နည်းပညာ ပေါက်ကွဲခြင်း
Vol. 17 Ch. 222
နောင်တစ်မိနစ်အတွင်း လူပေါင်း နှစ်ဆယ့်သုံးယောက် ထပ်မံသေဆုံးခဲ့သည်။ လူဆယ့်တစ်ယောက်သည် လေဆာရောင်ခြည်ကြောင့် သေဆုံးခြင်းဖြစ်၍ ကျန်ဆယ့်နှစ်ယောက်သည် သေနတ်များ အပူလွန်ကာ ပေါက်ကွဲခြင်းကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ဤမြင်ကွင်းကို အဝေးမှ ကြည့်ရှုနေသော ဖန့်ရန်သည် ဧရာမလေယာဉ်ကြီးဆီက လျှပ်စစ်သံလိုက်လှိုင်းတစ်ခု ထပ်ထွက်လာသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
အသက်ရှင်ကျန်ရစ်နေသော စစ်သားများသည် လေယာဉ်ကြီးဆီသို့ အလျင်အမြန် ပြေးသွားကြသည်။
၎င်းတို့ ပြေးလွှားသည့် အမြန်နှုန်းသည် ဖန့်ရန်ကို အံ့အားသင့်စေ၏။
၎င်းတို့သည် တစ်နာရီလျှင် ကီလိုမီတာ ခြောက်ဆယ်အမြန်နှုန်းဖြင့် အဆောင်အဦးအပျက်များ၊ အပျက်အစီးများကို ရှောင်တိမ်းရင်း ပြေးနေခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ကီလိုဂရမ်ရာနှင့်ချီသော ပစ္စည်းများကို သယ်ဆောင်ကာ ပြေးလွှားနေခြင်းလည်း ဖြစ်သည်။
စစ်သားများကို စူးစမ်းနေရင်း ဖန့်ရန်သည် စစ်သားတစ်ယောက်၏ မျက်နှာပေါ် ပုပ်ပွနေသော ဒဏ်ရာတစ်ခုကို သတိထားမိလိုက်၏။ ထိုစစ်သား၏ ပါးပြင်သည် ထူးဆန်းနေသည်။
"ဒီဒဏ်ရာက ဘယ်ကလာတာလဲ"
ဖန့်ရန်၏ အတွေးများ ရှုပ်ထွေးသွားသည်။ လေဆာရောင်ခြည်တန်းနှင့် အနည်းငယ်ပင် မထိခဲ့ဘဲ ၎င်း၏ မျက်နှာတွင် ဒဏ်ရာတစ်ခုက အဘယ့်ကြောင့် ရှိနေရသနည်း။ ထို့အပြင် ၎င်းဒဏ်ရာက ပုတ်ပွနေသည်။
ဘုန်း!
ရုတ်တရက် ဧရာမလေယာဉ်ကြီးသည် အမြောက်ကျည်များ ပစ်ခတ်လိုက်၏။ လေယာဉ်ပေါ်ရှိ ဧရာမသေနတ်သည် လှည့်ပတ်ကာ စုစုပေါင်း အမြောက်ကျည် (၁၂) တောင့်ကို တခဏအတွင်း ပစ်ခတ်ခဲ့သည်။
အမြောက်ကျည်များ ပစ်ခတ်ပြီးနောက် ဧရာမသေနတ်သည် ယာဉ်ကိုယ်ထည်အတွင်းသို့ ပြန်ဝင်သွားပြီး၊ ဒုတိယမြောက် ဧရာမသေနတ်ပေါ်လာကာ နောက်ထပ် အမြောက်ကျည် (၁၂) တောင့် ထက်မံပစ်ခတ်သည်။
ဖန့်ရန်သည် အမြောက်ကျည်များ၏ ပေါက်ကွဲမှုက ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများသည် ထူးဆန်းသော လက်နက်များက ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများနှင့် အလွန်ဆင်တူသည်ကို တွေ့ရှိခဲ့၏။
သူသည် ဤလက်နက်နှစ်ခု၏ ပေါက်ကွဲမှုက ထွက်ပေါ်လာသော မြင့်မားသော အပူချိန်နှင့် ပေါက်ကွဲအားကို အတည်ပြု၍ ဤလက်နက်နှစ်မျိုး၏ အတွင်းရှိ ပစ္စည်းများသည် တူညီသော ဒြပ်ပေါင်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။
သူ၏ ခန့်မှန်းချက်က မှန်ကန်ပေသည်။
ဤလက်နက်နှစ်မျိုးသည် ကိုင်းဂျူး သားရဲသွေးအတွင်းက ထုတ်ယူထားသော ဒြပ်ပေါင်းတစ်မျိုးဖြင့် ဖန်တီးထားပြီး ပစ်မှတ်နှင့် ထိတွေ့သည်နှင့် ပေါက်ကွဲစေနိုင်သည်။
ပေါက်ကွဲမှု ဖြစ်စဉ်သည် ထိုဒြပ်ပေါင်းနှင့် လေထု ဓာတုဓာတ်ပြုကာ အလွန်မြင့်မားသော အပူချိန်များကို ထုတ်လွှင့်ခြင်း ဖြစ်သည်။ ၎င်းသည် လေဆာရောင်ခြည်နှင့် အလွန်ဆင်တူ၏။
မှန်ပေသည်။ ၎င်းသည် လေဆာရောင်ခြည်ထက် ဖျက်စီးနိုင်စွမ်း နည်းပါး၏။
ဤနှစ်များအတွင်း ကမ္ဘာကြီး၏ ပြောင်းလဲခြင်းနှင့်အတူ ဘေးအန္တရာယ်များ ပါလာခဲ့ကာ လူသားများသည် ဘေးဒုက္ခရောက်ခဲ့ရသော်လည်း လူသားများ၏ နည်းပညာသည် လျင်မြန်စွာ ရှေ့ရောက်လာခဲ့သည်။
သိပ္ပံပညာရှင်များသည် ဂြိုလ်သားမျိုးစိတ်အမျိုးမျိုးကို လေ့လာနိုင်ခဲ့ပြီး ဖိအားအလွန်များခဲ့သည်။ ၎င်းတို့သည် ကြီးမားသော ဖိအားအောက်၌ နည်းပညာအသစ်များ တီထွင်နိုင်ရန် တွန်းအားပေးခံခဲ့ရသည်။
ရှေးဟောင်း သားရဲများနှင့် သန္ဓေပြောင်း သားရဲများ၏ ခုနှစ်,နှစ်၊ ရှစ်နှစ်ခန့် ပေါ်လာသော အစောပိုင်းကာလသည် လူသားများကို အကျိုးကျေးဇူးများစွာ ရရှိစေခဲ့သည်။
၎င်းတို့ထဲက သိသာထင်ရှားသော အကျိုးကျေးဇူးတစ်ခုသည် သန္ဓေပြောင်း သားရဲများ၏ အသား ဖြစ်သည်။ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ဉာဏ်ရည်ကို တိုးမြင့်စေနိုင်သော အကျိုးသက်ရောက်မှု ရှိသည်။
လက်ရှိခေတ်၏ အားအကောင်းဆုံးလူသားသည် လက်တစ်ဖက်စီမှာ တန်ပေါင်းများစွာကို မနိုင်ပြီး ကားများကို အလွယ်တကူ မှောက်လှန်နိုင်သည်။ ထိုကြောင့် ၎င်းလူသည် စူပါလူသားဟုပင် ခေါ်ဆိုနိုင်၏။
သို့သော် လက်ရှိခေတ်တွင် သေးငယ်သော ရှေးဟောင်း သားရဲများသည် ကားများကို မှောက်လှန်နိုင်ကာ သန္ဓေပြောင်း သားရဲများသည် အဆောင်အဦးများကို အလွယ်တကူ ဖျက်ဆီးနိုင်၏။ အားအကြီးဆုံး ကိုင်းဂျူး သားရဲသည် မြို့များစွာကို ဖျက်စီးနိုင်သောကြောင့် ဤစူပါလူသားများ၏ ရုပ်ခန္ဓာခွန်အားသည် အကျိုးသက်ရောက်မှုများစွာ မရှိပေ။
အသား၏ ဉာဏ်ရည်တိုးမြင့်စေနိုင်သော အကျိုးသက်ရောက်မှုသည် အလွန်ထင်ရှားသည်။ သန္ဓေပြောင်း သားရဲများ၏ အသားအများအပြား စားသုံးခဲ့ကြသူများသည် ဓာတ်ပုံမှတ်ဉာဏ်နှင့် ဆင်တူသော မှတ်ဉာဏ်နှင့် အလွန်ကောင်းမွန်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ကြသည်။
ဤအရာများသည် သိပ္ပံပညာရှင်များ နည်းပညာအသစ်များကို သုတေသနပြုရာတွင် သိသိသာသာ အကျိုးရှိစေခဲ့သည်။
မှန်ပေသည်။ သန္ဓေပြောင်း သားရဲများ၏ အသားက ကောင်းကျိုးများသည် ချက်ချင်းတော့ ရမည်မဟုတ်ဘဲ အချိန်ကြာမြင့်စွာ သန္ဓေပြောင်း သားရဲများ၏ အသားကို စားသုံးခြင်းဖြင့်သာ အကျိုးသက်ရောက်မှုရှိမည် ဖြစ်သည်။
သို့သော် သန္ဓေပြောင်း သားရဲများ၏ အသားသည် အလွန်စျေးကြီး၏ ထိုကြောင့် ၎င်းကို အစိုးရနှင့် အလွန်ချမ်းသာသောသူများသာ ဝယ်ယူနိုင်ကြသည်။
ဤနှစ်များတွင် ဟွာရှက ၎င်း၏ စစ်တပ်အင်အားကို တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။ အမေရိကန်နှင့် ရုရှားတို့က ၎င်းတို့၏ နှစ်စဉ် ဘတ်ဂျက်၏ (၇၀) ရာခိုင်နှုန်းကျော်ကို လက်နက်အသစ်များ တီထွင်ရန် အသုံးပြုခဲ့၏။
၎င်းတို့၏ အာရုံအစိုက်ဆုံးက ဒုံးကျည်ပစ်လောင်ချာ၊ ဒုံးကျည်နှင့် အခြားလက်နက်များ ဖြစ်သည်။ သို့သော် ၎င်းတို့၏ အဓိက ရည်မှန်းချက်မှာ နူကလီးယားလက်နက်ကဲ့သို့ ဖျက်ဆီးနိုင်စွမ်းရှိသော်လည်း လေထုညစ်ညမ်းမှုမရှိသော လက်နက်တစ်မျိုးကို တီထွင်ရန် ဖြစ်သည်။
၎င်းတို့ ဒုတိယအာရုံစိုက်ကာ တီထွင်ခဲ့သည်က လေယာဉ်များ ဖြစ်သည်။ အထူးသဖြင့် အင်ဂျင်များကဲ့သို့ အားနည်းချက်များကို တိုးတက်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်။
ဂြိုလ်သားများနှင့် တိုက်ခိုက်မည်ဆိုလျှင် အလွန်လျင်မြန်သော လေယာဉ်ကို မရှိမဖြစ် လိုအပ်သည်။ အထူးသဖြင့် ကမ္ဘာ့လေထုအပြင်ဘက်တွင် တိုက်ပွဲဆင်နွှဲနိုင်သော လေယာဉ်ပင် ဖြစ်သည်။
သို့သော် ထိုရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိရန် ပထမဦးဆုံး ခြေလှမ်းသည် လေယာဉ် အင်ဂျင်ကို တိုးတက်အောင် လုပ်ဆောင်ခြင်း စတင်သင့်၏။
ဂျက်အင်ဂျင်များ၏ လုပ်ဆောင်ချက်တွင် အပူချိန်မြင့်ခြင်း၊ ဖိအားများခြင်း၊ အမြန်နှုန်းမြင့်မားခြင်းနှင့် ဝန်ပိခြင်းကဲ့သို့ မြင့်မားသော လုပ်ဆောင်ချက်နှင့် အားနည်းချက်များ ရှိသည်။
ပညာရှင်များက ဤအရာကို နားလည်ထားကြသည်။ သို့သော် ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်ကို ရရှိစေရန် အချို့သော ပစ္စည်းများကို ရှာဖွေရန် လိုအပ်ပြီး၊ ၎င်းပစ္စည်းများက အလွန်ရှားပါးသည်။
ဟွာရှနှင့် အမေရိကန်တို့သည် ဘုရင်အဆင့် သန္ဓေပြောင်း သားရဲများကို နည်းပညာအသစ်များ တီထွင်နိုင်ရန်အတွက် စမ်းသပ်လေ့လာလိုခဲ့ကြသည်။
အကြိမ်ပေါင်း မြောက်များစွာ ကြိုးစားအားထုတ်ပြီးနောက် အမေရိကန်သည် စူပါမိုဆာဆောရပ်စ်၏ အကြေးခွံအချို့ကို ရရှိခဲ့သော်လည်း ၎င်းက အကျိုးမရှိခဲ့ပေ။
အလားတူပင် ဟွာရှသည် သန္ဓေပြောင်း ညံ့ကို တိုက်ခိုက်ခဲ့ပြီး၊ ၎င်းအား မသတ်နိုင်ခဲ့သော်လည်း ၎င်း၏ အကြေးခွံအချို့ကို ရရှိခဲ့သည်။ သို့သော် အမေရိကန်ကဲ့သို့ အကျိုးမဲ့သော ကြိုးစားအားထုတ်မှု ဖြစ်ခဲ့သည်။
သို့သော် ကိုင်းဂျူး သားရဲများ ပေါ်လာပြီးနောက် ၎င်းတို့၏ ကိုယ်ပေါ်တွင် အထူးသတ္တုတစ်မျိုးကို တွေ့ရှိခဲ့ကြသည်။
ထိုသတ္တုနှင့် အပြာရောင်ဂြိုလ်၏ သတ္တုအချို့ကို ပေါင်းစပ်ပြီးနောက် အလွန်အားကောင်းပြီး တာရှည်ခံကာ အပူချိန်မြင့်မားမှုကို ခံနိုင်ရည်ရှိသော သတ္တုတစ်မျိုးကို ရရှိလာသည်။
တစ်ချိန်တည်းမှာပင် ကိုင်းဂျူး သားရဲ၏ သွေးသည် လေယာဉ် အင်ဂျင်၏ မီးလောင်ကျွမ်းခန်းတွင် ကြီးစွာလောင်ကျွမ်းပြီး၊ လေသည် အင်ဂျင်ခန်းတွင် တွန်းအားများစွာ ဖြစ်ပေါ်စေကာ အလွန်ကောင်းမွန်သော စွမ်းအင်အရင်းအမြစ် ဖြစ်စေခဲ့သည်။
ယခုကြည့်ရသလောက် ဟွာရှသည် လောင်စာနည်းပညာကို အသုံးပြုကာ ဤလေယာဉ်ကြီးကို တီထွင်နိုင်ခဲ့ပုံပေါ်သည်။ သို့သော် ၎င်းတို့၏ မလိုက်ဖက်သော အသုံးပြုသည့် လက်နက်သတ္တုများနှင့် ချိန်ညှိကိရိယာများသည် အသုံးပြုရာတွင် အဟန့်အတားတစ်မျိုး ဖြစ်စေခဲ့ပုံရသည်။
ထိုကြောင့် ဤလေယာဥ်ကြီးသည် မကြာသေးမီက လျို့ဝှက်စမ်းသပ်ပြီးခဲ့ပုံရပြီး ထူးဆန်သော လက်နက်များနှင့် အမြောက်ကျည်များ၊ လက်နက်ကျည်များသည် မကြာမီကပင် တီထွင်ခဲ့ခြင်း ဖြစ်ရပေမည်။
အမြောက်ကျည်သည် ၎င်း၏ အရွယ်အစား ကြီးမားမှုကြောင့် တည်ငြမ်ကာ ပြုလုပ်ရလွယ်ကူသည်။ သို့သော် ကျည်ဆံများက မတူညီပေ။ ၎င်းတို့၏ အတွင်းပိုင်းဖွဲ့စည်းပုံသည် သန့်စင်ပြီး သေးငယ်သောကြောင့် ပြုလုပ်ရ ခက်ခဲသည်။
သို့သော် ထူးဆန်းသော လက်နက် (သို့မဟုတ်) စွမ်းအင်သေနတ်များအတွက် မဖြစ်မနေ တီထွင်ရမည့် အရာများ ရှိသည်။ ၎င်းလက်နက်များသည် လူ့ခန္ဓာကိုယ်ကို အလွန်အမင် အန္တရာယ် ဖြစ်စေနိုင်သော ဓာတ်ရောင်ခြည် တစ်မျိုးကို ထုတ်လွှင့်သည်။
ကံကောင်းထောက်မစွာဖြင့် ဧရာမမြွေကြီး၏ အသားအချို့ကို ရရှိခဲ့ဖူးသည်။ ၎င်းကို ကာလအတန်ကြာ သုတေသနပြုပြီးနောက် အလွန်အဖိုးတန်သော ဆေးတောင့် တစ်မျိုးကို ဖန်တီးနိုင်ခဲ့သည်။ ထိုဆေးတောင့်သည် ဧရာမမြွေကြီး၏ ကုသနိုင်စွမ်းရဲ့ တစိတ်တပိုင်းကို ပေးစွမ်းနိုင်သည်။
၎င်းသည် တစိတ်တပိုင်းမျှသာ ဖြစ်သော်လည်း နှစ်ပေါင်းများစွာ ကုသရန် လိုအပ်သော ဒဏ်ရာများကို ရက်အနည်းငယ်အတွင်း ပျောက်ကင်းစေနိုင်သည်။ ထို့အပြင် ၎င်းဆေးတောင့်တွင် လူ့သက်တမ်းကို တိုးမြှင့်ပေးနိုင်သောကြောင့် အလွန်အဖိုးထိုက်တန်၏။
ကံမကောင်းစွာဖြင့် ဤကဲ့သို့ ကုသနိုင်စွမ်းနှင့် သက်တမ်းများကို ရရှိထားသော်လည်း ဤလက်နက်များကို အသုံးပြုကြသော စစ်သားများသည် ဓါတ်ရောင်ခြည် အဆိပ်သင့်မှုကြောင့် အများဆုံး ငါးနှစ်အတွင်း သေဆုံးကြဦးမည် ဖြစ်သည်။
ဤလက်နက်များကို သယ်ယူရာတွင် အထူးဝတ်စုံများ ဝတ်ဆင်ရန် လိုအပ်၏။ သို့မဟုတ်ပါက တစ်လပင် မပြည့်သေးခင် သေဆုံးကြရမည် ဖြစ်သည်။
သို့သော် စစ်သားများနှင့် ခေါင်းဆောင်နှစ်ယောက်သည် ဤအခက်အခဲကို မကြာခင်မှာပင် အောင်မြင်စွာ ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်ထားကြသည်။
ကျည်များကို ပြုလုပ်သော ပစ္စည်းကို ပြောင်းလဲခြင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့် ဤအခက်အခဲကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သည်။
မူလက ဟွာရှသည် ဤနည်းပညာကို သေချာလေ့လာပြီးမှသာ ကွင်းဆင်းလေ့ကျင့်ခြင်း ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။
သို့သော် အမေရိကန်၏ ကိုင်းဂျူး သားရဲအတုများအပေါ် အောင်မြင်စွာ ထိန်းချုပ်နိုင်ခြင်းသည်၊ ဟွာရှ၏ ထိပ်တန်းနိုင်ငံခေါင်းဆောင်များအပေါ် ဖိအားများစွာ သက်ရောက်စေခဲ့သည်။ ထို့ကြောင့် ၎င်းတို့သည် သက်ဆိုင်ရာ အတွေ့အကြုံ စုဆောင်းရန်နှင့် ဤနည်းပညာကို တိုးတက်စေရန်အတွက် ကွင်းဆင်းလေ့ကျင့်မှုခြင်း ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
လေယာဉ်ကြီးသည် အမြောက်ကျည် သုံးကြိမ် ပစ်ခတ်ပြီးနောက် ကိုင်းဂျူး သားရဲသုံးကောင်၏ ဒဏ်ရာများက အပြာရောင်သွေးများ စီးဆင်းလျက် မြေပြင်ပေါ်သို့ လဲကျ သေဆုံးသွားခဲ့သည်။
လေယာဉ်ကြီးပေါ်ရှိ သက်ဆိုင်ရာ ခေါင်းဆောင်များသည် ကမ္ဘာတစ်ဝှမ်းတွင် အဖိုးတန်လာပြီဖြစ်သော ကိုင်းဂျူး သားရဲ၏ သွေးကို စုဆောင်းရန် လူတစ်ယောက်ကို စေလွှတ်ရန် ပြင်ဆင်ခဲ့သည်။
သို့သော် ၎င်းတို့ အမိန့်ပေးရန် ပြင်ဆင်နေစဉ်မှာပင် ဧရာမသားရဲကြီးတစ်ကောင်သည် ကိုင်းဂျူး သားရဲသုံးကောင်၏ ခန္ဓာကိုယ်ရှိရာ နေရာဆီဝင်သို့ ပြေးလာခဲ့လေသည်။
......