မဟာလမ်းစဉ်အလင်းခန္ဓာ
Vol. 146 Ch. 2070
အဝေးရှိ တန်ခိုးရှင်များသည်လည်း ချန်ယိတို့တိုက်ပွဲ၏ ဆွဲဆောင်မှုကို ခံလိုက်ကြရသည်။ သူတို့သည် ချန်ယိအပေါ်တွင် အာရုံစိုက်နေကြပြီး သူ့ခန္ဓာကိုယ်မှ တောက်ပသော နတ်အလင်းတို့ ထွက်ပေါ်လာကာ ထိုနေရာတစ်ခွင်လုံးကို ထွန်းလင်းနေစေကြောင်း မြင်တွေ့လိုက်ကြရသည်။ နတ်အလင်းများက ၎င်း၏ လမ်းတလျှောက် ထိတွေ့သမျှ အရာအားလုံးကို ဖျက်ဆီးပစ်ကာ သူ့အား အပိုင်းပိုင်းဖျက်ဆီးရန် ရောက်လာနေသည့် ထောင်ချီဓားအရိပ်များကို ပျက်စီးသွားစေ၏။
"ဒါက..."
လူတိုင်းက တုန်ယင်လာပြီး အံ့သြထိတ်လန့်သွားကြသည်။ သူတို့သည် ချန်ယိက ထူးချွန်ထက်မြက်လှသော တိုက်ပွဲစွမ်းရည်နှင့် ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း သိနှင့်ပြီး ဖြစ်သော်လည်း သူ၏ လုပ်နိုင်စွမ်းအား မျက်စိရှေ့တည့်တည့် မြင်ရသည့်အခါ သူတို့က အံသြတုန်လှုပ်နေကြဆဲ ဖြစ်သည်။
ထိပ်သီးတန်ခိုးရှင်များ၏ မျက်လုံးများက ချန်ယိထံ၌ ကော်နှင့်ကပ်ထားသကဲ့သို့ မြဲမြံနေသည်။ ထိုမျှ တောက်ပသော မြင်ကွင်းမှာ သူတို့၏ နှလုံးသားကို စိတ်လှုပ်ရှားမှုကြောင့် အခုန်မြန်လာအောင် ပြုလုပ်နိုင်စွမ်းရှိသည်။
"ဒီချန်ယိက ဘယ်သူလဲ။" ကျန်းယွဲ့လီက ရေရွတ်လိုက်သည်။ ကြည့်ရသည်မှာ တုန်းဟွာအခမ်းအနား၌ ချန်ယိက သူ့စွမ်းရည်ကို တမင်သက်သက် ဖုံးကွယ်ထားခြင်း ဖြစ်လိမ့်မည်။ သူက ရီဖူရှင်းနှင့် တိုက်ခိုက်မှုအတွင်း သူ့ခွန်အားကို အပြည့်အဝ မထုတ်ဖော်ခဲ့ပုံရလေသည်။ သို့သော် ရီဖူရှင်းကလည်း အပြည့်အဝ ထုတ်ဖော်ခဲ့ခြင်း မရှိချေ။
ထိုသည်မှာ အံ့သြထိတ်လန့်ဖွယ် ပြိုင်ပွဲဖြစ်ခဲ့ပြီးသား ဖြစ်သည်။ ယခု ရီဖူရှင်းနှင့် ချန်ယိ နှစ်ယောက်လုံးတွင် ဖုံးကွယ်ထားသည့် လုပ်နိုင်စွမ်းများ ရှိနေကာ သူတို့က ပိုမိုအစွမ်းထက်သော စွမ်းအားများကို ထုတ်ဖော်နိုင်စွမ်း ရှိကြသည်။ ထိုသည်မှာ ထိတ်လန့်တုန်လှုပ်ဖွယ် ရှာဖွေတွေ့ရှိမှု ဖြစ်သည်။
"သူ့မှာ ထူးခြားတဲ့ အခြေအနေမျိုး ရှိနိုင်တယ်။ မဟာလမ်းစဉ်သဘာဝခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာမျိုး ဖြစ်လိမ့်မယ်။" တစ်စုံတစ်ယောက်က အသံတိုးတိုးနှင့် ပြောလိုက်သည်။
"မဟာလမ်းစဉ်အလင်းခန္ဓာကိုယ်လား။" ကျန်းယွဲ့လီက ပြောလိုက်သည်။ မဟာလမ်းစဉ်သဘာဝခန္ဓာများနှင့် မွေးဖွားလာသူများက လောကမဟာလမ်းစဉ်တစ်ခုခုနှင့် သင့်တော်သည်။ ထိုလူများသည် ကောင်းကင်လမ်းစဉ်၏ ကောင်းချီးပေးခံရသူများ ဖြစ်ကာ ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို ဖွဲ့စည်းနိုင်ရန် ကံကြမ္မာရှိသည်။
ချန်ယိက ကောင်းချီးပေးခံရသူများထဲမှ တစ်ယောက်ဖြစ်ကြောင်း စောင့်ကြည့်နေသူများက သတိပြုမိကြ၏။ ထိုသည်က သူ မည်သည့်အတွက် ထိုမျှ အစွမ်းထက်နေရကြောင်း ရှင်းပြနိုင်သည်။
"ဒီလိုဆိုရင် ချန်ယိက လက်တစ်ထောင်ဓားအင်ပါယာထက် ပိုအားကောင်းနိုင်တယ်။ သူ့ရဲ့ ပါရမီနဲ့ တုန်းဟွာကျောင်းတော်ကိုရော နယ်မြေသခင်အိမ်တော်ကိုပါ ဝင်ဖို့ဆန္ဒမရှိတာ မအံ့သြတော့ပါဘူး။ ဒါပေမယ့် သူက ဘာလို့ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ကူညီဖို့ ဆန္ဒရှိရတာလဲ။" ကျန်းယွဲ့လီ၏ လှပသော မျက်နှာထက်၌ သိလိုစိတ်များရှိနေပြီး သူမက အနည်းငယ် ပဟေဠိဖြစ်နေပုံရသည်။
ချန်ယိထုတ်ဖော်ပြသခဲ့သော စွမ်းရည်နှင့် ပါရမီများပေါ်တွင် အခြေခံရလျှင် ချန်ယိသည် တုန်းဟွာနယ်မြေတစ်ခွင်၌ အကောင်းဆုံး တန်ခိုးရှင်များထဲမှ တစ်ယောက် ဖြစ်သည်။
သို့သော် သူက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိပုံမပေါ်ပေ။ သူတို့ကြားမှ ပတ်သတ်မှုမှာ တုန်းဟွာအခမ်းအနား၌ ရီဖူရှင်းနှင့် တိုက်ခိုက်စဉ်ကသာ ဖြစ်သည်။
ထိုသည်မှာ မည်သူမှ မခန့်မှန်းနိုင်သော ပဟေဠိတစ်ခု ဖြစ်၏။ ချန်ယိကိုယ်တိုင်သာ နောက်ကွယ်မှ အကြောင်းပြချက်ကို သိလိမ့်မည်။
သူက အမှန်ပြောခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ သူသည် ထိုသို့သော ကိစ္စမျိုးကို မြင်ရသည်အား မုန်းတီးသောကြောင့် ဤကိစ္စ၌ ပါဝင်ပတ်သတ်ခြင်း ဖြစ်နိုင်၏။
တိုက်ပွဲတွင် ထောင်ချီနတ်ဓားများက နတ်အလင်းနှင့် ထိတွေ့လိုက်သည်နှင့် သေးငယ်သော အစိတ်အပိုင်းများအဖြစ် ပြိုကွဲသွားသည်။ လက်တစ်ထောင်ဓားအင်ပါယာက သူ့ထံတိုးဝင်လာသော ပြိုင်ဘက်ကင်း နတ်အလင်းတန်းများကိုသာ မြင်တွေ့နိုင်သည်။ သူက ထိုအလင်းများကြောင်း မျက်စိအလွန်စူးသွားကာ မျက်လုံးများပင် မဖွင့်နိုင်တော့ပေ။ ထို့အပြင် အလင်းတန်းတစ်ခုက သူ့စိတ်ထဲသို့ ကျူးကျော်လာပြီး သူ၏ ဦးနှောက်အား အချိန်တခဏမျှ ထုံထိုင်းသွားစေ၏။
၎င်းက လက်တစ်ထောင်ဓားအင်ပါယာထံ ရောက်ရှိလာပြီး သူ့အား ထိတ်လန့်သွားစေခဲ့သည်။ သူသည် နှလုံးသားအောက်ခြေမှနေ၍ အန္တရာယ်အား ခံစားမိလိုက်၏။ လက်တစ်ထောင်ဓားအင်ပါယာက သူ၏ လက်များကို တဖန်ဝှေ့ယမ်းလိုက်သည်။ သို့သော် ချန်ယိထံမှ နတ်အလင်းများက အလွန် လျင်မြန်စွာ ရွေ့လျားလာသည်။ ယင်းသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် လက်တစ်ထောင်ဓားအင်ပါယာထံ ရောက်ရှိပြီး ဖြစ်သည်။
ထောင်ချီသော ဓားများက ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် မရေတွက်နိုင်သော နတ်အလင်းတန်းများက လက်တစ်ထောင်ဓားအင်ပါယာကို ထိုးဖောက်သွားကာ ထွင်းဖောက်မြင်နိုင်လောက်အောင် ဖြစ်လာသည်။
လက်တစ်ထောင်ဓားအင်ပါယာက သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ပြီး ယခု ဖြစ်ပျက်သွားသည်အား အမှန်ဟု မယုံကြည်နိုင်ပေ။ နတ်အလင်းတန်းများက သူ့ကို ဖြတ်သန်းသွားကာ သူ့ခန္ဓာကိုယ်ကို တဖြေးဖြေး ပျောက်ကွယ်လာစေသည်။
သူက ထိတ်လန့်အံ့သြမှုများနှင့် ခေါင်းကိုမော့လိုက်ပြီး အလင်းနတ်ဘုရားကဲ့သို့ တောက်ပနေသော ချန်ယိအား ကြည့်လိုက်သည်။ ချန်ယိက မည်သို့ဖြစ်၍ ထိုမျှထိ အစွမ်းထက်ရပါသနည်း။
လက်တစ်ထောင်ဓားအင်ပါယာက သူ ဤသို့နည်းလမ်းနှင့် အဆုံးသတ်သွားရသည်အား မယုံကြည်နိုင်ပေ။ သူက တုန်းဟွာနယ်မြေအတွင်း ထိပ်တန်းတန်ခိုးရှင်များထဲမှတစ်ယောက် ဖြစ်ကာ နယ်မြေသခင်အိမ်တော်အတွင်း ကျော်ကြားသူလည်း ဖြစ်သည်။ နင်ဟွာမှလွဲ၍ လူအနည်းငယ်သာ သူ့ကို ယှဉ်နိုင်သည်။
သူက အနာဂတ်တွင် သူ့လမ်းစဉ်ကို အထွတ်အထိပ်ရောက်အောင် ဆက်လျှောက်မည့်သူ ဖြစ်၏။
သူက ဤနေရာ၌ သူ့အသက်ကို မည်သို့ စွန့်လွှတ်နိုင်ပါမည်နည်း။
နတ်အလင်းများက တောက်ပနေပြီး လက်တစ်ထောင်ဓားအင်ပါယာကို တဖြေးဖြေး ပျောက်ကွယ်သွားစေကာ မည်သည့်အခါကမှ မတည်ရှိခဲ့သလို အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"လက်တစ်ထောင်ဓားအင်ပါယာက အသတ်ခံလိုက်ရပြီ။" အဝေး၌ ကြည့်ရှုနေသူများမှာ ထိပ်သီးအင်အားစုများမှ လူများပါဝင်ပြီး သူတို့က ထိုမြင်ကွင်းကို ကြည့်ကာ တုန်လှုပ်ခြောက်ခြားသွား၏။ လက်တစ်ထောင်ဓားအင်ပါယာကဲ့သို့ ဒဏ္ဍာရီရန်ဟောင်တစ်ပါး၏ အသတ်ခံရမှုကို မြင်တွေ့ရသည်မှာ အစစ်အမှန်မဟုတ်သလို ခံစားကြရသည်။
နယ်မြေသခင်အိမ်တော်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကို အမဲလိုက်နေသော်လည်း သူတို့က ကြီးမားသော ဆုံးရှုံးမှုကို ခံစားလိုက်ကြရသည်။
နှစ်ဖက်လုံးက အညှာအတာမရှိ တစ်ဖက်နှင့်တစ်ဖက် အငြိုးတကြီး တိုက်ခိုက်နေကြသည်။
ချန်ယိက လက်တစ်ထောင်ဓားအင်ပါယာကို သတ်ဖြတ်ပြီးနောက် မရပ်တန့်သေးပေ။ သူက အလင်းတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် တောက်ပသော အလင်းများတွင် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းစွမ်းအားများ ပါဝင်နေပြီး နယ်မြေသခင်အိမ်တော်၏ ရန်ဟောင်များပေါ် တိုက်ရိုက်တောက်ပလာ၏။
ထိုအခိုက်အတန့်တွင် အဆင့်မြင့်ရန်ဟောင်များထဲမှ မည်သူမှ နတ်အလင်းများထဲ၌ အသက်ရှင်ခြင်းမရှိပေ။ သူတို့၏ ခန္ဓာကိုယ်များနှင့် နတ်အလင်းတို့ ထိထိခြင်းမှာပင် အမှုန်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုသည်မှာ ရီဖူရှင်းတစ်ယောက် ယန်ပြည်ထောင်မှ ရန်ဟောင်များကို ရင်ဆိုင်ပုံနှင့် အတော်လေး ဆင်တူ၏။
"အရမ်းအစွမ်းထက်တာပဲ။" အဝေးမှ လူများသည်ပင် တုန်လှုပ်ကုန်ကြသည်။
"ချန်ယိက နယ်မြေသခင်အိမ်တော်က တန်ခိုးရှင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရဲတယ်။ သူက ရူးနေပြီပဲ။" အချို့လူများက ယခု အဖြစ်အပျက်များကို လက်ခံရန် ခက်ခဲနေသည်။ ချန်ယိကဲ့သို့သော လူမျိုးက မည်သည့်အတွက်ကြောင့် နယ်မြေသခင်အိမ်တော်ကို စိတ်ခုသွားအောင် လုပ်နေရသနည်း။ သူက ထိုကိစ္စများကို လျစ်လျူရှုကာ ကိုယ်နှင့် မဆိုင်သလို နေ၍ ရနိုင်သည်။ မည်သည့်အတွက်ကြောင့် သူနှင့် လားလားမှမသက်ဆိုင်သော မုန်တိုင်းအတွင်း ဝင်ရောက်စွက်ဖက်ချင်ရပါသနည်း။
ချန်ယိ၏ တိုက်ခိုက်မှုများက နယ်မြေသခင်အိမ်တော်မှ လူများစွာကို သွေးမြေကျစေခဲ့သည်။ နောက်ပိုင်းတွင် နယ်မြေသခင်အိမ်တော်က သူ့အား မည်သို့ အလွတ်ပေးတော့မည်နည်း။
ပြောရလျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များသည်ပင် ချန်ယိက မည်သည့်အတွက် ထိုသို့သော ကိစ္စမျိုး လုပ်ဆောင်နေကြောင်း နားမလည်နိုင်ကြပေ။
"ချန်ယိ မင်းဘာလုပ်နေလဲဆိုတာ ကိုယ့်ဘာသာ သိရဲ့လား။" နယ်မြေသခင်အိမ်တော်မှ တစ်စုံတစ်ယောက်က မေးလိုက်သည်။
"သိတယ်လေ။" ချန်ယိက ခေါင်းကိုမော့ကာ ထိုသူတို့အား အကြည့်တစ်ချက်ပေးလိုက်သည်။ အော်ဟစ်လိုက်သူမှာ အဆင့်ရှစ်ရန်ဟောင်တစ်ပါး ဖြစ်သည်။ သို့သော် ချန်ယိက ကြောက်ရွံ့ခြင်း မရှိဘဲ အလင်းတန်းတစ်ခုကဲ့သို့ တိုးဝင်သွား၏။ အဆင့်ရှစ်တန်ခိုးရှင်က အမျက်ခြောင်းခြောင်းထွက်ကာ သူ၏ မဟာလမ်းစဉ်စွမ်းအားကို ထုတ်လွှတ်၍ ချန်ယိအား ဆန့်ကျင်တိုက်ခိုက်လိုက်သည်။
ခဏအကြာတွင် ကောင်းကင်ထက်မှ အလောင်းတစ်လောင်း ပြုတ်ကျလာ၏။ အဆင့်ရှစ်ရန်ဟောင်သည် ချန်ယိထံမှ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
"ချန်ယိက ရီလျှို့နျန်လိုပဲ အဆင့်ရှစ်ရန်ဟောင်ကိုတောင် သတ်ဖြတ်နိုင်စွမ်းရှိတယ်။"
တုန်းဟွာကောင်းကင်မှ အတော်ဆုံးတန်ခိုးရှင်ဖြစ်သည့် နင်ဟွာအပြင် ဤတိုက်ပွဲအတွင်း နောက်ထပ် ဒဏ္ဍာရီ တိုက်ခိုက်ရေးသမားနှစ်ယောက် ထွက်ပေါ်လာသည်။ ရီဖူရှင်းက ဧကရာဇ်အသိရှိပြီး ချန်ယိထံ၌ မဟာလမ်းစဉ်အလင်းခန္ဓာ ရှိလေသည်။
တစ်ယောက်က အဆင့်ရှစ်မှ အဆင့်မြင့်ရန်ဟောင်ကိုပင် သတ်ဖြတ်နိုင်သော အဆင့်လေးရန်ဟောင်တစ်ယောက် ဖြစ်သည်။
ရီဖူရှင်းနှင့် ချန်ယိသည် သူတို့နှစ်ယောက်အား မမီသည့် ထိပ်သီးအင်အားစုများမှ တန်ခိုးရှင်များကို အရှက်ရစေသည်။
ဘန်း...
ထိုအချိန်၌ လူအုပ်ကြီးသည် ဆူညံသော တိုက်ခိုက်သံများ ထွက်ပေါ်လာသည့် နေရာသို့ ကြည့်လိုက်ကြသည်။ သူတို့က ထိုနေရာကို ကြည့်လိုက်ကြပြီး ခြိမ်းခြောက်ပြောဆိုသော အသံကို ကြားလိုက်ကြရသည်။ "မင်းက သေချင်နေတာပဲ။"
"ကျုံးချန် အန္တရာယ်ရှိနေပြီ။"
ထိုစကားကို နင်ဟွာက ပြောလိုက်ကြောင်း မြင်လိုက်ကြရသည်။ သူက ကျုံးချန်ကို ဖိနှိပ် တိုက်ခိုက်လိုက်ပြီး ဒဏ်ရာများစွာ ရသွားစေသည်။ ကျုံးချန်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ထူးချွန်သည့် တန်ခိုးရှင်တစ်ယောက် ဖြစ်သော်လည်း သူက နင်ဟွာကို ရင်မဆိုင်နိုင်ခဲ့ပေ။ သူ၏ ပါးစပ်မှ သွေးများစီးကျလာပြီး ကျုံးချန်သည် သူ့ခန္ဓာကိုယ်ထဲမှ သွေးများ ဆူပွက်ကာ လှုပ်ရှားနေသည်ကို ခံစားမိလိုက်သည်။ လောကဖိနှိပ်ခြင်းလမ်းစဉ်က ပေါက်ကွဲထွက်လာ၏။
ထိုနေရာတစ်ခုလုံးသည် ကောင်းကင်မှ မဟာလမ်းစဉ်နတ်ဝင်္ကပါနှင့် လွှမ်းခြုံခံထားရသည်။ နင်ဟွာက ချန်ယိအား မည်းမှောင်နေသော အကြည့်နှင့် လှမ်းကြည့်လိုက်၏။ ချန်ယိက အသတ်ခံရရန် တောင်းဆိုနေသည့်အတွက် သူကကျိန်းသေ ထိုဆန္ဒကို ဖြည့်ဆည်းပေးရလိမ့်မည်။
***