← Chapters

နိုင်ငံများကြား ပဋိပက္ခ

Vol. 17 Ch. 228

နိုင်ငံများကြား ပဋိပက္ခ

Vol. 17 Ch. 228

လီဇီသည် ဖန်သားပြင်ပေါ်ရှိ မြင်ကွင်းကို ကြည့်လိုက်သည်။ သူသည် ဂျပန်စကားအနည်းငယ် နားလည်ထားသည်။ ၎င်းတို့သည် ဂျပန်အန်နီမေးရှင်းများကြောင့် ဖြစ်သည်။ သူသည် သူကြည့်ဖူးခဲ့သော ကာတွန်းကားများဆီက ဘာသာစကားအနည်းငယ်ကို လေ့လာနိုင်ခဲ့သည်။

သူကြည့်ရသလောက် ဂျပန်တို့သည် ၎င်းတို့၏ လုပ်ရပ်များကို ဂရုမစိုက်ပုံရသည်။ ၎င်းတို့၏ လုပ်ရပ်သည် ဟွာရှကို ရန်စခြင်းဖြစ်ကြောင်း ဂျပန်တို့ သတိပြုမိပုံမပေါ်ပေ။

"ရေဘီလူးရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက တည်ငြိမ်နေပါတယ်။ ထိန်းချုပ်သူလည်း အတူတူပါပဲ.. "

မိခင်သင်္ဘော၏ အထူးခန်းတစ်ခုတွင် ရပ်နေသော အမျိုးသမီးအစီအစဉ်တင်ဆက်သူက ကင်မရာရှေ့တွင် ပြုံးနေရင်း ပြောလိုက်သည်။

ကွန်ပျူတာဖန်သားပြင်ပေါ်တွင် အထူးယူနီဖောင်းကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်သည် ကြည်လင်သော ဖန်သားဖြင့် တည်ဆောက်ထားသော လေးထောင့် ပုံးထဲတွင် လဲလျောင်းနေပြီး၊ (အခေါင်းနှင့် ဆင်သည်) သူမ၏ ဦးခေါင်းပေါ်တွင် ကိရိယာတစ်ခုရှိကာ ကေဘယ်အမျိုးမျိုးသည် ထိုကိရိယာနှင့် ချိတ်ဆက်ထားသည်ကို လီဇီ တွေ့လိုက်ရသည်။

သူမ၏ ဘေးတွင် နှလုံးခုန်နှုန်းကို ပြနေသော စက်ကိရိယာတစ်ခု ရှိသည်။ မျဉ်းကြောင်းတစ်ခုသည် ဘယ်မှ ညာသို့ တည်ငြမ်စွာ ရွေ့လျားနေသည်။

လီဇီ ထိုအမျိုးသမီးကို မှတ်မိနေသည်။ သူမသည် ရေဘီလူးကို ထိန်းချုပ်သူဖြစ်သော အာကုချီ အာယာကု ဖြစ်သည်။ သူမသည် ဂျပန်နိုင်ငံ၏ ချီးမြှောက်ခြင်းခံခဲ့ရခြင်းကြောင့် သူမသည် လူကြိုက်များလာခဲ့၏။

လီဇီ ထိုအမျိုးသမီးကို ကြည့်ရှုနေစဉ် ကင်မရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ဖန်သားပြင်ပေါ်တွင် ပေါ်လာသော မြင်ကွင်းသည် လီဇီ၏ နှလုံးခုန်နှုန်းကို မြန်စေခဲ့သည်။

တိုက်လေယာဉ်သုံးစင်းသည် ရေဘီလူးပေါ်က ပျံသန်းသွားပြီး၊ မိခင်သင်္ဘောကို လှည့်ပတ်ပျံဝဲနေကာ ၎င်းတို့၏ ခြေလှမ်းများကို ရပ်တန့်ရန် သတိပေးနေသည်။

"ဒါ ငါတို့ နိုင်ငံက စစ်တပ်လေယာဉ်ပဲ"

လီဇီသည် သူ့အမြင်မမှားကြောင်း သေချာစေရန် အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်သည်။

တိုက်လေယာဉ်သုံးစင်း ကောင်းကင်ပေါ်တွင် ဖြတ်သန်းကာ ပျံသန်းသွားသည်။ အင်ဂျင်၏ ဟိန်းသံနှင့် လေထုကိုဖြတ်တောက်၍ ထွက်ပေါ်လာသော အသံသည် ကောင်းကင်တွင် ပြည့်နှက်နေသည်။

လီဇီသည် စစ်တပ်လေယာဉ်များက ဂျပန်က လူများကို တားဆီးရန်အတွက် သတိပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

မှန်ပေသည်။ ၎င်းက သတိပေးခြင်း ဖြစ်၏။ ၎င်းတို့သည် သူတို့၏ ရေပိုင်နက်အနီးသို့သာ ချည်းကပ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သာ သူတို့၏ ရေပိုင်နက်သို့ ကျူးကျော်လာခဲ့လျှင် အခြေအနေများက တူညီတော့မည် မဟုတ်ပေ။

ဤအခြေအနေသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော လူများကို ဆူညံသွားစေခဲ့သည်။ ၎င်းတို့သည် နိုင်ငံတကာဖိုရမ်များတွင် ဤဖြစ်ရပ်နှင့် ပတ်သက်သော မှတ်ချက်များကို ရေးသားနေကြသည်။

အစက သာမန်လေ့ကျင့်ရေး လှုပ်ရှားမှုတစ်ခုသာဖြစ်သော်လည်း အခြေအနေကို ကြည့်ခြင်းအားဖြင့် တင်မာမှုများ ကြီးထွားလာသည်ကို မြင်တွေ့ရပေမည်။

လူတိုင်း အံ့သြနေကြသည်။ ဂျပန်သည် ဟွာရှကို အဘယ်ကြောင့် ရန်စနေရသနည်း။ ၎င်းတွင် မိခင်သင်္ဘောနှင့် ထိန်းချုပ်ထားနိုင်သော ကိုင်းဂျူး သားအတုရှိနေလျှင်ပင် ဟွာရှက ၎င်းတို့ကို ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းနိုင်ဆဲ ဖြစ်သည်။

မိခင်သင်္ဘောသည် အလွန်အားကောင်းသော ကာကွယ်ရေးစနစ်နှင့် လက်နက်ခဲယမ်းများ သယ်ဆောင်တပ်ဆင်ထားသော်လည်း ၎င်းက ကြာရှည်ခံမည် မဟုတ်သလို လောင်စာဆီလည်း အလားတူပင် ဖြစ်သည်။ ထိုအရာများ ကုန်ဆုံးသွားသည်နှင့် မိခင်သင်္ဘောသည် အလွယ်တကူဖြေရှင်းနိုင်သော ပစ်မှတ်တစ်ခုဖြစ်လာခြင်း သို့မဟုတ် ပျက်ကျခြင်းတို့ ဖြစ်လာနိုင်သည်။

ကိုင်းဂျူး သားရဲအကြောင်း ထည့်ပြောစရာပင် မလိုပေ။ သူတို့သည် ၎င်းတို့အား လွန်ခဲ့သော အချိန်များကတည်းက ကိုင်တွယ်နိုင်ခဲ့သည်။ သူတို့သည် ၎င်းတို့အား ကိုင်တွယ်ရန် နည်းလမ်းများစွာကိုလည်း တီထွင်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ၎င်းကိုင်းဂျူး သားရဲသည် အဆင့် (၄) သာရှိ၍ ၎င်းကို ကိုင်တွယ်ရန် နူကလီးယားဗုံးပင် မလိုအပ်ပေ။

ကြည့်ရှုသူများသည် ဂျပန်နိုင်ငံ၏ ရည်ရွယ်ချက်ကို နားမလည်သော်လည်း ၎င်းသည် လူတိုင်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုခြင်းမှ မတားဆီးနိုင်ပေ။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော လူများသည် တဖြည်းဖြည်း ပိုမိုများပြားလာသည်။ ဂျပန်၊ အမေရိကန်နှင့် ဟွာရှတို့သည် အမြဲတမ်း လူအများ၏ စောင့်ကြည့်ခြင်းကို ခံထားရသည်။ ယခုအခါတွင် ရုရှားနှင့် အခြားဥရောပနိုင်ငံများက လူများစွာသည် ဤတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည်။

အာဖရိကနှင့် ဩစတြေးလျမှ လူများပင် ဤတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော်လည်း ၎င်းတို့က ကြည့်ရှုသူများသည် တခြားနိုင်ငံများထက် နည်းပါး၏။

"ဆရာ၊ ဟွာရှက ကျွန်တော်တို့ကို လမ်းကြောင်းချက်ချင်းပြောင်းဖို့ တောင်းဆိုနေပါတယ်"

ကွပ်ကဲရေးခန်းထဲတွင် နားကြပ်တပ်ထားသော လူငယ်စစ်သည်တစ်ယောက်က နားကြပ်ကို ချွတ်လိုက်ပြီး သူ၏ ဘေးရှိ သတ်လတ်ပိုင်းအရွယ် အမျိုးသားကို ပြောလိုက်သည်။

ဝါနာတာဘေ နိုဘီဆုဟု ခေါ်သော သတ်လတ်ပိုင်းအရွယ် အမျိုးသားသည် မိခင်သင်္ဘော၏ ကပ္ပတိန် ဖြစ်သည်။ စစ်သည်၏ အစီရင်ခံချက်ကို ကြားသော်လည်း သူ၏ မျက်နှာက အရင်အတိုင်းပင် ဖြစ်သည်။ သူသည် ဤသို့ဖြစ်ပျက်လာမည်ဟု အချိန်အတော်ကြာကတည်းက မျှော်လင့်ထားခဲ့ပုံရသည်။

"ရှေ့ဆက်သွား"

သူသည် စစ်သည်ကို အမိန့်ပေးလိုက်ပြီးနောက် တွေးတောကာ အမိန့်အချို့ကို ထပ်ဖြည့်ပြောလိုက်သည်။

"ရေဘီလူးကို ညွှန်ကြားချက်တွေ ပေးလိုက်...။ အကာအကွယ်ရေးအတွက် ပြင်ဆင်ထား..။ ပြီးတော့ ရှေ့ဆက်သွားနေဖို့.."

လူငယ်စစ်သည်သည် အနည်းငယ်တွန့်ဆုတ်နေသော်လည်း အမိန့်အတိုင်း အာကုချီ အာယာကုကို ညွှန်ကြားခဲ့သည်။

ဤအချိန်တွင် မိခင်သင်္ဘောပေါ်ရှိ သတင်းထောက်များ ထိတ်လန့်စပြုလာသည်။ ၎င်းတို့သည် ဟွာရှက တိုက်လေယာဉ်များ စေလွှတ်ကာ သတိပေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထို့အပြင် ၎င်းတို့သည် ယခင်ကပုံမှန်အတိုင်းပင် ရေကူးနေခဲ့သော ကင်းကောင်သည် ရုတ်တရက် ရပ်တန့်လာပြီး ၎င်း၏ ရေပေါ်တွင် ပြေးနိုင်သော စွမ်းရည်ကို အသုံးပြုသည်ကို သတိပြုမိလိုက်ကြသည်။

ရုတ်တရက်ဆန်သော အခြေအနေသည် သတင်းထောက်များကို ပို၍ပင် ထိတ်လန့်စေခဲ့၏။ ၎င်းတို့သည် လေ့ကျင့်ရေးအစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ရန်အတွက်သာ ဤနေရာသို့ လာခဲ့ခြင်းဖြစ်ပြီး ဟွာရှနှင့် ပဋိပက္ခဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သတင်းထောက်များ စိတ်ပျက်လက်ပျက်ဖြစ်နေကြစဉ် မိခင်သင်္ဘော၏ အမြန်နှုန်းက အနည်းငယ် နှေးကွေးသွားသည်ကိုလည်း သတိထားမိလိုက်ကြသည်။ ထိုနောက် အရာရှိငယ်တစ်ဦးသည် အတွင်းခန်းသို့ ဝင်နေရန် တောင်းဆိုလာခဲ့သည်။

သတင်းထောက်အဖွဲ့ တစ်ဖွဲ့သည် ထိတ်လန့်မှုမှ နိုးလာပြီးနောက် တစ်ယောက်နှင့် တစ်ယောက် စတင်စကားပြောဆိုကြသည်။

ဤခဏတွင် ဟွာရှ၏ တိုက်လေယာဉ် သုံးစင်းသည်

ဒုတိယအကြိမ်အဖြစ် မိခင်သင်္ဘောပေါ်က ပျံသန်းကာ တဖန်လှည့်ပတ် ပျံဝဲခဲ့သည်။ ကျယ်လောင်သော အသံများသည် သတင်းထောက်များ၏ နားစည်ကို ပေါက်ကွဲလုနီးပါး ဖြစ်စေသည်။

"ဆရာ၊ ဟွာရှက ကျွန်တော်တို့ကို လမ်းကြောင်းချက်ချင်းပြောင်းဖို့ ထပ်ပြီး အမိန့်ပေးလာပါတယ်၊ နို့မဟုတ်ရင်တော့ တိုက်ခိုက်မှုတစ်ခု စတင်ပါမယ်တဲ့"

ကွပ်ကဲရေးခန်းထဲတွင် လူငယ်စစ်သည်က သူ၏ အနောက်ရှိ ဝါနာတာဘေး နိုဘီဆုကို ပြောလိုက်သည်။

လူငယ်စစ်သည်သည် ဟွာရှကို ပေါ်ပေါ်ထင်ထင်ရန်စခြင်းက ကောင်းမွန်သော စိတ်ကူးဟု မထင်ပေ။ ၎င်းသည် မိုက်မဲသော လုပ်ရပ်လို့ သူထင်သည်။ ၎င်းသည် ကိုယ်ဒုက္ခကို ရှာနေခြင်း ဖြစ်သည်။ သို့သော် သူက ဘာလုပ်နိုင်မည်နည်။ သူက သာမာန်စစ်သည်တစ်ယောက်သာ ဖြစ်သည်။

ထိုစကားကို ကြားပြီးနောက် ဝါနာတာဘေး နိုဘီဆု အနည်းငယ် တွန့်ဆုတ်သွားသည်။

ဤနေရာသို့ လာသည်က မစ်ရှင်တစ်ခုကို လုပ်ဆောင်ရန် ဖြစ်သည်။ အမေရိကန်ဆီက သတင်းတစ်ခုရထားပြီး ဟွာရှသည် လေယာဉ်အသစ်တစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း သိရှိရသည်။ ထိုကြောင့် ဤအရာများကို အသုံးပြု၍ ၎င်းတို့ကို တွန်းအားပေးကာ ဖော်ထုတ်နိုင်မည်လား သိလိုတာကြောင့် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။

မှန်ပေသည်။ ဤသည်က သူတို့၏ ရည်မှန်းချက်များထဲမှ တစ်ခုသာ ဖြစ်သည်။

ဤကပ်ဘေးအပြီးတွင် ဟွာရှက ၎င်း၏ အနီးအနားရှိ နိုင်ငံငယ်များကို ဖိအားပေးလာခဲ့သည်။ ၎င်းသည် အမေရိကန်ကို မကျေမနပ်ဖြစ်စေခဲ့ပြီး၊ ၎င်းသည် ဂျပန်ကို ဤသို့လုပ်ဆောင်ခိုင်းခဲ့ခြင်း ဖြစ်သည်။ ထိုအခါမှသာ ဟွာရှ၏ အနီးအနားရှိ နိုင်ငံငယ်များသည် ၎င်း၏ ဖိအားကို ခံစားရန် မလိုအပ်ကြောင်း သတိပေးဖို့ ဖြစ်သည်။

တစ်ချိန်တည်းတွင် ၎င်းတို့သည် ဟွာရှကို ရန်စကာ ၎င်း၏ တုံ့ပြန်မှုနှင့် ၎င်းတွင် လက်နက်အသစ်များ ရှိ၊ မရှိကို ကြည့်ရှုလိုခြင်းကြောင့် ဖြစ်သည်။

လူများစွာသည် ဤကိစ္စကို မသိကြသော်လည်း ဤလေ့ကျင့်ရေးအစီအစဉ်ကို ဟွာရှကို ဆန့်ကျင်ရန်အတွက် အမေရိကန်က ဂရုတစိုက်ရေးဆွဲထားသော အစီအစဉ်တစ်ခုဖြစ်ပြီး ဂျပန်သည်က ၎င်း၏ နယ်ရုပ်တစ်ရုပ်သာ ဖြစ်သည်။

အမေရိကန်၏ ဂျပန်ကို ပေးခဲ့သော အရာများသည် အဆင့်မြင့်ပုံရသော်လည်း ၎င်းတို့တွင် ပိုမိုကောင်းမွန်သော အရာများ ရှိနေခဲ့၏။

"ကာကွယ်ရေးစနစ် ဖွင့်ပါ"

အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် ဝါနာတာဘေး နိုဘီဆုသည် ၎င်း၏ ဘေးရှိ လူငယ်စစ်သည်ကို ပြောလိုက်သည်။

"ရေဘီလူးကို တိုက်ခိုက်ခိုင်းလိုက်"

"ငါတို့တွေ နိုင်ငံတကာရေပိုင်နက်မှာ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် သူတို့တွေအနေနဲ့ ငါတို့ရဲ့လုပ်ရပ်ကို ဝင်ရောက်စွက်ဖက်ဖို့ အခွင့်အရေးမရှိဘူးဆိုပြီး ဟွာရှကို ပြောလိုက်"

ဤစကားကို ပြောပြီးနောက် ဝါနာတာဘေး နိုဘီဆုသည် ကွပ်ကဲရေးခန်းထဲတွင် လျှောက်သွားနေသည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် သူသည် ဤဆုံးဖြတ်ချက်ကို ချရန်အတွက် ဖိအားများစွာ ရှိခဲ့ကြောင်း သိသာပေသည်။

လူငယ်စစ်သည်သည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ဝါနာတာဘေး အမိန့်ပေးသည့်အတိုင်း ညွှန်ကြားချက် ပေးလိုက်သည်။

စက်ကိရိယာများ၏ လည်ပတ်သံများထွက်လာပြီး မိခင်သင်္ဘော၏ အချို့နေရာများတွင် တံခါးပေါက်များ ပွင့်လာကာ အတွင်းမှ သေနတ်ပြောင်း ပေါ်လာသည်။ မိခင်သင်္ဘော၏ ဒက်ခ်ပေါ်တွင်လည်း တံခါးပေါက်များ ပွင့်သွားကာ ဒုံးကျည်ပစ်လွှတ်သော တွင်းပေါ်လာသည်။

ပတ်ပတ်လည်ရှိ ကင်မရာများသည် ဤမြင်ကွင်းအား ရိုက်ကူးနေပြီး သိပ္ပံစိတ်ကူးယဉ်ဆန်သော မြင်ကွင်းကို တိုက်ရိုက်ထုတ်လွှင့် ကြည့်ရှုသူများအား မြင်စေခဲ့သည်။ လူများစွာသည် မိခင်သင်္ဘော၏ အဆင့်မြင့်နည်းပညာကြောင့် အံ့အားသင့်နေကြပြီး လူများစွာသည် ဤမြင်ကွင်းကို တောက်ပနေသော မျက်လုံးများဖြင့် ကြည့်ရှုနေကြသည်။

အခြားတစ်ဖက်ရှိ လူများစွာကတော့ တိုက်ရိုက်ထုတ်လွှင့်မှု အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေကြသည်။ အထူးသဖြင့် ဤနိုင်ငံနှစ်ခုတွင် နေထိုင်ကြသော နိုင်ငံသားများ ဖြစ်သည်။

ယနေ့တွင် ဂျပန်နှင့် ဟွာရှတို့ကြား ပဋိပက္ခများ ဖြစ်ပွားပေတော့မည်။

"ရေဘီလူးက တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ"

အပြာရောင်အလင်းတစ်ခု ရေဘီလူး၏ ခန္ဓာကိုယ်တွင် ရုတ်တရက် ပေါ်လာသည်။ ၎င်းသည် ကိုင်းဂျူး သားရဲများ တိုက်ခိုက်ရန် စွမ်းအင်စုဆောင်းလေ့ရှိသည့် အခြေအနေပင်။

ရုတ်တရက် မိခင်သင်္ဘောပေါ်တွင် အဆက်မပြတ် ပျံဝဲနေသော တိုက်လေယာဉ်သုံးစင်း ရုတ်တရက် ပျံသန်းထွက်ခွာသွားသည်။ ဤမြင်ကွင်းသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော လူများကို အံ့သြစေ၏။

ဟွာရှက စတင်ဆုတ်ခွာခဲ့တာလား။

"ဟားဟားဟား၊ ငါတို့ ကိုင်းဂျူးရဲ့ စွမ်းအားက ပြိုင်ဘက်ကင်းတယ်။ ဟွာရှတောင် ကြောက်လန့်နေပြီ"

ဂျပန် နိုင်ငံသားတစ်ယောက်က ပြောသည်။

"ဟွာရှက တကယ်ကြီး ဆုတ်ခွာသွားတာလား။ အဲ့ဒီကိုင်းဂျူး သားရဲအတုရဲ့ ခြိမ်းခြောက်မှုက ဒီလောက်တောင်ကြီးလား"

"သောက်ကျိုးနည်း ကြောက်တတ်လှချည်းလား။ ခြိမ်းခြောက်စကားအနည်းငယ်ပြောပြီးတာနဲ့ ထွက်ပြေးသွားတယ်။ ဒါက အရမ်းကို ကြောက်တတ်လွန်းတယ်.."

ဤသည်က ဟွာရှနိုင်ငံသားများက ပြောခြင်း ဖြစ်သည်။ ၎င်းတို့သည် စစ်တပ်တိုက်လေယာဉ်သုံးစင်း ဆုတ်ခွာသွားခြင်းကို ရှင်းလင်းစွာပင် ကျေနပ်ခြင်း မရှိကြ...။

သို့သော် ၎င်းတို့မသိသည်က လေဆိပ်တစ်ခုတွင် သိပ္ပံစိတ်ကူးယဉ်ဆန်သော လေယာဉ်သုံးစင်း စတင်ပျံသန်းလာကာ သတ်မှတ်ထားသော ဦးတည်ရာတစ်ခုသို့ ပျံသန်းသွားခြင်းပင်။

ဘုန်းးး

လေယာဉ်သုံးစင်းသည် အသံထက်မြန်သော အမြန်နှုန်းဖြင့် လျင်မြန်စွာ ပျံသန်းပြီးနောက် ကောင်းကင်တွင် ပျောက်ကွယ်သွားသည်။

အခန်းထဲတွင် ရှိနေသော လီဇီသည် နိုင်ငံတကာဖိုရမ်ပေါ်ရှိ အမျိုးမျိုးသော ပြောဆိုချက်များကို ကြည့်ရှုပြီးနောက် ဂျပန်၏ စိတ်ကျေနပ်နေသော မှတ်ချက်များ၊ ဟွာရှ၏ ရန်လိုနေသော မှတ်ချက်များကို ဖတ်ရှုနေရင်း စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သည်။

သူလည်း အစပိုင်းတွင် မကျေမနပ်ဖြစ်ခဲ့သော်လည်း ခဏတာ တွေးတောပြီးနောက် သူနားလည်သွားခဲ့သည်။

အစိုးရ၏ လုပ်ဆောင်ပုံကို သူလုံးဝနားလည်ထားသည်။ အစိုးရသည် ၎င်းတို့သည် ရန်စခြင်းကို ခေါင်းငုံခံနေမည် မဟုတ်ပေ။ ဆယ်နှစ်နီးပါး ရှိခဲ့ပြီဖြစ်သော သားရဲကပ်ဘေးတွင် ရှင်သန်နိုင်ခဲ့သည်ကလည်း ဟွာရှ၏ အကောင်းဆုံးသော စွမ်းဆောင်ရည်များထဲက တစ်ခု ဖြစ်သည်။

နိုင်ငံခေါင်းဆောင်များတွင် အစီအစဉ်တစ်ခု ရှိနေမည်မှာ သေချာသည်။

"ဒါတွေကို ငါသိပေမဲ့ စိတ်ပျက်စရာကောင်းနေတုန်းပဲ"

လီဇီ ခါးသီးစွာ ရေရွတ်မိသည်။ ရုတ်တရက် ကျယ်လောင်သော အသံတစ်ခုသည် စပီကာများမှ ထွက်ပေါ်လာ၏။ ထိုနောက် မယုံနိုင်စရာကောင်းသော မြင်ကွင်းတစ်ခု ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။

.....

All Chapters