ကျုံးချန်၏ သေဆုံးခြင်း
Vol. 146 Ch. 2071
နင်ဟွာ၏ မျက်လုံးများတွင် ရက်စက်မှုများနှင့် ပြည့်နှက်နေသည်။ သူက ချန်ယိကို မတိုက်ခိုက်ခင် ကျုံးချန်အား သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်၏။
သူ၏ မျက်လုံးများက ပြင်းထန်စွာ ဒဏ်ရာရရှိထားသော ကျုံးချန်ပေါ်တွင် အာရုံစူးစိုက်လိုက်သည်။ အဆုံးမဲ့ ချိပ်စည်းနတ်အလင်းများက ကျုံးချန်၏ ခန္ဓာကိုယ်ကို ချက်ချင်း လွှမ်းခြုံသွားခဲ့ပြီး သူ၏ စိတ်ဝိညာဉ်ကို ကျူးကျော်ဝင်ရောက်လာသည်။ ရလဒ်အနေနှင့် ကျူံးချန်၏ မဟာလမ်းစဉ်စွမ်းအားက လုံးဝ ကန့်သတ်ခံလိုက်ရ၏။ ကျုံးချန်နှင့် နင်ဟွာတို့က တူညီစွာ ကျော်ကြားသော်လည်း သူတို့၏ စွမ်းအားများက တူညီသော အဆင့်တွင် ရှိမနေပေ။ ကျုံးချန်၏ မဟာလမ်းစဉ်စွမ်းအားများက နင်ဟွာ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ သူက ပြင်းထန်စွာဒဏ်ရာရရှိထားသည်ကိုပါ ထပ်ပေါင်းလျှင် နင်ဟွာကို ရင်ဆိုင်တိုက်ခိုက်ရန် စွမ်းရည် မရှိတော့ပေ။
နင်ဟွာက သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ဝါးမှ ချိပ်စည်းနတ်အလင်းတို့ ထိုးထွက်လာသည်။ ချိပ်စည်းနတ်အလင်းက ကျုံးချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး ကြီးမားလှသော ရှေးဟောင်းသင်္ကေတ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ "ချိပ်ပိတ်။"
ကျုံးချန်က လှုပ်ရှား၍ မရတော့ဘဲ သူရှိနေတဲ့ နေရာတစ်ခုလုံးက ချိပ်ပိတ်ခံလိုက်ရသည်။
ဤ အခိုက်အတန့်တွင် ကျုံးချန်က သူ့ကိုသူ ကယ်တင်နိုင်စွမ်း မရှိတော့ပေ။
နင်ဟွာက သူ၏ လက်ဖဝါးထက်တွင် လက်ချောင်းများကို တင်းကြပ်စွာ ဆုပ်လိုက်သည်။ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုက သူ၏ လက်သီးအနီးတွင် စုစည်းလာပြီး ၎င်းမှာ ကြောက်မက်ဖွယ်အနက်ရောင် တွင်းပေါက်ကြီးတစ်ခုကဲ့သို့ ထင်မှတ်ရသည်။
သူက ခြေထောက်ကို မြှောက်ကာအရှေ့သို့ ခြေလှမ်းလိုက်၏။ သူက လေဟာနယ်ကို ဖြတ်ကာ ကျုံးချန်ထံသို့ တစ်လှမ်းခြင်း ရောက်သွားသည်။
"သတိထား။"
လီချန်ရှန်းက ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ အိမ်ရှေ့စံယန်ဟန်ရှင်းနှင့် ရင်ဆိုင်နေခြင်း ဖြစ်သည်။ သို့သော် သူက ကျုံးချန်အန္တရာယ်များနေသည်ကို မြင်သည့်အခါ ယန်ဟန်ရှင်းအား လျစ်လျူရှုလိုက်၏။ ရလဒ်အနေနှင့် သူသည် ယန်ဟန်ရှင်းထံမှ တိုက်ခိုက်မှုကို ခံလိုက်ရသည်။ သူက အခွင့်အရေးရှာ၍ ကျုံးချန်ရှိနေရာဘက်သို့ ပြေးသွားလိုက်သည်။ သူ့ခန္ဓာကိုယ်က ကျုံးချန်ထံမရောက်ခင် မဟာလမ်းစဉ်စွမ်းအားများက အရင် ရောက်ရှိသွားခဲ့သည်။
မရေတွက်နိုင်သော နွယ်နှင့်အရွက်များက နင်ဟွာထံသို့ တိုးဝင်သွားခဲ့ပြီး တစ်ခုချင်းစီတွင် ကောင်းကင်ကိုပင် ပိုင်းဖြတ်နိုင်သော ထက်ရှသည့် ဓားစွမ်းအားများ ပါဝင်နေသည်။ ၎င်းတို့က နင်ဟွာကို အညှာအတာ ကင်းမဲ့စွာ တိုက်ခိုက်ချင်နေသည်။
ဘန်း...
နင်ဟွာက ဖျက်ဆီးခြင်း စွမ်းအားများနှင့် နွယ်အရွက်များကို တွန်းလွှတ်လိုက်သည်။ တောက်ပသော ချိပ်စည်း နတ်အလင်းများက သူ့ထံ တိုးဝင်လာသော တိုက်ခိုက်မှုများကို နှေးကွေးသွားစေသည်။
လီချန်ရှန်း၏ မျက်နှာက ပြောင်းလဲသွားခဲ့သည်။ အလွန် နောက်ကျသွားပြီ ဖြစ်၏။
ဘုန်း...
နောက်ထပ် ပုံရိပ်တစ်ခုက လျင်မြန်စွာ လှုပ်ရှားလာခဲ့သည်။ သူသည် လီချန်ရှန်းထက်ပို၍ လျှင်မြန်ပြီး မျက်စိ ကျိန်းလောက်သော နတ်အလင်းများနှင့် အတူ နင်ဟွာထံသို့ ခုန်ဝင်လာသည်။ ထိုသူမှာ ချန်ယိ ဖြစ်၏။ သူက ပြိုင်ဘက်အား သတ်ဖြတ်ပြီးသည့်အခါ ဤနေရာသို့ လာရောက် ကူညီရန် အသင့် ဖြစ်နေပြီ ဖြစ်သည်။
နင်ဟွာက သူ၏ ဘယ်ဘက်လက်ကို မြှောက်လိုက်ပြီး သူ့ထံသို့ ခုန်ဝင်လာသည့် ချန်ယိကို တိုက်ခိုက်လိုက်သည်။ သူ၏ လက်က ချိပ်စည်း သဏ္ဍာန်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင် ချိပ်ပိတ်နတ်၀င်္ကပါကဲ့သို့ လေဟာနယ်ကို ချိပ်ပိတ်လိုက်၏။ မရေတွက်နိုင်သော အလင်းတန်းများကထို၀င်္ကပါအစီအရင်ပေါ် ကျဆင်းလာသော်လည်း နတ်၀င်္ကပါကို ထိုးဖောက်နိုင်ခြင်း မရှိပေ။ နတ်၀င်္ကပါကို မရေတွက်နိုင်သော သင်္ကေတများစွာဖြင့် ဖုံးလွှမ်းထားပြီး တစ်ခုချင်းစီမှာ ထူးခြားပြောင်မြောက်လှသော နတ်အလင်းများကို ထုတ်လွှတ်နေသည်။ ချိပ်ပိတ်ခံလိုက်ရသည့် ထိုနေရာအား အလင်းစွမ်းအားများသည်ပင် ဖြတ်သန်း ဝင်ရောက်မသွားနိုင်ပေ။
အနီးမှ မဟာလမ်းစဉ်နှင့် အကြွင်းမဲ့ စွမ်းအားတို့ကို မည်သူက ရပ်တန့်နိုင်ပါမည်နည်း။
ဘန်း...
ချန်ယိ၏ ခန္ဓာကိုယ်က နတ်ဝင်္ကပါအစီအရင်ပေါ်သို့ ကျရောက်လာသောအခါ ချိပ်စည်းအချို့ကို ချိုးဖျက်လိုက်နိုင်သည်။ သို့သော် ကြီးမားသော အစီအရင်က ခိုင်မာမြဲမြံနေ၏။ ချန်ယိက နင်ဟွာနှင့် မတူညီသော ကျင့်ကြံဆင့်၌ ရှိနေသောကြောင့် နင်ဟွာ၏ ကာကွယ်မှုကို ဖြတ်သန်းရန် မလုပ်ဆောင်နိုင်ပေ။ သူတို့က တူညီသော အဆင့်အတန်း၌ ရှိမနေကြချေ။
"အလျင်စလိုလုပ်ဖို့မလိုပါဘူး။ ငါ ကျုံးချန်ကို စာရင်းရှင်းပြီးမှ မင်းနဲ့ ရင်ဆိုင်မယ်။" နင်ဟွာက ချန်ယိကို ကြည့်ကာ ပြောလိုက်သည်။ သူက စကားပြောနေစဉ် ရှေ့သို့ တိုးသွားနေခြင်းအား မရပ်တန့်ခဲ့ပေ။
လီချန်ရှန်းက ကျုံးချန်ကို ကူညီချင်သည်။ သို့သော်လည်း ရှေးဟောင်းတော်ဝင်ယန်မိသားစုမှ တန်ခိုးရှင်ကို အလွယ်တကူ ကိုင်တွယ်၍ မရပေ။ ယန်ဟန်ရှင်းသည် လီချန်ရှန်းနောက်မှ ထပ်ကြပ်မကွာ လိုက်နေကာ ကျုံးချန်အား အကူအညီမပေးနိုင်စေရန် အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များက ဆန္ဒသာ ရှိသော်လည်း ကျုံးချန်ကို ကူညီရန် ပြေးမသွားနိုင်ပေ။
ထူးချွန်လှသော စွမ်းရည်ကို ထုတ်ဖော်နိုင်သည့် ချန်ယိနှင့် ရီဖူရှင်းသာလျှင် သူတို့၏ ပြိုင်ဘက်များအား ချေမှုန်းနိုင်ကြသည်။ တိုက်ပွဲမှ လူတိုင်း မလူးသာမလွန့်သာ အခြေအနေတွင် ရှိနေကြ၏။ ကျုံးချန်ကဲ့သို့ အစွမ်းထက် တန်ခိုးရှင်တစ်ယောက်သည်ပင် နင်ဟွာရှေ့၌ ဒူးထောက်ကျရှုံးနေခဲ့ပြီ ဖြစ်သည်။
အဆင့်ကိုးရန်ဟောင် တန်ခိုးရှင်များစွာက သူတို့နှင့် ကျင့်ကြံဆင့်တူသော နယ်မြေသခင်အိမ်တော်၊ ယန်ပြည်ထောင်နှင့် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များနှင့် ရင်ဆိုင်နေကြရသည်။ သူတို့က အန္တရာယ်များသော အခြေအနေတွင် ရှိနေပြီး ကျုံးချန်ကို ကူညီရန် အချိန်ပိုမရဖြစ်နေကြ၏။
သို့သော်ငြား ထိုအခိုက်တွင် နင်ဟွာအရှေ့၌ လှံရှည်တစ်လက် ထွက်ပေါ်လာသည်။
ရီဖူရှင်းက လှံနှင့်အတူ ရှေ့သို့ တက်လာသည်။ သူက ပြိုင်ဘက်ကင်း တိုက်ပွဲဆန္ဒများကို ထုတ်လွှတ်၍ နင်ဟွာ၏ ခန္ဓာကိုယ်ကို ယင်နတ်အလင်းတို့နှင့် လွှမ်းခြုံလိုက်သည်။ လှံက လေဟာနယ်ကို ပြိုကွဲသွားစေကာ တိုက်ပွဲမြေပြင်တစ်ခုလုံးကို တုန်ခါသွားစေ၏။
ဘန်း...
ဘန်းဟူသော အသံနှင့်အတူ နင်ဟွာ၏ လက်သီးက လှံကို ထိခတ်သွားကာ ပြင်းထန်စွာ တုန်ခါသွားစေသည်။ ယင်စွမ်းအားများက နင်ဟွာ၏ ခန္ဓာကိုယ်အတွင်း ကျူးကျော်လာသော်လည်း နင်ဟွာက ချိပ်စည်းနတ်အလင်းတို့ကို ထုတ်လွှတ်ကာ ရီဖူရှင်း၏ မျက်လုံးများသို့ တိုက်ရိုက်ကြည့်လိုက်သည်။
နင်ဟွာ၏ လက်မောင်းများက ခေတ္တမျှ တုန်ယင်သွားသော်လည်း ရှေ့သို့ ဆက်လက် ရွေ့လျားနေသည်။ ထိုအချိန်တွင် ရီဖူရှင်းသည် သူ၏ မဟာလမ်းစဉ်က ပြိုကွဲသွားသလို ခံစားလိုက်ရပြီး စွမ်းအင်လှိုင်းများပေါက်ကွဲထွက်လာကာ လှံကို ဖြတ်၍ သူ့ခန္ဓာကိုယ်အတွင်း တိုးဝင်လာသည်။ ချိပ်စည်းသင်္ကေတများက သူ့ပေါ်သို့ ဆက်တိုက်ကျဆင်းလာနေကာ ချိပ်စည်းနတ်အလင်းတို့က သူ၏ ခုခံကာကွယ်မှုကို ထိုးဖောက်နေခဲ့သည်။
ဘန်း...
ရီဖူရှင်းက အဝေးသို့ လွင့်စင်သွားခဲ့သည်။ သူက ခပ်တိုးတိုး ညည်းညူလိုက်ပြီး ပါးစပ်အပြည့်သွေးများ ထွေးထုတ်လိုက်သည်။ အဆုံးမှာတော့ သူက သာမန်ရန်ဟောင်မဟုတ်သော နင်ဟွာထက် အဆင့်သုံးဆင့် နိမ့်နေသည် မဟုတ်ပါလား။
ချိပ်စည်းစွမ်းအားများက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဖြတ်သန်းလာသည်။ သူသည် ထိုအချိန်၌ သူ၏ ခွန်အားကို မစုစည်းနိုင်သည်အား ခံစားမိ၏။ နင်ဟွာက ရီဖူရှင်းအား ရက်စက်ကာ အေးစက်သော အကြည့်နှင့် ကြည့်လိုက်သည်။
"မင်းတို့အားလုံးက သေဖို့ ဒီလောက် ဆန္ဒစောနေတာလား။" နင်ဟွာ၏ ဝတ်ရုံက လေထဲ၌ တဖျတ်ဖျတ်လွင့်နေသည်။ သူက မောက်မာလှပြီး သက်ရှိဒဏ္ဍာရီကဲ့သို့ လွှမ်းမိုးနိုင်သည်။
သူက ပြိုင်ဘက်ကင်းပြီး ဤတိုက်ပွဲမြေပြင်၌ ရပ်တန့်၍ မရနိုင်သူ ဖြစ်သည်။
သူတို့အားလုံးက တစ်ယောက်ချင်း တိုက်ခိုက်နေလျှင် သူက အားလုံးကို သတ်ဖြတ်လိမ့်မည် ဖြစ်သည်။
နင်ဟွာသည် သူ့ခန္ဓာကိုယ်မှ ပိုမို ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းများကို ထုတ်လွှတ်လိုက်၏။
သူက ခြေတစ်လှမ်းတည်းနှင့် ကျုံးချန်ရှိရာသို့ ရောက်ရှိလာသည်။
ထိုအချိန်တွင် နင်ဟွာက ရက်စက်သော နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရသည်။
ဘန်း... ဘန်း... ဘန်း...
ကျုံးချန်၏ မဟာလမ်းစဉ်က ဖိနှိပ်ခံထားရသော်လည်း သူက နောက်ဆုံးခွန်အားတို့ကို စုစည်းကာ နတ်ကျောက်စာချပ်များအား ဆင့်ခေါ်လိုက်ပြီး နင်ဟွာကို ယိမ်းယိုင်စွားစေရန် လုပ်ဆောင်လိုက်သည်။
ရှေးဟောင်းအက္ခရာများက နင်ဟွာ၏ မဟာလမ်းစဉ်နတ်ဝင်ရိုးအထက်တွင် ပေါ်ပေါက်လာကာ နတ်ကျောက်စာချပ်များပေါ် ကျဆင်းလာပြီး ပြင်းထန်စွာ တုန်ခါသွားစေသည်။ ထို့နောက် နင်ဟွာက လက်ကိုမြှောက်ကာ တန်ပြန်တိုက်ခိုက်လိုက်၏။ နတ်ကျောက်စာချပ်များက တစ်ခါတည်း ပေါက်ကွဲသွားတော့သည်။ နင်ဟွာက ဝေဝါးသော အရိပ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ကျုံးချန်ထံ ရောက်ရှိလာသည်။ ကောင်းကင်တွင် ချိပ်စည်းနတ်အလင်းများ ကျရောက်လာပြီး ကျုံးချန်သည် ထိန်းချုပ်မရအောင် တုန်ယင်လာပြီး သူက နင်ဟွာ၏ စွမ်းအားများမှ လွတ်မြောက်ရန် ကြိုးစားကြည့်လေသည်။ သူက မော့ကြည့်လိုက်ပြီး နင်ဟွာအား မယိမ်းယိုင်သော ဆုံးဖြတ်ချက်များနှင့် စိုက်ကြည့်လိုက်၏။
"ဒါက မင်းအမှားမဟုတ်ဘူး။ မင်းက အချိန်မှားမွေးလာရုံပဲ။" နင်ဟွာက ပြောလိုက်သည်။ သူက စက္ကန့်ပိုင်းမျှ ပျောက်သွားခဲ့ပြီး ပေါက်ကွဲသံနှင့်အတူ နင်ဟွာက ကျုံးချန်ရှေ့၌ ထွက်ပေါ်လာသည်ကိုအား လူတိုင်း မြင်လိုက်ကြရသည်။ သူ၏ ပြင်းထန်သော လက်သီးက ကျုံးချန်၏ မဟာလမ်းစဉ်နတ်ဝင်ရိုးနှင့် ခန္ဓာကိုယ်ကို ဖြတ်သန်းထိုးနှက်လိုက်သည်။
"ဂျူနီယာညီလေး..." လီချန်ရှန်းက အော်ဟစ်လိုက်သည်။ ယခင်က သူသည် မည်သည့်အခြေအနေ၌မဆို တည်ငြိမ်ခဲ့ပါသော်လည်း ယခုတွင် သူ၏ မျက်လုံးများက နီရဲနေကာ အမျက်ဒေါသ ရန်ငြိုးအာဃာတများက သူ့အား ဝါးမြိုသွားတော့မလိုပင်။ ထိုအချိန်၌ သူက ယန်ဟန်ရှင်း၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီး လွင့်စင်သွားလေသည်။ သို့သော် သူက ကျုံးချန်ဘက်သို့သာ ကြည့်နေရင်း သူ့ မျက်လုံးများက သွေးစို့သလို နီရဲလာ၏။
လီချန်ရှန်းသာလျှင် မဟုတ်ဘဲ လူတိုင်းက ကျုံးချန်ကို ကြည့်နေကြသည်။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကျုံးချန်သည် တုန်းဟွာနယ်မြေအတွင်း ထူးချွန်သော တန်ခိုးရှင်လေးယောက်မှ တစ်ယောက် ဖြစ်သည်။ သူက ပြီးပြည့်စုံသော မဟာလမ်းစဉ်နှင့် အဆင့်မြင့်ရန်ဟောင် ဖြစ်ပြီး လောကထိပ်ဆုံးရောက်ရှိကာ တုန်းဟွာနယ်မြေအတွင်း ကျင့်ကြံသူဆရာသခင်တစ်ယောက် ဖြစ်လာနိုင်သည့် ကြမ္မာရှိခဲ့သည်။
သူသည် ယနေ့ ဤနေရာ၌ အဆုံးသတ်နှင့် တွေ့ဆုံရမည်လား။
လက်သီးချက်က သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့လေသည်။
အလင်းဖောက်နိုင်သော ပုံရိပ်လေးတစ်ခု ထွက်ပေါ်လာ၏။ ထိုသည်မှာ ထွက်ပြေးရန်ကြိုးစားနေသော ကျုံးချန်၏ ဝိညာဉ်ဖြစ်သည်။ သို့သော် နင်ဟွာက လက်ကို ဆန့်ထုတ်ကာ ချိပ်စည်းနတ်အလင်းများကို ထုတ်လွှတ်ကာ ကျုံးချန်၏ ဝိညာဉ်ကို မလှုပ်နိုင်အောင် ထိန်းချုပ်လိုက်သည်။ ထိုဖောက်ထွင်းမြင်နိုင်သော ပုံရိပ်က လှုပ်ရှားပြီး လွတ်မြောက်ရန် ကြိုးစားပါသော်လည်း မချိုးဖျက်နိုင်ခဲ့ပေ။
နင်ဟွာက ကျုံးချန်ကို ထွက်သွားခွင့်မပေးခဲ့ပေ။ သူက နောက်ထပ်လက်သီးတစ်ချက် ပစ်လွှတ်လိုက်ပြီး ဖျက်ဆီးခြင်း နတ်အလင်းတို့ကို ထုတ်လွှတ်လိုက်၏။ ကျုံးချန်၏ ဝိညာဉ်က ပြိုကွဲကာ ပျောက်ကွယ်သွားသည်။ သူ၏ ရုပ်အလောင်းသည်လည်း အရုပ်ကြိုးပြတ် ပြုတ်ကျသွားသည်။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အနာဂတ် ကျွမ်းကျင်သူဆရာသခင်တစ်ယောက်က ဤတိုက်ပွဲ၌ နောက်ဆုံးထွက်သက်ကို ရှုထုတ်သွားရပြီ ဖြစ်သည်။ သူက တုန်းဟွာနယ်မြေ၏ ပါရမီရှင် နင်ဟွာ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ထိုမြင်ကွင်းက လူအများကို အစစ်အမှန် မဟုတ်ဟု ခံစားမိစေသည်။ သူတို့က နယ်မြေသခင်အိမ်တော်သည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ပစ်မှတ်ထားတိုက်ခိုက်ကြောင်း စတင် သတိပြုမိလာကြသည်။ မဟုတ်လျှင် နင်ဟွာက မည်သည့်အတွက် ကျုံးချန်ကို ထိုမျှ ဆုံးဖြတ်ချက်ပြတ်သားစွာနှင့် သတ်ဖြတ်လိမ့်ပါမည်နည်း။
***