← Chapters

လေ့ကျင့်ရေးအစီအစဉ် စတင်သည်

Vol. 17 Ch. 227

လေ့ကျင့်ရေးအစီအစဉ် စတင်သည်

Vol. 17 Ch. 227

လူသားတစ်ယောက်၏ ကိုင်းဂျူး သားရဲကို ထိန်းချုပ်ကာ လေ့ကျင့်မှုပြုသည့်မှာ ကမ္ဘာပေါ်တွင် ဒုတိယအကြိမ်မြောက် ဖြစ်သောကြောင့် သဘာဝအတိုင်းပင် အာရုံစိုက်မှုအမြောက်အများကို ဆွဲဆောင်နိုင်ခဲ့သည်။

ကမ္ဘာတစ်ဝန်းက လူများသည် ထိုမြင်ကွင်းအား မြင်တွေ့ရန် စောင့်မျှော်နေကြသည်။

နံနက်ကိုးနာရီ တိုက်ရိုက်ထုတ်လွှင့်မည့် အချိန်တွင် ဂျပန်နိုင်ငံ တစ်ဝန်းလုံး ဆူညံနေခဲ့သည်။ ဤသို့ဖြင့် သတ်မှတ်ထားသော တိုက်ရိုက်ထုတ်လွှင့်မှုချန်နယ် ဖွင့်ထားသော ရုပ်မြင်သံကြား၏ ဖန်သားပြင်တွင် ဧရာမသားရဲကြီးတစ်ကောင်၏ ပုံရိပ်ပေါ်လာသည်။

၎င်းသည် ခန္ဓာကိုယ်ကြီးမားကာ ဂေါ်ဇီလာနှင့် ဆင်တူသော ကိုင်းဂျူး သားရဲတစ်ကောင် ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်သည် မီတာ (၁၅၀) မီတာမြင့်ပြီး လည်ပင်းရှည်ကာ သေးငယ်သော ဦးခေါင်းဖြင့် ဖြစ်သည်။

ရေဘီလူး၏ ကျောရိုးတွင် ဘယ်ညာနှစ်ဖက် ပြန့်ထွက်နေသော အရိုးဘုတစ်ခုစီ ရှိသည်။ ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ထူထဲကာ အမြီးတွင် အချွန်အတက်များ ပြည့်နှက်နေ၏။

ဂျပန်နိုင်ငံသားများစွာသည် တိုက်ရိုက်ထုတ်လွှင့်နေသော ရုပ်မြင်သံကြားကို ကြည့်နေကြသည်။ ဂျပန်နိုင်ငံ၏ လူဦးရေ သုံးချိုးတစ်ချိုးသည် နှစ်အနည်းငယ်အတွင်း သေဆုံးကုန်သောကြောင့် ၎င်းတို့သည် မလုံခြုံသော ခံစားချက်ကို ခံစားနေရကာ ကိုင်းဂျူး သားရဲများ ပြန်လည်တိုက်ခိုက်လာမည်ကို အမြဲကြောက်ရွံနေခဲ့ရသည်။

ကျောချင်းကပ် အိမ်နီးချင်း နိုင်ငံက အကူအညီပေးခြင်း မရှိသောကြောင့် ဤကပ်ဆိုးအတွင်း ဆုံးရှုံးမှု အလွန်ကြီးမားခဲ့သည်။

၎င်းနှင့် ယှဉ်လိုက်လျှင် ဟွာရှ၏ အခြေအနေက ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ ၎င်း၏ ဧရိယာသည် အလွန်ကြီးမားသောကြောင့် ကမ်းရိုးတန်းမြို့များကို စွန့်လွှတ်လိုက်လျှင်ပင် အလွန်ကြီးမားသော မြေများရှိခြင်းကြောင့် နိုင်ငံသားများစွာကို ပြဿနာမရှိဘဲ ရွေ့ပြောင်းပေးနိုင်သည်။

ဂျပန်သည်တော့ မတူညီပေ။ ၎င်း၏ နိုင်ငံဧရိယာသည် ရှည်လျားကာ ကျဉ်းမြောင်းသည့်အပြင် လူဦးရေလည်း များပြားသောကြောင့် ခံစားခဲ့ရသော ဖိအားသည် အလွန်ကြီးမား၏။

ထိုကြောင့်ပင် ဂျပန်နှင့် ဟွာရှကြား ကွာဟမှုမှာ ပိုမိုကျယ်ပြန့်လာသည်။ ထိလွယ်ရှလွယ်ဖြစ်နေသော ဂျပန်သည် ၎င်း၏ အိမ်နီးချင်းနှင့် ပတ်သက်၍ စိုးရိမ်မှုအပြင် မနာလိုဝန်တိုခြင်းကိုလည်း ခံစားနေရသည်။

သို့သော် ရေဘီလူး ကိုင်းဂျူးက ဂျပန်နိုင်ငံသားများ၏ ယုံကြည်မှုကို များစွာတိုးပွားစေသည်။ ၎င်းတို့၏ မလုံခြုံသော စိတ်ခံစားချက်သည် များစွာလျော့ကျသွားပြီး ယုံကြည်မှု တိုးလာခဲ့၏။

ယခုအချိန်ထိ ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး လက်နက်နှစ်ခုသာ ရှိသေးသည်။

မိခင်သင်္ဘောနှင့် ကိုင်းဂျူး သားရဲအတု...။

ဤနူကလီးယားအဆင့် လက်နက်နှစ်ခုဖြင့်ဆို ၎င်းတို့သည် အိမ်နီးချင်း နိုင်ငံများနှင့် သာမန်သားရဲများကို စိုးရိမ်ပူပန်စရာ သိပ်မလိုတော့ပေ။ လုံလောက်သော အချိန်သာရှိမည်ဆိုလျှင် ၎င်းတို့၏ စီးပွားရေးသည် ပြန်လည်ကောင်းမွန်နိုင်ပြီး ယခင်အနေအထားသို့ ပြန်သွားနိုင်သည်။

အကယ်၍ သားရဲကပ်ဘေးသာ ထပ်မံကျရောက်လာခဲ့မည်ဆိုလျှင်ပင် ထိန်းချုပ်ထားနိုင်သော ကိုင်းဂျူး သားရဲနှင့် မိခင်သင်္ဘောရှိနေသောကြောင့် ယခင်ကလိုမျိုး အခြေအနေ ဆိုးရွားတော့မည် မဟုတ်ပေ။

ရေဘီလူး၏ လေ့ကျင့်ရေးအစီအစဉ်နှင့် ပတ်သက်သော ဆွေးနွေးမှုများသည် ဖိုရမ်များနှင့် မီဒီယာပလက်ဖောင်းများတွင် ပြည့်နှက်နေသည်။ ဂျပန်က ထုတ်ပြောကြားခဲ့သော အချက်အလက်များအရ ရေဘီလူးတွင် စွမ်းအင်ရောင်ခြည်တန်း ထုတ်လွှတ်နိုင်သော စွမ်းရည်ရှိသည်။

ဤလာမည့်လေ့ကျင့်မှုတွင် ဂျပန်က ရေဘီလူး၏ စွမ်းရည်ကို သရုပ်ပြပေမည်။

လီဇီသည် မိုးသားများကြောင့် မှောင်မဲနေသော ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်ကို ကြည့်လိုက်သည်။ သူသည် ဟွာရှရှိ မေမြို့တွင် ရှိနေခြင်း ဖြစ်သည်။

ယနေ့သည် တနင်္ဂနွေနေ့ဖြစ်သောကြောင့် သူသည် အလုပ်တက်ရန် မလိုဘဲ အိမ်တွင်သာ အနားယူနေခဲ့သည်။

ဤခတ်ခဲကြမ်းတမ်းသော နှစ်များတွင် လူတိုင်းက ကြိုးကြိုးစားစား အလုပ်လုပ်ရသည်။ သူသည်ပင် တစ်လတွင် တစ်ရက်သာ အနားရသည်။ တစ်ခါတစ်လေဆို သူသည် တစ်လလုံးလုံး အနားမရပေ။

ကုတင်၏ ကျောကို တစ်ချက်မှီလိုက်ကာ အကျောဆန့်လိုက်ပြီးနောက် လီဇီသည် စားပွဲဆီသို့ သွားလိုက်သည်။

သူသည် စားပွဲဆီသို့ တစ်ချက်ကြည့်လိုက်ရာ ပထမအကြည့်မှာပင် ကွန်ပျူတာဘေးတွင် ထောင်ထားသော ဓာတ်ပုံဘောင်တစ်ခုကို တွေ့လိုက်ရသည်။ ဓာတ်ပုံဘောင်အတွင်း ပျိုမြစ်နုနယ်သော အပြုံးများဖြင့် ပြုံးနေသည့် လူနှစ်ယောက်၏ ဓာတ်ပုံတစ်ခု ထည့်သွင်းထားသည်။

ဓာတ်ပုံအတွင်းက တစ်ယောက်သည် သူဖြစ်ကာ ကျန်တစ်ဦးက အနက်ရောင် မျက်မှန်တစ်လက်ကို တပ်ထားသော လူငယ်တစ်ယောက် ဖြစ်သည်။ လူငယ်ဆီကနေ ပညာရှင်တစ်ယောက်၏ အငွေ့အသက်များ ထွက်ပေါ်နေသလိုဖြစ်ကာ၊ ၎င်းသည် သူ၏ သူငယ်ချင်းကောင်း လွိုင်ဟွမ်ပင် ဖြစ်သည်။

ဓာတ်ပုံဘောင်ထဲက လူငယ်ကို ကြည့်ရင်း လီဇီ အနည်းငယ် ဝမ်းနည်းမိသွားသည်။ သူသည် လွိုင်ဟွမ်နှင့် အတူရှိခဲ့သော ကျောင်းဝင်းထဲက အချိန်ကို သတိရမိသည်။ သူတို့နှစ်ဦး၏ ဝါသနာသည် တူညီကြပြီး မကြာခဏဆိုသလို ကွန်ပျူတာဖြင့် တိရစ္ဆာန်အမျိုးမျိုး၏ ဗီဒီယိုများကို ကြည့်ရှုလေ့ရှိသည်။

သူတို့သည် တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သူ ဂျွန်နီသည် ယူဂန်ဒါ မြက်ခင်းပြင် ဒေသရှိ မီတာ (၂၀) အရှည်ရှိသော မြွေတစ်ကောင်နှင့် ဆုံတွေ့ခြင်းကို မြင်ခဲ့ကြရပြီး၊ ဂျွန်နီ၏ ပင်လယ်ထဲက ပင်လယ်သားရဲတစ်ကောင်၏ တိုက်ခိုက်ခံရသည့် ဖြစ်ရပ်ကို မြင်တွေ့ခဲ့ရသည်။

ကံမကောင်းစွာဖြင့် သူတို့နှစ်ယောက်သည် အတူထိုင်ကာ အတိတ်အကြောင်းကို ပြန်လည်ပြောဆိုနိုင်တော့မည် မဟုတ်ပေ။

လွန်ခဲ့သော ငါးနှစ်က သူ၏ သူငယ်ချင်းကောင်း လွိုင်ဟွမ်သည် အဆုတ်ရောင်ရောဂါဖြင့် သေဆုံးသွားခဲ့သည်။

"ဟူး....."

ရှည်လျားသော သက်ပြင်းကို ချလိုက်ပြီးနောက် လီဇီသည် ထိုစိတ်ပျက်စရာကောင်းသော အမှတ်တရများအကြောင်း တွေးနေခြင်းကို ရပ်လိုက်သည်။ သူသည် ကွန်ပျူတာပေါ်ကို အာရုံစိုက်လိုက်ပြီး၊ ဘရောက်ဆာကို ဖွင့်ကာ ဝက်ဆိုဘ်တစ်ခု၏ လိပ်စာတစ်ခုကို ရိုက်ထည့်လိုက်သည်။

ယနေ့တွင် ဂျပန်နိုင်ငံက ရေဘီလူး လေ့ကျင့်ရေးအစီအစဉ်ကို ပြုလုပ်မည်ဖြစ်မှန်း သူမှတ်မိနေသည်။

သူသည် သာမာန်လူသာ ဖြစ်ပြီး၊ ထိုလေ့ကျင့်ရေးအစီအစဉ်က သူနှင့် မဆိုင်သော်လည်း ၎င်းသည် အပြောင်းအလဲများ ယူဆောင်လာနိုင်ပြီး သူ၏ တည်ငြမ်နေသော ဘဝလေးကို အမှတ်မထင် သက်ရောက်မှု ရှိလာနိုင်သည်။

လီဇီသည် တိုက်ရိုက်ထုတ်လွှင့်နေသော ရုပ်မြင်သံကြားချန်နယ်တစ်ခုသို့ ဝင်ရောက်လိုက်သည်။ ထိုအခါ ချက်ချင်းပင် ဧရာမသားရဲကြီးတစ်ကောင်၏ ပုံရိပ်က လီဇီ၏ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ထင်ဟပ်လာသည်။

ထိုသားရဲကြီးသည် ပင်လယ်ရေတိမ်ပိုင်းတွင် ရပ်နေပြီး၊ ရေတိမ်ပိုင်းသည် ဒူးလောက်ပင် မရှိပေ။ ၎င်း၏ ဘေးတွင် ဧရာမသင်္ဘောတစ်စင်း လေပေါ်တွင် ဆိုင်းငံနေသည်။ သင်္ဘော၏ ဘေးနှစ်ဖက်ရှိ တာဘိုင်အင်ဂျင်ရှစ်လုံးသည် လျင်မြန်စွာ လည်ပတ်နေပြီး ကျယ်လောင်သော အသံကို ဖန်တီးနေသည်။

လီဇီ မျက်မှောင်ကြုတ်လိုက်သည်။

သူသည် သူ၏ နိုင်ငံက ဤကဲ့သို့ ပျံသန်းနိုင်သော မိခင်သင်္ဘောတစ်စင်းကို တီထွင်နေကြောင်း သိရှိထားပြီး၊ ၎င်းနှင့်ပတ်သက်သော အတွင်းသတင်းအချို့လည်း ရှိသည်။ သို့သော် ထိန်းချုပ်ထားနိုင်သော ကိုင်းဂျူး သားရဲအတုနှင့် ပတ်သက်၍ မည်သည့်သတင်းမျှ မရှိသေးပေ။

လီဇီ တွေးတောနေစဉ် ရေဘီလူး အမည်ပေးထားသော ကိုင်းဂျူး သားရဲသည် ရုတ်တရက် ရွေ့လျားသွား၏။ ၎င်းသည် နက်ရှိုင်းသော ပင်လယ်ရေအောက်သို့ ကူးခတ်သွားပြီး၊ လျင်မြန်စွာ ရေကူးနေသည်။

၎င်း၏ အရှိန်သည် တစ်နာရီလျှင် ကီလိုမီတာ (၁၂၀) ခန့်ရှိပြီး မြန်ဆန်လှသည်။ သို့သော်လည်း ကြည့်ရှုသူများကို အံ့အားသင့်စေသည်မှာ မိခင်သင်္ဘော၏ ၎င်းနောက်သို့ အလွယ်တကူ လိုက်နိုင်ခြင်း ဖြစ်သည်။

"ဒီမိခင်သင်္ဘောက လွန်ခဲ့တဲ့တစ်နှစ်က အမေရိကန်နိုင်ငံက ထုတ်ပြခဲ့တဲ့ သင်္ဘောထက် ပိုအဆင့်မြင့်ရမယ်"

လီဇီ အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။ ၎င်းသည် ဤကမ္ဘာဂြိုလ်၏ အဆင့်မြင့်ဆုံး သိပ္ပံနှင့်နည်းပညာထွန်းကားသော နိုင်ငံ ဖြစ်သည်နှင့်အညီ ဟွာရှသည် ၎င်းကိုလိုက်မီရန် အမှန်ပင် ခတ်ခဲလှသည်။

ပုံရိပ်များသည် ရေဘီလူးနှင့် မိခင်သင်္ဘောတို့ကြား အဆက်မပြတ်ပြောင်းလဲနေပြီး၊ ၎င်းပုံရိပ်များကြားမှာ သတင်းထောက်က သတင်းတင်ဆက်နေသည်။

သူမသည် ရေဘီလူး၏ ခန္ဓာကိုယ်အခြေအနေနှင့် ပတ်သတ်သော ရုပ်ပိုင်းဆိုင်ရာပြဿနာများ၊ ကိုယ်တွင်းအင်္ဂါများနှင့် ပုံမှန်မဟုတ်သော အခြေအနေများ ရှိ၊ မရှိ စသည့်အကြောင်းအရာများ ပြောကြားနေသည်။

မိခင်သင်္ဘော၏ အရှိန်သည် အလွန်မြန်ဆန်သောကြောင့် ဤသတင်းထောက်များသည် ထိန်းချုပ်ခန်းအတွင်း ရှိနေကြသည်။

ရေဘီလူး၏ ဦးတည်ရာကို ကြည့်ရင်း လီဇီ၏ မျက်ခုံးများ တွန့်ကွေးလာသည်။ သူသည် ရေဘီလူး၏ လမ်းကြောင်းနှင့် ပတ်သတ်၍ ပြဿနာများ ရှိနေသည်ကို သတိပြုမိသည်။ ၎င်းသည် ဟွာရှဆီသို့ ဦးတည့်နေသည်နှင့် ဆင်တူ၏။

လေ့ကျင့်ရေးနေရာက ဟွာရှ၏ ရေပိုင်နက်ဘေးတွင် ရှိနေခြင်းနှင့် ပေါင်းစပ်လိုက်သည့်အခါတွင် ရေဘီလူးသည် ထိတ်တိုက်တွေ့ခြင်း အခြေအနေကို ဖန်တီးတော့မည်မှာ သေချာသည်။

"ဒီလူတွေ ဘာလုပ်ချင်နေတာလဲ"

ဤသည်ကို သတိပြုမိသည်က လီဇီတစ်ယောက်တည်း မဟုတ်ပေ။ နိုင်ငံတကာဖိုရမ်များတွင် ဟွာရှ၏ အင်တာနက်အသုံးပြုသူများက ဂျပန်၏ ဤလုပ်ရပ်နှင့် ပတ်သက်သော မေးခွန်းပို့စ်များကို တင်နေကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဟွာရှဆီသို့ ဦးတည်လာနေကြသနည်း။

"သံသယရှိစရာမလိုတော့ဘူး။ ဒါက ရန်စနေတာပဲ"

နိုင်ငံတကာ ဖိုရမ်များရှိ ဟွာရှ၏ အင်တာနက်အသုံးပြုသူများသည် အလွန်ဒေါသထွက်နေကြ၏။ မိခင်သင်္ဘောတစ်စင်းနှင့် အဆင့်လေး ကိုင်းဂျူး သားရဲတစ်ကောင်...။ ဤသည်က သံသယဖြစ်စရာ မလိုသော အစွမ်းထက် လက်နက်များ ဖြစ်သည်။

၎င်းတို့သည် အလွန်အန္တရာယ်များသော အစွမ်းထက် လက်နက်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဟွာရှ၏ ရေပိုင်နက်သို့ ဦးတည်နေခြင်းဖြစ်ကာ သဘာဝကျစွာပင် ၎င်းကို ဟွာရှသားများက သဘောတူခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ဂျပန်နိုင်ငံရဲ့ ရည်ရွယ်ချက်က ဘာလဲ...။ သူတို့ဘာတွေ ကြံနေတာလဲ...။

.....

All Chapters