← Chapters

လက်နက်ကိုင်တိုက်ပွဲ

Vol. 11 Ch. 164

လက်နက်ကိုင်တိုက်ပွဲ

Vol. 11 Ch. 164

ထိုအချိန်တွင် ရှောင်ထျန်းချန် ချဉ်းကပ်လာသည်။ စိတ်ကူးဆိုးများပြည့်နှက်နေသော ထိုခွေးသည် မျက်စိရှေ့မှ လူယုတ်မာနှစ်ယောက်က ပြဇာတ်ခင်းနေသည်ကို သိလိုက်၏။

"မကျွတ်ဆတ်ဘူး။ ဒီအချက်ကိုတော့ ငါဘိုးတော်ချွေ့ကို ထောက်ခံတယ်။ မဟုတ်ရင် မင်းနောက်တစ်ခါခေါက်ကြည့်... အင်း၊ နေရာပြောင်းခေါက်ကြည့်"

ယွီဟွေးဖေးသည် နေရာပြောင်းခေါက်လိုက်သည်။

'ကတောင်'

ဘုန်းကြီးငယ်လေး နာကျင်လွန်းသဖြင့် အံကြိတ်နေ၏။

"ဘယ်လိုလဲ"

"နည်းနည်းကျွတ်ဆတ်လာသလိုပဲ။ မင်းဘယ်လိုထင်လဲ"

ရှောင်ထျန်းချန်က "နည်းနည်းကျွတ်ဆတ်လာတယ်"

ဘုန်းကြီးငယ်လေးမှာ အားလုံးသဘောတူညီမှုရသွားပြီဖြစ်၍ သူလွတ်မြောက်နိုင်ပြီဟု ထင်လိုက်သည်။

သို့သော် ယွီဟွေးဖေးက "မဟုတ်သေးဘူး၊ ခုနကအသံနဲ့ယှဉ်ရင် သိပ်မကျွတ်ဆတ်ဘူး"

ဘုန်းကြီးငယ်လေးသည် မျက်လုံးပြူးကာ ယွီဟွေးဖေးကို စိုက်ကြည့်နေပြီး "မင်း လူလိမ်ကောင်" ဟု ဆိုနေသကဲ့သို့ပင်။

ရှောင်ထျန်းချန်က "မဟုတ်ရင် မင်းခုနကနေရာကို ထပ်ခေါက်ကြည့်မလား"

ယွီဟွေးဖေးက ခေါင်းညိတ်သည်။ "မင်းတို့သေချာနားထောင်ကြနော်၊ ဘယ်နေရာမှားနေလဲ ကြည့်ကြ"

အားလုံး ခေါင်းညိတ်လိုက်ကြရာ ယွီဟွေးဖေးသည် ထပ်ခေါက်လိုက်သည်။

'ကတောင်'

"အသံမမှန်ဘူး"

"အသံမှန်တယ်မလား။ မင်းနားကြားမှားတာနေမှာပေါ့"

"မဟုတ်ဘူး... အသံမမှန်တာမဟုတ်ဘူး၊ ညီလေးယွီခေါက်တဲ့နေရာမှားနေတာ။ ငါမှတ်မိသလောက် အရင်က နောက်စေ့ကိုခေါက်တာ"

"မဟုတ်ဘူး၊ ရှေ့နဖူးကိုခေါက်တာ"

"နောက်စေ့"

"ရှေ့နဖူး"

"မငြင်းကြနဲ့တော့။ ငါအကြံပေးမယ်... ညီလေးယွီက သူ့ခေါင်းနေရာအနှံ့ အကုန်တစ်ခါစီခေါက်ကြည့်။ မင်းအရင်က ဘယ်နေရာကိုခေါက်ခဲ့လဲ ကြည့်... သေချာလုပ်နော်၊ မကျန်စေနဲ့။ ဘုန်းကြီးလေး မလှုပ်နဲ့နော်၊ နေရာမှားခေါက်ရင် ထပ်ခေါက်ရလိမ့်မယ်" ဟု လူရိုးကြီး နွားကျောင်းသားက ပြောလိုက်သည်။

ဘုန်းကြီးငယ်လေး ကြားလျှင် ဒေါသထွက်လွန်းသဖြင့် မျက်လုံးများပြာဝေကာ သတိလစ်မတတ်ပင်။

ဤတစ်ညလုံး နောက်ဖေးခြံမှ ကတောင်ဟူသောအသံများ အခါအားလျော်စွာ ထွက်ပေါ်နေသည်။ တစ်ပြိုင်နက်တည်းမှာပင် လူတစ်အုပ်၏တိုးတိုးပြောသံများလည်း ပါဝင်၏။

"အသံမမှန်ဘူး..."

"နေရာမမှန်ဘူး..."

"ထပ်ခေါက်ကြစို့..."

နောက်ဆုံးတွင် ဘုန်းကြီးငယ်လေးသည် ပေါက်ကွဲထွက်သွားသည်။ "မင်းတို့ငါ့ကိုကစားနေတာမလား"

ထို့နောက် အားလုံးသည် မဖုံးကွယ်ဘဲ ပြန်ဖြေလိုက်ကြသည်။ "ဟုတ်တယ်၊ မင်းကိုကစားနေတာပဲ"

ဘုန်းကြီးငယ်လေးမှာ ဆဲဆိုကြိမ်းမောင်းနေတော့သည်။ "ငါက တိကျန့်ဘုရားလောင်းပဲ။ မင်းတို့ငါ့ကိုဒီလိုလုပ်ရဲတယ်လား။ ပြန်ရောက်ရင် မင်းတို့နာဖို့သာပြင်ထား"

ယွီဟွေးဖေးက ရယ်မောရင်း "ရောက်လာမှတော့ ပြန်ဖို့မလောပါနဲ့ဦး။ နောက်ပြီး ဘယ်တော့ပြန်ရမလဲဆိုတာ မင်းပြောလို့ရတာမဟုတ်ဘူး၊ ငါပြောမှရတာ"

"မင်း..."

ဘုန်းကြီးငယ်လေးသည် သူကိုယ်တိုင် သူ၏နယ်မြေတွင် အဆိုးဆုံးဟုထင်ခဲ့သော်လည်း မျက်စိရှေ့မှ ဤလူယုတ်မာများနှင့်ယှဉ်လျှင် အလွန်တရာ သေးငယ်သွားသည်ကို ရုတ်တရက်တွေ့ရှိလိုက်ရသည်။ ဤလူယုတ်မာများမှာ ဗိုက်ထဲတွင် စိတ်ကူးဆိုးများ ပြည့်နှက်နေသည်တကား။

ညတစ်ဝက်ကြာခေါင်းခေါက်ပြီးနောက် ယွီဟွေးဖေးသည် လက်ချောင်းများကိုပွတ်သပ်ရင်း "မခေါက်နိုင်တော့ဘူး၊ လက်ချောင်းတွေနာနေပြီ"

ဘုန်းကြီးငယ်လေး ကြားလျှင် မျက်လုံးများတောက်ပလာပြီး "အားလုံး အနားယူလို့ရပြီနော်..."

ထိုအချိန်တွင် ချွေ့ကျွယ်က "မင်းနာမယ်ဆိုတာ ငါသိတယ်လေ၊ အဲ့တော့ ငါခုနက သစ်သားတစ်ချောင်းရှာထားတယ်။ ခဏစောင့်ဦး..."

ထို့နောက် ချွေ့ကျွယ်သည် ဓားတစ်ချောင်းကိုကိုင်ကာ အပေါ်အောက်လှုပ်ရှားလိုက်ရာ မကြာမီမှာပင် သစ်သားတူငယ်လေးတစ်ချောင်း ထွက်ပေါ်လာတော့သည်။ ပို၍ဆိုးသည်မှာ သစ်သားတူပေါ်တွင် ဤသူက သံပြားတစ်လွှာကိုပင် ပတ်ထားသေး၏။

ဘုန်းကြီးငယ်လေး ကြည့်လိုက်ရာ မျက်လုံးများပြူးကျယ်သွားပြီး ချွေ့ကျွယ်ကိုစိုက်ကြည့်ရင်း "မင်း... လူရောဟုတ်သေးရဲ့လား"

ချွေ့ကျွယ်က ရယ်မောရင်း "ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ဘုန်းကြီးငယ်လေး စကားတစ်ခွန်းပြောမည်ကြံရွယ်စဉ် နွားကျောင်းသားက "မင်းရဲ့ဒီတူက သေးလွန်းတယ်၊ ငါ့ဟာကို သုံးလိုက်"

စကားပြောရင်း နွားကျောင်းသားသည် သံဆူးကြိမ်လုံးတစ်ချောင်းကို လှမ်းပေးလိုက်သည်။ ဘုန်းကြီးငယ်လေး ကြည့်လိုက်ရာ မျက်နှာဖြူဖျော့သွားပြီး နွားကျောင်းသားကိုကြည့်ရင်း "မင်းကို လူဝင်ပူးထားတာလား"

ယွီဟွေးဖေးသည် ထိုသံဆူးကြိမ်လုံးကိုကြည့်ရင်း တကယ်ပင်စိတ်လှုပ်ရှားသွားသည်။ မျက်စိရှေ့မှ ဤဘုန်းကြီးငယ်လေးမှာ သူ၏ညီအစ်ကိုနှစ်ယောက်ကိုပင် ခေါင်းခွဲခဲ့သူဖြစ်သည်။ သို့သော် နောက်ဆုံးတွင် လက်လျှော့လိုက်ပြီး သစ်သားတူကိုယူကာ ဖြည်းညင်းစွာခေါက်နေတော့၏။

ထိုခံစားချက်မှာ ခေါင်းလောင်းတီးသကဲ့သို့ပင်။

ယွီဟွေးဖေးသည် နောက်ပိုင်းတွင် ဘုန်းကြီးငယ်လေး၏ကိုယ်ပေါ်မှ အဖြူရောင်သင်္ကန်းကြီးကို ချွတ်ယူကာ ကိုယ်တိုင်ဝတ်ဆင်လိုက်သည်။ ထို့နောက် ဘုန်းကြီးငယ်လေးကိုရှေ့တွင်ထားကာ ခေါင်းတုံးကိုခေါက်ရင်း "စပျစ်သီးစားရင် အခွံမထွေးနဲ့" ဟူသောကျမ်းစာကိုရွတ်ဖတ်နေရာ တကယ်ပင် တရားသဘောအနည်းငယ်ရှိနေ၏။

သို့သော် ထိုခေါင်းလောင်းမှာမူ ရှင်သန်လိုစိတ်မရှိတော့သည့်ပုံစံနှင့်ရှိနေသဖြင့် အနည်းငယ်မြင်ကွင်းပျက်စေသည်။

ဘုန်းကြီးငယ်လေးသည် လုံးဝမခံနိုင်တော့ဘဲ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ "မင်းတို့ငါ့ကိုနှိပ်စက်တာကလွဲရင် ဘာတတ်နိုင်သေးလဲ။ တတ်နိုင်ရင် ငါတို့တကယ်လက်နက်ကိုင်ပြီး တိုက်ကြစို့။ မင်းတို့နိုင်ရင် ငါစိတ်ပါလက်ပါ အရှုံးပေးမယ်၊ နောက်ဆိုရင် ငြိမ်ငြိမ်နေမယ်။ မင်းတို့ရှုံးရင် ငါကဒီမှာသူဌေးပဲ။ ဘယ်လိုလဲ"

ယွီဟွေးဖေး ကြားလျှင် ပျော်ရွှင်သွားသည်။ "မင်းတော်တော်ခေါင်းမာတာပဲ... စိတ်မလျှော့သေးဘူးလား။ ကောင်းပြီ... ဒီနေ့ငါမင်းကို ကောင်းကောင်းစိတ်လျှော့သွားအောင်လုပ်ပေးမယ်"

ဘုန်းကြီးငယ်လေး ကြားလျှင် မျက်လုံးများတောက်ပလာသည်။ "မင်းသဘောတူလိုက်ပြီလား"

"ဒါပေါ့..."

ထို့နောက် ယွီဟွေးဖေးသည် ထရပ်ကာ အိမ်အတွင်းသို့သွားပြီး အရက်သုံးပုလင်းကိုရှာဖွေကာ နွားခေါင်း၊ မြင်းမျက်နှာနှင့်သရဲဖြူတို့ကိုပေးလိုက်သည်။ ထို့နောက် ဘုန်းကြီးငယ်လေး၏ပခုံးကိုပုတ်ရင်း "သူတို့သောက်ပြီးရင် စမယ်။ ကံကောင်းပါစေ။ အော့မီတော်ဖော်..."

တစ်ဖက်တွင် နွားခေါင်း၊ မြင်းမျက်နှာ၊ သရဲဖြူသည် ခေါင်းမော့ကာ အရက်တစ်ပုလင်းကို တစ်ကျိုက်တည်းမော့ချလိုက်သည်။ ထို့နောက် ယွီဟွေးဖေးသည် ချက်ချင်းပင် ဘုန်းကြီးငယ်လေးကို ကြိုးဖြေပေးပြီးနောက် ခြေကုန်သုတ်ကာပြေးထွက်သွားတော့၏။ ရှောင်ထျန်းချန်၊ နွားကျောင်းသားတို့လည်း လိုက်ပါပြေးထွက်သွားကြသည်။ ချွေ့ကျွယ်မှာမူ အစောကတည်းက ပျောက်ကွယ်သွားပြီဖြစ်သည်။

ဘုန်းကြီးငယ်လေးသည် အခြေအနေကိုနားမလည်သေးခင်မှာပင် ဂျိန်းဂျိန်းဟူသော အသံနှစ်ချက်ထွက်ပေါ်လာပြီး ရှေ့နောက်တံခါးများပိတ်သွားသည်။

ဘုန်းကြီးငယ်လေးက ဟက်ဟက်ပက်ပက်ရယ်မောရင်း "လူတစ်အုပ်လုံး ငါ့ကိုတိုက်တာတောင် ခက်ခဲနေတာ၊ အခုအရက်မူးသမားသုံးယောက်ပဲကျန်တော့တာ ငါနဲ့တိုက်ချင်သေးတာလား။ ညီလေးဖြစ်ဖို့စောင့်နေလိုက်"

ရှေ့ခြံတွင်ထိုင်နေချိန် ရှောင်ထျန်းချန်က မေးသည်။ "ဒါဖြစ်ပါ့မလား"

ယွီဟွေးဖေးက ဆေးလိပ်ကိုတည်ငြိမ်စွာဖွာရှိုက်ရင်း မျက်လုံးစွေကြည့်ကာ ရှောင်ထျန်းချန်အား "မင်းအရင်တုန်းက သူတို့ဘယ်လိုဆုံးမခံခဲ့ရလဲဆိုတာ မေ့သွားပြီလား။ နောက်တစ်ခါသွားခံစားကြည့်မလား"

ရှောင်ထျန်းချန် ကြောင်သွားပြီးနောက် တစ်ချက်တုန်သွားသည်။

"အဲဒီသရဲဖြူက အရက်သောက်ပြီးရင် တိုက်ခိုက်နိုင်စွမ်းက အနည်းဆုံးတစ်ဆတိုးတယ်။ အဓိကက အဲဒီနွားခေါင်းစီးမြင်းမျက်နှာရဲ့ မိုင်၈၀၀ အမြန်ချောပို့ဆောင်ရေးက အရမ်းကြောက်စရာကောင်းတာ... မခံနိုင်ဘူး၊ မခံနိုင်ဘူး"

ယွီဟွေးဖေး အနည်းငယ်ခေါင်းညိတ်လိုက်သည်။ ထို့နောက် နောက်ဖေးခြံမှ ဘုန်းကြီးငယ်လေး၏ကျယ်လောင်လှသည့် ကြုံးဝါးသံကြီးကို ကြားလိုက်ရတော့၏။

"မင်းတို့သုံးယောက် အတူတူလာခဲ့ကြစမ်း"

ထို့နောက်...

"မိုင်၈၀၀ အမြန်ချော"

"ဟိုက်ရှားပါး ဘာကြီးတုန်း" ဘုန်းကြီးငယ်လေးက ထိတ်လန့်တကြားအော်သည်။

နောက်ဆက်တွဲမှာ ရိုက်သံများပင်။

‘ဘုန်း’

တစ်စုံတစ်ခု လွင့်စင်သွားပုံရပြီး ဘုန်းကြီးငယ်လေး၏ညည်းသံကိုလည်း ကြားလိုက်ရသည်။

"သောက်ကျိုးနည်း... တကယ်နာတာပဲ"

သို့သော် နောက်တစ်ခဏတွင်...

"ဟဲ့... မြင်း"

"ပြောမလား။ မပြောဘူးလား။ မင်းပြောမလား"

ဘုန်းကြီးငယ်လေးသည် ဝမ်းနည်းဒေါသထွက်စွာဖြင့် ဟိန်းဟောက်သည်။

"မင်းငါ့ကိုဘာပြောခိုင်းနေတာလဲ။ မင်းဆင်းစမ်း..."

"မိုင်၈၀၀ အမြန်ချော"

"မင်း ထပ်လာပြန်ပြီ..."

‘ဘုန်း...’

‘ဟဲ့ မြင်း... ပြေးထားစမ်း...’

"ပြောမလား၊ မပြောဘူးလား။ ပြောမလား"

"မင်းငါ့ကို ဘာပြောခိုင်းနေတာတုန်း"

"မိုင်၈၀၀ အမြန်ချော၊ ဖယ်ကြစမ်း"

"သေနာကျ..."

‘ဘုန်း...’

ယွီဟွေးဖေးသည် ဆေးလိပ်ဖွာရှိုက်ရင်း ကောင်းကင်ကိုမော့ကြည့်နေ၏။ ခဏအကြာတွင် တံတိုင်းထိပ်တွင် ခေါင်းတစ်ခုလုံးအဖုများဖြင့် နှာခေါင်းသွေးယိုနေသော ခေါင်းတုံးငယ်လေးတစ်လုံးပေါ်လာပြီး အော်ဟစ်လိုက်သည်။

"ငါ့ကိုတစ်ချက်ကူဆွဲပါဦး..."

သို့သော် နောက်တစ်ခဏ... "မိုင်၈၀၀ အမြန်ချော"

ထို့နောက် ထိုခေါင်းတုံးငယ်လေးသည် တံတိုင်းထိပ်မှပျောက်ကွယ်သွားတော့သည်။

အစားထိုးဝင်ရောက်လာသည်မှာ... "ပြောမလား၊ ပြောမလား..."

မိနစ်အနည်းငယ်ကြာပြီးနောက် ဘုန်းကြီးငယ်လေး၏အသံထွက်ပေါ်လာ၏။

"ယွီဟွေးဖေး၊ ငါအရှုံးပေးပြီ။ ငါအရှုံးပေးပြီ... မတိုက်တော့ဘူး"

နွားကျောင်းသားက ယွီဟွေးဖေးကိုကြည့်ရင်း "လွှတ်ပေးလိုက်မလား။"

ယွီဟွေးဖေးက ခေါင်းခါပြသည်။

"မလောနဲ့... အသံကဒီလောက်ကျယ်နေတာ၊ ခဏလောက်တော့ခံနိုင်ဦးမှာ"

အမှန်ပင် နောက်ပိုင်းတွင် ကြေကွဲဖွယ်အော်ဟစ်သံများ ဆက်လက်ထွက်ပေါ်လာသည်။ နာရီဝက်ကြာပြီးနောက် နောက်ဖေးခြံမှလှုပ်ရှားမှုမရှိတော့။ တံခါးဖွင့်ကာ အတွင်းသို့ကြည့်လိုက်ရာ နွားခေါင်း၊ မြင်းမျက်နှာ၊ သရဲဖြူတို့မှာ အိပ်ပျော်နေပြီဖြစ်သည်။ အရက်မူးပြီးရမ်းကားပြီးသွားပုံရသည်။

မြေပြင်ပေါ်တွင် ဘုန်းကြီးငယ်လေးသည် ခေါင်းတစ်ခုလုံးအဖုများဖြင့် မှောက်လျက်သားရှိနေပြီး အလွန်တရာ သနားစရာကောင်းလှသည်။

"ကောင်လေး... အရှုံးပေးပြီမလား"

ဘုန်းကြီးငယ်လေးက "ငါတို့က နတ်သိကြားတွေ... ငါတို့က... ယဉ်ကျေးမှုရှိတယ်... ငါတို့... ငါတို့... လက်နက်မကိုင်တိုက်ဘူး၊ တတ်နိုင်ရင် စာပေနဲ့တိုက်ကြစို့"

ဒီကောင် စိတ်မလျှော့သေးဘူးပဲ။ တကယ်ပဲ အကြိတ်အနယ်ခံနိုင်ပြီး ခေါင်းမာတာပဲ။

ယွီဟွေးဖေးက ရယ်မောရင်း "စာပေနဲ့တိုက်မယ်၊ ဘယ်လိုတိုက်မှာလဲ"

ဘုန်းကြီးငယ်လေးသည် ထရပ်ကာ ယွီဟွေးဖေးကိုစိုက်ကြည့်ရင်း "ဆဲကြမယ်။ ဘယ်သူက ဘယ်သူ့ကို ဆဲဆိုရင်း အရှုံးပေးအောင်လုပ်နိုင်မလဲ ကြည့်ကြစို့"

ယွီဟွေးဖေး ကြားလျှင် ပျော်ရွှင်သွားကာ ချက်ချင်းပင် သူ၏ရင်ဘတ်ထဲမှ အရက်ပုလင်းတစ်လုံးကိုထုတ်ယူလိုက်သည်။

ဘုန်းကြီးငယ်လေးက ပုလင်းကိုကြည့်လိုက်ကာ တိုက်ရိုက်နောက်သို့ ငါးမီတာ၊ ခြောက်မီတာအကွာသို့ခုန်ထွက်သွားပြီး ယွီဟွေးဖေးကို သတိကြီးစွာဖြင့်ကြည့်နေသည်။

သူမှတ်မိနေသေးသည်မှာ အရင်ကထိုသုံးယောက်မှာ ဤပစ္စည်းကိုသောက်ပြီးနောက် ဆွေမျိုးမေ့ကာ ကြမ်းတမ်းလာခြင်းဖြစ်သည်။ သူ၏ဒုက္ခအားလုံးမှာ ဤအရာကြောင့်ပင်။

"မင်း... မင်းဘာလုပ်တာလဲ။ စာပေနဲ့တိုက်မယ်လို့ပြောထားတယ်လေ။ လက်နက်မသုံးရဘူးနော်" ဟု ဘုန်းကြီးငယ်လေးက အလွန်ကြောက်လန့်စွာဖြင့်အော်ဟစ်နေ၏။

ယွီဟွေးဖေးက ရယ်မောရင်း "စိတ်မလှုပ်ရှားနဲ့၊ မင်းစာပေနဲ့တိုက်ချင်တယ်မလား။ ငါမင်းနဲ့ စာပေတိုက်ပွဲတိုက်မယ်"

စကားဆုံးသည်နှင့် ယွီဟွေးဖေးသည် အရက်ပုလင်းကို နွားကျောင်းသားအားပေးလိုက်သည်။

"အစ်ကိုလန်... ဒါကိုမော့လိုက်"

နွားကျောင်းသား ကြောင်သွားပြီး "ငါ့အရက်သောက်ပုံက အဆင်မပြေဘူးမလား"

ယွီဟွေးဖေးက "သိတယ်... သောက်လိုက်ပါ။ သောက်ပြီးရင် ကိစ္စပြီးသွားပြီ"

နွားကျောင်းသားသည် 'အို' ဟုထူးရင်း အရက်သောက်နေလိုက်၏။

ယွီဟွေးဖေးသည် ဘုန်းကြီးငယ်လေးအနားသို့ချဉ်းကပ်ကာ "ကောင်လေး၊ စည်းကမ်းအတိုင်းပဲ၊ သူသောက်ပြီးရင်စမယ်။ စိတ်မပူနဲ့... သေချာပေါက်စာပေနဲ့တိုက်မယ်။ သေချာပေါက် လက်နက်မကိုင်တိုက်ဘူး"

ဘုန်းကြီးငယ်လေး ကြားလျှင် ချက်ချင်းပင်စိတ်အေးသွားပြီး အေးစက်စွာပြုံးရင်း "မင်းရှုံးမှာသေချာတယ်၊ ငါက ငရဲဘုံဗုဒ္ဓတောင်ပေါ်မှာ ဆဲဆိုခြင်းက နံပါတ်တစ်ပဲ"

ယွီဟွေးဖေးသည် စိတ်မဆိုးဘဲ လေးနက်စွာပြုံး၍ "ကောင်းပြီ၊ ကြိုးစားကြည့်ပေါ့"

ထိုဘက်တွင် နွားကျောင်းသားသောက်ပြီးသွားပြီဖြစ်ကာ လေချဉ်တက်ရင်း "ဂေ့... အဲဒါ ဘယ်သူကြီးလဲ"

ယွီဟွေးဖေးသည် အမြန်လျှောက်သွားပြီး နွားကျောင်းသာအား "အစ်ကိုလန်ရဲ့ ယောက္ခမရောက်လာတယ်လေ။ အခုတော့ အဲဒီဘုန်းကြီးငယ်လေးရဲ့ကိုယ်ထဲမှာ ဝင်ပူးနေလေရဲ့။ ကြုံတုန်းလေး ကောင်းကောင်းစကားပြောကြပေါ့ဗျာ..."

စကားဆုံးသည်နှင့် ယွီဟွေးဖေးသည် ထွက်ခွာသွားသည်။

‘ဂျိန်း...’

တံခါးနှစ်ချပ် နောက်တစ်ကြိမ်ပိတ်သွားသည်။

ထိုအချိန်တွင် ယွီဟွေးဖေးသည် လျိုရှင်း မူးဝေဝေဖြင့်ထွက်လာသည်ကိုမြင်လိုက်ရ၏။

"ရှင်တို့ဘာလုပ်နေကြတာလဲ။ ဆူညံလိုက်တာ..."

ယွီဟွေးဖေး ချက်ချင်းပင်လန့်ဖျပ်သွားသည်။ သူတကယ်ပဲ လျိုရှင်း နောက်ဖေးကတိုက်ပွဲကို... သို့မဟုတ် နွားခေါင်းမြင်းမျက်နှာတို့ကို မြင်သွားမည်ကိုကြောက်သည်။

ထို့ကြောင့် ယွီဟွေးဖေးသည် ပြေးသွားပြီး ရယ်မောရင်း "နိုးပြီလား။ ငါတို့အတူတူအပြင်မှာ လမ်းလျှောက်ကြမလား"

လျိုရှင်းသည် ကြောင်တောင်တောင်ဖြင့် ယွီဟွေးဖေးကိုကြည့်ရင်း "အခုဘယ်အချိန်ရှိသေးလို့လဲ... ဘယ်သွားလျှောက်မှာလဲ"

ယွီဟွေးဖေးက ဘယ်သွားရမှန်းမသိသော်လည်း အကြံတစ်ခုရသွားပြီး "မသိဘူး၊ ဘာပဲဖြစ်ဖြစ် အပြင်ထွက်လမ်းလျှောက်ချင်တယ်"

"ကောင်းပြီလေ... ဒါဆိုငါနင်နဲ့ခဏလိုက်ခဲ့မယ်" လျိုရှင်းသည် သမ်းဝေရင်း ထိုသားမွှေးယုန်ဦးထုပ်ကိုဆောင်းကာ ယွီဟွေးဖေးနှင့်အတူ အပြင်ထွက်သွားတော့သည်။

နောက်ဖေးခြံအတွင်း၌ နွားကျောင်းသားသည် ဘုန်းကြီးငယ်လေးကို စကားမပြောဘဲ လေးနက်တည်ကြည်စွာဖြင့် စူးစိုက်ကြည့်နေလေ၏။

All Chapters