိုင်းတွင် တစ်ဖက်သားက နောက်ပြောင်နေသည်ဟု ထင်ခဲ့သော်လည်း ယခုကြည့်လိုက်ရာ ဤကောင်မှာ အသေသတ်နေခြင်း ဖြစ်သည်။
သရဲနက် ဤသည်ကိုမြင်လျှင် ဒေါသတကြီးဖြင့် "သတောင်းဇား ကြည့်ထား"
သရဲနက် သတ်ဖြတ်လာရာ ဘုန်းကြီးငယ်လေးသည် တစ်ချက်လှည့်ကာ ခြေလှမ်းအနည်းငယ်ဖြင့် နေရာပြောင်းသွားသကဲ့သို့ သရဲနက်၏ပေါင်ကြားမှ တိုးဝင်သွားပြီးနောက် နောက်ပြန်လက်ဖြင့် တစ်စုံတစ်ရာကို ဆောင့်ဆွဲထုတ်လိုက်သည်။
"အူးဝူးဟူး..."
သရဲနက်သည် အလိုအလျောက် ခြေထောက်နှစ်ချောင်းကို စေ့လိုက်ပြီး အော်ဟစ်လိုက်သည့်အသံမှာ အလွန်တရာ ကြေကွဲဖွယ်ကောင်းလှသည်။ ယွီဟွေးဖေးမှာ ဤမြင်ကွင်းကိုမြင်လျှင် စိတ်ထဲတွင် တစ်ချက်တုန်လှုပ်သွားပြီး ပေါင်ကြားကို စေ့လိုက်မိ၏။
ဘုန်းကြီးငယ်လေးသည် နှုတ်ခမ်းမဲ့ပြုံးလိုက်ပြီး "မင်းတို့ ဒီပေါက်လွတ်ပဲစားတွေ၊ ငါဘုရားလောင်းနဲ့ ယှဥ်ဖိုက်ရဲသေးတာလား။ မှတ်ထားကွ... ဒီနေ့ကစပြီး ဒီမှာ ငါကသူဌေးပဲ"
ဤစကားအား ယွီဟွေးဖေး ကြားလျှင် ချက်ချင်းပင် ဒေါသထွက်သွားသည်။ ဒီမြေးလေးက တကယ်ရန်လာရှာတာကိုး၊ ဒါကိုတော့ သည်းမခံနိုင်ဘူး။
ယွီဟွေးဖေးကို စိတ်အေးစေသည့်တစ်ခုတည်းသောအရာမှာ လျိုရှင်း၏အခန်းထဲမှ လှုပ်ရှားမှုမရှိသေးခြင်း ဖြစ်သည်။ ဒီကောင်မလေးက နှစ်ခြိုက်စွာအိပ်ပျော်နေပြီး အနှောင့်အယှက်မခံရသေးချေ။
ယွီဟွေးဖေးသည် ဘုန်းကြီးငယ်လေးကို လက်ညှိုးထိုးရင်း "ဘုန်းကြီးလေး... ဒီနေရာက ကျုပ်အကျဉ်းထောင်၊ ကျုပ်ဆီရောက်လာရင် ကျုပ်စကားကိုနားထောင်ရမယ်။ ကျုပ် ခင်ဗျားကိုအပြစ်တိုးပေးမယ်ဆိုတာ ယုံလား။ ခင်ဗျားကိုနတ်ပြည်ပို့ပြီး မိုးကြိုးပစ်ခိုင်းမယ်"
ဘုန်းကြီးငယ်လေး ကြားလျှင် စိတ်မဆိုး၊ မကြောက်ဘဲ ဟားတိုက်ရယ်မောရင်း "ငါသာ မိုးကြိုးပစ်ခံရလို့ သေသွားမယ်ဆိုရင် ကြာပြီသေနေပြီ။ မင်းဆီလာစရာလိုသေးလို့လား"
ယွီဟွေးဖေး ကြားလျှင် ဒေါသထွက်လွန်းသဖြင့် မျက်လုံးများပင် ပေါက်ကွဲထွက်တော့မတတ်ဖြစ်သွားသည်။ သေစမ်း... နတ်ပြည်မှာရှိတဲ့ အဘိုးကြီးတွေက ဒီအကောင်လေးကို မနိုင်လို့ သူ့ဆီပစ်ချလိုက်တာကိုး။
သို့သော် ယွီဟွေးဖေးလည်း မကြောက်ချေ။ အေးစက်စွာ ဟိန်းဟောက်လိုက်သည်။
"ကောင်းပြီ... သိပ်တော်တယ်မလား။ ကျုပ်နဲ့ နောက်တောင်ကုန်းမှာ အရှုံးအနိုင်ယှဉ်ပြိုင်ရဲလား"
ဤစကားကိုကြားလျှင် ဘုန်းကြီးငယ်လေးသည် ပြုံးလိုက်ပြီးနောက် လက်သီးကိုဆုပ်ကာ ယွီဟွေးဖေးထံ လျှောက်လာသည်။
"ငါဘုရားလောင်းကို ဉာဏ်ဆင်ချင်သေးတာလား။ ကြည့်ထားစမ်း... ဒီနေ့မင်းကို မထိုးသတ်နိုင်ရင် ငါလူမလုပ်တော့ဘူး"
ယွီဟွေးဖေးမှာ စကားမပြောနိုင်တော့ချေ။ ဒီဘုန်းကြီးငယ်လေးက တကယ်ပဲ ဉာဏ်ကောင်းတာပဲ၊ စကားမများဘဲ တိုက်ရိုက်လက်ပါတော့မယ်။ ထို့ကြောင့် ချက်ချင်းထရပ်ပြီး နောက်ဖေးခြံသို့ ပြေးသွားရာ ဘုန်းကြီးငယ်လေးက အေးစက်စွာ ကြိမ်းဝါးလိုက်သည်။
"ဒီနေ့ မင်းကိုရိုက်တာ ဘယ်သူမှတားလို့မရဘူးကွ" စကားပြောရင်း ဘုန်းကြီးငယ်လေးက နောက်မှလိုက်လာသည်။
နောက်ဖေးခြံသို့ဝင်ရောက်သည်နှင့် ယွီဟွေးဖေးသည် ချက်ချင်းအော်ဟစ်လိုက်၏။
"အစ်ကိုနွား၊ အစ်ကိုမြင်း၊ အစ်ကိုလန်၊ အစ်ကိုခွေး၊ လက်နက်ဆွဲကြ"
ယွီဟွေးဖေး၏အော်ဟစ်သံကိုကြားလျှင် နွားခေါင်းနှင့်မြင်းမျက်နှာသည် ပထမဆုံးပြေးထွက်လာသည်။ တစ်ချိန်တည်းမှာပင် သရဲဖြူ၊ သရဲနက်လည်း လိုက်လာသည်။ ယခုအချိန်တွင် သူတို့နှစ်ယောက်သည် လက်နက်များကို ထုတ်ယူထားပြီး ငိုကြွေးတုတ်နှင့် ဝိညာဉ်ဖမ်းကြိုးစသည့် လက်နက်အစုံအလင်ဖြင့် ရောက်ရှိလာကြပြီ။
နွားခေါင်းနှင့်မြင်းမျက်နှာသည် အစပိုင်းတွင် ထိုဘုန်းကြီးငယ်လေး၏အထောက်အထားကို မမှတ်မိဘဲ အံ့ဩစွာဖြင့် စဆိုလေ၏။
"ညီလေးယွီ... ဒီဘုန်းကြီးလေးက ဘယ်ကတုန်းကွ"
ယွီဟွေးဖေး စကားမပြောသေးခင်မှာပင် ဘုန်းကြီးငယ်လေးသည် ခေါင်းမော့ကာ နွားခေါင်းကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများတောက်ပလာကာ နှုတ်ခမ်းမဲ့ကာ ပြုံးလိုက်၏။
"ဒီနွားခေါင်းက မဆိုးဘူးပဲ။ နောက်မှခုတ်ချပြီး နံရံမှာအလှဆင်ပစ္စည်းအဖြစ် ချိတ်ထားရမယ်"
နွားခေါင်း ကြားလျှင် ချက်ချင်းပင် ဒေါသထွက်သွားသည်။ "ဟေ့... ဒီနေ့ မင်းကို မဆုံးမနိုင်ရင် ငါနွားခေါင်းမဟုတ်တော့ဘူးကွ"
သရဲဖြူ ပြေးဝင်လာပြီး "နွားကြီး... ဒီကောင်လေးက တိကျန့်ဘုရားလောင်းပဲ။ ဒါပေမဲ့ တန်ခိုးမရှိတော့ဘူး"
နွားခေါင်း ကြားလျှင် ချက်ချင်းပင် ပြုံးလိုက်ပြီး တစ်ချိန်တည်းမှာပင် လက်သီးတစ်ချက်ထိုးလိုက်ရာ ဘုန်းကြီးငယ်လေးသည် မျက်ခုံးပင့်ကာ ကြောက်မက်ဖွယ်ပြုံးလိုက်လေ၏။
"ငါဘုရားလောင်းနဲ့ အားယှဉ်ချင်တာလား"
ထို့နောက် ဘုန်းကြီးငယ်လေးသည် လက်တစ်ဖက်ဖြင့် လက်သီးတစ်ချက်ထိုးလိုက်ရာ ‘ဘုန်း’ ဟူသော အသံနက်ကြီးထွက်ပေါ်လာသည်။ ထို့နောက် အားလုံးသည် နွားခေါင်း မလှုပ်မယှက်ရပ်နေပြီး ဘုန်းကြီးငယ်လေးမှာမူ ခြေလှမ်းဆယ်လှမ်းနောက်ဆုတ်သွားကာ သူက အံ့ဩစွာဖြင့် နွားခေါင်းကို ကြည့်ရင်း ပြောလေသည်။
"အားက တော်တော်ကြီးတာပဲ"
နွားခေါင်းသည် နှုတ်ခမ်းမဲ့ပြုံးရင်း "မင်းတန်ခိုးမရှိတော့ဘူးဆိုတာ သေချာသွားပြီ။ အဟဲဟဲ... ကောင်လေး... ရန်ငြိုးဟောင်း၊ ရန်ငြိုးသစ် အကုန်စုရှင်းကြရအောင်"
ဘုန်းကြီးငယ်လေးသည်လည်း နှုတ်ခမ်းမဲ့ရင်း "မင်းအားက မနည်းဘူး၊ ဒါပေမဲ့ မင်းငါ့အရှိန်ကို လိုက်မီလို့လား"
စကားပြောရင်း ဘုန်းကြီးငယ်လေးသည် အရှိန်မြှင့်ကာ နွားခေါင်းကို ပတ်၍ပြေးလေတော့သည်။ သရဲဖြူ၊ သရဲနက် ကူညီချင်သော်လည်း နွားခေါင်းက ငြင်းပယ်လိုက်၏။
"ဒီကောင်လေးကို ငါတစ်ယောက်တည်း နိုင်တယ်"
သို့သော် နောက်တစ်ခဏတွင် နွားခေါင်းသည် ထိုဘုန်းကြီးငယ်လေး၏ လေထဲသို့ခုန်တက်ကာ ခေါင်းကိုလက်သီးဖြင့်ထိုးခြင်းကို ခံလိုက်ရသည်။ နွားခေါင်းက အေးစက်စွာ ဟိန်းလိုက်ပြီး လက်သီးတစ်ချက်ဖြင့် ပြန်လည်တိုက်ခိုက်လိုက်ရာ သူတို့နှစ်ဦး၏လက်သီးများ နောက်တစ်ကြိမ်တိုက်မိကြရာ ဘုန်းကြီးငယ်လေး တိုက်ရိုက်ပင် လွင့်စင်ထွက်သွားသည်။
ယွီဟွေးဖေးလည်း ဘုန်းကြီးငယ်လေး ရှုံးနိမ့်သွားသည်ကိုမြင်လျှင် လက်ခုပ်တီးကာ အားပေးလိုက်၏။
"နွားကြီးက တော်လိုက်တာဗျာ"
နွားခေါင်းသည် လက်ကောက်ဝတ်ကို လှုပ်ခါရင်း "ပါးပါးလေးပါကွာ"
ဘုန်းကြီးငယ်လေးက မျက်ခုံးပင့်ကာ "လာစမ်း... နောက်တစ်ခါချမယ်"
ဤတစ်ကြိမ်တွင် သူ၏အရှိန်မှာ ပို၍မြန်လာပြီး နွားခေါင်းကို ဆက်လက်ပတ်၍ ပြေး၏။ နွားခေါင်းသည် မပြောင်းလဲသောနည်းဖြင့် ယခင်အတိုင်းရင်ဆိုင်သည်။ နေရာမှာပင် မလှုပ်မယှက်ရပ်နေပြီး နွားနားရွက်တစ်စုံဖြင့် နားစွင့်ကာ နေရာကို အတိအကျသိရှိနိုင်သည်။ ဘုန်းကြီးငယ်လေး မည်သို့ပင် လေးဘက်လေးတန်မှ တိုက်ခိုက်စေကာမူ သူသည် လွယ်ကူစွာတားဆီးနိုင်ပြီး ဘုန်းကြီးငယ်လေးမှာမူ အကြိမ်ကြိမ် လွင့်စင်ထွက်သွားသဖြင့် အနည်းငယ်ရှုံးနိမ့်နေသည်။
အားလုံးက နွားခေါင်း အနိုင်ရတော့မည်ဟု ထင်နေစဉ် ဘုန်းကြီးငယ်လေးသည် ရုတ်တရက် နောက်တစ်ကြိမ်ခုန်တက်လိုက်သည်။
နွားခေါင်း မျက်ခုံးပင့်ကာ "တော်လောက်ပြီ၊ လှဲလိုက်တော့"
လက်သီးတစ်ချက်ထိုးလိုက်ရာ ဤလက်သီးတွင် အားခုနစ်၊ ရှစ်ပုံခန့်သုံးထားသဖြင့် အလွန်ပြင်းထန်လှသည်။ ထိုအချိန်တွင် ဘုန်းကြီးငယ်လေးသည် နွားခေါင်းကို နှုတ်ခမ်းမဲ့ပြုံးပြကာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ အဖြူရောင်အမှုန့်တစ်စု နွားခေါင်း၏မျက်လုံးများသို့ ပက်ဖျန်းသွားရာ နွားခေါင်းသည် ချက်ချင်းပင် ဟိန်းလိုက်ပြီး မျက်လုံးများကိုမှိတ်လိုက်သည်။
ဤအခိုက် ဘုန်းကြီးငယ်လေးသည် လေထဲတွင် အလျားလိုက်အကွာအဝေးတစ်ခုကို ခုန်ဖြတ်ကျော်သွားသဖြင့် နွားခေါင်း၏လက်သီးတစ်ချက်နှင့် လွဲချော်သွားသည်။ ထို့နောက် ဘုန်းကြီးငယ်လေးမှ လက်တစ်ဖက်ဖြင့် နွားခေါင်းလက်မောင်းကိုဆွဲကိုင်ကာ အားကုန်ဆွဲလိုက်ရာ ကိုယ်မှာ ကျည်ဆန်ကဲ့သို့ နွားခေါင်းထံ တိုးဝင်သွားပြီး နွားခေါင်း၏နှာခေါင်းကို လက်သီးဖြင့်တစ်ချက်ထိုးချလိုက်သည်။
‘ခွပ်...’
နွားခေါင်းသည် နှာခေါင်းကိုကိုင်ကာ အဆက်မပြတ်နောက်ဆုတ်သွားပြီး သွေးများ စီးကျလာသည်။ ယွီဟွေးဖေးမှာ ဤမြင်ကွင်းကိုမြင်လျှင် မဆဲဘဲမနေနိုင်တော့။
"သောက်ကျိုးနည်း... ဒီကောင်က အရမ်းယုတ်မာတာပဲ"
ဘုန်းကြီးငယ်လေးမှာ တိကျန့်ဘုရားလောင်းဖြစ်သည်ဟု သူအမြဲထင်ခဲ့သည်။ ဘုရားလောင်းဆိုလျှင် အလွန်တရာ ကျင့်ဝတ်သိက္ခာရှိရမည်။ သို့သော် မျက်စိရှေ့မှ ဤဘုန်းကြီးငယ်လေးမှာ လှုပ်ရှားမှုတိုင်းတွင် ဘုန်းကြီးတစ်ပါးနှင့်မတူ၊ ဘုရားလောင်းတစ်ပါးနှင့် ပို၍မတူ။ ယခုမူ သဲမှုန့်ပက်ခြင်းကဲ့သို့သော အောက်တန်းကျသောနည်းလမ်းကိုပင် သုံးစွဲနေပြီဖြစ်သည်။
ဘုန်းကြီးငယ်လေးသည် တစ်ချက်အောင်မြင်သွားပြီးနောက် မြေပြင်ပေါ်သို့ဆင်းသက်ကာ နောက်သို့လှည့်ကာ အားလုံးကို နှုတ်ခမ်းထော်၍ ခေါင်းမော်ကြည့်ရင်း "ငါဘုရားလောင်းကို ဒီလိုမကြည့်နဲ့။ ငါယုံကြည်တာက စစ်သည်တော်ရဲ့လမ်းစဉ်က လှည့်ဖြားခြင်း၊ အောင်နိုင်သူက ဘုရင်။ ဘယ်နည်းလမ်းပဲသုံးသုံး၊ နိုင်ရင် နိုင်တာပဲ။ မင်းတို့ထဲမှာ ဘယ်သူမကျေနပ်သေးလဲ"
သရဲဖြူ ဤသည်ကိုမြင်လျှင် ရှေ့သို့တစ်လှမ်းတိုးကာ တစ်စုံတစ်ခုပြောမည်ကြံရွယ်သည်။ မြင်းမျက်နှာသည် သူ့ကိုတားဆီးလိုက်ပြီး ကောင်းမွန်စွာသတိပေးလိုက်သည်။
"ဒီဘုန်းကြီးငယ်လေးက ယုတ်မာပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူက တိကျန့်ဘုရားလောင်းလေ။ သူ့ကိုလက်ပါတာ မကောင်းဘူးမလား..."
"ဟေ... ဘယ်ကမြည်းလဲဟ။ မျက်နှာက တော်တော်ရှည်သား။ ငါဘုရားလောင်း ဒီနေရာကို သိမ်းပိုက်ပြီးရင် မင်းက ငါ့အတွက် ဆန်ဖွတ်ပေးရမယ်"
ဘုန်းကြီးငယ်လေး၏ပါးစပ်မှာ အလွန်ညစ်ညမ်းသဖြင့် စကားတစ်ခွန်းထွက်သည်နှင့် မြင်းမျက်နှာ၏မျက်နှာမှာ စိမ်းဖန့်သွားသည်။ မြင်းမျက်နှာ၏ဒေါသမှာ ပေါက်ကွဲထွက်တော့မတတ်ဖြစ်သွားပြီး တစ်ဖက်သားမှာ တိကျန့်ဘုရားလောင်းဖြစ်သည်ကိုပင် ဂရုမစိုက်တော့ဘဲ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"သတောင်းဇားလေး ကြည့်ထား"