← Chapters

ချန်ရှို့၏ပြန်လည်သင်ကြားမှုနည်းလမ်း

Vol. 12 Ch. 164

ချန်ရှို့၏ပြန်လည်သင်ကြားမှုနည်းလမ်း

Vol. 12 Ch. 164

လီချန်ရှို့ခံစားနေရသည့် ခံစားချက်သည် ပို၍အားကောင်းလာသည်။

သူသည် ထိုက်ကျိပန်းချီကားကို အရိုအသေပေးပြီးနောက် တန်ခိုးရှင်ထံမှ အမိန့်များကို လက်ခံရရှိခဲ့သည်။ ထို့နောက် သူသည် ‘သွား’ဟူသောစကားလုံးဖြင့် ပန်းချီကားအတွင်းသို့ စေလွှတ်ခြင်းကို ခံခဲ့ရသည်။

ထိုအမိန့်များသည် တန်ခိုးရှင်ထံမှ မဟုတ်ချေ။

အရှင်ထိုက်စန့်လောင်ကျွင်း၏ တာအိုလမ်းစဉ်မှာ “ ငါ့အတွေးမဟုတ်၊ ငါ့လုပ်ရပ်မဟုတ်၊ ငါ့မကောင်းမှုမဟုတ်သလို ငါ့ကြင်နာမှုလည်းမဟုတ်၊ ငါ့လာခြင်းမဟုတ်သလို ငါ့သွားခြင်းလည်းမဟုတ် ”ဟူ၍ဖြစ်သည်။

ထိုအချက်တစ်ခုတည်းဖြင့်ပင် လီချန်ရှို့သည် သူ့ကို ထိန်းချုပ်နေသူမှာ အရှင်ရွှမ်းဒူဟု လုံးဝသံသယဝင်နေပြီဖြစ်သည်။

ပို၍အရေးကြီးသည်မှာ လီချန်ရှို့သည် သူ့လက်ကောက်ဝတ်တွင်ဝတ်ဆင်ထားသည့် နတ်ဝိဇ္ဇာအဆင့် အာရုံခံကျောက်မျက်ကို ကြည့်လိုက်သည်။

သူပန်းချီကားအတွင်းသို့ ဝင်လိုက်စဉ်ကတည်းက ထိုကျောက်မျက်သည် အရောင်လက်လာခဲ့သည်။ သူ့ကိုစောင့်ကြည့်နေသည့် စွမ်းအားကြီးသော်လည်း သိုသိပ်သည့်နတ်အာရုံတစ်ခုရှိနေပေသည်။

‌

တောတောင်ရေမြေပန်းချီကား၏သက်ရောက်မှုနှင့် နှိုင်းယှဉ်လျှင် ထိုနတ်အာရုံသည် ကွဲပြားကြောင်း သူ မကြာမကြာ အာရုံခံခဲ့မိ၏။ ထိုနတ်အာရုံသည် သူ့အပေါ်တွင်သာ ကျရောက်နေခြင်းပင်။

ကံဆိုးသည်မှာ နောက်ကွယ်မှသူ့ကိုအမိန့်ပေးနေသူသည် အရှင်ရွှမ်းဒူဖြစ်လျှင်လည်း သူသည် အရှင်ရွှမ်းဒူ၏အမိန့်များကို မလွန်ဆန်နိုင်ခြင်းပင်။ ထို့ပြင် ထိုကိစ္စကို စစ်ဆေးစုံစမ်းရန် နည်းလမ်းမရှိချေ။

အရှင်ရွှမ်းဒူသည်လည်း သူ၏ကျောထောက်နောက်ခံဖြစ်သည်။ သူသည် ထိုစမ်းသပ်မှုများကို သူရရှိထားသည့်အကာအကွယ်အတွက် ပေးရမည့်တန်ကြေးဟူ၍သာ သတ်မှတ်ရပေတော့မည်။

အမှန်တွင် လီချန်ရှို့သည် အရှင်ရွှမ်းဒူတစ်ယောက် ပြဿနာရှာနေခြင်းမှာ အခြားအကြောင်းတစ်ခုရှိနိုင်သေးသည်ဟု တွေးမိလေသည်။ ထိုသို့တွေးမိခြင်းမှာ အစောကရရှိခဲ့သည် အမိန့်ကြောင့်ဖြစ်သည်။

‘ ရန်ကျောင်းတော်ရဲ့အစွမ်းကို ပြရမယ်ဟုတ်လား ’

‘ ရန်ကျောင်းတော်က ဘာလို့ အဲဒီလိုလုပ်ရမှာလဲ ’

မည်သူမှ အရှင်ထိုက်စန့်လောင်ကျွင်းကို ရန်မစရဲပေ။ ထို့ပြင် အရှင်ရွှမ်းဒူသည်လည်း ကောင်းကင်ပြစ်ဒဏ်ခံယူရန် မလိုပေ။ ချီကျင့်ကြံသူအများစုသည် ရန်ကျောင်းတော်၏လျှို့ဝှက်ဆန်းကြယ်မှုကို သိ၏။ ထိုအချက်များဖြင့်ပင် ရန်ကျောင်းတော်၏အစွမ်းကို သက်သေပြရန် လုံလောက်ပေသည်။

လီချန်ရှို့သည် ရေထဲတွင်ဆက်လက်ပုန်း‌အောင်းကာ တွေးတောနေသည်။

မလှမ်းမကမ်းတွင် ရှုံးလင်လိသည် နတ်တူကိုပခုံးတွင်ထမ်းကာ မိစ္ဆာသားရဲနှစ်ကောင်၏အလောင်းကို ကျောတွင်ပိုး၍ ပြေးလာနေသည်။ သူမသည် လျင်မြန်စွာပြေးနေရာ သူမ၏ပြေးလမ်းကြောင်းတွင် ဖုန်များတထောင်းထောင်းထနေလေသည်။

လီချန်ရှို့သည် ‌ရေထဲမှနေ၍ သူမကို ခေတ္တမျှလေ့လာလိုက်ပြီး လျင်မြန်စွာ အကြံတစ်ခုထုတ်လိုက်သည်။ သူသည် ‘ ရန်ကျောင်းတော်ရဲ့အစွမ်းကိုပြလိုက် ’ဟူသော စကားမှနေ၍ အဓိပ္ပာယ်အမျိုးမျိုး ချနိုင်ပေသည်။ သူသာ ဤ‌ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲတွင် ရန်ကျောင်းတော်ကို အစွမ်းပြနိုင်အောင်လုပ်ပေးနိုင်လျှင် လုံလောက်ပြီဖြစ်သည်။

ထိုရည်ရွယ်ချက်အထမြောက်ရန် သူကိုယ်တိုင် လုပ်စရာမလိုပေ။

လီချန်ရှို့သည် သူ၏နတ်အာရုံကိုဖြန့်ကျက်၍ သူ မကြာခင်က မကြာခဏတွေ့ခဲ့ကာ မကြာခဏလျစ်လျူရှုခဲ့သည့် အဆိပ်မကို ရှာဖွေလိုက်သည်။

သူဆက်၍လုပ်မည့်ကိစ္စအတွက် ဓမ္မရတနာတစ်ခုသည် မလုံလောက်ချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် လီချန်ရှို့သည် လီ(၆၀၀)အကွာတွင် မိစ္ဆာသားရဲများနှင့်တိုက်ခိုက်နေသည့် ယုံချင်ရွှမ်းယာကို ရှာတွေ့သွားလေသည်။ ယုံချင်ရွှမ်းယာအနီးတွင် ယုံချင်ရွှမ်းယာနှင့်အတူတကွ မိစ္ဆာသားရဲနှစ်ကောင်ကို တိုက်ခိုက်နေသည့် ရန်ကျောင်းတော်မှ အမျိုးသားတပည့်အနည်းငယ်လည်းရှိပေသည်။

ထိုတပည့်များသည် တုနတ်ဝိဇ္ဇာဂိုဏ်းမှမဟုတ်ချေ။

လီချန်ရှို့၏မျက်လုံးများ အရောင်လက်သွား၏။ သူသည် ရှုံးလင်လိတစ်ယောက် သွားလာရာတွင် လေးပင်မနေစေရန် နတ်ရွေ့ရှားမှုအဆောင်အနည်းငယ်နှင့် ပေါ့ပါးအဆောင်အနည်းငယ်ကို ထုတ်ကာ သူမကိုယ်ပေါ်တွင် ကပ်ပေးလိုက်သည်။

ထို့နောက် သူသည် ကိုယ်ယောင်ဖျောက်အတတ်ကိုသုံးကာ ယုံချင်ရွှမ်းယာဆီသို့ သွားလိုက်၏။ ကျွမ်းကျင်သူတစ်ဦးကို ထင်ပေါ်ကျော်ကြားစေသည်မှာ ပို၍လုံခြုံပေသည်။

မကြာမီတွင်...

“ ညီမလေးယုံချင်... ”

‘ အစ်ကိုချန်ရှို့... ’

မိစ္ဆာသားရဲများကို သူမ၏ဓားခံစစ်ဖြင့် တိုက်ခိုက်နေသည့် ယုံချင်ရွှမ်းယာသည် ချက်ချင်းပင်နောက်လှည့်ကာ အသံထွက်ပေါ်လာရာဘက်သို့ ကြည့်လိုက်သည်။

သို့သော် သူမသည် သူမစိတ်ပူနေခဲ့သည့် ဂိုဏ်းတူအစ်ကိုကြီးက ကျန့်(၁၀၀)အကွာရှိ သစ်ပင်ပေါ်တွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ဆံပင်ရှည်များနှင့် သူ့တာအိုဝတ်ရုံအစွန်းများသည် လေထဲတွင် ဝဲလွင့်နေသည်။ သူသည် သူမကို တည်တည်ငြိမ်ငြိမ်ပြုံး၍ကြည့်နေ၏။

ထိုအခိုက်တွင် ယုံချင်ရွှမ်းယာ၏ရင်ထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ သူမ၏အတန်ငယ်ချွေးစို့နေသော မျက်နှာလေးပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်များနှင့် ချီတုံချတုံဖြစ်နေသောအရိပ်အယောင်များ ရောယှက်နေသည်။ သို့သော် သူမသည် သူမ၏အပြုံးကိုမူ မဖုံးကွယ်ထားနိုင်ပေ။

သူမရင်ထဲတွင် အတန်ငယ် ပန်းများပွင့်သွားသည်။ ထိုနေရာတွင် သူမတို့နှစ်ဦးတည်းသာရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

ရုတ်တရက်...

“ ညီမလေးယုံချင် ကူညီပါဦး... အစ်ကိုတို့ တောင့်ခံမထားနိုင်တော့ဘူး ”

“ ဟိုနားက မိတ်ဆွေ... ဒီကို လာကူညီပါဦး။ ဒီမိစ္ဆာသားရဲနှစ်ကောင်က တော်တော်လေး စွမ်းအားကြီးတယ် ”

ထိုအမျိုးသားတပည့်များကို ယုံချင်ရွှမ်းယာ၏ဓားပျံကသာ ကူညီမနေလျှင် သူတို့သည် ကျယ်လောင်စွာအော်ဟစ်၍ ချက်ချင်းပြန်ဆုတ်ခွာသွားမည်ဖြစ်သည်။

ယုံချင်ရွှမ်းယာ အလျင်အမြန် ပြန်လှည့်လိုက်သည်။ အစိမ်းရောင်မှော်မီးတောက်များ တောက်နေသည့် ဓားပျံဆယ့်ခြောက်ချောင်းသည် လေထုကိုထပ်မံ ဖောက်ထွင်းသွား၏။ လီချန်ရှို့၏နှုတ်ခမ်းများ အတန်ငယ်လှုပ်ရှားသွားသည်။

သူသည် ရှုံးလင်လိကို အသံပို့လွှတ်နေခြင်းပင်။

ထိုအခိုက်တွင် သူသည် မိစ္ဆာသားရဲနှစ်ကောင်နောက်တွင်ရပ်နေသည့် ငယ်ရွယ်တုတ်ခိုင်သောမိန်းမပျိုလေးကို ဆက်သွယ်ပြီးသွားပေပြီ။ သူမသည် သူမ၏လက်ဝဲလက်ထဲတွင် နတ်တူကိုမြှောက်ကိုင်ထားပြီး လက်ယာလက်ထဲတွင် ခရင်းခွရှည်ကိုကိုင်ထားလေသည်။ သူမသည် ရုတ်တရက် တောအုပ်အတွင်းမှ ပြေးထွက်လာကာ အော်ပြောလိုက်သည်။

“ ငါက ရန်ကျောင်းတော်က တပည့်ရှုံးလင်လိနော်။ ငါက မိစ္ဆာတွေကိုသတ်တဲ့နေရာမှာ တကယ်တော်တယ် ”

ရတနာပန်းချီကားအပြင်ဘက်ရှိ တိမ်ပေါ်တွင်ထိုင်နေသော အရှင်ရွှမ်းဒူသည် ရှုံးလင်လိ၏အော်သံကို ကြားလိုက်သောအခါ အသံထွက်၍ရယ်မိမလိုပင် ဖြစ်သွားလေသည်။

‘ အဟမ်း... ငါသိက္ခာရှိရှိ၊ အေးတိအေးစက်ပြုမူရမယ်... ပညာရှင်တစ်ဦးရဲ့ဟိတ်ဟန်ပျက်လို့မဖြစ်ဘူး ’

ပန်းချီကားထဲတွင် ရှုံးလင်လိသည် ကြွေးကြော်၍ ရှေ့သို့ခုန်ထွက်သွားသည်။ သူမ၏လက်ဝဲလက်အတွင်းရှိ နတ်တူမှနေ၍ လျှပ်စီးတန်းများထွက်ပေါ်လာသည်။ သူမသည် လက်ယာလက်အတွင်းရှိ ခရင်းခွရှည်ကို ပစ်လွှတ်လိုက်၏။ ခရင်းခွရှည်သည် ခေါင်းသုံးလုံးမိစ္ဆာကျားသစ်၏နောက်ကျောကို စိုက်ဝင်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အော်သံအချို့ကို ကြားလိုက်ရသည်။ ငယ်ရွယ်သော စုန်းကဝေလူသားမိန်းမပျိုလေးထွက်လာသောအခါ လူသားမျိုးနွယ်၏မူလနတ်ဝိဇ္ဇာအဆင့်နှင့် တူညီသောအစွမ်းရှိသည့် မိစ္ဆာသားရဲနှစ်ကောင်သည် လျင်မြန်စွာပင် မြေပေါ်၌လဲကျသေဆုံးသွားလေတော့သည်။

အမျိုးသားတပည့်အချို့သည် သွေးများပေကြံနေသော ရှုံးလင်လိကိုကြည့်ကာ အလျင်အမြန်ပင် ဦးညွှတ်၍ ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။

ရှုံးလင်လိသည် သူတို့ကို ကြည့်ပင်မကြည့်ခဲ့ချေ။ သူမလက်ထဲရှိ ရွှံ့ခက်ရင်းခွသည် သဲနှုန်းများအဖြစ်ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားလေသည်။ သူမသည် နတ်တူကိုကိုင်၍ ပင်လယ်စောင့်နတ်မင်း၏ဘေးသို့ ပြန်ပြေးသွားလိုက်သည်။ သူမ ပျော်ရွှင်စွာပြုံးလိုက်၏။

“ အစ်ကိုချန်ရှို့... ”

ယုံချင်ရွှမ်းယာသည် ဓားပျံများကို ကိုယ်ကိုလှည့်ပတ်၍ ပျံသန်းစေလိုက်သည်။ သူမသည် အနားယူမနေတော့ဘဲ လီချန်ရှို့ကို အလျင်အမြန်ကြိုဆိုလိုက်၏။

အမျိုးသားတပည့်များ မျက်မှောင်ကြုတ်သွား၏။

လီချန်ရှို့သည် သူတို့၏မျက်နှာထားကို မည်သို့မသိမပြုမိဘဲနေမည်နည်း။

သို့သော် ယခုတွင် သူသည် ယုံချင်ရွှမ်းယာ၏အကူအညီကို လိုအပ်နေပေသည်။ သူသည် လက်နှစ်ဖက်ဆုပ်၍ ဦးညွှတ်လိုက်သည်။

“ ကျွန်တော့်ရဲ့ ဂိုဏ်းတူညီမလေးကို စောင့်ရှောက်ပေးတဲ့အတွက် မိတ်ဆွေတို့ကို ကျေးဇူးတင်ပါတယ် ”

အမျိုးသားတပည့်များသည် သူတို့နေရာကိုသူတို့သိသွားပြီး နှုတ်ဆက်ထွက်ခွာသွားကြလေတော့သည်။

ယုံချင်ရွှမ်းယာက ပြောလိုက်၏။

“ အစ်ကိုချန်ရှို့... ရွှမ်းယာက သူတို့ကိုကူညီခဲ့တာပါ။ အစ်ကို သူတို့ကို ကျေးဇူတင်စရာမလိုပါဘူး ”

လီချန်ရှို့ ဆွံ့အသွား၏။

“ ညီမလေးယုံချင်... လောကထဲကအရာအားလုံးက အသိပညာဗဟုသုတပဲ။ တခြားသူတွေနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ကလည်း အသိပညာဗဟုသုတလိုအပ်တယ်။ ညီမက နတ်ဝိဇ္ဇာဆိုပေမယ့် တခြားသူတွေနဲ့အဆင်ပြေပြေမနေလို့ မဖြစ်ဖူးလေ။ လူသားတွေနဲ့ တခြားသက်ရှိတွေက အမတလမ်းစဉ်ပေါ်မှာ အတူတကွလျှောက်လှမ်းရတာပဲမလား ”

ပန်းချီကားအတွင်းမှယုံချင်ရွှမ်းယာနှင့် ပန်းချီကားအပြင်မှအရှင်ရွှမ်းဒူတို့သည် ခပ်ဖြည်းဖြည်းခေါင်းညိတ်လိုက်ကြသည်။ ယုံချင်ရွှမ်းယာ သူမဘာသာတွေးလိုက်၏။

‘ အစ်ကိုချန်ရှို့ရဲ့ စကားတွေက မှတ်သားစရာပဲ... ငါ အဲ့စကားတွေကို မှတ်ထားမှရမယ် ’

အရှင်ရွှမ်းဒူသည် တာအိုဂိုဏ်းများ၏ပညာရှင်အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ ထို့ကြောင့် သူ၏အတွေးသည် ယုံချင်ရွှမ်းယာနှင့်ကွာခြားပေသည်။

‘ ချန်ရှို့လေးရဲ့စကားတွေက မဆိုးဘူးပဲ။ ငါသေချာတွေးကြည့်တော့ အဲ့စကားတွေက အဓိပ္ပာယ်ရှိတာပဲ ’

ပန်းချီကားအတွင်းတွင် လီချန်ရှို့က ပြောလိုက်သည်။

“ ညီမလေး... အရင်ဆုံး အစ်ကို့နောက်လိုက်ခဲ့။ ဒီနေရာမှာ စကားပြောလို့မကောင်းဘူး ”

“ ဟုတ်ကဲ့ ”

ယုံချင်ရွှမ်းယာသည် အတန်ငယ်ခေါင်းညိတ်လိုက်ပြီး ရှုံးလင်လိကို ဦးညွှတ်လိုက်သည်။ သူမပြောလိုက်၏။

“ ဆရာဒေါ်လေးကို နှုတ်ဆက်ပါတယ် ”

ရှုံးလင်လိသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် နားမလည်နိုင်ဖြစ်နေ၏။ သူ၏မျက်နှာပေါ်တွင် ခေါင်းရှုပ်နေသောအရိပ်အယောင်များ ပေါ်နေပေသည်။

‘ ငါက ဘယ်လိုလုပ် ဆရာဒေါ်လေးဖြစ်လာတာလဲ... ’

‘ ပင်လယ်စောင့်နတ်မင်းရဲ့ဘေးက လူတွေရဲ့ ပတ်သက်ပုံတွေက ရှုပ်ထွေးနေတာပဲ ’

လီချန်ရှို့သည် ယုံချင်ရွှမ်းယာနှင် ရှုံးလင်လိတို့ကို ဝါးတောလေးအတွင်းသို့ ခေါ်သွား၏။ သူသည် တရားထိုင်ဖျာသုံးချပ်ကို ထုတ်ယူလိုက်၏။ သူတို့သုံးဦး ထိုင်လိုက်သည်။

“ ညီမလေး... ”

လီချန်ရှို့သည် သူ၏လက်ကောက်ဝတ်ရှိ အာရုံခံကျောက်မျက်ကိုကြည့်၍ ပြုံးကာပြောလိုက်သည်။

“ အစ်ကိုတို့ဝင်လာတဲ့ဒီပန်းချီကားထဲမှာ အစ်ကိုတို့ တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ဂုဏ်သတင်းကျော်ကြားသွားအောင် လုပ်နိုင်မယ့်အကြံတစ်ခု အစ်ကို့ဆီမှာရှိတယ် ”

ယုံချင်ရွှမ်းယာ ချက်ချင်းခေါင်းညိတ်လိုက်သည်။

“ အစ်ကိုချန်ရှို့... ရွှမ်းယာကို အစ်ကိုရဲ့အကြံသာပြောပြပါ ”

လီချန်ရှို့ပြောလိုက်သည်။

“ ညီမက အခု တာအိုပေါင်းစည်းခြင်းအဋ္ဌမအဆင့်မှာပဲ..ဒါပေမဲ့ ဒီပန်းချီကားထဲမှာ ညီမက အစွမ်းထက်ဆုံးလူ မဟုတ်ဘူး။ အစ်ကို မကြာခင်တုန်းက အတုမဲ့နတ်ဝိဇ္ဇာတစ်ယောက်ရဲ့ ကိုယ်ရောင်ကိုယ်ဝါကို အာရုံခံခဲ့မိတယ်။ ဒါပေမဲ့ အစ်ကိုတို့ဘက်မှာ လင်လိရှိတယ်ဆိုရင် ညီမတို့နှစ်ယောက်ရဲ့ စွမ်းဆောင်ရည်က ပညာရှင်တစ်ဦးထက် မနိမ့်ဘူး ”

ယုံချင်ရွှမ်းယာ မျက်မှောင်ကြုတ်လိုက်သည်။

“ အစ်ကိုချန်ရှို့... ရွှမ်းယာတို့ ဘာလုပ်ရမှာလဲ ”

“ နာမည်ကြီးလာရမယ် ”

“ နာမည်ကြီးလာရမယ်ဟုတ်လား... ဘာလို့လဲ ”

လီချန်ရှို့ သက်ပြင်းချ၍ ပြောလိုက်သည်။

“ ညီမလေး... အစ်ကိုတို့ရဲ့တုနတ်ဝိဇ္ဇာဂိုဏ်းက ဘာလို့ ရန်ကျောင်းတော်မှာ နောက်ဆုံးအဆင့်ဖြစ်နေရတာလဲဆိုတာသိလား ”

သူဆက်ပြောလိုက်၏။

“ ဘာလို့လဲဆိုတော့ အစ်ကိုတို့က အရှေ့ကျွန်းကမို့လို့ပဲ။ အစ်ကိုတို့က သိပ်ပြီးနာမည်မကြီးဘူး။ ပါရမီရှင်တွေက တာအိုလမ်းစဉ်ကိုရှာဖွေဖို့ ဂိုဏ်းရွေးရင် အစ်ကိုတို့တုနတ်ဝိဇ္ဇာဂိုဏ်းကို ထည့်‌တောင်မစဉ်းစားဘူး။ အစ်ကိုတို့တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့အင်အားနဲ့ ရန်ကျောင်းတဲ့အင်အားကိုပါ တောင့်တင်းအောင်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းက အစ်ကိုတို့ရဲ့ ဂုဏ်သတင်းကို ကျော်ကြားလာအောင်လုပ်ပြီး အစ်ကိုတို့ဂိုဏ်းရဲ့ပုံရိပ်ကို မြှင့်တင်ဖို့ပဲ။ အဲဒီနည်းနဲ့ဆိုရင် အစ်ကိုတို့ဂိုဏ်းထဲကို နတ်ဝိဇ္ဇာအလောင်းအလျာတွေ ပိုများများ တပည့်အဖြစ်ရောက်လာလိမ့်မယ်။ ပြီးရင် အဲဒီနတ်ဝိဇ္ဇာအလောင်းအလျာထောင်ချီထဲကနေပြီး တစ်ယောက်ကိုရွှေးထုတ်ပြီး‌တော့ အကြီးအကဲတွေက အကောင်းဆုံးပြုစုပျိုးထောင်ပေးနိုင်လိမ့်မယ်... ”

“ အစ်ကိုတို့ နှစ်သောင်းချီမလိုပါဘူး... အဲဒီနည်းက နှစ်ထောင်ကျော်အတွင်းမှာပဲ အကျိုးသက်ရောက်မှုရှိလာလိမ့်မယ် ”

လီချန်ရှို့သည် ထိုသို့ပြောပြီးနောက် ခနဲ့တဲ့တဲ့ဖြင့် မပြောရမနေနိုင် ပြောလိုက်သေးသည်။

“ အင်း... တာအိုလက်တွဲဖော်စနစ်ကိုတော့ နည်းလမ်းတကျဖိနှိပ်ထားရမှာပဲ ”

ယုံချင်ရွှမ်းယာသည် ထိုအကြောင်းကိုတွေးတောလိုက်ပြီး ခပ်ဖြည်းဖြည်းခေါင်းညိတ်လိုက်သည်။

“ အစ်ကိုချန်ရှို့ ရွှမ်းယာနားလည်ပါပြီ ”

ပန်းချီကားအပြင်ဘက်မှ အရှင်ရွှမ်းဒူသည် ထိုစကားများကို ကြားလိုက်သောအခါ အတွေးနက်သွားသည်။ မကြာမီမှာပင် သူသည် ထိုစကားများကိုလက်ခံကြောင်း ခေါင်းညိတ်လိုက်ရလေသည်။

‘ သူပြောတာ အဓိပ္ပာယ်ရှိတယ်။ အဲဒါက ငါ အရင်ကမတွေးမိတဲ့ကိစ္စပဲ... ’

ပန်းချီကားထဲတွင် လီချန်ရှို့သည် ယုံချင်ရွှမ်းယာကို အလွယ်တကူနားချနိုင်ခဲ့သည်။ ထို့နောက် သူသည် သူ၏ “ ကြယ်ပွင့်ဖန်တီးရေးအစီအစဉ်”ကို ကြေညာလိုက်သည်။

“ ပထမဦးဆုံး နာမည်ကျော်ကြားလာဖို့အမြန်ဆုံးနည်းလမ်းက အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ပဲ။ တခြားအဖွဲ့ဝင်တွေရဲ့ အားသာချက်တွေကိုအသုံးချပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အားနည်းချက်တွေကို ထောက်ပံ့ပေးနိုင်တယ်။ အခု လင်လိရဲ့အားသာချက်က မိစ္ဆာသားရဲတွေကို မြန်မြန်သတ်နိုင်တဲ့အချက်ပဲ။ ညီမယုံချင်ရဲ့အားသာချက်က ... ညီမက ရုပ်ချောတာပဲ...ပြီးတော့ အရည်အချင်းရှိတယ်။ ညီမတို့နှစ်ယောက် အဖွဲ့ဖွဲ့ပြီးတော့ ပန်းချီကားထဲက မိစ္ဆာသားရဲတွေကို လိုက်သတ်ရမယ်။ ဒါက နာမည်ကြီးလာဖို့ ပထမဆုံးအဆင့်ပဲ ”

ယုံချင်ရွှမ်းယာသည် ချက်ချင်းပင် သဘောတူကြောင်း‌ ခေါင်းညိတ်ပြလိုက်သည်။ သူမဘေးရှိ ရှုံးလင်လိသည်လည်း ခပ်သွက်သွက်ခေါင်းညိတ်ပြလိုက်သည်။

“ အစ်ကိုချန်ရှို့... ဘာလို့ အဖွဲ့ထဲမှာ ရွှမ်းယာတို့သုံးယောက်လုံးမပါတာလဲ ”

လီချန်ရှို့တွေးလိုက်၏။

‘ မိန်းကလေးအဖွဲထဲ ယောက်ျားလေးပါတာကို ညီမမြင်ဖူးလို့လား ’

“ အစ်ကိုက ညီမလေးတို့ကို ကာကွယ်ပေးရမှာလေ ”

လီချန်ရှို့ လေးလေးနက်နက်ပြောလိုက်၏။

“ ညီမလေးတို့အတွက် မိစ္ဆာသားရဲတွေကိုသတ်ဖို့ အကောင်းဆုံးလမ်းကို အစ်ကိုကရှာပေးရမှာ။ အစ်ကိုက ပြင်ဆင်မှုတွေလုပ်ပြီး ညီမလေးတို့ကို ဆေးလုံးတွေ၊ အဆောင်တွေ ထောက်ပံ့ပေးရမှာလေ ”

ယုံချင်ရွှမ်းယာ၏မျက်ဝန်းများထဲတွင် မကျေနပ်မှုများဖြင့် ပြည့်နှက်လာပြီး နူးညံ့စွာပြောလိုက်သည်။

“ အစ်ကိုချန်ရှို့... အစ်ကိုချန်ရှို့က အမြဲဒီလိုချည်းပဲ။ ရွှမ်းယာတို့ နာမည်ရဖို့ အမြဲ အစ်ကိုက အကုန်လုံးလိုက်လုပ်ပေးနေတာပဲ ”

လီချန်ရှို့ ထရပ်၍ ပြုံးလိုက်သည်။

“ အစ်ကိုက နာမည်မကျော်ကြားချင်ပါဘူး။ အစ်ကိုက အသက်ရှည်ရှည်နေနိုင်ဖို့ပဲ ဂရုစိုက်တယ်။ လာပါ... အစ်ကိုတို့မှာ အချိန်မရှိတော့ဘူး။ သွားရင်းနဲ့ပဲ အတူတူပူးပေါင်းလုပ်ဖို့ ကြိုးစားကြတာပေါ့။ အစ်ကိုက မြေကိုယ်ယောင်ဖျောက်အတတ်ကိုသုံးပြီး မြေအောက်ကနေပြီးတော့ ညီမတို့အတွက် ထောက်လှမ်းပေးမယ်။ ညီမတို့က တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်ကဖြည့်ပေးပြီး အတူတူပူးပေါင်းလုပ်ဆောင်ပြီးသော ညီမတို့ရဲ့အစွမ်းကိုပြရမယ်။ ညီမယုံချင်... ဒီအဆိပ်မှုန့်တွေကို ညီမရဲ့ဓားပျံတွေပေါ်မှာ သုတ်ထားပြီး ဝှက်ဖဲအနေနဲ့အသုံးချပါ။ လင်လိ... ဒါက ပေါ့ပါးအ‌ဆောင်တွေနဲ့ အမြန်နှုန်းအဆောင်တွေပဲ... ဒီအဆောင်တွေက ညီမရဲ့ ပြေးနှုန်းကို အဆပေါင်းများစွာ မြှင့်တင်ပေးလိမ့်မယ်။ အစ်ကိုတို့မသွားခင် အဲ့အဆောင်တွေနဲ့ အသားကျသွားအောင် လုပ်လိုက် ”

ယုံချင်ရွှမ်းယာနှင့် ရှုံးလင်လိသည် ချက်ချင်းထရပ်လိုက်ပြီး သဘောတူလိုက်သည်။

လီချန်ရှို့သည် သူ၏ရှည်လျားသောအင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး မြေကြီးအတွင်းသို့ လျင်မြန်စွာဝင်သွား၏။

ခေတ္တမျှကြာပြီးနောက် အဖွဲ့အဖြစ်ဖွဲ့လိုက်သော ယုံချင်ရွှမ်းယာနှင့် ရှုံးလင်လိတို့နှစ်ဦးသည် ပန်းချီကားထဲတွင် ထင်ရှားလာလေတော့သည်။ ရှုံးလင်လိသည် မြေပေါ်တွင် လျင်မြန်စွာပြေးနေပြီး ယုံချင်ရွှမ်းယာသည် သူမ၏ဓားပျံကိုစီးကာ လေထဲမှပျံသန်းနေသည်။ သူမတို့သည် လီချန်ရှို့၏လမ်းညွှန်မှုအတိုင်း မိစ္ဆာသားရဲနှင့် ချီကျင့်ကြံသူများတိုက်ခိုက်နေသည့် ပထမဆုံးနေရာသို့ ရောက်သွားကြသည်။ ရှုံးလင်လိသည် လေထဲသို့ခုန်တက်လိုက်ကာ အော်ပြောလိုက်သည်။

“ ရန်ကျောင်းတော်က တပည့်တွေ ဒီကိုကူညီဖို့ရောက်လာပြီဟေ့ ”

နတ်တူကြီး ကျဆင်းသွားပြီး ဓားပျံများသည် ရှေ့နောက်၊ အထက်အောက် ပျံသန်းသွားသည်။ မိစ္ဆာသားရဲ မတုံ့ပြန်လိုက်နိုင်ခင်မှာပင် ၎င်းသည် ရှုံးလင်လိ၏နတ်တူနှင့် အထုခံလိုက်ရပြီး မြေပေါ်တွင် မှောက်သွားပြီးဖြစ်သည်။ ၎င်း၏မိစ္ဆာဝိညာဉ်ကိုလည်း ချီလင်းမီးတောက်နတ်ဓားက ထိုးဖောက်သွား၏။ ထိုအရာအားလုံးကို ပြုလုပ်ပြီးနောက် ရှုံးလင်လိက အော်ပြောလိုက်သည်။

“ လူတွေကို ကူညီတာက မှန်ကန်တဲ့လမ်းစဉ်ကို ကာကွယ်ဖို့ပဲ။ ရန်ကျောင်းတော်က မိစ္ဆာတွေကို နှိမ်နင်းတဲ့နေရာမှာ တော်တယ် ”

ထို့နောက် ယုံချင်ရွှမ်းယာသည် ဖြည်းဖြည်းချင်းဆင်းသက်လာပြီး ရှုံးလင်လိ၏မြှောက်ထားသော လက်ပေါ်တွင် ရပ်လိုက်သည်။ သူမ၏ပိတုန်းရောင်ဆံနွယ်များသည် လေထဲတွင် ဝဲလွင့်နေပြီး နတ်ဓားများသည် သူမကိုလှည့်ပတ်ပျံသန်းနေသည်။ သူမသည် စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သို့သော် သူမသည် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပပေသည်။ သူမတို့သည် တိုက်ပွဲအတွင်းသို့ဝင်လာပြီး မိစ္ဆာသားရဲကိုသတ်ကာ ကြွေးကြော်လိုက်ပြီး ဟိတ်ဟန်ထုတ်ခဲ့လေသည်။ ထို့နောက် ယုံချင်ရွှမ်းယာက အေးစက်စက်ပြောလိုက်၏။

“ သွားစို့ ”

သူမတို့နှစ်ဦးသည် နောက်တစ်နေရာသို့ ပျံသူကပျံ၊ ပြေးသူကပြေးဖြင့် သွားလိုက်ကြသည်။ တပည့်အနည်းငယ်သည်သာ အူကြောင်ကြောင်ဖြင့် ကျန်ခဲ့လေသည်။ သူတို့ မည်သည့်အရာကိုကြုံလိုက်ရကြောင်း သူတို့မသိပေ။ ထိုသို့ဖြင့် ထိုနှစ်ဦးသည် လီချန်ရှို့၏လမ်းညွှန်မှုအောက်တွင် ပန်းချီကားအတွင်းရှိ နေရာအနှံ့သို့ရောက်သွားလေတော့သည်။ သူမတို့သည် မိစ္ဆာသားရဲများကို သတ်လိုက်ပြီးလျှင် ရတနာများကို မယူခဲ့ပေ။ ထိုအစား သူမတို့သည် ခပ်အေးအေးလမ်းလျှောက်ကာ ဟိတ်ဟန်ထုတ်လိုက်ကြသည်။

ခြောက်နာရီအတွင်းမှာပင် သူမတို့နှစ်ဦးသည် မိစ္ဆာသားရဲတစ်ရာကျော်ကို သတ်ပစ်ခဲ့ပြီး ချီကျင့်ကြံသူရာကျော်ကို အံ့အားသင့်အထင်ကြီးသွားစေလေသည်။

ပန်းချီကားအပြင်ဘက်တွင် ရန်ကျောင်းတော်မှတပည့်များအကြောင်းကို ဆွေးနွေးမှုများ ပိုမိုများပြားလာသည်။

သူမတို့နှစ်ဦးတွင် အကျော်ကြားဆုံးတစ်ဦးမှာ “ မိစ္ဆာများ၏ရန်သူတော် ” ရှုံးလင်လိမဟုတ်ဘဲ “ တည်ငြိမ်သူနတ်သမီး ” ယုံချင်ရွှမ်းယာဖြစ်သည်။

ထို့ကြောင့် အာဒိကပ္ပလောကတွင် လှပသောမျက်နှာသည် တစ်ခုတည်းသောအရေးကြီးသည့်အရာ မဟုတ်ကြောင်း သက်သေပြရန်လုံလောက်ပေပြီ။ ကိုယ်လုံးကိုယ်ပေါက်လှရန်လည်း လိုပေသေးသည်။

“ ဆရာက ငါ့ကိုဒီကိုလာခိုင်းတာ ချန်ရှို့ကနေတဆင့် ငါ့ကိုဒီအကြောင်းတွေကို ပြောချင်လို့လား ”

ကောင်းကင်ထက်ရှိ တိမ်တိုက်တစ်ခုပေါ်တွင် တစ်ဦးတည်းထိုင်နေသော အရှင်ရွှမ်းဒူ၏မျက်နှာထားသည် လေးနက်နေသည်။

လီချန်ရှို့က ယုံချင်ရွှမ်းယာကိုပြောလိုက်သောစကားများသည် သူ့ရင်ထဲတွင် ပဲ့တင်ထပ်နေသည်။ အရှင်ရွှမ်းဒူသည် ဉာဏ်အလင်းပွင့်သွားပေပြီ။

‘ တစ်ခုခုကို အတင်းအကြပ်လုပ်မယ့်အစား ဘာကိုမှ မလုပ်တာ ပိုကောင်းတယ်။ တိုက်ခိုက်မယ့်အစား မတိုက်ခိုက်တာက ပိုကောင်းတယ်။ ငြိမ်းချမ်းနေရင် ငါ သဘာဝကို ရှာတွေ့နိုင်တယ်။ ဓမ္မတရားအားလုံးက နောက်ဆုံးမှာတော့ အနတ္တသဘောကိုပဲ ပြန်ရမှာပဲ ’

‘ ဆရာ... ဆရာက ကျွန်တော့်ကို ဒါကို တွေ့ကြုံခံစားစေချင်တာလား ’

အရှင်ရွှမ်းဒူ စိတ်‌ပေါ့သွားဟန် သက်ပြင်းချလိုက်သည်။ သူ၏တာအိုအဆင့်သည် အတန်ငယ်ထပ်တက်သွားလေသည်။

ချန်ရှို့လေး တုသိတာနန်းတော်သို့ ဝင်နိုင်အောင် တွန်းအားပေးမည့်အစား ပြောင်းလဲမှုများကို တိတ်တဆိတ်စောင့်ကြည့်၍ ချန်ရှို့ တုသိတာနန်းတော်သို့ဝင်လာမည့်အချိန်ကို စောင့်နေခြင်းက ပိုကောင်းပေသည်။

ထိုအခိုက်တွင် အရှင်ရွှမ်းဒူသည် လီချန်ရှို့ကိုကြည့်၍ မည်သို့ပြောရမည်မသိဖြစ်နေသည်။ သူ သက်ပြင်းသာချနိုင်လေသည်။

အရှင်ရွှမ်းဒူသည် လီချန်ရှို့၏အပြုအမူများ၊ စကားလုံးများကို ကြည့်ရှုလေ့လာပြီးနောက် လီချန်ရှို့ကို သူ၏အနာဂတ်ညီလေးအဖြစ် အသိအမှတ်ပြုထားပြီးဖြစ်သည်။ သို့သော် လီချန်ရှို့ တုသိတာနန်းတော်သို့ ဝင်လာရန် သူတွန်းအားပေး၍မရကြောင်း သူသိပေသည်။

‘ ထားလိုက်ပါတော့... သူ့ဟာသူ ရှိပါစေတော့... ဆရာက အရာအားလုံးအတွက် ပြင်ဆင်ထားမှာပါပဲ ’

အရှင်ရွှမ်းဒူထရပ်လိုက်ပြီး ကွမ်းချန်စစ်နှင့် တာအိုရသေ့တုပေါင်တို့ကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူသည် ခြေတစ်လှမ်းလှမ်းကာ တိတ်တဆိတ်ပျောက်ကွယ်သွားလေတော့သည်။

သို့သော် အရှင်ရွှမ်းဒူသည် ထွက်ခွာမသွားမီတွင် တာအိုသင်္ကေတအနည်းငယ်ကို ချန်ထားခဲ့ပြီး သူ့ကို အရှင်ထိုက်စန့်လောင်ကျွင်းသင်ပေးထားသည့် ‘ ဉာဏ်အလင်းပွင့်အောင်လုပ်၍ စကားပြောခြင်း ’နည်းလမ်းကို သုံး၍ လီချန်ရှို့ကို လှမ်းပြောလိုက်သည်။

ပန်းချီကားအတွင်း၌ မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံးနေသောလီချန်ရှို့သည် သူ့ရင်ထဲတွင် သက်ပြင်းချသံတစ်ခုကိုကြားလိုက်ရပြီး တာအိုသင်္ကေတများကို ချက်ချင်းအာရုံခံမိလိုက်သည်။

လီချန်ရှို့သည် မြေပေါ်သို့ အလျင်အမြန်ခုန်ထွက်လာပြီး ကောင်းကင်သို့ ဦးညွှတ်လိုက်သည်။ သူပြန်၍ခါးမမတ်နိုင်သေးခင်မှာပင် အရှင်ရွှမ်းဒူ၏စကားလုံးများသည် သူ့ရင်ထဲတွင် ဖြည်းဖြည်းချင်ပေါ်လာလေသည်။

“ ချန်ရှို့... မင်းကို ဒီတွေ့ဆုံပွဲကိုလာခိုင်းတာ ငါပဲ။ ငါရဲ့အစီအစဉ်က မင်းကို စောစောနာမည်ကျော်ကြားလာအောင်လုပ်ခိုင်းပြီး မင်း တုသိတာနန်းတော်ကို မြန်နိုင်သမျှမြန်မြန် ဝင်လာနိုင်အောင်လုပ်ပေးပြီးတော့ သင်ကြားရေးကိစ္စတွေနဲ့ပတ်သတ်ပြီး ငါ့ကိုကူညီခိုင်းမလို့ပဲ။ ဒါပေမဲ့ ငါ မင်းရဲ့အပြုမူတွေ၊ စကားလုံးတွေကို လေ့လာပြီးတဲ့နောက်တော့ ငါ မင်းဆီကနေ အများကြီးမြင်ရ၊ သိရ၊ သင်ယူခဲ့ရတယ်။ ငါရှက်မိပါတယ်... အဲဒါကြောင့် ငါမင်းကို ဆက်ပြီးတွန်းအားမပေးတော့ပါဘူး။ ငါဆက်ပြီး အခန်းအောင်းကျင့်ကြံဖို့ ပြန်သွားပါပြီ။ မင်းလည်း အာဒိကပ္ပလောကထဲမှာ ဆက်ပြီးကျင့်ကြံနေပါ။ ဘာကိုမှ တွန်းအားပေးဖို့မလိုပါဘူး။ သဘာဝအတိုင်းသာ စီးမျှောသွားလိုက်ပါ။ မင်းရဲ့နှလုံးသားနောက်ကိုသာလိုက်ပါ။ မင်းဒီနေ့ပြောတဲ့စကားတွေကို မင်းမှတ်မိလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ မင်းကိုယ်မင်း လောကီရေးရာတွေ အစွန်းထင်းမခံဘဲ အမတလမ်းစဉ်ကိုလျှောက်လှမ်းတဲ့နေရာမှာပဲ အာရုံစိုက်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ ရန်ကျောင်း‌တော်မှာ မင်းလိုတပည့်မျိုးရှိနေတာ ငါ‌အရမ်းစိတ်အေးသွားပါပြီ ”

လီချန်ရှို့ ဆွံ့အသွား၏။

သူ့နောက်ကျောဘက်တွင် လေပြေတစ်ချက်တိုက်ခတ်သွားပြီး အဝါရောင်သစ်ရွက်နှစ်ရွက်၊ သုံးရွက်ကို သယ်ဆောင်သွားသည်။

လီချန်ရှို့သည် အရှင်ရွှမ်းဒူချန်ထားခဲ့သော စကားလုံးများကို ဖတ်ပြီးနောက် ရှုံ့မဲ့သွားလေသည်။ သူသည် အားပြတ်သွားသကဲ့သို့ခံစားလိုက်ရပြီး ဒူးထောက်ထိုင်ချလိုက်သည်။

သူ့နားဘေးတွင် သနားစဖွယ်ဗျပ်စောင်းသံလေးတစ်သံ ထွက်ပေါ်နေသကဲ့သို့ပင်။

‘ မင်းမေဘကြီး... ’

‘ ငါ ဘာလုပ်မိသွားတာတုံး... ’

‘ ဒါက အခွင့်အရေးလေ ’

‘ ဒါက ငါ့ဘဝတစ်လျှောက်လုံးမှာရဖူးတဲ့ အကြီးကျယ်ဆုံးအခွင့်အရေးပဲ ’

‘ တကယ်လို့ ငါသာ ကျောင်း‌တော်သုံးကျောင်းတွေ့ဆုံပွဲမှာ နာမည်ကျော်ကြား‌လာအောင်လုပ်နိုင်ခဲ့ရင် တုသိတာနန်းတော်ကို ဝင်နိုင်လိမ့်မယ်ဆိုတာကိုသာ ငါသိရင် ဒီလိုခက်ခက်ခဲခဲ အကွက်တွေဆင်နေစရာမလိုတော့ဘူးပေါ့... ’

‘ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်အစစ်အမှန်ကို ထုတ်ပြလိုက်ပြီး ကျောင်း‌တော်သုံးကျောင်းက တပည့်တွေကို အနိုင်ယူပြလိုက်ရင် ပွဲသိမ်းပြီပေါ့ ’

‘ အရှင်ရွှမ်းဒူ... အရှင်ရွှမ်းဒူ... ဘာလို့ အဲဒီလိုဝေ့ဝိုက်နေရတာတုံးဗျာ။ အရှင်ရွှမ်းဒူသာ ကျွန်တော့်ကို တိုက်ရိုက်ပြောခဲ့ရင် ကျွန်တော်သေချာပေါက် အကြိမ်တစ်သောင်းလောက် ခေါင်းညိတ်ပြီး သဘောတူလိုက်မှာပေါ့ ’

‘ ဒီလိုအခွင့်အရေးမျိုးက နောက် နှစ်သန်းတစ်ရာလောက်ကြာရင်တောင် ထပ်ရပါဦးမလား ’

‘ ကျွန်တော် ထပ်လုပ်လို့ရမလား။ ကျွန်တော် သေချာပေါက်... သာမန်လမ်းစဉ်ကိုလိုက်ပြီး ကိုယ့်ကိုယ်ကို ကျော်ကြားလာအောင် လုပ်မှာပါ ’

‘ ငါက ကံမပါဘူးလား ’

လီချန်ရှို့သည် ရှုံ့မဲ့နေသောမျက်နှာထားဖြင့် ဒူးထောက်နေ၏။ သူ၏စိတ်နှလုံးသည် ညှိုးနွမ်းနေ၏။ သူ‌ လေပူများ မှုတ်ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုခံစားချက်များကြောင့် အားပြတ်နေသကဲ့သို့ခံစားနေရသည်။

ရန်ကျောင်းတော်နှင့် အာဒိကပ္ပလောကအပေါ်တွင်ထားသော သူ၏နက်ရှိုင်းသည့်ချစ်ခြင်းမေတ္တာကြောင့် သူ၏မျက်လုံးများတွင် မျက်ရည်များဝဲနေလေသည်။

“ အစ်ကိုချန်ရှို့... ”

ယုံချင်ရွှမ်းယာနှင့် ရှုံးလင်လိသည် သူ့‌နောက်မှနေ၍ အလျင်အမြန်ရောက်ရှိလာသည်။

လီချန်ရှို့တစ်ယောက် လွန်စွာစိတ်ပျက်နေသောမျက်နှာထားနှင့် မြေပေါ်တွင်ဒူးထောက်နေသည်ကို တွေ့လိုက်ရသောအခါ ယုံချင်ရွှမ်းယာသည် အလျင်အမြန် ဆင်းသက်လိုက်၏။

ထိုအခိုက်တွင် လီချန်ရှို့ပတ်ပတ်လည်ရှိ ဆန်းကြယ်သော တာအိုသင်္ကေတများသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။ သင်္ကေတတစ်ခုသည် ယုံချင်ရွှမ်းယာကို ဖြတ်သန်းသွား၏။

ယုံချင်ရွှမ်းယာသည် သူမ၏ရင်ထဲတွင် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် အတန်ငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ရှေ့သို့တိုးသွားလိုက်ပြီး တာအိုသင်္ကေရှိနေခဲ့သောနေရာတွင် ရပ်လိုက်ရာ ဉာဏ်အလင်းပွင့်မှုအခြေအနေအတွင်းသို့ ကျရောက်သွားလေတော့သည်။

All Chapters