← Chapters

အာဒိကပ္ပလောကတွင် ‌ဖာရာဒေးလှောင်ချိုင့် ကျော်ကြားသွားခြင်း

Vol. 12 Ch. 165

အာဒိကပ္ပလောကတွင် ‌ဖာရာဒေးလှောင်ချိုင့် ကျော်ကြားသွားခြင်း

Vol. 12 Ch. 165

‘ အခွင့်အရေး... မဟုတ်သေးပါဘူး... ’

မြေပေါ်တွင် ဒူးထောက်နေသော လီချန်ရှို့သည် ဖြည်းဖြည်းချင်းထရပ်လိုက်သည်။ သူသည် လက်နောက်ပစ်လိုက်ပြီး မြေပေါ်ရှိ မြက်ခင်းပါးပါးကိုကြည့်ကာ ရင်ထဲတွင် တွက်ချက်နေသည်။ သူသည် စိတ်ဓာတ်များ အောက်ဆုံးအထိ ရောက်နေပါသော်လည်း သူ၏နတ်အာရုံများသည် သူ့ပတ်ဝန်းကျင်ကို အာရုံခံရန် မမေ့လျော့ခဲ့ပေ။ သူအခွင့်အရေးနှင့် လွဲချော်သွားခြင်းမှာ အဆိုးချည်းပဲ မဖြစ်နိုင်ချေ။ အရာအားလုံးတွင် ကောင်းကွက်ရှိသလို ဆိုးကွက်လည်းရှိလေသည်။ တစ်နည်းဆိုရလျှင် လက်ရှိတွင် သူ့အနေဖြင့် တုသိတာနန်းတော်သို့ဝင်ရန် မသင့်တော်သေးချေ။ အကယ်၍ သူသာ အစောက အရှင်ရွှမ်းဒူ၏အမိန့်များကို ဆောင်ရွက်ခဲ့လျှင် ရန်ကျောင်းတော်၏လမ်းစဉ်ကို ဆန့်ကျင်လိုက်သကဲ့သို့ ဖြစ်သွားပေမည်။ တန်ခိုးရှင်သည် သူ့ကို သဘောကျတော့မည်မဟုတ်ပေ။ ထိုသို့သာဆိုလျှင် သူ၏အနာဂတ်လမ်းကြောင်းသည် အရှင်ရွှမ်းဒူ၏တပည့် သို့မဟုတ် အရှင်ထိုက်စန့်လောင်ကျွင်း၏တပည့်ဟူ၍ လမ်းကြောင်းနှစ်ခုကွဲသွားနိုင်ပေသည်။ အနာဂတ်တွင် သူသည် နတ်ဘုရားဘွဲ့စစ်ပွဲကြီးအတွင်း၌ ရန်ကျောင်းတော်ကိုယ်စား အပြစ်ဒဏ်ကို ခံရမည့်သူတစ်ဦး ဖြစ်လာရနိုင်ချေ မရှိပေလော။

နတ်ဘုရားဘွဲ့စစ်ပွဲကြီးမတိုင်ခင် အရှင်ထိုက်စန့်လောင်ကျွင်းသည် သူ့တွင်တပည့်တစ်ဦးသာ ရှိသည်ဟုဆို၍ အရှင်ရွှမ်းဒူ နတ်ဘုရားဘွဲ့မရရန် ကာကွယ်ပေးနိုင်လေသည်။

အကယ်၍ လီချန်ရှို့သာ တုသိတာနန်းတော်သို့ ယခုဝင်လိုက်ပါက သူသည် နတ်ဘုရားဘွဲ့စစ်ပွဲတွင် ကျောင်းတော်သုံးကျောင်းအတွက် အပြစ်ဒဏ်ခံရမည်ဖြစ်သည်။

“ အာ... ”

သူသည် သူ့ကိုယ်သူ ထိုသို့သာနှစ်သိမ့်နိုင်လေသည်။ အကယ်၍ သူသာ တုသိတာနန်းတော်သို့ ယခုဝင်လိုက်ပါက ကျောက်စိမ်းဧကရာဇ်ထံတွင် စောစီးစွာတာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ပြီး တရားဝင်နတ်မင်းတစ်ပါးဖြစ်လာနိုင်ကြောင်းကို သူသိပေသည်။ တုသိတာနန်းတော်သို့ဝင်ပြီးနောက်တွင် သူ၏လုံခြုံမှုသည် များစွာတိုးတက်လာမည်ဖြစ်ကြောင်းကို သူသိ၏။

သို့သော် ကွဲပြားသောအမြင်မှ တွေးတောပြီးသွားသောအခါ သူ့ရင်ထဲရှိ စိတ်ပျက်မှုကို အတန်ငယ်လျှော့ချနိုင်ပေသည်။ သူ့ယခင်ဘဝကလည်း သူသည် ကျောင်းသားဘဝတွင် ပြိုင်ကားများကို သဘောကျခဲ့သည်။ သို့သော် သူသည် ပြိုင်ကားမဝယ်လိုက်သဖြင့် ယွမ်သန်းချီစုဆောင်းနိုင်ခဲ့လေသည်။

သူသည် ဤအကြိမ်တွင် အခွင့်အရေးကို မဆုပ်ကိုင်နိုင်ခဲ့သော်လည်း ပြန်လည်ဆင်ခြင်သုံးသပ်ပြီးသောအခါ သူသည်ယ‌နေ့အရှုံးမှနေ၍ အဖိုးတန်သောအတွေ့အကြုံအချို့ကို ရခဲ့သည်ဟု ဆိုနိုင်ပေသည်။ အရှုံးသည် အောင်မြင်မှု၏သော့ချက်ဟူ၍ တာ့လော်နတ်မင်းတစ်ပါးက ပြောခဲ့ဖူးသည်။ သူ၏အောင်မြင်မှုသည် အမြဲလိုပင် သေးငယ်ကာအရေးမပါသကဲ့သို့ ထင်ရသော်လည်း အကောင်းချည်းပဲဖြစ်နေလျှင်လည်း မကောင်းပေ။ တစ်စုံတစ်ယောက်သည် တည်ငြိမ်လိုလျှင် ဆိုးကျိုးများလည်း ရှိနိုင်ပေသည်။

လီချန်ရှို့ သူ့ယခင်ဘဝတွင် ဖတ်ခဲ့ဖူးသည့်ရာဇဝင်ထဲတွင် စစ်မာယိသည် လွန်စွာသံသယများတတ်သူတစ်ဦးမဟုတ်ခဲ့ဘဲ တည်ငြိမ်လိုခဲ့ကာ မြို့တော်အဆောက်အဦးအတွင်း၌ ဗျပ်စောင်းတီးနေသော ကျူးကော့လန်ကိုကြည့်၍ နောက်လှည့်ပြန်ခဲ့ပါက “သုံးပြည်ထောင်ချစ်ပုံပြင်”၏ ဇာတ်သိမ်းပိုင်းသည် ကွဲပြားသွားနိုင်ပေသည်။

‘ ဒီတော့... ငါ တည်ငြိမ်တဲ့အခြေခံကိုထိန်းထားရင်းနဲ့ပဲ တချို့နေရာတွေမှာ သိပ်သတိကြီးကြီးမထားရင် ကောင်းမလား ’

လီချန်ရှို့သည် ခေတ္တမျှတွေးတောပြီးနောက် ထိုအကြံကိုခေါင်းထဲမှ ထုတ်လိုက်သည်။ ယခုတွင် သူသည် တန်ခိုးရှင်နှင့် ကျောက်စိမ်းဧကရာဇ်တို့နှင့် အဆက်အသွယ်ရှိနေပေပြီ။ ထို့ပြင် ထိုဆက်နွယ်မှုနှစ်ခုသည် တစ်ခုနှင့်တစ်ခု ယာယီထပ်နေလေသည်။ သူသည် ထိုနှစ်ဦးကိုမှီခို၍ အမြင့်သို့ အလျင်အမြန်တက်လှမ်းနိုင်ပေသည်။ သူ သိပ်၍စွန့်စားရန် မလိုတော့ပေ။

သူသည် နဂါးမျိုးနွယ် ကောင်းကင်ဘုံသို့ ဝင်မည့်ကိစ္စကို အောင်မြင်အောင်လုပ်ရပေမည်။ သူ ကိုယ်တိုင်လည်း အာကာသနတ်မင်းကောင်းကင်ပြစ်ဒဏ်ကို ‌ကျော်လွှားနိုင်အောင်လုပ်ရမည်ဖြစ်သည်။ စက္ကူကိုယ်ပွားသည် ကောင်းကင်ဘုံခုံရုံးတွင် တာဝန်ထမ်းဆောင်ကာ စာရေးရာထူးကိုယူ၍ သူ့ကိုတရားဝင်နတ်မင်းဖြစ်လာအောင် ကူညီပေးနိုင်ပေသည်။ ထိုသို့ဆိုလျှင် သူသည် ဖြစ်ပေါ်လာမည့် နတ်ဘုရားဘွဲ့စစ်ပွဲကြီးတွင် ရှင်သန်နိုင်မည်ဖြစ်သည်။

ထိုသုံးမျိုးသည် သူအကောင်းဆုံးလုပ်ရန်လိုသည့် အဓိကကိစ္စကြီးသုံးမျိုးဖြစ်သည်။

‘ ငါသာ ဒီအခွင့်အရေးကိုဆုပ်ကိုင်နိုင်ခဲ့ရင် ကံကောင်းမယ်ဆိုပေမယ့် ငါသေသွားနိုင်တဲ့ ဖြစ်နိုင်ချေလည်းရှိသေးတယ်။ ငါ ဒီအခွင့်အရေးကို လက်လွတ်သွားပြီဆိုတော့ ရှိပါစေတော့ ”

‘ ငါ ဒီကိစ္စကြောင့် ပိုမကောင်းလာနိုင်ဘူးဆိုပေမယ့် ပိုလည်းဆိုးမလာနိုင်ပါဘူး... ’

လီချန်ရှို့သည် ထိုသို့တွေးကာ ရယ်မောလိုက်ပြီး ပြန်၍အားပြည့်လာတော့သည်။ တစ်ခဏအတွင်းမှာပင် သူ့ရင်ထဲရှိ အတွေးများ ရှင်းလင်းသွားလေသည်။ သူ့ရင်ထဲတွင် တာအိုသင်္ကတတန်းများ လှည့်ပတ်သွားသည်။ သူသည် လောကကြီးနှင့် ပို၍ဆက်နွယ်မှုရှိလာသည်ဟု ခံစားလိုက်ရသည်။

‘ နေပါဦး... ’

‘ အခုတလော ငါ့ရဲ့ ဉာဏ်အလင်းပွင့်တာက ဘာဖြစ်နေတာလဲ။ ဒီလိုအခြေအနေ၊ ဒီလိုနေရာမျိုးမှာပဲ လာပြီး ဉာဏ်အလင်းပွင့်နေရတာလဲ ’

လီချန်ရှို့သည် သူ၏လှုပ်ရှားနေသော တာအိုနှလုံးသားကို အလျင်အမြန်ဖိနှိပ်လိုက်ပြီး ဉာဏ်အလင်းပွင့်မှုအားလုံးကို စုပ်ယူလိုက်သည်။ သူဂိုဏ်းသို့ပြန်ရောက်သောအခါမှ ထပ်၍အဆင့်တက်မည်ဖြစ်သည်။ ဉာဏ်အလင်းပွင့်မှုကို ဖိနှိပ်ထားခြင်းသည် လုံးဝဥဿုံလက်လွှတ်လိုက်ခြင်းမဟုတ်ပေ။ သို့သော် ဉာဏ်အလင်းပွင့်မှုသည် နှောင့်နှေးသွားသဖြင့် အကျိုးသက်ရောက်မှု (၁၀)ရာခိုင်နှုန်းမှ (၂၀)ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်ပေသည်။

ထိုနေရာတွင် အရှင်ရွှမ်းဒူမရှိတော့သဖြင့် သူဉာဏ်အလင်းပွင့်ကာ အဆင့်တက်၍ သူ၏ကျင့်ကြံခြင်းအဆင့်အစစ်အမှန်ကို ဖော်ပြလျှင်လည်း အသုံးမဝင်‌တော့ချေ။ သူသည် ကိုယ့်ဒုက္ခကိုယ်ရှာသကဲ့သို့သာ ဖြစ်သွားပေမည်။

သို့သော် လီချန်ရှို့သည် သူ၏ဉာဏ်အလင်းပွင့်မှုကိုဖိနှိပ်ထားရင်း သူ့ဘေးတွင် ဖျော့တော့သော်လည်း နက်ရှိုင်းသည့် တာအိုသင်္ကတတစ်ခု ဖြည်းညင်းစွာလှည့်ပတ်နေသည်ကို ရုတ်တရက်သတိပြုမိသွားသည်။

‘ အဆင့်တက်တာလား... ’

‘ ယုံချင်ရွှမ်းယာက နည်းနည်းလောက်ပဲ ဉာဏ်အလင်းပွင့်သွားတာလို့ ငါထင်နေတာ... ကြည့်ရတာတော့ သူအဆင့်တက်တော့မယ့်ပုံပဲ ’

မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ယုံချင်ရွှမ်းယာသည် လေပေါ်သို့ ဖြည်းဖြည်းချင် မြောက်တက်လာ၏။ နတ်ဝိဇ္ဇာဝိညာဉ်ချီတန်းတစ်ခုသည် သူမကိုဝန်းရံထားပြီး ပွင့်ဖတ်ခြောက်ဖတ်ပါသော ကြာပွင့်တစ်ပွင့် သူမကိုယ်ထဲမှ ဖြည်းညင်းစွာ ထွက်လာသည်။

‘ ပွင့်ဖတ်ခြောက်ဖတ်... ’

ပွင့်ဖတ်သည် အတန်ငယ်နည်းနေကြောင်း လီချန်ရှို့ခံစားလိုက်ရသည်။

‘ သူ ပွင့်ဖတ်ကိုးဖတ်မရနိုင်ဘူးဆိုရင်တောင် အခြေခိုင်ဖို့ဆိုရင် အနည်းဆုံး ပွင့်ဖတ်ခုနစ်ဖတ်၊ ရှစ်ဖတ်ရသင့်တယ်... ’

‘ မဟုတ်‌သေးဘူး... ဒါက အဆင့်တက်ရုံသပ်သပ်မဟုတ်ဘူး ’

‘ ဒါက တဆက်တည်းအဆင့်တက်သွားပြီး ကောင်းကင်ပြစ်ဒဏ်ကို တန်းပြီးခံရမှာပဲ ’

လီချန်ရှို့ ခေတ္တမျှတွေးတောလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်လေသည်။ သူ ရှုံးလင်လိကို ပြောလိုက်သည်။

“ လင်လိ... ကျန့်တစ်ရာလောက် နောက်ဆုတ်လိုက်... ပြီးရင် တစ်ယောက်ယောက်က နတ်ဝိဇ္ဇအဖြစ်တက်လှမ်းဖို့ ကောင်းကင်ပြစ်ဒဏ်ခံရတော့မယ်လို့ ပတ်ဝန်းကျင်ကို အော်ပြောလိုက်... သူတို့ကို ဒီနားကိုမကပ်စေနဲ့ ”

“ ဟုတ်ကဲ့ ”

ရှုံးလင်လိသည် တူကိုသယ်၍ ထွက်ပြေးသွားလိုက်သည်။

သူမသည် ခြေနှစ်လှမ်း လှမ်းပြီးနောက် နောက်သို့လှည့်၍ ပြန်မေးလိုက်သည်။

“ ဝမ်းကွဲအစ်ကို... ညီမ တစ်ဖက်တည်းကို အော်ပြောရမှာလား ”

“ ခဏနေရင် ငါ ဒီနေရာမှာ မန္တန်အစီအရင်တစ်ခု ဆင်လိုက်မယ်။ မင်း မန္တန်အစီအရင်အစွန်းမှာပတ်ပြီး ဆက်အော်နေပေါ့ ”

“ အာ ညီမနားလည်ပြီ ”

ရှုံးလင်လိသည် တူကိုကိုင်၍ အဝေးသို့ လျင်မြန်စွာပြေးသွားလိုက်သည်။ ယခုတွင် သူမသည် ချီကျင့်ကြံသူတစ်ဦးဖြစ်နေပြီဖြစ်၍ ချီကျင့်ကြံသူတစ်ဦးအတွက် ကောင်းကင်ပြစ်ဒဏ်သည် မည်မျှအရေးကြီးကြောင်း သိလေသည်။

ရှုံးလင်လိသည် ဉာဏ်ကောင်းသူတစ်ဦးမဟုတ်သော်လည်း တုံးအအမဟုတ်ပေ။ ပင်လယ်စောင့်နတ်မင်းသည် နတ်ဝိဇ္ဇာတစ်ဦးဖြစ်နိုင်ကြောင်းကို သူမသိပေသည်။ ပင်လယ်စောင့်နတ်မင်း၏ကိုယ်ပွားသည် နတ်ဝိဇ္ဇာအတတ်တစ်မျိုးဖြစ်ပေသည်။ သူမ၏ဖခင်သည် သူမအိမ်မှ ထွက်မလာခင်က သူမကို ထိုအကြောင်း ကြိမ်ဖန်များစွာပြောခဲ့၏။ သို့သော် ပင်လယ်စောင့်နတ်မင်းသည် အခြားချီကျင့်ကြံသူများနှင့် ကွဲပြားသည်ဟု သူမ၏မိခင်ကပြော၏။ ပင်လယ်စောင့်နတ်မင်းသည် သူမတို့ရွာကိုကာကွယ်ပေးနိုင်ပြီး ပြင်ပရန်သူများမကျူးကျော်လာအောင် လုပ်ပေးနိုင်လေသည်။ သူမ၏မိခင်သည် နတ်မင်းများမှာ နတ်ဝိဇ္ဇာများဖြစ်ပြီး နတ်ဝိဇ္ဇာတိုင်းကတော့ နတ်မင်းမဟုတ်ဟု ပြောခဲ့ပေသေးသည်။

အသိသာဆုံး သက်သေပြချက်မှာ သူမတို့ရွာသူ၊ ရွာသားများသည် ပင်လယ်စောင့်နတ်မင်းကို ကိုးကွယ်ခဲ့ပြီးနောက် ဘဝအခြေအနေတိုးတက်လာခဲ့ခြင်းပင်။ သူတို့သည် အမဲလိုက်ကာအသက်မွေးရန် မလိုတော့ပေ။ သူတို့တွင် စားစရာအသားတစ်ပုံတစ်ပင်၊ ဝတ်စရာအဝတ်တစ်ပုံတစ်ပင် ရှိလာပြီဖြစ်သည်။

ယခုတွင် သူတို့ရွာထဲမှ သားမွေးအင်္ကျီမရှိသည့် အမျိုးသမီးဟူ၍ တစ်ယောက်ပင်မရှိတော့ချေ။

ရှုံးလင်လိသည် သူမ၏အင်အားကိုသုံး၍ လောကအတွင်းရှိ တန်ခိုးအစွမ်းထက်ဆုံးပင်လယ်စောင့်နတ်မင်းကို ကာကွယ်ရပေမည်။

ရှုံးလင်လိသည် ကျန့်(၅၀)ခန့်ပြေးလွှားပြီးနောက် သူမ‌နောက်တွင် လေခွင်းသံတစ်ခုထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ သူမလျင်မြန်စွာလှည့်၍ ကြည့်လိုက်သည်။

လီချန်ရှို့၏အင်္ကျီလက်အတွင်းမှ ဝိညာဉ်ကျောက်တုံးများ ပျံထွက်သွားပြီး တောအုပ်အတွင်းရှိ ကွဲပြားသောနေရာ(၄၉)နေရာသို့ ကျသွားသည်။

ဝိညာဉ်ကျောက်တုံးများအကြားတွင် ဝိညာဉ်ချီများစီးဆင်းသွားသည်။ အလင်းတန်းများတောက်ပလာပြီး အလင်းနံရံကြီးတစ်ခု ပေါ်ထွက်လာလေသည်။

‘ ဘုရားရေ... ဝမ်းကွဲအစ်ကိုပင်လယ်စောင့်နတ်မင်းက တကယ်ကိုစွမ်းအားကြီးတာပဲ... ’

ရှုံးလင်လိမျက်တောင်ခတ်လိုက်သည်။ သူမခေါင်းငုံ့၍ သူမ၏ချပ်ဝတ်မှနေ၍ သတ္တုစလေးတစ်ခုကို ယူလိုက်သည်။ ထို့နောက် သူမသည် ထိုသူမသည် ထိုသတ္တုစကိုအော်လံကဲ့သို့ကွေးကာ အသက်ပြင်းပြင်းတစ်ချက်ရှူ၍ ကောင်းကင်ပေါ်သို့မော့၍ အော်ပြောလိုက်သည်။

“ ဒီကိုမလာခဲ့ကြပါနဲ့... ”

လီတစ်ရာပတ်လည်အတွင်းရှိ ချီကျင့်ကြံသူများသည် ရုတ်ခြည်း စိတ်ဝင်စားသွားကြသည်။ သူတို့သည် တိမ်များစီး၍၊ ကြိုးကြာများစီး၍ လီချန်ရှို့တို့ဆီသို့ ဖြည်းဖြည်းချင် ချဉ်းကပ်လာကြသည်။

သို့သော် သူမထပ်မံအော်လိုက်သည်။

“ ဒီမှာ လူတစ်ယောက် ကောင်းကင်ပြစ်ဒဏ် ခံယူရတော့မယ် ”

ချီကျင့်ကြံသူများ ချက်ချင်းရပ်တန့်သွားကြပြီး နောက်လှည့်ကာ အဝေးသို့ပြေးလေတော့သည်။ ထို့နောက် သူတို့သည် စိတ်အာရုံများ၊ နတ်အာရုံများကိုသုံး၍ ထိုနေရာကို လေ့လာကြည့်ရှုလိုက်သည်။

ကောင်းကင်ပြစ်ဒဏ်သည် ထိုကဲ့သို့ ပေါ့ပေါ့တန်တန်ရောက်လာတတ်ပေ၏။

ခိုင်မာသော တာအိုနှလုံးသားရှိသည့် ယုံချင်ရွှမ်းယာသည်ပင် ဆယ်စုနှစ်များစွာကြားလာခဲ့ရသည့် ကောင်းကင်ပြစ်ဒဏ်နှင့် နဖူးတွေ့၊ ဒူးတွေ့ရင်ဆိုင်ရသောအခါ အတန်ငယ် မှင်တက်နေလေသည်။

“ အစ်ကိုချန်ရှို့... ”

“ ညီမလေးယုံချင်... အစ်ကိုဒီမှာရှိပါတယ် ”

မန္တန်အစီအရင်နှင့် ကျန့်(၅၀)အကွာတွင် ရှိနေသော လီချန်ရှို့သည် ယုံချင်ရွှမ်းယာ၏အသံကိုကြား၍ ပြန်ဖြေလိုက်သည်။

လီချန်ရှို့ ပြုံး၍ ပြောလိုက်သည်။

“ ဂုဏ်ပြုပါတယ် ညီမလေး... ဒါက မိုးကြိုးခုနစ်ချက်ကောင်းကင်ပြစ်ဒဏ် ဒါမှမဟုတ် မိုးကြိုးရှစ်ချက်ကောင်းကင်ပြစ်ဒဏ် ဖြစ်မယ်ထင်တယ် ”

ယုံချင်ရွှမ်းယာ ခါးသက်သက်ပြုံးလိုက်သည်။ သို့သော် သူမသည် လီချန်ရှို့၏စနောက်မှုကို ကြားလိုက်သောအခါ ရင်ထဲတွင်ပို၍ သက်သာရာရသွားသည်။

“ စိတ်မပူပါနဲ့ အစ်ကိုချန်ရှို့... ရွှမ်းယာ သေချာပေါက် အကောင်းဆုံးကြိုးစားမှာပါ ”

လီချန်ရှို့ အသံပို့လွှတ်လိုက်၏။

“ ကောင်းကင်ပြစ်ဒဏ်အတွက် အစ်ကို ညီမကိုပေးထားတဲ့ ပစ္စည်းရှိသေးလား။ အဲဒါကို ညီမနဲ့အတူယူလာတယ်ဆိုရင် သုံးလိုက်။ ညီမရဲ့အသက်က ကျန်တဲ့အရာတွေထက် ပိုပြီးအရေးကြီးတယ်ဆိုတာ မှတ်ထား။ ကောင်းကင်ပြစ်ဒဏ်က ညီမရဲ့အလားအလာနဲ့ လက်ရှိအင်အားအပေါ်မှာ အခြေခံပြီးဖြစ်ပေါ်လာတာ။ ညီမရဲ့အခြေခံက... တော်တော်လေးခိုင်မာပါတယ်။ ညီမအနေနဲ့ ဓမ္မတန်ခိုးတွေကို သင့်တော်သလို ဖြန့်ကျက်ပေးရုံပါပဲ။ အစပိုင်းမှာ တန်ခိုးတွေအများကြီး သုံးမပစ်နဲ့။ ညီမအနေနဲ့ ကောင်းကင်ပြစ်ဒဏ်ကို ကျော်လွှားဖို့ အခက်အခဲရှိမှာမဟုတ်ပါဘူး ”

ယုံချင်ရွှမ်းယာသည် အသာအယာခေါင်းညိတ်လိုက်ပြီး ကောင်းကင်ထက်တွင် စုဝေးနေသည့် တိမ်တိုက်များကို ‌မော့ကြည့်လိုက်သည်။ သူမသည် ဖာရာဒေးလှောင်ချိုင့်နှစ်ချိုင့်ကို အလျင်အမြန်ထုတ်ယူလိုက်ပြီး သူမ၏ဘေးဘယ်ညာတွင် တစ်ချိုင့်စီထားလိုက်သည်။ ၎င်းတို့သည် ကျန့်(၂၀)ကွာပေသည်။

ထို့နောက် သူမသည် လီချန်ရှို့သူမကိုပေးထားသည့် ဝိညာဉ်ဆေးလုံးပုလင်းအချို့ကို ထုတ်ယူလိုက်သည်။ သို့သော် သူမသည် နတ်ဝိဇ္ဇာပျော်ဝင်ဆေးလုံးကိုမူ ပြန်သိမ်းထားလိုက်သည်။ သူမ၏အကျင့်စရိုက်အရ နတ်ဝိဇ္ဇာပျော်ဝင်ဆေးလုံးကို သုံးလိမ့်မည်မဟုတ်ပေ။

ကျန်ဆေးလုံးသုံးမျိုးမှာ လင်းအယ်၏ကောင်းကင်ပြစ်ဒဏ်အတွက် လီချန်ရှို့ပြင်ဆင်ထားသည်များထဲမှ ဆေးလုံးအနည်းငယ်ဖြစ်သည်။

ပထမဆေးလုံးအမျိုးအစားမှာ လျှပ်စီးဒဏ်ခံနိုင်ရည်ကို တိုးမြှင့်ပေးနိုင်သည့် ဆေးလုံးမျိုးဖြစ်သည်။ ဒုတိယတစ်မျိုးမှာ ဓမ္မတန်ခိုးများကို ပြန်လည်ဖြည့်တင်းပေးနိုင်သည့် ဆေးလုံးဖြစ်သည်။ တတိယဆေးလုံးမှာ ဒဏ်ရာများကို ကုသပေးနိုင်ကာ သွေးဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်သည့် ဆေးလုံးဖြစ်သည်။ ဖော်စပ်ရန် အခက်ခဲဆုံးဆေးလုံးအမျိုးအစားမှာ ပထမတစ်မျိုးဖြစ်သည်။ ၎င်းနှင့်ယှဉ်လျှင် ကျန်နှစ်မျိုးသည် သာမန်သာဖြစ်သည်။

တိမ်တိုက်များသည် လျင်မြန်စွာစုဝေးနေ၏။ ဧရာမမီးခိုးရောင်တိမ်တိုက်ကြီးသည် ဖြည်းညင်းစွာလည်ပတ်လာသည်။

လီချန်ရှို့သည် မန္တန်အစီအရင်ကိုဖယ်၍ ချက်ချင်းပြန်ဆုတ်လိုက်သည်။ ယုံချင်ရွှမ်းယာ၏နောက်ရှိ မီးတောက်ဓားက အတန်ငယ် တုန်ခါသွားသည်။ ထို့နောက် ဓားက ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး လေထဲတွင် ဓားပျံများအဖြစ် ကွဲသွားလေသည်။ ၎င်းသည် ဓားပျံ(၃၆)ကျောင်းအဖြစ် ပြောင်းလဲသွားပြီး ထိုဓားပျံများသည် အစိမ်းရောင်မှော်မီးတောက်များ တောက်လောင်နေလေသည်။

သူမ၏အထက်ရှိ ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ထဲတွင် လျှပ်စီးစက်ကွင်းများ လင်းလက်သွားသည်။ ကောင်းကင်ပြစ်ဒဏ်၏ ပထမမိုးကြိုးချက် ကျဆင်းလာ‌တော့ပေမည်။

ယုံချင်ရွှမ်းယာသည် သူမ၏ဓားလက်ချောင်းကို မြှောက်၍ အော်လိုက်သည်။

“ ဖြန့်ကျက် ”

ဓားပျံ(၃၆)ချောင်းသည် ဖြန့်ကျက်သွားသည်။ ယုံချင်ရွှမ်းယာသည် ကောင်းကင်ထက်သို့ ဖြည်းဖြည်းချင်းမြောက်တက်သွား၏။ သူမ၏အေးစက်လှပသောမျက်နှာလေးပေါ်တွင် အကြောက်တရားတစ်စက်မှ မရှိချေ။ ဆုံဖြတ်ချက်ပြတ်သားမှု၊ ခိုင်မာမှုများသာ ရှိလေသည်။

ဂျိန်း...

လျှပ်စီးတန်းကြီး ကျဆင်းလာသည်။ လောကအသေးလေးထဲမှာပင် ကောင်းကင်ပြစ်ဒဏ်၏ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းနေသေးပေသည်။

ဆယ်လီအကွာသို့ ရောက်ရှိနေပြီဖြစ်သော လီချန်ရှို့သည် ခပ်ဖြည်းဖြည်းခေါင်းညိတ်လိုက်သည်။ သူယခင်က ယုံချင်ရွှမ်းယာကို ပေးခဲ့သောအကြံသည် အလုပ်ဖြစ်ခဲ့ပေပြီ။

ပန်းချီကားအပြင်တွင် နတ်ကျွန်းနှစ်ခုပေါ်တွင် ထိုင်နေသည့် ကျောင်း‌တော်သုံးကျောင်းမှ နတ်ဝိဇ္ဇာများနှင့် ရေကန်ဘေးတွင် ထိုင်နေသူများသည် ရတနာပန်းချီကားအတွင်းရှိ သေးငယ်သောမီးခိုးရောင်တိမ်တိုက်ကို စိတ်ဝင်စားနေကြသည်။

ထိုကိစ္စသည် မမျှော်လင့်ဘဲ ဖြစ်လာခြင်းပင်။ ကောင်းကင်ပြစ်ဒဏ်သည် သူတို့၏နတ်အာရုံများအပေါ် မသက်ရောက်ပေ။ နတ်အာရုံအများစုသည် ယုံချင်ရွှမ်းယာအနီးတစ်ဝိုက်တွင် စုဝေးနေသည်။

ကျဲကျောင်းတော်၏ဓလေ့ထုံးတမ်းများအရ ကောင်းကင်နတ်မင်းအဆင့်ရှိသော အကြီးအကဲတစ်ဦးသည် ထိုအခြင်းအရာကို မြင်လိုက်သောအခါ ရှေ့သို့ထွက်လိုက်သည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူ၍ အံ့ဩတကြီးပြောလိုက်၏။

“ ဒါက ပျက်စီးခြင်းရှစ်ပါး၊ ကပ်ဘေးရှစ်ခု၊ နတ်ဝိဇ္ဇာသုံးဆယ့်နှစ်ပါး ကောင်းကင်ပြစ်ဒဏ်ပဲ... အဲဒါက နတ်ဝိဇ္ဇအဖြစ်တက်လှမ်းရင် ခံရမယ့်ကောင်းကင်ပြစ်ဒဏ်ထဲက အဆင့်ခြောက်ကောင်းကင်ပြစ်ဒဏ်ပဲ ”

တိမ်များအထက်မှ နတ်ကျွန်းများပေါ်တွင်လည်း ရယ်မောသံများ၊ စကားပြောသံများ ထွက်ပေါ်နေပေသည်။

“ ဘယ်လောက်တောင်ကောင်းတဲ့ အခွင့်အရေးလဲ။ ပန်းချီကားထဲမှာတောင် ကောင်းကင်ပြစ်ဒဏ်ခံနိုင်တာပဲ ”

“ ကျုပ် လက်ချောင်းထိပြီးနမိတ်ဖတ်ကြည့်‌တော့ သူက တုနတ်ဝိဇ္ဇာဂိုဏ်းက တပည့်ပဲ။ သူ့နာမည်က ရွှမ်းယာထင်တယ်။ သူ့ရဲ့အလားအလာက တကယ့်ကိုမဆိုးဘူး ”

“ ရန်ကျောင်းတော်ကတော့ ကံကောင်းတယ်...ကံကောင်းတယ် ”

ထိုအခိုက်တွင် စိတ်အလှုပ်ရှားဆုံးသူများမှာ တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာများနှင့် တပည့်များဖြစ်လေသည်။

ကျိုးကျိုးသည် သူမ၏သေးသွယ်သောလက်ကလေးထဲတွင် အရက်အိုးကိုကိုင်ထား၏။ သူမသည် လွန်စွာစိတ်လှုပ်ရှားနေရာ မကြာခဏဆိုသလို လက်မြှောက်၍ တစ်ငုံပြီးတစ်ငုံသောက်နေလေသည်။ သူမသည် သူမ၏နတ်အာရုံကိုအသုံးပြု၍ ပန်းချီကားအတွင်းရှိ ယုံချင်ရွှမ်းယာကို အဆက်မပြတ်မိုးကြိုးပစ်ချနေသော ကောင်းကင်ပြစ်ဒဏ်ကို ကြည့်နေလေသည်။ ဆရာဒေါ်လေးသည် သူမအတွက် လွန်စွာစိုးရိမ်ပူပန်နေပေသည်။

ဂိုဏ်းချုပ်ကျိဝူယုံ ပြုံးလိုက်သည်။ ထိုအခိုက်တွင် ယုံချင်ရွှမ်းယာသည် ကောင်းကင်ပြစ်ဒဏ်၏ မိုးကြိုးခုနစ်ချက်အထိ ခံနိုင်လိမ့်မည်ဟု သူပြောနိုင်ပေသည်။

ရှစ်ချက်မြောက်အတွက်မူ သူမတွင်ရှင်သန်နိုင်ချေ ငါးဆယ်ရာခိုင်နှုန်းရှိ၏။

အမှန်တွင် ငါးဆယ်ရာခိုင်နှုန်းသည် အ‌တော်လေးမြင့်သည်ဟု ဆိုနိုင်ပေသည်။

ကောင်းကင်ပြစ်ဒဏ်များသည် အလျင်အမြန်ဖြစ်ပျက်သွားကြသည်ချည်းသာ။ ကောင်းကင်ပြစ်ဒဏ်ခံယူခြင်းသည် မကြာမီတွင် ပြီးဆုံးသွားပေလိမ့်မည်။

ကောင်းကင်တာအိုတရားအိုကြီးသည် လွန်စွာအလုပ်ရှုပ်ပြီး အာဒိကပ္ပလောကတွင် ချီကျင့်ကြံသူများစွာရှိသည် မဟုတ်ပါလော။

နတ်ဝိဇ္ဇာဖြစ်လာရေးသည် ကျင့်ကြံသူတစ်ဦးအတွက် အရေးကြီးသောကိစ္စဖြစ်သည်။

သို့သော် လောကကြီးထဲတွင်မူ ထိုအဖြစ်အပျက်သည် ပုရွက်စိတ်တစ်ကောင်အတောင်ပေါက်လာကာ ပုရွက်ပျံဖြစ်သွားသကဲ့သို့သာဖြစ်သည်။ မကြာမီတွင် ကျိဝူယုံ မျက်မှောင်ကြုတ်သွားပြီး သူ့နှုတ်ခမ်းပေါ်မှ အပြုံးသည် တဖြည်းဖြည်းပျောက်ကွယ်သွားလေတော့သည်။ ယုံချင်ရွှမ်းယာသည် ခြောက်ချက်မြောက် မိုးကြိုးကိုခံပြီးပြီဖြစ်သည်။ သို့သော် သူမ၏ဓမ္မရတနာဖြစ်သော မီးတောက်ဓားသည် ကောင်းကင်ပြစ်ဒဏ်ကြောင့် ကျိုးပျက်သွားပြီဖြစ်ပြီး သူမ၏မူလဝိညာဉ်သည်လည်း ဒဏ်ရာရနေပြီဖြစ်သည်။

ထိုအခိုက်တွင် ယုံချင်ရွှမ်းယာသည် ကောင်းကင်ပြစ်ဒဏ်ကိုရင်ဆိုင်နိုင်ရန် နည်းပေါင်းစုံသုံးနေပေသည်။

သူမတစ်ကိုယ်လုံးတွင် လျှပ်စီးကျွမ်းရာများရှိနေပြီး သူမကို အတော်လေးသနားစဖွယ်ပုံစံပေါက်စေနေ၏။

ခုနစ်ချက်မြောက် မိုးကြိုးသည် စုစည်းနေပေပြီ။ ကောင်းကင်ပြစ်ဒဏ်တိမ်တိုက်ပေါ်တွင် မီးခိုးရောင်ငှက်တစ်ရာ ကခုန်နေသည့်မြင်ကွင်းတစ်ခု ပေါ်လာသည်။ ယုံချင်ရွှမ်းယာ၏ကိုယ်ရောင်ကိုယ်ဝါသည် အနည်းငယ်အားနည်းနေလေသည်။

“ အိုး ဒုက္ခပဲ... ”

ကျိဝူယုံ ခပ်ဖြည်းဖြည်းရေရွတ်လိုက်သည်။ သူ့နောက်ရှိ တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာများနှင့်တပည့် ခြောက်ဆယ်ခန့်သည်လည်း ချက်ချင်းစိုးရိမ်သွားကြသည်။

လီချန်ရှို့သည်လည်း လေထဲတွင် ရပ်နေသည့် ယုံချင်ရွှမ်းယာကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ထိုခုနစ်ချက်မြောက်ကို ဖြတ်ကျော်နိုင်ပေလိမ့်မည်။ သို့သော် ရှစ်ချက်မြောက်ကိုမူကား...

မျှော်လင့်ထားသကဲ့သို့ပင် သူမ၏အဆင့်တက်သွားခြင်းသည် အလွန်မြန်နေပြီး သူမ၏အခြေခံသည် မတည်မငြိမ်ဖြစ်နေပေသည်။ ထိုကဲ့သို့ အလျင်စလို ကောင်းကင်ပြစ်ဒဏ်ခံရခြင်းသည် မလွယ်ကူပေ။

သို့သော် လီချန်ရှို့သည် အာကာသနတ်မင်းအဆင့်သို့ မရောက်သေး‌ပေ။ သူ အာကာသနတ်မင်းအထွတ်အထိပ်အဆင့်သို့ရောက်နေလျှင်လည်း ထိုကဲ့သို့သောအခြေအနေမျိုးတွင် ယုံချင်ရွှမ်းယာကို သူကာကွယ်ပေးနိုင်မည်မဟုတ်ပေ။

သူအလျင်စလိုပြုမူလိုက်ပါက အသုံးမဝင်ရုံသာမက သူပါ ကောင်းကင်ပြစ်ဒဏ်ကို ခံရပေလိမ့်မည်။

သူမသည် ကောင်းကင်ပြစ်ဒဏ်ကို သူမဘာသာခံရပေမည်။ သူမ၏ပါရမီ ကောင်းမွန်လျှင် ပို၍ခက်ခဲသောကောင်းကင်ပြစ်ဒဏ်ကို ခံရမည်သာဖြစ်သည်။ ထိုအရာသည် ကောင်းကင်တာအို၏ သာတူညီမျှဆက်ဆံမှုပင်။

လီချန်ရှို့သည် သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်းပိတ်လိုက်သည်။ သူသည် ယုံချင်ရွှမ်းယာနှင့် နှောင်ကြိုးအချို့ရှိပြီး သူမနှင့်ကိစ္စများစွာ လုပ်ခဲ့ဖူးသည်မဟုတ်ပေလော။ ထို့ကြောင့် သူသည် စိတ်ပူပင်နေပေသည်။

ထိုအခိုက်တွင် ယုံချင်ရွှမ်းယာသည် ရုတ်တရက် ထအော်လိုက်လေသည်။

သူမသည် ရုတ်တရက် အောက်သို့ပျံဆင်းသွားပြီး ဖာရာဒေးလှောင်ချိုင့်အတွင်းသို့ ဝင်သွား၏။ ထို့နောက် သူမ၏ကိုယ်မှနေ၍ ဓမ္မတန်ခိုးများထွက်လာလေသည်။ သူမသည် ခုနစ်ချက်မြောက် ကောင်းကင်ပြစ်ဒဏ်မိုးကြိုးကို ခံရန် အသင့်ဖြစ်နေပေပြီ။ နတ်ဝိဇ္ဇာများ နားမလည်နိုင်ဖြစ်သွား၏။

‘ အဲဒါက ဘာဓမ္မရတနာမျိုးလဲ... ’

‘ အဲဒါက ကောင်းကင်ပြစ်ဒဏ်ကို တောင့်ခံနိုင်မှာမို့လို့လား ’

လီချန်ရှို့သည် ယုံချင်ရွှမ်းယာလုပ်ရန် ကြံစည်နေသည့်အရာကို ချက်ချင်းသဘောပေါက်သွား၏။ သူမလှောင်ချိုင့်အတွင်းသို့ ဝင်သွားချင်းချင်းပင် ကောင်းကင်မှနေ၍ အပြာရောင်လျှပ်စီးတန်းတစ်ခု ကျဆင်းလာတော့သည်။ ထိုလျှပ်စီးတန်းအတွင်း၌ ငှက်များ‌အော်မြည်နေသကဲ့သို့ပင်။ ရုတ်ခြည်းအတွင်းမှာပင် လျှပ်စီးတန်းသည် လှောင်ချိုင့်ကို ရိုက်ခတ်သွားသည်။ ထိုအခိုက်တွင် လျှပ်စီးများပေါက်ကွဲထွက်သွား၏။ လှောင်ချိုင့်သည် လျှပ်စီးဘောလုံးတစ်လုံးကဲ့သို့ ဖြစ်သွားသည်။ မရေမတွက်နိုင်အောင်များပြားသော လျှပ်စီးတန်းများသည် အရပ်မျက်နှာအဖက်ဖက်သို့ စီးဆင်းသွားပြီး ကျန့်(၁၀၀)အဝန်းအဝိုင်းအတွင်းရှိ တောအုပ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြားကပ်သွားလေတော့သည်။

ကောင်းကင်ပြစ်ဒဏ်စွမ်းအားထွက်ပေါ်လာပြီး ဖာရာဒေးလှောင်ချိုင့်သည် ရုတ်ခြည်း တစ်စစီပျက်စီးသွားလေသည်။ ကျန့်(၂၀)အကွာရှိ အခြားဖာရာဒေးလှောင့်ချိုင့်သည်လည်း ကောင်းကင်ပြစ်ဒဏ်စွမ်းအားကြောင့် ပျက်စီးသွားသည်။ လီချန်ရှို့ ရင်ထဲမှ ခေါင်းညိတ်လိုက်၏။

လူတိုင်းသည် ကောင်းကင်ပြစ်ဒဏ်ခံရာတွင် ဖာရာဒေးလှောင်ချိုင့်ကို တစ်ကြိမ်သာအသုံးပြု၍ရလေသည်။ ကောင်းကင်တာအိုသည် ထိုလှည့်ကွက်ကို သိရှိထားပြီးဖြစ်သည်။

ခေတ္တမျှကြာပြီးနောက် လျှပ်စီးများပျောက်ကွယ်သွား၏။ ယုံချင်ရွှမ်းယာသည် ကောင်းကင်ပေါ်သို့ ထပ်မံပျံတက်သွားလိုက်သည်။ ဓားပျံများသည် နေရာအနှံ့မှ ပျံထွက်လာကြပြီး သူမကိုဝန်းရံထားလိုက်သည်။

ထိုအခိုက်တွင် သူမ၏ကိုယ်ရောင်ကိုယ်ဝါနှင့် ဒဏ်ရာများသည် ခုနစ်ချက်မြောက် ကောင်းကင်ပြစ်ဒဏ်ကိုမခံလိုက်ခင်ကကဲ့သို့ တစ်ထေရာတည်းရှိနေပေသည်။ သူမသည် ဓမ္မတန်ခိုးအနည်းငယ်ကိုသာ ဆုံးရှုံးသွားခြင်းပင်။ ကျောင်းတော်သုံကျောင်းမှ နတ်ဝိဇ္ဇာများ နားမလည်နိုင်ဖြစ်သွား၏။

လီချန်ရှို့သည်ပြုံး၍ ယုံချင်ရွှမ်းယာကို လက်မ‌ထောင်ပြလိုက်သည်။ သူမသည် အားအကောင်းဆုံးရှစ်ချက်မြောက်မိုးကြိုးကိုရင်ဆိုင်ရန် ခုနစ်ချက်မြောက်မိုးကြိုးကို အလဟဿအဖြစ်ခံလိုက်ခြင်းပင်။ ထိုသို့လုပ်လိုက်ခြင်းသည် သူမကို ရှစ်ချက်မြောက်မိုးကြိုးကိုခံနိုင်ရန် ပို၍ယုံကြည်မှုရှိလာစေပြီး ကောင်းကင်ပြစ်ဒဏ်မှရရှိမည့် အကျိုးကျေးဇူးများကို အကောင်းဆုံးရယူနိုင်ရန်လည်း ကြိုးစားနိုင်လာစေသည်။

‘ အဆိပ်ညီမလေးက ခေါင်းမမာပါဘူး။ သူက လူတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲဆိုတာပဲ မသိတာ ’

‘ ငါ ဒီဖာရာဒေးလှောင်ချိုင့်နှစ်ခုကို ဖြုန်းပစ်လိုက်တာမဟုတ်ဘူးပဲ။ လုပ်စမ်း... အဆိပ်ညီမလေး.. မင်းနတ်ဝိဇ္ဇာဖြစ်သွားလို့ မင်းရဲ့အဆိပ်ဓာတ်တွေ လျော့သွားရင် သိပ်ကောင်းမယ် ’

သို့သော်... လီချန်ရှို့၏အတွေးများ ရပ်တန့်သွားချိန်တွင် လျှပ်စီးဇာမဏီတစ်ကောင်သည် အတောင်ဖြန့်ကာ ယုံချင်ရွှမ်းယာထံသို့ ဆင်းသက်လာပြီဖြစ်သည်။

“ ဓားတွေနိုးထ ”

ယုံချင်ရွှမ်းယာ နူးညံ့စွာအော်လိုက်သည်။ သူမသည် ကောင်းကင်ပေါ်သို့ သူမ၏လက်ယာဘက်လက်ညှိုးဓားဖြင့် ညွှန်ပြလိုက်၏။ ဓားပျံများသည် သူမကိုဝန်းရံထားသည်။ သူမ၏စုတ်ပြဲနေသောဂါဝန်နှင့် ဆံပင်ရှည်များသည် လေထုထဲတွင် ကခုန်နေသည်။ သူမ၏လှပသောမျက်နှာလေးသည် လျှပ်စီးဇာမဏီကို မျက်နှာမူထားသည်။

ထိုအခိုက်တွင် ကောင်းကင်တွင်အလင်းများ စူးရှနေပြီး သူမ၏ကိုယ်နေဟန်ထားသည် ပြီးပြည့်စုံပေသည်။ ယုံချင်ရွှမ်းယာပြောလိုက်သောစကားကြောင့်သာမဟုတ်လျှင် လီချန်ရှို့သည် ကောင်းကင်ပြစ်ဒဏ်ခံရခြင်းကို ရှေ့ဆုံးတန်းမှ ကောင်းကောင်းမွန်မွန်ကြည့်ခဲ့ရသည်ဟု မှတ်ယူသွားမိမည်ဖြစ်သည်။ သို့သော်…

“ အစ်ကိုချန်ရှို့ ... အမတတာအိုက အဆုံးမဲ့ပဲ... ရွှမ်းယာ အစ်ကို့ကို စောင့်ကြိုနေပါ့မယ်... ”

သူမသည် ထိုသို့ပြောပြီးသွားနောက် လျှပ်စီးသည် သူမကို ရိုက်ခတ်သွား၏။ နေရာအနှံ့သို့ လျှပ်စီးများပျံ့နှံ့သွားပြီး လောကအသေးလေးထဲတွင် အစိမ်းရောင်လျှပ်စီးများနှင့် ပြည့်နှက်သွားလေတော့သည်။

All Chapters