← Chapters

ကျွတ်ဆတ်ရဲ့လား

Vol. 11 Ch. 163

ကျွတ်ဆတ်ရဲ့လား

Vol. 11 Ch. 163

မြင်းမျက်နှာသည် လက်သီးကိုဆုပ်ကာ ထိုးနှက်လိုက်သော်လည်း ဘုန်းကြီးငယ်လေးမှာ ရှောင်တိမ်းလိုက်ရင်း တစ်ပြိုင်နက်တည်း လှောင်ပြောင်လိုက်သည်။

"ခြေထောက်နှစ်ချောင်းနဲ့ရပ်တဲ့ မြည်းလိုကောင်ကများကွာ"

မြင်းမျက်နှာက သူ၏မျက်နှာမှာ မြင်းမျက်နှာဖြစ်နေခြင်းကိုပင် အရှက်ရစရာဟု ထင်မှတ်နေသည်။ ယခုမူ ဤဘုန်းကြီးငယ်လေးက သူ့ကို မြည်းဟုနှိမ့်ချလိုက်သဖြင့် ချက်ချင်းပင် ဒေါသအလွန်အမင်းထွက်ကာ လက်သီးချက်များမှာလည်း အများကြီးပို၍ကြမ်းတမ်းလာသည်။

မြင်းမျက်နှာ၏အားမှာ နွားခေါင်းကိုမမီသော်လည်း အရှိန်မှာမူ နွားခေါင်းထက်မြန်သည်။ ဘုန်းကြီးငယ်လေးသည် မြင်းမျက်နှာ၏လက်ချက်ဖြင့် အသာစီးမရနိုင်သော်လည်း သူ့မျက်လုံးတစ်စုံမှာမူ ကလိမ်ကျစွာဖြင့် လှုပ်ရှားနေပြီး အကြံအစည်တစ်ခုခုကို ကြံစည်နေဟန်တူသည်။

ထိုအချိန်တွင် ဘုန်းကြီးငယ်လေးသည် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"မြည်းကောင် နောက်ကိုကြည့်စမ်း"

မြင်းမျက်နှာ၏ဦးနှောက်မှာ အမြဲတစေ ထက်မြက်လှသည်မဟုတ်။ ဤအော်ဟစ်သံကိုကြားလျှင် အလိုအလျောက် နောက်သို့လှည့်ကြည့်လိုက်သည်။

ထို့နောက်...

‘ဘုန်း’

ထမ်းပိုးတစ်ချောင်းသည် မြင်းခေါင်းပေါ်သို့ ရိုက်ခတ်သွားရာ ထမ်းပိုးမှာ နေရာမှာပင် ကျိုးသွားသည်။ မြင်းမျက်နှာသည် ယိုင်နဲ့ကာ ရှေ့သို့ခြေလှမ်းနှစ်လှမ်းလွန်သွားပြီး နောက်စေ့ကိုသုတ်ကြည့်လိုက်ရာ သွေးများချည်းပင်။

ဘုန်းကြီးငယ်လေးသည် တစ်ချက်အောင်မြင်သွားပြီး ဂုဏ်ယူစွာဖြင့် "ဘယ်ကောင် မကျေနပ်သေးလဲကွ"

ယွီဟွေးဖေး မကြည့်နိုင်တော့ချေ။ "သူနဲ့စကားမများနဲ့တော့၊ အတူတူဝိုင်းတက်ပြီး ဆွဲလိုက်စမ်း"

စကားဆုံးသည်နှင့် ယွီဟွေးဖေးသည် ပထမဆုံးလက်ပါလိုက်သည်။ သရဲဖြူ၊ သရဲနက်၊ မြင်းမျက်နှာမှာ သည်းမခံနိုင်တော့ဘဲ လိုက်ပါတိုက်ခိုက်ကြသည်။ နွားခေါင်းသည်လည်း မျက်နှာကိုအကြမ်းဖျင်းသစ်လိုက်ပြီး မျက်လုံးများမြင်နိုင်သွားသည့်အခါ နွားမျက်လုံးနီတစ်စုံဖြင့် တိုက်ပွဲသို့နောက်တစ်ကြိမ် ဝင်ရောက်လာသည်။

သို့သော် ဘုန်းကြီးငယ်လေးမှာ အလွန်သေးငယ်ပြီး အားကြီး၊ အရှိန်မြန်သည့်အပြင် သူ၌ထူးခြားသောကိုယ်ဖော့ပညာတစ်ခုရှိသည်။ ပြေးလွှားသည့်အခါ သရဲဖြူ၊ သရဲနက်၏ကိုယ်ဖော့ပညာနှင့်ပင် မကွဲပြားဘဲ ဘယ်ညာရှောင်တိမ်းနေသဖြင့် အားလုံးမှာ သူ့ကိုမနိုင်ကြချေ။

သို့သော် ဤဘုန်းကြီးငယ်လေး၏ပါးစပ်မှာ အလွန်ဆိုးလှသည်။ တိုက်ခိုက်ရင်း အော်ဟစ်နေ၏။

"မြည်းလေး ထမင်းမစားရသေးဘူးလား"

"နွားခေါင်း... မင်းရဲ့ဦးခေါင်းကို မင်းလည်ပင်းပေါ်မှာ ခဏအပ်ထားမယ်နော်။ နောက်မှ ငါ့အခန်းပြင်ဆင်ပြီးရင် မင်းခေါင်းကိုဖြုတ်ပြီး အလှဆင်ထားမယ်"

"မင်းတို့ဒီအဖြူအမည်းနှစ်ကောင်၊ နောက်မှမင်းတို့လျှာတွေအကုန် ဆွဲထုတ်ပစ်မယ်"

"ဒီလူယုတ်မာကောင်၊ ငါဘုရားလောင်းကို အပြင်မှာပိတ်ထားရဲတယ်လား"

"ဟင်း ဟင်း... နောက်မှ မင်းအမေကို..."

အားလုံးကြားလျှင် အလွန်တရာဒေါသထွက်သွားကြသည်။

ထိုအချိန်တွင် ချွေ့ကျွယ်က "အားလုံးစိတ်မဆိုးကြနဲ့၊ သူက အားလုံးကို တမင်စိတ်ဆိုးအောင်လုပ်နေတာ။ ရည်ရွယ်ချက်က အားလုံးကိုဒေါသထွက်နေတဲ့အခြေအနေမှာ အာရုံမစိုက်နိုင်အောင်လုပ်ပြီး အခွင့်အရေးယူဖို့ပဲ။ ဒီကောင်လေးက ဘုရားလောင်းရဲ့ အမှောင်ဘက်ခြမ်းက ကိုယ်ပွားနေမယ်။ မကောင်းပေမယ့် အရမ်းဉာဏ်ကောင်းတယ်"

ဘုန်းကြီးငယ်လေး ကြားလျှင် ခေါင်းမော့ကာ ချွေ့ကျွယ်ကိုတစ်ချက်ကြည့်ပြီး နှုတ်ခမ်းမဲ့ပြုံးလိုက်၏။

"ဪ... နှစ်သောင်းချီ ဒုတိယနေရာကောင်ပဲကိုး... ဘာပြောနေတာလဲကွ"

ချွေ့ကျွယ် ကြားလျှင် မျက်နှာချက်ချင်းမည်းသွားသည်။ သို့သော် ချက်ချင်းပင် သူပြန်ပြုံးလိုက်သည်။

"မင်းကြိုက်သလိုပြော"

သို့သော် နောက်တစ်ခဏတွင် ချွေ့ကျွယ်သည် တရားသူကြီး ကလောင်တံကိုဆွဲကိုင်ကာ တိုက်ပွဲသို့ဝင်ရောက်လာသည်။ ထို့နောက် ဘုန်းကြီးငယ်လေး နောင်တရသွား၏။ အကြောင်းမှာ အခြားသူများတိုက်ခိုက်သည့်အခါ တည့်တည့် သို့မဟုတ် ဘေးမှတိုက်ခိုက်ကြသော်လည်း ချွေ့ကျွယ်မှာမူ မတူချေ။

ဤသူမှာ သူ၏နောက်ပိုင်းကို အထူးလိုက်လံတိုက်ခိုက်ပြီး တရားသူကြီးကလောင်တံတစ်ချောင်းဖြင့် သူ၏တင်ပါးကို အမြဲချိန်ရွယ်နေသည်။ အနည်းငယ်သတိလွတ်သွားသည်နှင့် ပေါက်ကွဲထွက်တော့မတတ်ပင်။

ပထမဆုံးအကြိမ်အဖြစ် ဘုန်းကြီးငယ်လေးသည် ဤယဉ်ကျေးဟန်ဆောင်ပြီး အမှန်တကယ်တွင် စိတ်ထားညစ်ညမ်းသောသူကို တိုက်ပွဲသို့ဆွဲသွင်းမိသည့်အတွက် နောင်တရသွားသည်။

ထိုဘက်တွင် ဆူညံပွက်လောရိုက်သံကြားလျှင် ရှောင်ထျန်းချန်သည် နောက်ဆုံးတွင်ထွက်လာသည်။

ဤသေနာကျခွေးသည် သမ်းဝေရင်း "ဘာဖြစ်နေကြတာတုန်"

ယွီဟွေးဖေးက "ကိုခွေးကြီး... ဒီမြေးလေးက အကျဉ်းသားအသစ်၊ ဒါပေမဲ့ စည်းကမ်းမလိုက်နာဘူး။ လူတောင်ရိုက်သေးတယ်"

ရှောင်ထျန်းချန် ကြားလျှင် မျက်ခုံးပင့်ကာ "ဘယ်သူ့ကိုရိုက်တာလဲ။ အလို... မင်းတို့အားလုံးခေါင်းကွဲနေပြီပဲ၊ ဟားဟားဟား..."

ဤသေနာကျခွေးသည် သရဲဖြူနှင့် မြင်းမျက်နှာတို့၏ခေါင်းတစ်ခုလုံး သွေးများစီးကျနေသည်ကိုမြင်သောအခါ စိတ်မဆိုးသည့်အပြင် အနည်းငယ်ပျော်ရွှင်နေဟန်တူသည်။

ထိုအချိန်တွင် ဘုန်းကြီးငယ်လေးသည် သူ့ကိုမြင်သွားပြီး မျက်ခုံးပင့်ကာ "ဟေ့... ခွေးမည်းလေးပဲဟ။ သိပ်ဆူဖြိုးတဲ့လှချေလား... နောက်မှပြုတ်ပြီး ကျိကုန်းနဲ့ ခွဲစားမယ်"

ရှောင်ထျန်းချန်သည် ဤစကားကိုကြားလျှင် တစ်စုံတစ်ခုဖြင့်လှုံ့ဆော်ခံလိုက်ရသကဲ့သို့ မျက်ခုံးပင့်ကာ "မင်းက အဲ့ဒီကျန်းလုံကို သိတယ်လား"

ဘုန်းကြီးငယ်လေးက နှုတ်ခမ်းမဲ့ရင်း "သိတယ်ဆိုတာဘာလဲ။ သူငါ့ကို ဖိနပ်သယ်ပေးရင်တော်သေးတယ်၊ ဒါပေမဲ့ ခွေးသားစားတဲ့နေရာမှာတော့ ပက်စက်တယ်ဟ"

ဤစကားကိုကြားလျှင် ရှောင်ထျန်းချန်သည် ချက်ချင်းပင်ဒေါသထွက်သွားသည်။ "ဟေ့... ငါ့ခွေးရိုက်တုတ်သိုင်းကိုကြည့်စမ်း"

ရှောင်ထျန်းချန်သည် တိုက်ရိုက်မတ်တပ်ရပ်ကာ တုတ်တစ်ချောင်းကိုကိုင်ဆောင်ပြီး ရန်ပွဲထဲသို့ ဝင်ရောက်လာလေတော့သည်။

ဘုန်းကြီးငယ်လေးမှာ ဤခွေး၌တိုက်ခိုက်နိုင်စွမ်းမရှိဟုထင်ခဲ့သော်လည်း သည်ခွေးတိုက်ပွဲသို့ဝင်ရောက်လာပြီးနောက် သူသည် ကံဆိုးစွာဖြင့် ဤခွေး၏တိုက်ခိုက်နိုင်စွမ်းမှာ အလွန်တရာကြမ်းတမ်းလှသည်ကို တွေ့ရှိလိုက်ရသည်။

အဓိကအချက်မှာ ဤသူမှာလည်း အလွန်ယုတ်မာပြီး တည့်တည့်တိုက်ခိုက်ခြင်းမပြုဘဲ အခွင့်အရေးရှာဖွေကာ ချောင်းရိုက်ရန်သာကြိုးစားနေသည်။ အကြိမ်ကြိမ်ပင် ဤခွေး၏တိုက်ခိုက်မှုကြောင့် ပေါင်ခြံမှငှက်အိမ်လေးကိုပင် ထိမှန်လုနီးပါးဖြစ်ခဲ့သည်။

ဒေါသထွက်လွန်းသဖြင့် ဘုန်းကြီးငယ်လေးသည် မဆဲဘဲမနေနိုင်တော့။

"မင်းက ခွေးလား။ မဟုတ်ဘူး၊ မင်းက တကယ်ခွေးပဲ။"

ဤဘက်တွင် တိုက်ပွဲပြင်းထန်နေစဉ် နွားကျောင်းသားလည်းထွက်လာသည်။

"ဘာလုပ်နေကြတာလဲ။ ဘာလုပ်နေကြတာလဲ။ လူတစ်အုပ်က ကလေးတစ်ယောက်ကို ဝိုင်းရိုက်နေတာလား"

ဘုန်းကြီးငယ်လေးသည် ဤလူထွားကြီးထွက်လာသည်ကိုမြင်လျှင် မျက်ခုံးပင့်လိုက်သည်။ ယွီဟွေးဖေး ရှင်းပြရန်ကြံရွယ်သော်လည်း ဘုန်းကြီးငယ်လေး၏အကျင့်စရိုက်ကိုစဉ်းစားမိလျှင် သူပါးစပ်ဖွင့်သည်နှင့် နွားကျောင်းသားကိုဒေါသထွက်စေနိုင်ပြီး သူစကားပြောရန်ပင်မလိုတော့ဟု ထင်လိုက်သည်။ ထို့ကြောင့် ယွီဟွေးဖေးသည် စကားမပြောဘဲ ဘုန်းကြီးကိုသာ အတင်းလိုက်လံတိုက်ခိုက်နေ၏။

သို့သော် ဘုန်းကြီးငယ်လေးသည် ရုတ်တရက် 'ဝါး' ဟုအော်ငိုလိုက်ပြီး နွားကျောင်းသားနောက်သို့ပုန်းကွယ်ကာ၊

"အစ်ကိုကြီး... ကယ်ပါဦး။ ဒီလူတွေရူးနေပြီ။ အားလုံးလူဆိုးတွေ၊ ကျွန်တော့်ကိုသတ်ချင်နေကြတယ်။ အစ်ကိုကြီး၊ ကျွန်တော့်ကိုကယ်ပါဦး..."

နွားကျောင်းသား ကြောင်သွားပြီး ခေါင်းကုတ်ရင်း "တကယ်ကြီးလား၊ ဟုတ်ကော ဟုတ်ရဲ့လား"

အားလုံးလည်း ကြောင်သွားကြသည်။ ဤအမြဲတစေ ကြမ်းတမ်းလှသောသူမှာ ယခုအခါတွင် ကြောက်လန့်သွားပြီး ပါးစပ်စစ်မခင်းတော့ဘဲ သနားခံအကူအညီတောင်းနေသည်ကို မမျှော်လင့်ခဲ့ကြ။ သို့သော် သူပွေ့ဖက်ထားသော နွားကျောင်းသားကိုမြင်လျှင် အားလုံးပြုံးလိုက်ကြသည်။

နွားကျောင်းသားက ခေါင်းကုတ်ရင်းမေးသည်။ "ညီအစ်ကိုတို့... သူပြောတာတကယ်လား"

နွားခေါင်းက "ဘယ်လိုပြောရမလဲ။ သူ့ကိုမြင်ပြီးတဲ့နောက် ငါတို့တကယ်ရူးသွားတယ်... ဒီနေ့ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုရိုက်ရမယ်"

မြင်းမျက်နှာလည်း "ငါလိုငရဲဘုံက ငရဲသားတစ်ယောက်က တိကျန့်ဘုရားလောင်းကိုတောင်ရိုက်နိုင်ပြီကွ... ဒီအရသာက ငါမတတ်ပဲ"

သရဲဖြူ၊ သရဲနက်က ခေါင်းညိတ်ရင်း "ဟုတ်တယ်၊ ငါတို့ရူးနေပြီ။ ဒီကိစ္စက တရားမျှတမှုနဲ့မဆိုင်ဘူး၊ ငါတို့သူ့ကိုရိုက်ချင်နေတာ"

အားလုံးဒေါသထွက်နေကြသဖြင့် မည်သူမျှရှင်းပြချင်စိတ်မရှိဘဲ လူရိုက်ချင်နေကြသည်။

ဘုန်းကြီးငယ်လေး ကြားလျှင် ချက်ချင်းပင်ပျော်ရွှင်သွားပြီး စိတ်ထဲတွင် ‘ဒီအရူးတွေ... နွားကျောင်းသားက နာမည်ကြီးရိုးသားဖြောင့်မတ်တယ်ဆိုတာ သူတို့မသိဘူးလား။ ဒီလိုလူက အမှန်တရားဘက်ကပဲရပ်တည်တယ်... မင်းတို့မရှင်းပြရင် ငါက ဒီအကူအညီကိုလက်ခံလိုက်ပြီ’

ဘုန်းကြီးငယ်လေးသည် သနားစရာကောင်းစွာဖြင့် နွားကျောင်းသားကိုကြည့်ရင်း "အစ်ကိုကြီး... ကယ်ပါဦး"

နွားကျောင်းသားက ခေါင်းညိတ်သည်။ "ကိစ္စမရှိဘူး... စိတ်မပူနဲ့"

စကားဆုံးသည်နှင့် နွားကျောင်းသားသည် ဘုန်းကြီးငယ်လေးကိုပွေ့ချီလိုက်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ဒီနေ့ ငါဒီမှာရှိနေတယ်၊ မင်းတို့ ဘယ်သူ သူ့ကိုလက်ပါရဲလဲ ကြည့်ကြသေးတာပေါ့"

ဘုန်းကြီးငယ်လေးသည် ဂုဏ်ယူစွာပြုံးလိုက်သည်။ ထို့နောက် အားလုံးလှုပ်ရှားလာသည်ကိုမြင်လျှင် "အစ်ကိုကြီး... သူတို့ကိုရိုက်ပါ"

သို့သော် နွားကျောင်းသားမှာ မလှုပ်ချေ။

ဘုန်းကြီးငယ်လေးက "အစ်ကိုကြီး... သူတို့အားလုံးရောက်လာပြီ၊ မြန်မြန်တက်တိုက်တော့လေ"

နွားကျောင်းသားမှာ မလှုပ်မယှက်ပင်။ ဘုန်းကြီးငယ်လေးက စိတ်မရှည်တော့ဘဲ ကိုယ်တိုင်ထွက်ပြေးရှောင်တိမ်းရန် ကြိုးစားသော်လည်း သူသည် နွားကျောင်းသား၏ရင်ခွင်မှ မလွတ်မြောက်နိုင်သည်ကို တွေ့ရှိလိုက်ရသည်။

နွားကျောင်းသားသည် သူ့ကိုနှုတ်ခမ်းမဲ့ပြုံးပြရင်း "မင်းကိုပြောပြီးပြီလေ၊ ဒီနေ့ဘယ်သူပဲလာလာ၊ မင်းမလှုပ်နိုင်ဘူး"

ဘုန်းကြီးငယ်လေး ချက်ချင်းပင်ကြောင်သွားသည်။ ထို "ငါဒီမှာရှိနေတယ်၊ မင်းတို့ ဘယ်သူ သူ့ကိုလက်ပါရဲလဲ ကြည့်ကြသေးတာပေါ့" ဆိုသောစကားကို ဤသို့အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြစ်သည်တကား။

ဘုန်းကြီးငယ်လေးသည် အလွန်ဉာဏ်ကောင်းသူဖြစ်ရာ အရေးကြီးသည့်အချိန်တွင် သက်ပြင်းတစ်ချက်ချကာ နွားကျောင်းသား၏မျက်နှာကို "ထွီး" ဟုတံတွေးဖြင့်ထွေးလိုက်သည်။ တံတွေးတစ်ချက်ထွေးလိုက်ပြီး နွားကျောင်းသားအလိုအလျောက်ကာကွယ်သည့်အခိုက် သူထွက်ပြေးရန်ကြံစည်ထားခြင်းပင်။

သို့သော် နွားကျောင်းသားမှာ လုံးဝမကာကွယ်ဘဲ တံတွေးသူ၏မျက်နှာတစ်ခြမ်းပေါ်သို့ ကျရောက်သည်ကိုငြိမ်ခံလိုက်သည်။ ထို့နောက် ခေါင်းစောင်းကာ ပခုံးပေါ်တွင်သုတ်လိုက်သည်။

"တံတွေးထွေးတာလား။ ကလေးအကွက်တွေ..."

နွားကျောင်းသားက မထီမဲ့မြင်ပြောလိုက်ပြီးနောက်...

"ရှူး..."

နွားကျောင်းသားသည် အားကုန် အသက်ရှူသွင်းလိုက်ရာ သူ၏ပါးစပ်ထဲမှတံတွေးမှာ ရေစုပ်စက်ဖြင့်ရေစုပ်သကဲ့သို့ပင်။ နောက်တစ်ခဏတွင် နွားကျောင်းသား အားကုန်ပြန်ထွေးထုတ်လိုက်သည်။

"ထွီး"

ထိုတံတွေးမှာ ရေပန်းမှထွက်လာသကဲ့သို့ပင်။ ဘုန်းကြီးငယ်လေးသည် ချက်ချင်းပင်ခေါင်းလျှော်လိုက်ရသလို ကိုယ်ပေါ်တွင်လည်း တစ်ချက်တံတွေးရေချိုးလိုက်ရသည်။

ဘုန်းကြီးငယ်လေး လုံးဝကြောင်သွားသည်။ သူအိပ်မက်ထဲတွင်ပင် လူတစ်ယောက်၌ ဤမျှများပြားသော တံတွေးရှိနိုင်သည်ဟု မထင်မှတ်ခဲ့ပေ။

အားလုံးလည်း ဤသည်ကိုမြင်လျှင် ဟားတိုက်ရယ်မောကြတော့သည်။ သရဲဖြူ၊ သရဲနက်သည်လည်း အားမနာဘဲ ဘုန်းကြီးငယ်လေးကို တိုက်ရိုက်ချည်နှောင်လိုက်ပြီးနောက် အားလုံးဟားတိုက်ရယ်မောကြသည်။

"ကောင်လေး... လူမှားပြီး အကူအညီတောင်းမိပြီမလား"

ဘုန်းကြီးငယ်လေးသည် ကောက်ညှင်းကျည်တောက်ကဲ့သို့အချည်ခံရပြီး နှင်းပြင်ပေါ်သို့ပစ်ချခံလိုက်ရာ မကျေမနပ်ဖြင့် ဟူးဟူးဟဲဟဲမြည်တမ်းနေသည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး။ ဒီကောင့်အကြောင်း ငါကြားဖူးတယ်။ လူသားဆန်ပြီး ရိုးသားတယ်၊ တရားမျှတမှုကိုမြတ်နိုးတယ်၊ ဒါကြောင့် ရက်ကန်းမယ်လေးရဲ့နှလုံးသားကို အောင်မြင်စွာရရှိခဲ့တာ။ ဒါပေမဲ့... ဒီကောင်က ရိုးသားဟန်ဆောင်ပြီး တကယ်တော့ အရမ်းယုတ်မာတာပဲ"

ယွီဟွေးဖေးသည် ဘုန်းကြီးငယ်လေး၏ခေါင်းကိုပုတ်ရင်း "ကောင်လေး၊ မင်းရဲ့သတင်းကမဆိုးဘူး၊ ဒါပေမဲ့ အဲဒါလွန်ခဲ့တဲ့ ၈ရာစုကသတင်းပဲ။ ၈ရာစုနောက်ပိုင်း နွားကျောင်းသားကတော့။ ဟူး... ပြောမကုန်နိုင်ဘူး။ ဒါပေမဲ့ မင်းသာသူ့လိုယောက္ခမနှစ်ယောက်ရှိရင် မင်းက သူ့ထက်တောင်ပိုပြီး ယုတ်မာနေမှာ။ တော်ပြီ... အပိုစကားမပြောတော့ဘူး..."

စကားဆုံးသည်နှင့် ယွီဟွေးဖေးသည် စက္ကူတစ်ရွက်ထုတ်ကာ ဘုန်းကြီးငယ်လေး၏ ခေါင်းတုံးမှတံတွေးကို သုတ်ပေးလိုက်သည်။

ဘုန်းကြီးငယ်လေးသည် မျက်လုံးရွဲကြီးများဖြင့် ယွီဟွေးဖေးကိုကြည့်ရင်း "အစ်ကိုကြီး ခင်ဗျားလူကောင်းတစ်ယောက်ပါ၊ ကျွန်တော့်ကိုလွှတ်ပေးပါ..."

‘ကတောင်’

လက်မြှောက်ကာ ခေါင်းကိုတစ်ချက်ခေါက်လိုက်ပြီးနောက် ယွီဟွေးဖေးသည် စိတ်လှုပ်ရှားစွာဖြင့်အော်ဟစ်လိုက်သည်။

"ဟေ့... ပြောရမယ်ဆိုရင် အင်တာနက်ပေါ်မှာပြောတာမှန်သား။ ဒီဘုန်းကြီးရဲ့ခေါင်းကိုခေါက်ရင် တကယ်ပဲ 'ကတောင်' ဆိုတဲ့အသံထွက်တာဟ။ တကယ် ကျွတ်ဆတ်ပြီး အသံသာတာပဲ။ နားထောင်လို့ကောင်းလိုက်တာ"

ချွေ့ကျွယ်သည် မျက်ခုံးပင့်ကာ "တကယ်ကြီးလား"

ယွီဟွေးဖေး နောက်တစ်ကြိမ်ခေါက်လိုက်ရာ 'ကတောင်' ဟူသောအသံမှာ ခေါင်းလောင်းကိုခေါက်သကဲ့သို့ ကျယ်လောင် ပြတ်သား ကြည်လင်လှသည်။ ဘုန်းကြီးငယ်လေးမှာ နာကျင်လွန်းသဖြင့် မျက်ရည်များပင်ထွက်ကျလုနီးပါးဖြစ်ကာ အံကြိတ်ရင်း ဆဲလိုက်သည်။

"ဒီသောက်ရူးကောင်ကတော့ကွာ"

ယွီဟွေးဖေးက သူ့ကိုဂရုမစိုက်ဘဲ ချွေ့ကျွယ်အား "ခင်ဗျား ကြားလိုက်တယ်မလား။ အရမ်းနားထောင်လို့ကောင်းတယ်မလား"

ချွေ့ကျွယ် ချဉ်းကပ်လာပြီး ခေါင်းခါသည်။ "မကြားလိုက်ဘူး... နောက်တစ်ခါခေါက်ကြည့်"

ယွီဟွေးဖေး နောက်တစ်ချက်ခေါက်လိုက်ရာ ချွေ့ကျွယ်က နားကိုကလော်ရင်း "မကြားလိုက်ဘူး၊ မင်းအားနည်းနည်းသုံးလိုက်ဦး"

ထို့အပြင် ချွေ့ကျွယ်က ဒေါသတကြီးဖြင့် နွားခေါင်းတို့ကိုကြည့်ရင်း "မင်းတို့ ပွစိပွစိမပြောကြနဲ့၊ ငါမကြားရတော့ဘူးဟ။ ညီလေးယွီ နောက်တစ်ခါခေါက်ကြည့်ပါဦး..."

ယွီဟွေးဖေးသည်လည်း အားမနာဘဲ လက်မြှောက်ကာ တစ်ချက်ခေါက်လိုက်ရာ ဘုန်းကြီးငယ်လေး ဒေါသထွက်သွားသည်။

"ထပ်ခေါက်နေသေးတာလား။ ဖုတောင်ထနေပြီဟ၊ မင်းတို့ထပ်ခေါက်နေသေးတာလား"

ယွီဟွေးဖေးက သူ့ကိုဂရုမစိုက်ဘဲ ချွေ့ကျွယ်ကိုကြည့်ရင်း "ကြားလိုက်ပြီလား"

ချွေ့ကျွယ်သည် ဘုန်းကြီးငယ်လေးကိုလက်ညှိုးထိုးရင်း "သူခုနကအော်လိုက်လို့ မကြားလိုက်ဘူး။ ထပ်စမ်းကြည့်..."

ယွီဟွေးဖေးသည် ထပ်ခေါက်လိုက်သည်။ ဘုန်းကြီးငယ်လေးသည် နာကျင်လှသော်လည်း ချွေ့ကျွယ်က မကြားလိုက်ဘူးဟု ထပ်ပြောမည်စိုး၍ မအော်ရဲတော့။

သို့သော်... ချွေ့ကျွယ်က ခေါင်းခါလျက်ပင်။

"သိပ်မကျွတ်ဆတ်ဘူးထင်တယ်..."

"တကယ်လား။ ဟုတ်ရော ဟုတ်ရဲ့လား။ ကျုပ်ကြားတာတော့ အရမ်းကျွတ်ဆတ်တာပဲ"

All Chapters