ဝမ်းနည်းစရာကောင်းသောနေ့
Vol. 12 Ch. 172
လင်းမို့သည် မြေဆွဲအားခန်းထဲမှ ထွက်လာသည်နှင့် ထူးဆန်းသည့်အမူအရာဖြင့် ကြည့်နေသော လီကျားရွှမ်ကတွေ့လိုက်ရသည် ။
သို့သော်လည်း သူဂရုမစိုက်အား ။ သူ၏ တိုးတက်လာသော ခွန်အားကို သေချာစမ်းစစ် ကြည့်နေသည် ။
' မြေဆွဲအားခန်းထဲ တစ်နေ့ အိပ်ရတာ ရှယ်ပဲ.. '
စနစ် မျက်နှာပြင်ကို ကြည့်၍ ဝမ်းသာအားရ တွေးလိုက်မိ၏ ။ သူ၏ လက်သီးပြင်းအားမှာ ၁၄၀၀၀ ကီလိုမှ ၃၂၀၀၀ ကီလိုသို့ ရောက်သွားလေပြီ ။ ၁၈ တန် တိုးတက်လာခဲ့သည် ။
ကြယ်ငါးပွင့် အဆင့်မှ ကြယ်ခုနှစ်ပွင့် အဆင့်သို့ ရောက်ခဲ့၏ ။
သာမန်တက္ကသိုလ်များမှ ဘွဲရသည့် သူများသည် သူတို့ဘွဲ့ရချိန်တွင် အမြင့်ဆုံး ကြယ်ခုနှစ်ပွင့် အဆင့်အထိသာ ရောက်နိုင်ကြသည် ။ လင်းမို့သည် သာမန်တက္ကသိုလ်များ၏ ဘွဲ့ရများကို ကျော်လွန်နေပြီဟု ပြော၍ရပေသည် ။
ထို့အပြင် တိုက်ခိုက်ရေးစွမ်းရည်လည်း တိုးတက်လာခဲ့၏ ။ သူအပြင်သို့ ထွက်မလာမီ ဆယ်မိနစ်အလိုက တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ နောက်ဆုံးအဆင့် သို့ တက်လှမ်းနိုင်ခဲ့သည် ။
ငွေလအဆင့်များ၏ ၉၀ % လောက်မှာ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ နောက်ဆုံးအဆင့်သို့ မရောက်ကြသေးပေ ။ လင်းမို့အား ငွေလအဆင့်များထဲတွင်ပင် ထိပ်တန်းဟု သတ်မှတ်နိုင်သည် ။
ကျန်းနန်တက္ကသိုလ် တစ်ခုလုံး လင်းမို့၏ လက်သီးပြင်းအား ကြောင့် တုန်လှုပ်နေကြသော်လည်း တိုက်ခိုက်ရေးစွမ်းရည်အဆင့်ကိုပါ သိလျှင် အံ့သြလွန်း၍ တက်ကုန်ကြပေမည် ။
စိတ်စွမ်းအင်အဆီအနှစ် သည်လည်း အဆင့် ၅ သို့ရောက်သွားပြီး စိတ်ထိန်းချုပ်သူအဆင့်၄ နောက်ပိုင်းအဆင့်နှင့် စိတ်စွမ်းအားရှင် အဆင့်၄ အလယ်ဆင့်သို့ ရောက်ရှိခဲ့၏ ။
အဆင့်တက်လာတိုင်း စိတ်စွမ်းအင်အဆီအနှစ် တိုးလာသည်က ပုံမှန်သာဖြစ်သည် ။ စိတ်ထိန်းချုပ်သူနှင့် စိတ်စိမ်းအားရှင်အဆင့် တိုးတက်ရန်မှာမူ မလွယ်ကူလှပေ ။
လင်းမို့သည် သူ၏ စွမ်းအားများအားလုံးကို တွက်ချက်ကြည့်ရာ လက်သီးပြင်းအားက အားအနည်းဆုံးနီးပါးဖြစ်နေသည်ကို သိလိုက်ရ၏ ။ ဂြိုလ်ပြာတစ်ခုလုံးက သူ့အား ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ပါရမီရှင်ဘွဲ့ ပေးထားလေသည် ။
' ငါ့အဆင့်တက်နှုန်းက မြန်လိုက်တာ.."
လင်းမို့တွေးသည် ။
' ငါ့အကြောင်းကို တခြားသူတွေ သိသွားရင် ခွဲစိတ်ဖို့ စမ်းသပ်ခန်းထဲ ခေါ်သွားမယ်ထင်တယ်.. '
ဤသည်က အမှန်တကယ်ပင် ဖြစ်နိုင်ကြောင်း လင်းမို့ သဘောပေါက်သွားသည် ။ သူ့ကို ကာကွယ်ပေးရန် နောက်ခံမရှိပေ ။ သူ့အကြောင်းသတင်းပေါက်သွားပါက တက္ကသိုလ်ရှိ ဓာတ်ခွဲခန်းကြွက်နေရာတွင် အစားဝင်ပေးရပေလိမ့်မည် ။
" ရှီးး..."
လင်းမို့ တုန်ရီသွား၏ ။
' ငါအခြေအနေနဲ့ဆို ကောင်းကင်အဆင့်မှာ ငါ့ပြိုင်ဘက် ရှိမှာ မဟုတ်ဘူး.. ဒါပင်မယ့် အဆင့်အနိမ့်ဆုံးငွေလအဆင့်နဲ့တွေ့ရင်တောင် အရိုက်ခံရမှာပဲ.. ငါ့အကြောင်းကို ဘယ်သူမှ မသိအောင် သိုသိုသိပ်သိပ် နေရမယ်.. '
လင်းမို့တွေး၏ ။
' ငါ နေအလင်းအဆင့်ရောက်ရင် ..ဒါမှ မဟုတ် ငွေလအဆင့် အထွတ်အထိပ်ရောက်ရင်တော့ ခွန်အားထုတ်ပြလို့ ရလောက်ပြီ.. '
မြေဆွဲအားခန်း၏ တည်ငြိမ်အညွှန်းကိန်း ငါးဆဖြင့်ဆိုလျှင် သူ ငွေလအဆင့်သို့ ရောက်ရန် သိပ်ကြာတော့မည်မဟုတ်ချေ ။
' ငါသိုသို သိပ်သိပ်နေရမယ်..ပြီးမှ ခွန်အားထုတ်ပြလိုက်ရင် လူတွေ လန့်သွားကြမှာပဲ..ဟီးဟီးဟီး..'
လင်းမို့ သူ၏ အနာဂတ်အား စိတ်လှုပ်ရှားစွာ မျှော်လင့်နေ၏ ။
' စားဖို့ တစ်ခုခု သွားရှာမှ.. '
လင်းမို့ ပျော်ရွှင်စွာဖြင့် ထွက်ခွာသွား၏ ။ လေ့ကျင့်ကွင်း၏ ညဘက်အညွှန်းကိန်းက သိပ်မကောင်းသဖြင့် တခြားနေရာသို့ သွားရပေမည် ။
ထို့အပြင် မြေဆွဲအားခန်းတွင် လက်သီးပြင်းအားသာ အဓိကရသည်ဖြစ်၍ ဘက်ပေါင်းစုံဟန်ချက်ညီစေရန် သူကြိုးစားရမည်ဖြစ်သည် ။ မြေဆွဲအားခန်းတွင် နေ့ရောညပါ အိပ်နေပါက ကြာလျှင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်က အမီလိုက်နိုင်မည် မဟုတ်တော့ချေ ။