လျှို့ဝှက်ဆန်းကြယ်သောသူ
Vol. 146 Ch. 2073
အခြားတစ်ဖက်တွင် ချန်ယိနှင့် ရီဖူရှင်းက အလင်းအဖြစ် ပြောင်းလဲကာ ပြေးထွက်သွားကြသည်။ လျှပ်စီးကဲ့သို့သော အလျင်နှင့် သူတို့က အချိန်တိုအတွင်း အဝေးသို့ ရောက်သွားကြပြီ ဖြစ်၏။
အလင်းတန်းတစ်ခုက ကောင်းကင်ကို ဖြတ်သန်းကာ တည့်မတ်စွာဖြင့် ပြေးထွက်သွားပြီး စက္ကန့်အနည်းငယ်အတွင်း မိုင်ပေါင်းများစွာ ကျော်ဖြတ်သွားသည်။
သို့ဆိုလျှင်ပင် သူတို့က နင်ဟွာအား မျက်ခြေဖြတ်ရန် မတတ်နိုင်ဆဲ ဖြစ်နေ၏။
သူတို့နောက်တွင် လေဟာနယ်အစီအရင်ဖြင့် တောက်ပနေသော ရွှေရောင်သစ်ရွက်ကို စီးနင်းရင်း လိုက်လာသည့် နင်ဟွာ ရှိနေသည်။ လေဟာနယ်ကို ဖြတ်သန်းသွားရင်း ရွှေရောင်သစ်ရွက်သည် နင်ဟွာ့ခန္ဓာကိုယ်ကို လေဟာနယ်နတ်အလင်း ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားစေသည်။ ကောင်းကင်တွင် ရွှေရောင်အစက်များနှင့် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ အရှိန်အမြင့်ဆုံးပြေးလွှားနေသော ချန်ယိနှင့် ရီဖူရှင်းတို့နှင့် နီးကပ်စွာ လိုက်ပါလာသည်။
လေဟာနယ်ဝိညာဉ်ရတနာကို ယူဆောင်ပြီး နင်ဟွာသည် ရီဖူရှင်းနှင့် ချန်ယိတို့ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခြင်းမှ ရပ်တန့်လိုက်သည်။
နယ်မြေသခင်အိမ်တော်မှ ရန်ဟောင်များကဲ့သို့ပင် နင်ဟွာသည် ကျုံးချန်ကို သတ်ဖြတ်ပြီးနောက် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အခြားတန်ခိုးရှင်များ၏ အသက်ကို ဂရုစိုက်ခြင်းမရှိတော့ပေ။ ရီဖူရှင်းနှင့် ချန်ယိသာလျှင် သူကိုယ်တိုင် ရင်ဆိုင်ရန် အရည်အချင်း ပြည့်မီသည်။ နင်ဟွာသည် အရာရာတိုင်း လူတိုင်းက သူ့ထက် နိမ့်ကျသည်ဟု တွေးထင်ထားသော မောက်မာသည့် လူမျိုး ဖြစ်သည်။ သူ့အမြင်တွင် ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို ပိုင်ဆိုင်ထားခြင်းမရှိသည့် လီချန်ရှန်းကဲ့သို့ တစ်စုံတစ်ယောက်သည်ပင် သူ့အာရုံစိုက်မှုကို ထိုက်တန်ခြင်း မရှိပေ။
ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အခြားရန်ဟောင်များသည် သာမန်လူများနှင့် မခြားသော ပုရွက်ဆိတ်များဟု ယူဆထားသည်။ သူက အခြားသူများကိုမဆိုထားနှင့် ကျုံးချန်ကိုပင် မြင့်မားစွာ တွေးထင်မထားလေရာ အနည်းငယ်မျှပင် စောင့်ထိန်းခြင်းမရှိဘဲ သတ်ပစ်ခဲ့လေသည်။
သူ့မျက်လုံးထဲ၌ ရီဖူရှင်းနှင့် ချန်ယိသာလျှင် သူ အနည်းငယ် အားထုတ်ရင်ဆိုင်ရန် ထိုက်တန်သည်။ ထို့ကြောင့် သူက တွေဝေခြင်းမရှိဘဲ သူတို့နောက်လိုက်ပါလာပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အခြားတန်ခိုးရှင်များအား စိတ်ကူးထဲပင် မထည့်တော့ခြင်း ဖြစ်၏။
"သူက ရန်ဟောင်အဆင့်မှာ အမြင့်ဆုံးကို ရောက်နှင့်နေပြီးပြီ။ အဲဒါတောင် သူနဲ့အတူ လေဟာနယ်ဝိညာဉ်ရတနာ ယူလာမယ်လို့ ဘယ်သူက ထင်မိမှာလဲ။" ချန်ယိ၏ အသံက အလင်းတန်းအတွင်းမှ ထွက်ပေါ်လာသည်။ သူသည် ဝိညာဉ်ရတနာအကူအညီနှင့် လိုက်ဖမ်းနေသူလက်မှ လွတ်မြောက်အောင် လျင်မြန်လိမ့်မည်ဟု တွေးထားသည့်အတွက် အနည်းငယ် ဒေါသထွက်နေခဲ့သည်။
ချန်ယိ အံ့အားအသင့်ဆုံးမှာ နင်ဟွာက အထွတ်အထိပ်ရန်ဟောင်အနေနှင့်ပင် အရှိန်မြှင့်ပေးသော ဝိညာဉ်ရတနာကို ယူဆောင်လာနေဆဲ ဖြစ်သည်။ သူက သူတို့ လွတ်မြောက်သွားမည်စိုးသဖြင့် ကောင်းကောင်း ပြင်ဆင်ထားခြင်း ဖြစ်လိမ့်မည်။
ရီဖူရှင်းက မတုန့်ပြန်ပေ။ သူသည် ဒေါသများနှင့် လောင်ကျွမ်းနေဆဲ ဖြစ်ပြီး အနည်းငယ် အပြစ်ရှိစိတ်ကိုလည်း ခံစားနေရသည်။ သူသာ ဆေးအင်ပါယာနှင့်အတူ ယှဉ်တွဲလိုက်မလာခဲ့လျှင် ဤအဖြစ်များက ထိုမျှ မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ပြောရလျှင် နယ်မြေသခင်က တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ သေခြင်းနှင့် ပတ်သတ်နေလေရာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို အနှေးနှင့်အမြန် တိုက်ခိုက်မည်အား သိရှိထားသည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုက အရင်ဆုံးလှုပ်ရှားလာပြီးနောက် ၎င်းက ဖြစ်ကို ဖြစ်လာတော့မည် ဖြစ်၏။ သို့သော် ရီဖူရှင်း၏ ပါဝင်လာမှုက ဖြစ်စဉ်အား အရှိန်မြင့်သွားစေခြင်း ဖြစ်သည်။
ရယ်စရာအကောင်းဆုံးအရာမှာ ရီဖူရှင်းက နယ်မြေသခင်အိမ်တော်၌ ခိုလှုံရန် စဉ်းစားဖူးခြင်းပင် ဖြစ်သည်။ တုန်းဟွာနယ်မြေတစ်ခုလုံးကို အုပ်စိုးသော နယ်မြေသခင်အိမ်တော်က ဖြစ်ရပ်တစ်ခုလုံး နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်နေကြောင်း မည်သူက တွေးမိပါမည်နည်း။
ယခု ကျုံးချန်က အသတ်ခံရပြီး ဝမ်ရှန့်စောင့်ကြည့်မျှော်စင်သည် အကြီးအကျယ် ဆုံးရှုံးမှုကို ခံစားခဲ့ရကာ ဆေးအင်ပါယာ၏ အသက်ကလည်း ချိန်ခွင်လျှာပေါ် ရှိနေသည်။ သူတို့က ယခု နယ်မြေသခင်အိမ်တော်၏ ချိပ်ပိတ်ထားသော လေဟာနယ်အတွင်း သွေးလွှမ်းသော တိုက်ပွဲ ဆင်နွှဲနေလိမ့်မည်။ ဆေးအင်ပါယာက စောင့်ကြည့်မျှော်စင်အား ယူဆောင်လာလျှင်ပင် ရီဖူရှင်းသည် ဆေးအင်ပါယာသည် ကျင့်ကြံသူဆရာသခင်သုံးယောက်ကို အနိုင်ယူနိုင်မည်ဟု မယုံကြည်နိုင်ပေ။ ဆေးအင်ပါယာက အဆင့်တူသော်လည်း နတ်ရတနာကို မယူဆောင်လာသည့် လင်းယွင်ကျီနှင့် အင်ပါယာယန်ကိုသာ ရင်ဆိုင်ရန် အခွင့်အရေးရှိနိုင်သည်။ သို့သော် နယ်မြေသခင်နင်ယွမ်လည်း ထိုနေရာ၌ ရှိနေ၏။
လူအများသည် နယ်မြေသခင်က တုန်းဟွာနယ်မြေတစ်ခွင်လုံး၌ အကောင်းဆုံးတန်ခိုးရှင်တစ်ယောက် ဖြစ်သည်ဟု ယုံကြည်ကြသည်။
"မင်းတို့ ပြေးမလွတ်ပါဘူး။"
မောက်မာသည့် အသံတစ်ခုက ချန်ယိနှင့် ရီဖူရှင်းတို့၏ နားထဲ ရောက်ရှိလာကာ စိတ်ဝိညာဉ်ကိုပင် တုန်ခါသွားစေသည်။ မဟာလမ်းစဉ်ချိပ်စည်းသင်္ကေတတစ်ခုက ကောင်းကင်မှ ကျဆင်းလာသည်။ နင်ဟွာ၏ လှုပ်ရှားမှုတိုင်း၌ မဟာလမ်းစဉ် စွမ်းအားများ ပေါင်းစပ်ပါဝင်နေသည်။ သူ၏ အသံတွင်လည်း ၎င်း စွမ်းအားများ ပါဝင်နေ၏။
"ကျုပ်တို့ ဒီလမ်းအတိုင်း ထွက်ပြေးလို့မရနိုင်ဘူး။" ချန်ယိက မျက်ခုံးများကို စုကျုံ့ကာ ခပ်တိုးတိုး ပြောလိုက်သည်။ နင်ဟွာက မြင့်မားသော ကျင့်ကြံဆင့်ရှိပြီး သူက သူတို့ကို အနှေးနှင့်အမြန် လိုက်မီလာတော့မည် ဖြစ်သည်။ သူတို့ အခက်တွေ့နေကြရပြီ ဖြစ်၏။
သို့သော်လည်း သူတို့ကြားရှိ အကွာအဝေးက ကြီးမားနေသေးရာ နင်ဟွာက သူတို့အား မဟာလမ်းစဉ်နှင့် တိုက်ခိုက်ရန်မဖြစ်နိုင်သေးပေ။ သူက တိုက်ခိုက်လိုက်သည်နှင့် သူ၏ မြင်ကွင်းက အလင်းကြောင့် ပျောက်ကွယ်သွားရလိမ့်မည်။ ထို့ကြောင့်ပင် နင်ဟွာက မတိုက်ခိုက်ရသေးခြင်း ဖြစ်သည်။
သို့သော် နင်ဟွာက လက်မလျှော့ဘဲ သူတို့နောက်သို့ ဆက်လိုက်နေသည်။
သူတို့က အကောက်အကွေ့များစွာနှင့် အလွန်ဝေးကွာသော အကွာအဝေးသို့ ခရီးဆက်နေသည်။ သူတို့က တုန်းဟွာနယ်မြေအတွင်း ရှိနေဆဲ ဖြစ်သော်လည်း နယ်မြေသခင်အိမ်တော်မှ အတော်လေး ဝေးသော နေရာသို့ ရောက်နေပြီ ဖြစ်သည်။
ပြေးရင်းလိုက်ရင်းနှင့် တစ်နာရီခန့်ရှိသွား၏။ ကောင်းကင်မှ ချိပ်စည်းနတ်အလင်းတို့ အဆက်မပြတ် ကျဆင်းလာပြီး ချန်ယိနှင့် ရီဖူရှင်းအား ပိတ်ဆို့တားဆီးရန် ကြိုးစားလိုက်သည်။ နင်ဟွာက လေဟာနယ်ကို ချိပ်ပိတ်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သည်။ သို့သော် ချန်ယိနှင့် ရီဖူရှင်းတို့၏ အလင်းတို့ကဲ့သို့ အရှိန်သည် နင်ဟွာ စုစည်းထားသော မဟာလမ်းစဉ်စွမ်းအားများ၏ အရှိန်ထက် ပို၍ သာလွန်နေသည်။ သူက သူတို့အား တစ်ကြိမ်မျှပင် ချိပ်ပိတ်နိုင်ခြင်း မရှိပေ။
"မင်းတို့ ဘယ်လောက်ကြာကြာ ပြေးနေဖို့ အစီအစဉ်ရှိလဲ။" နင်ဟွာက သူတို့ ပြောလိုက်ပြီး သူ့အသံက လေဟာနယ်ကို ဖြတ်သန်း ပဲ့တင်လာသည်။ သူ့အရှေ့မှ အလင်းတန်းက တစ်စက္ကန့်မျှပင် ရပ်တန့်သွားခြင်းမရှိဘဲ ရှေ့သို့ တည့်မတ်စွာ ဆက်ပြေးနေဆဲ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် နင်ဟွာက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "အဲဒီက ဘယ်သူလဲ။"
သူက ကြောက်မက်ဖွယ် စွမ်းအားမှ ဖန်တီးထားသော မဟာလမ်းစဉ်၏ အားကောင်းသည့် တုန်ခါမှုကို ခံစားမိလိုက်၏။
သူ့အသံပျောက်ကွယ်သွားသည်နှင့် ကောင်းကင်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ ရှေးဟောင်းတောင်ထွတ်ပေါ်၌ သက်ဆင်းလိုက်ပြီး တိတ်ဆိတ်စွာ ရပ်နေသည်။
ထိုလူက ပြောင်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ့မျက်နှာက ခွဲခြား၍ မရအောင် ဝေဝါးနေသည်။ သူက သရုပ်မှန်ကို မဖော်ပြလိုပုံရသည်။ သူ့ထံမှ ထုတ်လွှတ်နေသော စွမ်းအားက အားနည်းကာ တည်ငြိမ်သော်လည်း သာမန်တော့မဟုတ်ပေ။ ကြည့်ရသည်မှာ ကောင်းကင်လမ်းစဉ်နှင့် သဟဇာတဖြစ်စွာ ပေါင်းစပ်ထားပုံပင်။
ချန်ယိနှင့် ရီဖူရှင်းက ကောင်းကင်ထက်မှ ထိုလူကို ကြည့်လိုက်သည်။ သူတို့သည် ထိုလူက မည်သူဖြစ်ကြောင်း မသိသည့်အတွက် မရပ်တန့်ရဲကြပေ။ နင်ဟွာသည်လည်း ထိုနေရာသို့ ဆက်လက် လိုက်သွားသည်။ သို့သော် ထိုလူက လက်ကို မြှောက်ကာ ရှေ့သို့ တွန်းလိုက်သည်။ ချက်ချင်းပင် ကြီးမားသော လက်ဝါးကြီးတစ်ခုသဏ္ဌာန် ဖြစ်တည်လာပြီး ကောင်းကင်မှ ကျဆင်းလာသည်။ ယင်းသည် နင်ဟွာပေါ်သို့ ကျရောက်ဖိနှိပ်လာကာ သူ့လမ်းကို ပိတ်ဆို့တားဆီးလိုက်၏။
နင်ဟွာက ပြင်းထန်သော လက်သီးတစ်ချက်နှင့် ပြန်ခုခံလိုက်၏။ ကျယ်လောင်သော ဆူညံသံများနှင့်အတူ ကြီးမားသော လက်ဝါးကြီးက ပြိုကွဲကာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။ သို့သော် နင်ဟွာသည်လည်း ရပ်တန့်သွား၏။ သူက ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ထိုသူကို စိုက်ကြည့်နေခဲ့သည်။
ချန်ယိနှင့် ရီဖူရှင်းက အနောက်ဘက်မှ အခြေအနေကို စစ်ဆေးရန် ပြေးနေရာမှ ရပ်တန့်လိုက်သည်။ သူတို့သည် ထိုလူအား ဇဝေဇဝါဖြစ်နေသော အမူအရာတို့နှင့် ကြည့်လိုက်ကြသည်။
"မင်း သူ့ကို သိလား။" ချန်ယိက ရီဖူရှင်းကို မေးလိုက်သည်။
ရီဖူရှင်းက လက်ကို ယမ်းလိုက်၏။ သူက ထိုလူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့်အတွက် မှတ်မိနိုင်ခြင်း မရှိပေ။
ထို့အပြင် မည်သို့သော သူမျိုးက နင်ဟွာကို ရပ်တန့်နိုင်မည်နည်း။
ဆေးအင်ပါယာအပြင် သူသည် ကောင်းကင်ဒေသ၌ ထိုသို့စွမ်းရည်မျိုး ပိုင်ဆိုင်ထားသူ မည်သူ့ကိုမှ မသိပေ။
နင်ဟွာက ထိုလူကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျား ဒီကိုရောက်နေပြီဆိုမှတော့ မျက်နှာကို ဖုံးကွယ်နေစရာ ဘာလိုလို့လဲ။ ကိုယ့်ကိုယ်ကိုယ် ဖော်ပြဖို့ ဘာလို့ ကြောက်နေတာလဲ။ ခင်ဗျားက ဘယ်သူလဲ။"
"ကျုပ်က တုန်းဟွာနယ်မြေမှာ ဘယ်သူမှ မဟုတ်ပါဘူး။ ကျုပ်ရဲ့ အဆင့်အတန်းကလည်း အရေးမကြီးဘူး။ ကျုပ်က ဒုနယ်မြေသခင် နည်းနည်းလောက် သက်ညှာပေးဖို့ အကြံဉာဏ်လာပေးရုံပဲ။" ထိုလူက နင်ဟွာ၏ အကြည့်များအောက်တွင် တည်ငြိမ်စွာ ပြောလိုက်သည်။ နင်ဟွာက မဟာလမ်းစဉ် ချိပ်စည်း နတ်ဝင်ရိုးအား ဆင့်ခေါ်လိုက်၏။ ကြီးမားသော ချိပ်စည်းဝင်္ကပါက ကောင်းကင်တွင် ပေါ်ပေါက်လာပြီး ထိုလူ၏ အပေါ်သို့ နတ်အလင်းများ တောက်ပစွာ ဖြာကျလာသည်။
ထိုအချိန်၌ လျှို့ဝှက်ဆန်းကြယ်သောသူကလည်း မဟာလမ်းစဉ်နတ်အလင်းများကို ထုတ်လွှတ်လိုက်သည်။ နင်ဟွာ၊ ရီဖူရှင်းနှင့် ချန်ယိတို့အားလုံး မှင်တက်အံသြသွားတော့သည်။
"ပြီးပြည့်စုံတဲ့ မဟာလမ်းစဉ်နဲ့ အဆင့်ရှစ်ရန်ဟောင်။"
သူတို့အားလုံးသည် တစ်နေရာရာမှ ကောက်ကာငင်ကာ ထွက်ပေါ်လာသည့် လျှို့ဝှက်ဆန်းကြယ်သော တန်ခိုးရှင်ကို လေ့လာကြည့်နေကြသည်။ တုန်းဟွာနယ်မြေမှ ကျင့်ကြံသူဆရာသခင်များဖြစ်လာရန် ခြေတစ်လှမ်းသာ လိုသည့် ကျော်ကြားသူများ လေးယောက်တွင် နင်ဟွာ၊ ကျန်းယွဲ့လီ၊ ဟွမ်းနှင့် ကျုံးချန်တို့က ပြီးပြည့်စုံသော မဟာလမ်းစဉ်ရှိပြီး အနာဂတ်ကျင့်ကြံသူ ဆရာသခင်များ ဖြစ်လာမည်ဟု သတ်မှတ်ခံထားရသူများ ဖြစ်သည်။
သူတို့က တုန်းဟွာနယ်မြေတွင် အများသိကြသော ပါရမီရှင် အဆင့်မြင့်ရန်ဟောင်များ ဖြစ်ကြသည်။
သို့သော် ယခု ပဥ္စမတစ်ယောက် ထွက်ပေါ်လာပြီ ဖြစ်၏။
ထို့အပြင် သူက အဆင့်ရှစ်ရန်ဟောင်ဖြစ်သည့်အတွက် သူ၏ လမ်းစဉ်ကို သက်သေပြပြီးပြီဟုဆိုနိုင်ပြီး ပြီးပြည့်စုံသော မဟာလမ်းစဉ်ကို ပိုင်ဆိုင်ထားသော်လည်း နှစ်ပေါင်းများစွာ လူမသိသူမသိ နေထိုင်ခဲ့သည်။
သူက အဆင့်အတန်းကို ဖုံးကွယ်ထားသော်လည်း နင်ဟွာအား ဒုနယ်မြေသခင်ဟု ရည်ညွှန်းခဲ့သည်။ ထို့ကြောင့် သူက တုန်းဟွာနယ်မြေ ပြင်ပမှ မဟုတ်ဘဲ နယ်မြေအတွင်းမှ လူသာဖြစ်ကြောင်း သေချာပေသည်။ ထို့အပြင် နင်ဟွာက သူ့ကို သတိပြုမိသွားနိုင်သည့်အတွက် သူ့မျက်နှာကို ဖုံးကွယ်ထားခြင်း ဖြစ်နိုင်သည်။
သို့ဆိုလျှင် မည်သူဖြစ်နိုင်သနည်း။
နင်ဟွာက မခန့်မှန်းနိုင်ပေ။ ချန်ယိနှင့် ရီဖူရှင်းသည်လည်း ထိုလူက ရုတ်တရက် ထွက်ပေါ်လာပြီး မည်သည့်အတွက်ကြောင့် နင်ဟွာကို တားဆီးကာ သူတို့အား ကာကွယ်ပေးရကြောင်း မသိပေ။
"ဖြစ်နိုင်တာက...." ချန်ယိ၏ မျက်လုံးများက ခန့်မှန်းချက်တစ်ခုကြောင့် လင်းလက်သွားသည်။
"ဘာဖြစ်နိုင်တာလဲ။" ရီဖူရှင်းက ချန်ယိကို မေးလိုက်သည်။
ချန်ယိသည်လည်း ရီဖူရှင်းကို ကူညီရန် ထွက်လာခြင်းဖြစ်သည်။ ယခု နောက်တစ်ယောက် ရောက်လာပြန်ပြီ ဖြစ်၏။
ထိုသူက ချန်ယိနှင့် အတူတူပင် ဖြစ်နိုင်သလား။
ချန်ယိက တစ်ခုခုကို ခန့်မှန်းမိသွားခြင်း ဖြစ်နိုင်ပါသလား။
"ဘာမှမဟုတ်ပါဘူး။ သူက ဘယ်ကများဖြစ်နိုင်သလဲလို့ စဉ်းစားနေတာ။" ချန်ယိက တိတ်ဆိတ်စွာ ပြန်ဖြေလိုက်သည်။ သူက ခေါင်းထဲတွင် ရှိသမျှ တုန်းဟွာနယ်မြေအတွင်းမှ ဖြစ်နိုင်ချေရှိသည့် ထိပ်သီးပုဂ္ဂိုလ်များကို လိုက်လံ တွေးတောကြည့်လိုက်သော်လည်း ထိုသူက မည်သူဖြစ်နိုင်ကြောင်း သူ မခန့်မှန်းနိုင်ပေ။
***