← Chapters

ကောင်းကင်ယံတွင် ပျံသန်းနိုင်သော မိခင်သင်္ဘော

Vol. 17 Ch. 223

ကောင်းကင်ယံတွင် ပျံသန်းနိုင်သော မိခင်သင်္ဘော

Vol. 17 Ch. 223

လေယာဉ်ကြီးပေါ်ရှိ လူများသည် ဧရာမမြွေကြီး ၎င်းတို့သတ်ခဲ့သော ကိုင်းဂျူး သားရဲများဆီသို့ သွားနေသည်ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်ရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။

၎င်းတို့သည် ဧရာမမြွေကြီး၏ တည်ရှိမှုကို ယခင်ကတည်းက ရှာတွေ့ခဲ့ပြီ ဖြစ်သော်လည်း ၎င်းသည် သူတို့ သတ်ခဲ့သော ကိုင်းဂျူး သားရဲများကို လုယူလိမ့်မည်ဟု မထင်ခဲ့ကြပေ။

ကိုင်းဂျူး သားရဲ၏ ခန္ဓာကိုယ်သည် အလွန်အဖိုးတန်သည်။ ဓာတ်ခွဲခန်းအတွက် ကိုင်းဂျူး သားရဲများစွာ ရှိပြီးဖြစ်သော်လည်း ၎င်းတို့က ကိုယ်ထည်မပြည့်စုံပေ။ ထိုကြောင့် ယခုလို ခန္ဓာကိုယ်အပြည့်အစုံရှိသည့် ကိုင်းဂျူး သားရဲသည် အဖိုးတန်၏။

စစ်သားများ၏ မျက်စိရှေ့တွင် ဧရာမမြွေကြီးသည် ကိုင်းဂျူး သားရဲသုံးကောင်ဆီသို့ ချည်းကပ်သွားပြီး ပထမဆုံးသော ကိုင်းဂျူး သားရဲကို စားသောက်ခဲ့သည်။

ဤအချိန်တွင် ရှေ့တန်းမှာ ရှိခဲ့သော မြေပြင်စစ်သားများသည် ဧရာမလေယာဉ်ကြီးဆီသို့ ပြန်ရောက်ရှိလာပြီး လေယာဉ်ပေါ်သို့တက်ကာ လေယာဉ်တံခါးကို ပိတ်လိုက်သည်။

သို့သော် လေယာဉ်ကြီးသည် ချက်ချင်း ထွက်ခွာမသွားပေ။ စစ်သားများသည် ဧရာမမြွေကြီးက ပထမဆုံးသော ကိုင်းဂျူး သားရဲကို စားသောက်ပြီးနောက် ဗိုက်ပြည့်ကာ ပြန်ထွက်သွားမည်ဟု ထင်ခဲ့ကြကာ ကျန်ရှိနေမည့် ကိုင်းဂျူး သားရဲနှစ်ကောင်၏ ခန္ဓာကိုယ်ကို သိမ်းဆည်းရန် စောင့်ဆိုင်းနေခဲ့သည်။

ဧရာမမြွေကြီးကို မောင်းထုတ်ခြင်းသည် သေခြင်းတရားကို ရှာဖွေခြင်းဖြစ်ကာ လက်နက်အသစ်များ ရှိနေသော်လည်း ၎င်းတို့သည် ဧရာမမြွေကြီးကို ရင်ဆိုင်ရန် မဝံ့ရဲခဲ့ကြပေ။

ဧရာမမြွေကြီး၏ ကာကွယ်ရေးစွမ်းအားသည် အဆင့် (၅) ကိုင်းဂျူး သားရဲထက်ပင် ပိုမိုမြင့်မားကြောင်း လေ့လာမှုများက သိရှိထားသည်။

ထို့အပြင် ၎င်းသည် မိုးကြိုးနှင့် အသံလှိုင်း တိုက်ခိုက်မှုများကိုလည်း ထုတ်လွှတ်နိုင်ပြီး အဆင့် (၅) ကိုင်းဂျူး သားရဲထက် တိုက်ခိုက်နိုင်စွမ်း မြင့်မားသည်။ ၎င်းသည် နူကလီးယားဗုံး အသေးစားအဆင့်ရှိသော သားရဲဖြစ်ပြီး လူတိုင်းက ၎င်းကို ရန်စနိုင်စွမ်း မရှိပေ။

ထို့အပြင် အထက်အရာရှိများသည် ဧရာမမြွေကြီး ဦးစွာတိုက်ခိုက်လာခြင်းမှပ သူတို့အရင် တိုက်ခိုက်ခြင်းကို တားမြစ်ထားသည်။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ လေယာဉ်ပေါ်ရှိ စစ်သားများနှင့် ဝန်ထမ်းများ၏ အကြည့်အောက်တွင် ဧရာမမြွေကြီးက နောက်ဆုံး ကျန်ရှိသော ကိုင်းဂျူး သားရဲကို မျိုချလိုက်သည်။

"သားရဲကြီးရဲ့ အစာအိမ်က ဘယ်လောက်တောင် ဆန့်နေတာလဲ"

စောင့်ကြည့်နေသော လူများသည် ဧရာမမြွေကြီး၏ ပုံမှန်မဟုတ်သော စားသောက်မှုပုံစံကို မြင်လိုက်ရသည်။ ၎င်း၏ ဝမ်းဗိုက်သည် အဆုံးမရှိပုံရပြီး တွင်းနက်ကြီးနှင့်တူကာ မည်မျှပင် စားသောက်ခြင်းဖြစ်စေ ဖောင်းကားလာခြင်း မရှိပေ။

အချို့လူများသည် ၎င်း၏ အစာခြေအက်ဆစ်က အလွန်အစွမ်းထက်သောကြောင့် အစာအိမ်အတွင်းသို့ အစာရောက်သည်နှင့် ချက်ချင်းပင် ပျော်ဝင်သွားခြင်း ဖြစ်ရမည်ဟု ခန့်မှန်းကြသည်။

လူအချို့ကမူ ဧရာမမြွေကြီး၏ အစာအိမ်သည် မမြင်နိုင်သော နေရာတစ်ခုဆီသို့ ဝင်ရောက်ရန်အတွက် ဝင်ပေါက်ဖြစ်မည်ဟု ရယ်စရာကောင်းသော သီအိုရီကို ယုံကြည်ထားကြသည်။

ကိုင်းဂျူး သားရဲကိုယ်ထည်တစ်ခုကိုမျှ ပြန်လည်ယူဆောင်သွားနိုင်ခြင်း မရှိမည်ကို သိရှိပြီးနောက် လေယာဉ်ကြီး၏ အင်ဂျင်များသည် စတင်လည်ပတ်လာပြီး ၎င်းသည် တဖြည်းဖြည်း မြေပြင်နှင့် ဝေးကွာလာကာ ၎င်းလာရာအတိုင်း ပျံသန်းသွားခဲ့၏။

ဖန့်ရန်သည် လေယာဉ်၏ ဦးတည်ရာကို တစ်ချက်ကြည့်ပြီးနောက် ပင်လယ်ထဲသို့ ပြန်ဆင်းလာခဲ့သည်။

ဟွာရှ၏ ထိုကဲ့သို့ လက်နက်ကို တီထွင်နိုင်ခြင်းက သူ့ကို အံ့အားသင့်စေသည်။

ဤအပြာရောင်ဂြိုလ်၏ လူသားများသည် အဆက်မပြတ် တိုးတက်လာနေသည်။ ကြည့်ရသည်မှာ ၎င်းတို့သည် မဝေးလှသော အနာဂတ်၌ အင်အားကြီး ယဉ်ကျေးမှုခေတ်သို့ ရောက်ရှိလာနိုင်ပြီး၊ ထိုနောက် စကြဝဠာ ယဉ်ကျေးမှုခေတ်သို့ပင် ရောက်ရှိနိုင်သည်။

ကိုင်းဂျူး သားရဲများကို စေလွှတ်ကြိုးကိုင်ခဲ့သော ဂြိုလ်သားများ ဤဂြိုလ်သို့ ရောက်ရှိလာသည်နှင့် စူပါယဉ်ကျေးမှုနှစ်ခုကြား တိုက်ပွဲတစ်ခု ဖြစ်လာနိုင်သည်။

သို့သော် ၎င်းသည် ဂြိုလ်သားများက ဤအပြာရောင်ဂြိုလ်ရှိ လူသားများကို ကြီးထွားခွင့်ပြုမည်လားဆိုသော အချက်နှင့်လည်း သတ်ဆိုင်နေသေးသည်။

သူသည်တော့ ဤဂြိုလ်ကို ကျူးကျော်လိုသော ဂြိုလ်များက အလွန်အစွမ်းထက်မည်ဟု မထင်ပေ။ အကယ်၍ ၎င်းတို့သည်သာ အလွန်အစွမ်းထက်နေမည်ဆိုလျှင် ဤဂြိုလ်ကို ကျူးကျော်ရန်အတွက် ကိုင်းဂျူး သားရဲများကို အသုံးပြုမည်မဟုတ်ဘဲ တိုက်ရိုက်ကျူးကျော်မည် ဖြစ်သည်။

အခြားဖြစ်နိုင်ခြေလည်း ရှိနေပြီး၊ ကိုင်းဂျူး သားရဲများသည် အခြားကမ္ဘာက ရှေ့ပြေးတပ်သားများ ဖြစ်နေနိုင်သည်။ ၎င်းတို့သည် ဂြိုလ်များစွာ တပြိုင်နက်တည်း ကျူးကျော်နေသောကြောင့် စွမ်းအားများ ခွဲဝေထားခြင်း ဖြစ်နိုင်ပေသည်။

သူသည် နောင်လာမည့် အနာဂတ်က စိတ်လှုပ်ရှားစရာများ ပြည့်နေပြီး သူသည် စိတ်လှုပ်ရှားဖွယ် စစ်ပွဲများကို မြင်တွေ့ရမည်ဟု ခန့်မှန်းထားသည်။

"အနာဂတ်က ပိုစိတ်ဝင်စားဖို့ ကောင်းလာပြီ"

သူ၏ မျက်လုံးများ တောင်ပနေလျက် ဖန့်ရန်သည် ပင်လယ်ထဲတွင် ရေကူးနေခဲ့သည်။

...

ဟွာရှသည် ၎င်းတို့၏ လက်နက်စမ်းသပ်မှုအကြောင်းကို အများပြည်သူသိအောင် မထုတ်ပြန်ခဲ့ပေ။ ၎င်းတို့သည် လျို့ဝှက်စွာ ဖုံးကွယ်ထားပြီး ၎င်းကို လျို့ဝှက်ကဒ်အဖြစ် ထားရှိထားသည်။

အမေရိကန်တွင်တော့ ကင်းကောင်ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ကြောင်း သတင်းစာရှင်းလင်းပွဲအပြီးတွင် ကိုင်းဂျူး သားရဲနှင့် ကိုင်းဂျူး သားရဲ တိုက်ပွဲဟူသော သတင်းများသည် အင်တာနက်တစ်ခွင် ပျံ့နှံ့နေခဲ့၏။

၎င်းတို့သည် ဟွာရှနှင့် မတူညီသော နည်းဗျူဟာကို အသုံးပြုထားသည်။

အမေရိကန်သည် ပြိုင်ဘက်များကို ဖိအားပေးရန်အတွက် နည်းပညာအသစ်ကို အများပြည်သူသိအောင် ထုတ်ပြန်လေ့ရှိသည်။

အမေရိကန်များသည် ယခင်က ကိုင်းဂျူး သားရဲများကို တိုက်ခိုက်ရန် အခြားအင်အားကြီးနိုင်ငံများနှင့် ပူးပေါင်းခဲ့သော်လည်း ယခုအခါတွင် ၎င်းတို့၏ နည်းပညာဖြင့် ပူးပေါင်းဆောင်ရွယ်မူများ မလိုအပ်တော့ဟု ခံစားခဲ့ရသည်။

၎င်းသည် ကောလိပ်ကျောင်းသား တစ်ယောက်က မူလတန်းကျောင်းသားများနှင့်အတူ ခက်ခဲသော မေးခွန်းပုစ္ဆာတစ်ခုကို ဖြေရှင်းရန် ပူးပေါင်းသည်နှင့် ဆင်တူသည်ဟု အမေရိကန်များက ယူဆ၏။ ၎င်းတို့သည် ကမ္ဘာပေါ်ရှိ အခြားလူမျိုးများထက် သူတို့လူမျိုးသာ သာလွန်သည်ဟု ယူဆကြသည်။

ဟွာရှသည် ၎င်းတို့၏ လက်နက်ကို စမ်းသပ်ပြီးနောက် တစ်လအကြာတွင် အမေရိကန်သည် လက်နက်အသစ်တစ်ခု စမ်းသပ်ခဲ့သည်။

၎င်းတို့သည် လက်နက်အသစ်ကို စမ်းသပ်ခါနီးတွင် ၎င်းတို့၏ သဘာဝအတိုင်း ကမ္ဘာတစ်ဝန်းက သတင်းထောက်များကို ဖိတ်ကြားခဲ့သည်။

ဤတစ်ကြိမ် ၎င်းတို့၏ လက်နက်အသစ်သည် ဧရာမလေယာဉ်တင် သင်္ဘောကြီးတစ်စင်း ဖြစ်သည်။

၎င်းသည် အရှည် (၃၇၀) မီတာရှိပြီး၊ အမေရိကန်တို့ ပိုင်ဆိုင်ထားသော အကြီးဆုံးလေယာဉ်တင်သင်္ဘောနှင့် အရွယ်အစား တူညီသည်။

သို့သော် ဤလေယာဉ်တင်သင်္ဘောက သာမန်လေယာဉ်တင်သင်္ဘောများနှင့် မတူချေ။ ၎င်း၏ ဘေးနှစ်ဖက်တွင် ဧရာမတာဘိုင်အင်ဂျင် ရှစ်လုံးရှိကာ အနောက်ဘက်၌ ဂျက်အင်ဂျင် လေးလုံး ရှိသည်။

သတင်းထောက်များ လေယာဉ်တင်သင်္ဘော၏ ဧရာမအင်ဂျင်များကို အံ့အားသင့်စွာ ကြည့်ရူနေကြစဉ် ဧရာမတာဘိုင်အင်ဂျင် ရှစ်လုံးသည် ရုတ်တရက် စတင်လည်ပတ်လာသည်။

ဂျိဏ်း!!

ဟိန်းဟောင်နေသော အင်ဂျင်သံများနှင့်အတူ ဧရာမလေယာဉ်တင်သင်္ဘောသည် မြေပြင်မှ တဖြည်းဖြည်း မြင့်တက်လာသည်။

မြေပြင်အထက် မီတာ (၁၀၀) ခန့် ရောက်ရှိပြီးနောက် လေယာဉ်တင်သင်္ဘော အနောက်ဘက်တွင် ရှိသော ဂျက်အင်ဂျင်လေးလုံး စတင်လည်ပတ်လာကာ လေထဲတွင် ဆိုင်းငံ့နေသော လေယာဉ်တင်သင်္ဘောသည် ရှေ့ဘက်သို့ စတင်ရွေ့လျားလာခဲ့သည်။

လေယာဉ်တင်သင်္ဘော၏ အမြန်နှုန်းသည် တစ်နာရီ ကီလိုမီတာ (၅၀) ခန့်သာ ရှိသော်လည်း၊ ၎င်းကပင် သတင်းထောက်များကို အလွန်အံ့အားသင့်စေခဲ့သည်။

ဤလေယာဉ်တင်သင်္ဘောသည် အံ့ဩစရာကောင်းလောက်အောင် Avengers ရုပ်ရှင်ထဲက Shield ၏ Helicarrier နှင့် အလွန်ဆင်တူသည်။

ဤကဲ့သို့ ပျံသန်းနိုင်သော မိခင်သင်္ဘောကို တစ်ချိန်က တီထွင်ရန် အဆိုပြုခဲ့ဖူးသည်။ သို့သော် ထိုအချိန်က နည်းပညာသည် ဤအဆင့်သို့ လက်လှမ်းမမှီခြင်း၊ ဘက်ဂျက်မလောက်ခြင်း၊ အရှိန်နှေးကွေးခြင်း၊ တင်ဆောင်နိုင်သော တိုက်လေယာဉ် အကန့်အသတ်ရှိခြင်း၊ လေကြောင်းကာကွယ်ရေး အလွန်ညံ့ဖျင်းခြင်းတို့အပြင် အင်ဂျင်တစ်လုံး ထိခိုက်သည်နှင့် မိခင်သင်္ဘောပျက်ကျနိုင်ခြင်းတို့ကြောင့် မည်သည့်နိုင်ငံကမှ ဤနည်းပညာ တီထွင်မှုကို လေ့လာရန် စိတ်ဝင်စားခြင်း မရှိခဲ့ပေ။

သို့သော် အမေရိကန်က ဤနည်းပညာကို ရုတ်တရက် တီထွင်လိုက်သည်။

ဤပျံသန်းနိုင်သော လေယာဉ်တင်သင်္ဘော၏ အမြန်နှုန်းသည် အလွန်မမြန်သော်လည်း ပင်လယ်ထဲတွင် ပုံမှန်အသုံးပြုနေကျ လေယာဉ်တင်သင်္ဘောများကဲ့သို့ မြန်ဆန်သည်။

ထို့အပြင် ဤလေယာဉ်တင်သင်္ဘောပေါ်တွင် သယ်ဆောင်နိုင်သော တိုက်လေယာဉ်အရေအတွက်သည် (၁၂၀) အထိရှိ၏။

အမေရိကန်အစိုးရသည် သတင်းစာရှင်းလင်းပွဲတွင် လေယာဉ်တင်သင်္ဘော၏ လေကြောင်းကာကွယ်ရေးသည် အံ့မခန်းအစွမ်းထက်သောကြောင့် အင်ဂျင်များသည် လက်နက်များကြောင့် ပျက်စီးနိုင်ခြေအလွန်နည်းပြီး အကယ်၍ အင်ဂျင်ဖျက်စီးခံရလျှင်ပင် ဘေးဘက်အင်ဂျင် နှစ်လုံးနှင့်အထက် ရှိသ၍ ပျက်ကျမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

....

အမေရိကန်နိုင်ငံ၏ မိခင်သင်္ဘောကြောင့် ကမ္ဘာတစ်ဝန်း အံ့အားသင့်နေစဉ်...။

ဖန့်ရန်သည် ဧရာမလိပ်ကြီး၏ သူနှင့် လမ်းခွဲသွားသောကြောင့် ဟွာရှ၏ ကမ်းရိုးတန်းတစ်ခုတွင် စိတ်ပျက်လက်ပျက်ဖြင့် လဲလျောင်းနေသည်။

.....

All Chapters