ထုတ်ဖော်ပြောဆိုခြင်း
Vol. 146 Ch. 2072
ကျုံးချန်၏ သေဆုံးခြင်းက တိုက်ပွဲရှိ တန်ခိုးရှင်များကို ထိတ်လန့်သွားစေသည်။ အဆုံးမှာတော့ ကျုံးချန်က တုန်းဟွာနယ်မြေ၏ အတော်ဆုံးဖြစ်လာမည်ဟု သတ်မှတ်ထားသော ပါရမီရှင်တစ်ယောက်ဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူသည် လောကအထွတ်အထိပ်သို့ မရောက်ခင် နင်ဟွာ၏ သတ်ဖြတ်မှုကို ခံလိုက်ရသည်။
တုန်းဟွာနယ်မြေ၏ အကျော်ကြားဆုံး တန်ခိုးရှင်လေးယောက်မှ တစ်ယောက်အပါအဝင်ဖြစ်သည့် ကျန်းယွဲ့လီက ပို၍ သက်ရောက်မှု ခံလိုက်ရသည်။ သူမသည် ကျုံးချန်ရှိရာဘက်သို့ ကြည့်လိုက်ပြီး သူမ နှလုံးသားထဲ၌ ခံစားချက်တို့ လှိုင်းထန်နေခဲ့၏။ ကျုံးချန်က သူ့အသက်ကို ထိုကဲ့သို့ ဆုံးရှုံးခဲ့ရသည်မှာ အစစ်အမှန် မဟုတ်သလို ခံစားရသည်။
နင်ဟွာက အလွန် အားကောင်းကာ မည်သည့် ညှာတာမှုမှ မပြသပေ။ သူက ကျုံးချန်ကို ပြန်တိုက်ခိုက်ရန်ပင် အခွင့်အရေးမပေးဘဲ သတ်ဖြတ်ခဲ့သည်။
ကျန်းယွဲ့လီက ယခုတွင် ဆေးအင်ပါယာ၏ စကားများကို စတင်ယုံကြည်လာပြီ ဖြစ်သည်။ နယ်မြေသခင်သည် ကစားပွဲတစ်ခု ဆော့ကစားနေခဲ့ပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို အစကတည်းက ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ ဖြစ်ပျက်သမျှ အရာအားလုံးကို ကြည့်ကာ ဆုံးဖြတ်ရလျှင် ကျန်းယွဲ့လီသည် ထိုခန့်မှန်းချက်အား ပို၍ ယုံကြည်လာခဲ့သည်။
သို့ဆိုလျှင် လင်းရှောင်နန်းတော်အနေနှင့် သူမတို့အား ချဉ်းကပ်လာသည့်နောက်ကွယ်တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်တစ်ခုခု ရှိနိုင်သည်။ လင်းဟယ်က ချင်းချင်းအပေါ်၌ပင် ချစ်ခင်မြတ်နိုးခြင်းကို ပြသထားပေသည်။
နယ်မြေသခင်က အတော်လေး ရည်မှန်းချက်ကြီးပြီး မိမိကိုယ်ကိုယ် ရှေ့တန်းတင်သူ ဖြစ်၏။ သူက တုန်းဟွာနယ်မြေတစ်ခွင်မှ အင်အားစုများအားလုံးကို သူ့လက်ခုပ်ထဲ ရောက်လာစေရန် ရည်ရွယ်နေပုံရသည်။
နင်ဟွာသည်လည်း တူညီသော ရည်မှန်းချက်ရှိပုံပေါ်ပြီး သူက ပို၍ပင် အင်တိုက်အားတိုက် ရှိနေသေးသည်။ သူက တုန်းဟွာနယ်မြေတစ်ခွင်၌ အချိန်ကြာမြင့်စွာကပင် ကျော်ကြားမှု ရရှိထားသည်။ ကျန်းယွဲ့လီသည် နိမိတ်မကောင်းသော ခံစားချက်မျိုး ခံစားရသည်။ နင်ဟွာကဲ့သို့သော လူမျိုးမှာ သူမကို သံသယနှင့် သတိပေးမှုများ ခံစားရစေသည်။
ကျုံးချန်က သေပြီဖြစ်ရာ ယခု တုန်းဟွာနယ်မြေအတွင်း၌ ထူးချွန်သော တန်ခိုးရှင်တစ်ယောက် လျော့သွားခဲ့ပြီ ဖြစ်လေသည်။
ကြည့်ရသည်မှာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ကြေကွဲဖွယ်အဆုံးသတ်နှင့် ကြုံတွေ့ရရန် ကံကြမ္မာရှိနေ၏။
တိုက်ပွဲမြေပြင်ရှိ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များသည် မခံမရပ်နိုင်သော ဒေါသများနှင့် နာကြည်းမှုတို့ကြား နစ်မြုပ်သွားသည်။ သို့သော် ထိုသည်မှာ အသုံးမဝင်ပေ။ တိုက်ပွဲတွင် ရန်ဟောင်များစွာ သေဆုံးခဲ့ပြီး ယခုတွင် သူတို့က လူနည်းစုသာ ကျန်ရစ်တော့သည်။ ကြည့်ရသည်မှာ သူတို့ ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်တော့သည့်ပုံပင်။
ရီဖူရှင်း၏ သွေးကဲ့သို့ ရဲရဲနီနေသော မျက်လုံးများက ကျုံးချန်၏ အလောင်းကို စိုက်ကြည့်နေခဲ့သည်။ သူ၏ နှလုံးသားထဲတွင် ပေါ်ပေါက်လာသော နာကျင်မှုကို ခံစားလိုက်ရ၏။ သူသည် ကျုံးချန်နှင့် အလွန် လက်ပွန်းတတီးမရှိသော်လည်း ကျုံးချန်၏ ရိုးသားဖြောင့်မတ်သော စရိုက်နှင့် သဘောထားကြီးမှုတို့အား အမြဲ အထင်ကြီးလေးစားခဲ့သည်။ ထို့အပြင် ကျုံးချန်၏ ပါရမီက မှတ်သားလောက်ဖွယ် ဖြစ်ကာ သူသာ ဤနေရာ၌ အသက်မဆုံးရှုံးခဲ့လျှင် သူ့အနာဂတ်က အကန့်အသတ်မဲ့ပင် ဖြစ်၏။
ထို့အပြင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များ အားလုံးနီးပါးက ဤနေရာ၌ အသတ်ခံခဲ့ရသည်။ မည်သူကမှ နင်ဟွာကို ဆန့်ကျင်မတိုက်ခိုက်နိုင်ခဲ့ပေ။ ရီဖူရှင်း၏ သန်မာမှုက အဆင့်ရှစ်နှင့်အောက်မှ တန်ခိုးရှင်များကိုသာ သတ်ဖြတ်နိုင်စွမ်းရှိသည်။ သူတို့ကြား၌ ကျင့်ကြံဆင့်များစွာ ကွာခြားသော အထွတ်အထိပ်အဆင့် ရန်ဟောင်ကို ဆန့်ကျင်ရင်ဆိုင်နိုင်ခြင်း မရှိချေ။
ထိုအချိန်တွင် နင်ဟွာက ချန်ယိကို စတင်တိုက်ခိုက်လာသည်။ နတ်အလင်းများက လေဟာနယ်အား အရှိန်ပြင်းစွာထိုးဖောက်လာ၏။ ကံကောင်းစွာနှင့် ချန်ယိက လေပွေကဲ့သို့ လှုပ်ရှားသွားခဲ့သည်။ အလင်းတန်းတစ်ခုက ကောင်းကင်ကို လင်းထိန်သွားစေ၏။ နင်ဟွာ၏ တိုက်ခိုက်မှုက ချန်ယိကို မထိမိလိုက်ပါချေ။
"မင်း ထွက်သွားဖို့လိုတယ်။" ထိုအချိန်၌ ရီဖူရှင်းက လေဟာနယ်ကို ဖြတ်သန်းလာသော အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုသူက ချန်ယိပင် ဖြစ်သည်။ ရီဖူရှင်းက ခေါင်းကို မော့ကာ အသံလာရာဘက်သို့ ကြည့်လိုက်သည်။ ချန်ယိက လေထဲ၌ ရပ်နေကာ သူ့ကို စိုက်ကြည့်နေသည်။
နင်ဟွာက အခြားတစ်ဖက်မှနေ၍ သူတို့အား စောင့်ကြည့်နေခဲ့သည်။ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တို့နှင့် ပြည့်နှက်နေပြီး အန္တရာယ်ရှိသော အကြည့်တို့ဖြင့် ကြည့်နေခဲ့သည်။
ချန်ယိနှင့် ရီဖူရှင်း နှစ်ယောက်လုံးက သေချင်နေလေရာ သူက သူတို့၏ ဆန္ဒကို သေချာပေါက် ဖြည့်ဆည်းပေးရလိမ့်မည်။
"မင်းသာ ငါနဲ့ ထွက်သွားမယ်ဆို ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တခြားလူတွေအတွက် အခွင့်အရေးရှိနိုင်သေးတယ်။ နင်ဟွာက ကျိန်းသေ မင်းနောက်ကို လိုက်မှာပဲ။ မင်း ဒီမှာပဲ ရှိနေဦးမယ်ဆို လူတိုင်း သေကုန်လိမ့်မယ်။" ချန်ယိက ထပ်ပြောလိုက်သည်။ ရီဖူရှင်းသည် ထိုသူပြောနေသည်မှာ အမှန်ဖြစ်ကြောင်း သိသည်။ နင်ဟွာ၏ ရပ်တန့်ရန်မဖြစ်နိုင်သော ခွန်အားကို မည်သူမှ ယှဉ်နိုင်မည် မဟုတ်ပေ။ သူက အစွမ်းကုန်ကြိုးစား၍ နင်ဟွာကို ပထုတ်သွားနိုင်ပါလျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်အတွက် အခွင့်အရေးသေးသေးလေး ရှိနိုင်၏။
ထို့အပြင် သူ ဤနေရာ၌ ရှိနေလည်း အချည်းနှီးသာ ဖြစ်သည်။ သူ၏ နိမ့်ကျသော ကျင့်ကြံဆင့်နှင့် သူသည် နင်ဟွာကို အနိုင်ယူနိုင်စွမ်းမရှိဘဲ အနှေးနှင့်အမြန် သေဆုံးရလိမ့်မည်။
"ကောင်းပြီ။" ရီဖူရှင်းက သူ တွေဝေနေ၍ မရနိုင်သည်ကို နားလည်သည်။ သူက ခိုင်မာစွာ သဘောတူလိုက်ပြီး ထွက်သွားရန် အသင့်ပြင်လိုက်၏။
ချန်ယိက ရီဖူရှင်း၏ အဖြေကို ကြားသည့်အခါ အလွန်တောက်ပသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်၏။ အလင်းက လူတိုင်း၏ မျက်လုံးများကို ခေတ္တမျှ ကျိန်းစပ် ဝေဝါးသွားစေခဲ့သည်။ နင်ဟွာသည်ပင် မျက်လုံးကို ကာကွယ်ဖို့ရန် လက်များကို အသုံးပြုလိုက်ရ၏။
"ဟမ်..." နင်ဟွာက တစ်ခုခုမှားနေကြောင်း သတိပြုမိသွားပုံရသည်။ နောက်တခဏ၌ တောက်ပသော အလင်းများပျောက်ကွယ်သွားလျှင် လျှပ်စီးကဲ့သို့ လျင်မြန်လှသော အရှိန်နှင့် ပြေးထွက်သွားပြီဖြစ်သည့် ရီဖူရှင်းကို သတိထားမိလိုက်သည်။
"ဟမ့်..." နင်ဟွာက သရော်လိုက်သည်။ ရီဖူရှင်းက ထွက်ပြေးချင်နေသည်လား။
နင်ဟွာသည် လျှို့ဝှက်နယ်မြေအတွင်း၌ လမ်းတလျှောက် တောင်တန်းများ ကာဆီးနေသောကြောင့် ရီဖူရှင်းအား လွှတ်ပေးလိုက်ရခြင်း ဖြစ်သည်။ ဤတစ်ကြိမ်၌လည်း ရီဖူရှင်းက ထပ်မံ၍ အလွယ်တကူ လွတ်မြောက်ဦးမည်ဟု ထင်နေသည်လား။
နင်ဟွာက ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ၏ နတ်အာရုံသိစိတ်နှင့် ရီဖူရှင်းကို ချိပ်ပိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က အရိပ်တစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး ရီဖူရှင်းနောက် လိုက်လေသည်။
ယန်ဟန်ရှင်းနှင့် အခြားတန်ခိုးရှင်များက မူလတွင် ရီဖူရှင်းနောက်သို့ လိုက်လိုသော်လည်း နင်ဟွာလိုက်သွားသည်ကို မြင်ပြီးနောက် တိုက်ပွဲတွင်သာ နေရစ်ခဲ့တော့သည်။ သူတို့က နင်ဟွာ၏ စွမ်းရည်ကို အကြွင်းမဲ့ ယုံကြည်ကြသည်။
နင်ဟွာက ရီဖူရှင်းနောက်သို့ လိုက်ဖမ်းသည့်အခါ ဖမ်းမမိနိုင်ရန် အကြောင်းမရှိပေ။
ရီဖူရှင်းက ကျိန်းသေ သေရပေလိမ့်မည်။ နင်ဟွာက သူ့အား လွှတ်ပေးရန် အကြောင်းမရှိပေ။
ယန်ဟန်ရှင်းက လီချန်ရှန်းကို ကြည့်ကာ ပြောလိုက်သည်။ "ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ဖျက်ဆီးခံရဖို့ စိတ်အားထက်သန်နေမှတော့ ကျုပ်တို့က ခင်ဗျားတို့ကို အပြုတ်ဖြုတ်ပေးရတာပေါ့။"
"လူတွေများ.." ထိုအချိန်၌ အမျိုးသမီးတစ်ယောက်၏ အသံ ထွက်ပေါ်လာခဲ့သည်။ ယန်ဟန်ရှင်းနှင့် အခြားလူများက အသံလာရာကို ကြည့်လိုက်ကြသည်။ ထိုသူမှာ မြူနှင်းဝေနတ်နန်းတော်မှ ကျော်ကြားသော တန်ခိုးရှင် ကျန်းယွဲ့လီဖြစ်လေသည်။ သူမက ကောင်းကင်ထက်တွင် ရပ်နေပြီး တိုက်ပွဲအား စောင့်ကြည့်နေရင်းမှ ပြောလိုက်သည်။ "ကျုံးချန်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှာ အတော်ဆုံးတပည့်ပဲ။ အခု သူက သေသွားပြီး နင်ဟွာကလည်း ရီလျှို့နျန်နောက်ကို လိုက်သွားတယ်။ နင်က ဘာလို့ ဒီနေရာမှာ လူတိုင်းကို သတ်နေဦးမှာလဲ။"
လူအုပ်ကြီးက ကျန်းယွဲ့လီအား စူးစိုက်ကာ ကြည့်နေကြသည်။ ဓားနတ်မိမယ်၏ ပထမဆုံးတပည့်ဖြစ်သည့်အပြင် တုန်းဟွာနယ်မြေ၏ အကျော်ကြားဆုံးလေးယောက်မှ အစွမ်းထက်ဆုံးဖြစ်နိုင်သော သူတစ်ယောက်အနေနှင့် ကျန်းယွဲ့လီ၏ စကားလုံးများက အလွန် လေးလံလှသော အလေးချိန်အား သယ်ဆောင်ထားသည်။ သူမက ပြီးပြည့်စုံသော မဟာလမ်းစဉ်နှင့် အဆင့်ရှစ်ရန်ဟောင်တစ်ပါး ဖြစ်၏။ နင်ဟွာသည်ပင် သူမအား အနိုင်ယူနိုင်စွမ်း မရှိနိုင်ပေ။
ထို့အပြင် ကျန်းယွဲ့လီက နင်ဟွာနှင့် အဆင့်အတန်းတူပြီး တုန်းဟွာနယ်မြေအတွင်းမှ ထိပ်သီးအဆင့် ဆရာသခင်တန်ခိုးရှင်ဖြစ်ရန် အနည်းငယ်သာ လိုအပ်သည်။ သူမက အထွတ်အထိပ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ယခု သူမသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ တန်ခိုးရှင်များကိုယ်စား တောင်းဆိုပေးနေသည်။
"နယ်မြေသခင်က ကြင်နာတတ်ပြီး သဘောထားကြီးတာကြောင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တန်ခိုးရှင်တွေနဲ့ တွက်ကတ်နေမှာ မဟုတ်ဘူး။ နယ်မြေသခင်ရဲ့ အမိန့်ကို မနာခံတာ ရီဖူရှင်းတစ်ယောက်တည်းမို့ နင်ဟွာ သူ့ကို လိုက်ဖမ်းတာနဲ့ လုံလောက်နေပြီလေ။ ပြီးတော့လည်း ကျုံးချန်သေသွားသလို ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က လူတွေလည်း တစ်ဝက်မက လျော့နည်းသွားပြီ။ တုန်းဟွာနယ်မြေတစ်ခုလုံးကို ဦးဆောင်နေရတဲ့ နယ်မြေသခင်အနေနဲ့ နင့်ကို ဒီနေရာမှာ လူသတ်ပွဲ ကျင်းပတာကို မြင်ချင်မှာမဟုတ်ဘူး။ မတော်တဆ မဟာအင်ပါယာသာ ဒီအကြောင်းတွေ ကြားသွားပြီး စစ်ဆေးဖို့ လူလွှတ်လိုက်မယ်ဆိုရင် နယ်မြေသခင်အနေနဲ့ ရှင်းပြဖို့ ခက်ခဲမယ့် အချိန်တွေ ကြုံလာမှာကို စိုးမိတယ်။" ကျန်းယွဲ့လီက ဆက်ပြောလိုက်သည်။
ကျန်းယွဲ့လီပြောသည်မှာ ကျိုးကြောင်းသင့်သည်။ နယ်မြေသခင်အိမ်တော်မှ ရန်ဟောင်များက ကိစ္စများကို တွက်ချက်ကြည့်လိုက်သည်။ အကြီးအကဲတစ်ယောက်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ သေနေသူများနှင့် ဒဏ်ရာပြင်းထန်သော ရထားသူများအပြင် အခြား တန်ခိုးရှင်များကို တစ်ချက်ကြည့်လိုက်သည်။ ကျုံးချန်က သေဆုံးသွားပြီး နင်ဟွာကလည်း ချန်ယိနှင့် ရီဖူရှင်းအား လိုက်ဖမ်းနေကြပြီ ဖြစ်၏။ သူတို့က မည်သို့မှ မလှုပ်ခတ်စေနိုင်သော ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ ကျန်တန်ခိုးရှင်များကို ဆက်လက်သတ်ဖြတ်နေလည်း အဓိပ္ပါယ်မဲ့လိမ့်မည်။
"ရပ်လိုက်တော့.." အဆင့်မြင့်ရန်ဟောင် အကြီးအကဲက အမိန့်ပေးလိုက်သည်။ ရှေးဟောင်းတော်ဝင်ယန်မိသားစုနှင့် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များက ရပ်တန့်လိုက်၏။ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သည် အန္တရာယ်များသော အခြေအနေတွင် ရှိနေပြီး သူတို့ဘက်မှ အစပြုတိုက်ခိုက်ရန် မဖြစ်နိုင်ကြပေ။ သူတို့ မည်မျှ ဒေါသထွက်နေပါစေ သူတို့၏ ခံစားချက်များကို ဖိနှိပ်ထားရုံသာ တတ်နိုင်ကြသည်။
ယခုအခြေအနေတွင် သူတို့က ဆေးအင်ပါယာ အန္တရာယ်ကင်းရန် မျှော်လင့်ရုံသာ တတ်နိုင်သည်။
"နတ်မိမယ်က ပြောလာမှတော့ မင်းတို့က တရားခံမဟုတ်လို့ အသက်ရှင်ခွင့်ပေးလိုက်မယ်။ မင်းတို့က နယ်မြေသခင်ကျင်းပတဲ့ တုန်းဟွာအခမ်းအနားကို ဖျက်ဆီးခဲ့ပေမယ့် နောက်ပိုင်း ကောင်းကောင်းမွန်မွန် ကျင့်ကြံဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် နယ်မြေသခင်က သဘောထားကြီးကြီးနဲ့ မင်းတို့ကို ခွင့်လွှတ်ပေးရင်တောင် နယ်မြေသခင်အိမ်တော်က လူတွေကတော့ လွယ်လွယ်လေး လွှတ်ပေးမှာမဟုတ်ဘူး။" နယ်မြေသခင်အိမ်တော်မှ အဆင့်ကိုးရန်ဟောင်တစ်ပါးက ကျယ်လောင်စွာ ကြေညာလိုက်သည်။ သူတို့က ရပ်တန့်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်၏။
ထိုလူများကို အပြီးတိုင်ရှင်းလင်းပစ်ရန် လိုအပ်နေသည်တော့ မဟုတ်ပေ။ ထို့အပြင် မဟာအင်ပါယာက ဤကိစ္စကို အမှန်တကယ် လူလွှတ် စုံစမ်းလာနိုင်သည်။ ယခု ဝမ်ရှန့်စောင့်ကြည့်မျှော်စင်တစ်ခုလုံးကို ရှင်းပစ်လိုက်လျှင် ထိုအဖြစ်အား ရှင်းပြရန် နယ်မြေသခင်အတွက် လွယ်ကူလိမ့်မည် မဟုတ်ပေ။
ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်မှ တန်ခိုးရှင်များက ဆန္ဒမရှိပါသော်လည်း ရပ်တန့်လိုက်ရသည်။ ဆေးအင်ပါယာကို သတ်လိုက်သည်နှင့် အရာအားလုံးက ပြီးဆုံးသွားလိမ့်မည်။ သို့ဆိုလျှင် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က တုန်းဟွာနယ်မြေအတွင်း ကျဆုံးသွားတော့မည် ဖြစ်သောကြောင့် သူတို့က သူ့တပည့်များကို သတ်သည်ဖြစ်စေ မသတ်ဘဲ ထားသည်ဖြစ်စေ အရေးမကြီးတော့ပေ။
"ခင်ဗျား ကံကောင်းသွားတယ်။" ယန်ဟန်ရှင်းက လီချန်ရှန်းအား စိုက်ကြည့်ရင်း ပြောလိုက်သည်။ လီချန်ရှန်းက သက်ပြင်းချလိုက်ပြီး ကျန်းယွဲ့လီအား ခေါင်းညိတ်ပြရင်း ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။ သူက ဆုံးရှုံးမှုများကို တွေးမိသောအခါ ခါးသီးသွားသော်လည်း ကျန်းယွဲ့လီက သူတို့ အစုလိုက်အပြုံလိုက် အသတ်ခံရမည့်အရေးမှ တားဆီးပေးလိုက်သည့်အတွက် သူမအပေါ် အကြွေးတင်သွားသည်အား အသိအမှတ်ပြုရမည်သာ ဖြစ်သည်။
ထို့နောက် လီချန်ရှန်းက လေထဲမှ ဖြေးဖြေးချင်းဆင်းလာခဲ့သည်။ သူက ဝမ်းနည်းမှုအပြည့်နှင့် ကျုံးချန်၏ အလောင်းကို လက်များဖြင့် ပွေ့ယူလိုက်၏။ ဂျူနီယာညီလေးကျုံးက ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အနာဂတ်ဟု သတ်မှတ်ခံထားရပြီး ကျွမ်းကျင်သူဆရာသခင်တစ်ယောက် ဖြစ်လာမည်မှာ အနှေးနှင့်အမြန် ဖြစ်သော်လည်း သူက ဤနေရာ၌ အသက်ဆုံးရှုံးခဲ့ရသည်။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က ပြိုလဲသွားရပေတော့မည်။
ထို့အပြင် သူ့ထံ၌ လက်စားချေရန် စွမ်းရည်လည်း မရှိပေ။
လီချန်ရှန်းက ခေါင်းကို မော့ကာ အဝေးရှိ နယ်မြေသခင်အိမ်တော်အား ကြည့်လိုက်သည်။ သူသည် ယခုချိန်၌ ဆေးအင်ပါယာ အသက်ရှင်စေရန်သာလျှင် တောင်းဆုပြုမိတော့သည်။
***