← Chapters

ငါးမန်းတောင်ဟင်းရည်

Vol. 34 Ch. 465

ငါးမန်းတောင်ဟင်းရည်

Vol. 34 Ch. 465

ရုတ်တရက် အခြေအနေပြောင်းလဲသွားသည်ကို မြင်သောအခါ လူတိုင်းနီးပါး အံ့အားသင့်သွားသည်။

အမျိုးသမီး ကျင့်ကြံသူ အများအပြားမှာလည်း ဝေခွဲမရဖြစ်နေကြဟန်တူ၏။ ဤပုန်ကန်မှုသည် အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးက ပင်လယ်မျိုးနွယ်စုအတွက် ထောင်ချောက်ဆင်ထားခြင်း ဟုတ်၊ မဟုတ်ကို သူတို့လည်း ယုံရမယုံရ မသေချာလှ။

အကယ်၍ ထိုသို့သာဆိုလျှင် ၎င်းသည် ကြီးမားသောအောင်မြင်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

“အာ၊ ဒါက…”

ဗျူဟာမှူးများသည် မထင်မှတ်ထားသော အပြောင်းအလဲကြောင့် တစ်ယောက်ကိုတစ်ယောက် ကြောင်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

သူတို့ထဲမှ တစ်ဦးက ဖြတ်ထိုးဉာဏ်ကောင်းစွာဖြင့် အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ စကားများကို ချက်ချင်းလိုက်နာကာ ဦးညွှတ်လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး၊ ဒါက ‘ရန်သူကို ထောင်ချောက်ဆင်တဲ့’ နည်းဗျူဟာပါ။ ကျွန်တော်တို့အားလုံး အတူတူ ဆွေးနွေးထားတဲ့ အစီအစဉ်ဖြစ်ပါတယ်! အရှင်မင်းကြီး ရှင်းရှင်းလင်းလင်း နားလည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်!”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဟုတ်ပါတယ်!”

ကျန်သူများကလည်း ဤအစီအစဥ်၏ ဆိုလိုရင်းကို နားလည်သွားကြပြီး ဆန်ကောက်နေသော ကြက်များကဲ့သို့ ခေါင်းကို အသည်းအသန် ညိတ်ပြလိုက်ကြသည်။

ဤအရာကို မြင်သောအခါ ကျားငါးမန်းစစ်သူကြီးသည် သွေးအန်ချင်လောက်အောင် ဒေါသထွက်သွားသည်။ ထို့နောက် လက်တစ်ဖက်ကို တုန်တုန်ယင်ယင်ဆန့်ထုတ်လာပြီး အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးကို လက်ညှိုးထိုးကာ ပြောသည်။ “မင်း အသုံးမကျတဲ့ဝတုတ်မ၊ မင်းကများ ငါတို့ပင်လယ်မျိုးနွယ်စုကို လှည့်စားရဲတယ်?”

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး နှာတစ်ချက်ရှုံ့ပြီး မျက်လုံးကို မှေးကျဥ်းလိုက်သည်။ “ဒီမင်းသမီးက ရှင်တို့နဲ့ ပူးပေါင်းလိမ့်မယ်လို့ တကယ်ထင်နေတာလား? အိပ်မက်မက်မနေစမ်းပါနဲ့!”

အပေါ်ယံတွင် အေးစက်ဖြောင့်မတ်သော သစ္စာခံတစ်ဦးလို ပြုမူနေရသော်ငြား သူမ၏ ကျောနောက်တွင် ချွေးအေးများ စီးကျနေသည်ပင်။ နိုင်ကွက်ကို အပိုင်တွက်ထားသောတိုက်ပွဲက ဤသို့အခြေအနေပြောင်းသွားလိမ့်မည်ဟု သူမလည်းမမျှော်လင့်ခဲ့။ လက်ရှိအန္တရာယ်ကို အလိမ်အညာဖြင့် ကျော်ဖြတ်ဖို့သာ တတ်နိုင်တော့မည်။

ဟုန်ချန်ယဲ့သည် လက်ပိုက်ရပ်ကြည့်နေရင်း ရယ်ချလိုက်သည်။ “အင်းပါ ဆက်ပြီးဟန်ဆောင်နေဦး။ ဒီလို အရည်အသွေးနိမ့်တဲ့ ဇာတ်လမ်းမျိုးကို ငါတို့ကယုံလိမ့်မယ်လို့ ထင်လား?”

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၏ အမူအရာသည် တောင့်တင်းသွားတော့၏။ သူမသည် အလွန်ဆိုးရွားသော အပြုံးတစ်ခုကို မပီမပြင် အတင်းအကျပ် ပြုံးလိုက်သည်။ “သွေးနီဂိုဏ်းချုပ်၊ စကားပုံတစ်ခုရှိပါတယ်။ ကိုယ်စတဲ့ဇာတ် ကိုယ်နိုင်အောင်ကရမယ်တဲ့လေ။ ပီပြင်ဖို့ကိုပဲ အာရုံစိုက်ရင်း အရှင့်ကို စော်ကားခဲ့မိတာရှိရင် ခွင့်လွှတ်ပါ။ ဒါပေမယ့် ကျွန်မက နတ်မိမယ်တိုင်းပြည်ကို မြဲမြဲမြံမြံ သစ္စာရှိပါတယ်၊ ပင်လယ်မျိုးနွယ်စုနဲ့ ပူးပေါင်းပြီး အာဏာသိမ်းဖို့ လုံးဝ မကြံစည်ခဲ့ပါဘူး။”

“တော်လောက်ပြီ!”

တုန်ဖန်းကျင်းက စက်ဆုပ်ရွံရှာစွာ ‌‌အော်ပြောလိုက်သည်။ “အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး၊ မင်းရဲ့လုပ်နိုင်စွမ်းကို ငါ တကယ်ပဲ လျှော့တွက်ခဲ့တယ်။ မင်း သေတော့မယ့်အချိန်မှာတောင် လိမ်ပြောရဲတုန်းပဲလား။ ဒီနေရာမှာရှိတဲ့လူတိုင်းကို မင်းပြောသမျှယုံမယ့် သုံးနှစ်အရွယ် ကလေးတွေလို့ ထင်နေတာလား?”

ဤစကားကို ကြားသောအခါ အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးသည် အလိမ်အညာပေါ်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ ဤသို့ဖြင့် သေမထူးနေမထူး အခြေအနေတွင် ဟန်ဆောင်မှုမျက်နှာဖုံးကို လုံးဝ ချွတ်ပစ်လိုက်ပြီး စိတ်ဆိုးဒေါသဖြင့် အော်ဟစ်လိုက်တော့၏။

“တုန်ဖန်းကျင်း! အရှက်မရှိတဲ့ မိန်းမယုတ်! ဒီမင်းသမီးကို စော်ကားရအောင် နင့်မှာဘာအဆင့်ရှိလဲ။ ဒီအဆင့်ကို ရောက်ဖို့ ဒီမင်းသမီး ဘယ်လောက်တောင် ဆင်းရဲဒုက္ခခံခဲ့ရလဲ! ဒီလက်ရှိ အဆီတအိအိနဲ့ ရုပ်အဆင်းပျက်ပြားနေတဲ့ ပုံပန်းသဏ္ဍာန်ကလည်း မင်းတို့ တုန်ဖန်းတော်ဝင်မိသားစုကြောင့် ဖြစ်လာရတာပဲ!”

“ဒီမင်းသမီး မုန်းတယ်! ကောင်းကင်က မျက်ကန်းဖြစ်နေတာကို မုန်းတယ်! ဘာလို့ ဒီကမ္ဘာမှာရှိတဲ့ မိန်းမတွေအားလုံးက ဒီမင်းသမီးထက် ပိုလှနေရတာလဲ? အားလုံးပဲ သေကြ! သေကြ! အားအားအားအားအား!”

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးသည် စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ ထပ်ခါတလဲလဲ အော်ဟစ်နေမိသည်။ ထို့နောက် သူမ၏ အသက်စွမ်းအင်ကို မီးရှို့ပြီး ရသမျှအချိန်အတွင်း နန်းတော်မှ လျင်မြန်စွာ ထွက်ခွာဖို့ရာ အပြင်သို့ ဦးတည်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် ပင့်ကူမျှင်ကဲ့သို့ အက်ကြောင်းများဖြင့် ပြည့်လွှမ်းလာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးမှု အရှိန်အဝါကို ခံစားရနိုင်၏။

“မကောင်းဘူး! ဒီ သစ္စာဖောက်က ကိုယ့်ကိုယ်ကို ဖျက်ဆီးတော့မယ်!” တုန်ဖန်းကျင်း ထိတ်လန့်စွာဖြင့် ဒေါသလည်းထွက်လာသည်။

ထိပ်တန်းအဆင့် ကောင်းကင်မသေမျိုးတစ်ဦး၏ မိမိကိုယ်ကို ဖျက်ဆီးခြင်းသည် ကြီးမားသော ‌ပေါက်ကွဲဖျက်ဆီးမှုကြီးကို ဖြစ်ပေါ်စေနိုင်ပြီး မြို့တော်တစ်ခုလုံးအား ပြာပုံအဖြစ် ပြောင်းလဲနိုင်စွမ်းရှိပေသည်။

အုံး!!!

တုန်ဖန်းကျင်း၏ အော်ဟစ်သံအဆုံးတွင်။

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးက သူမ၏ဝိညာဥ်စွမ်းအင်အမြစ်ကို ဖောက်ခွဲပစ်လိုက်တော့၏။

သူမ၏ ကြေမွသွားသော ခန္ဓာကိုယ်သည် နေရောင်ခြည်ကိုပင် ဖုံးလွှမ်းအုပ်မိုးနိုင်သော အလင်းရောင်ကို ထုတ်လွှတ်လိုက်ကာ ပြင်းထန်သောစွမ်းအားသည် ပတ်ပတ်လည်သို့ ဖြန့်ကျက်သွားပြီး သက်ရှိအားလုံးကို မျိုချစားသောက်တော့မတတ် ရန်လိုလျက်ရှိသည်။

လူပေါင်းများစွာသည် တုန်ယင်နေသောနှလုံးသားတို့ဖြင့် သေဆုံးခြင်းကို ရင်ဆိုင်ရန် စိတ်ပျက်အားလျော့စွာ စောင့်ဆိုင်းနေချိန်ဝယ် ပေါက်ကွဲနေသော စွမ်းအင်အလင်းထုသည် ရုတ်တရက် ခဲတောင့်သွားပြီး မျက်စိရှေ့တွင်ပင် စွမ်းအင်လုံးလေးတစ်ခုအဖြစ် လျင်မြန်စွာ ကျုံ့ဝင်သွားကာ လေထုထဲတွင် လှစ်ခနဲပျောက်ကွယ်သွားတော့၏။

ဘာဆိုဘာမှ မဖြစ်ပျက်ခဲ့သည့်အတိုင်း အရာအားလုံး မပျက်မယွင်းကျန်ရစ်သည်။

“ငါ့ရှေ့မှာ ကိုယ့်ကိုယ်ကို ဖျက်ဆီးမယ်? ဘယ်သူ့ကိုလာပြီး အထင်သေးရဲတာလဲ?"

ထိုလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သူမှာ ယဲ့ကျွင်းလင် ဖြစ်သည်။

သာမန်အခြေအနေသာဆိုလျှင် ထိပ်တန်းအဆင့် ကောင်းကင်မသေမျိုးတစ်ဦးက မိမိကိုယ်ကို အောင်မြင်စွာ ဖျက်ဆီးပါက မသေမျိုးအရှင်သခင် တစ်ဦးပင်လျှင် ကာကွယ်ရုံသာ တတ်နိုင်ပေမည်။ သို့သော် စစ်မှန်သော မသေမျိုးဘုရင် စွမ်းအားရှင်တစ်ဦး၏ ရှေ့တွင် ကောင်းကင်မသေမျိုးအတွက် အသက်ကိုစွန့်လွှတ်ဖောက်ခွဲခြင်းပင် ဖြစ်နေပါစေဦး၊ ကလေးကစားသည်နှင့်မခြား။

ဟုန်ချန်ယဲ့၏ မျက်လုံးများက အားကျမှုဖြင့် တလက်လက်တောက်လျက်ရှိသည်။ မိမိတစ်ယောက်တည်းသာဆိုလျှင် ထိုအန္တရာယ်ကို တားဆီးနိုင်ခဲ့မည်မဟုတ်။

အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး ကျဆုံးသွားသည်ကို မြင်သောအခါ ဗျူဟာမှူးများတွင်လည်း ခုခံလိုစိတ် လုံးဝ မရှိတော့ပေ။ တစ်ယောက်ပြီးတစ်ယောက် ကြောက်ရွံ့စွာ မြေပေါ်တွင် ဒူးထောက်ချပြီး “ကျေးဇူးပြု၍ အရှင်မင်းကြီး၊ သနားတော်မူပါ!” ဟု အသည်းအသန် အော်ဟစ်ငိုယိုကုန်ကြသည်။

“ရဲမက်များ၊ သူတို့ကို အချုပ်ထဲထည့်လိုက်! ကွပ်မျက်မယ်နေ့ကို နောက်မှစီရင်မယ်!” တုန်ဖန်းကျင်းက အေးစက်စွာ ပြောလိုက်သည်။

ထို့နောက် အဒေါ် မေသည် ကျင့်ကြံသူအုပ်စုတစ်စုကို ဦးဆောင်ကာ ပင်းရှီမင်းသားစံအိမ်မှ ဗျူဟာမှူးများအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားလေတော့၏။ တူညီစွာ ဝပြဲရုပ်ဆိုးနေကြရှာသော အမျိုးသမီးတို့မှာ အတိတ်ကလုပ်ရပ်များအပေါ် နောင်တရနေကြဟန်ပင်။

သူတို့သည် အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးကို သစ္စာခံရန် ရွေးချယ်ခဲ့ကြသည်။ နတ်မိမယ်ကျင့်စဥ်ပညာ ပြောင်းပြန်အတတ်ကို ဆန္ဒအလျောက် ကျင့်ကြံကာ မိမိတို့၏ရုပ်ရည်နှင့် ခန္ဓာအလှတရားကို ပေးဆပ်ခဲ့သမျှအားလုံးမှာလည်း ရာထူးဂုဏ်ပုဒ်များကို လိုချင်တောင့်တမိ၍သာ ဖြစ်၏။

အဆုံးသတ်တွင် အရာအားလုံး အချည်းနှီး ဖြစ်ခဲ့သည်။

ကျားငါးမန်းစစ်သူကြီးသည် အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီး ကိုယ့်ကိုယ်ကို ဖျက်ဆီးဖောက်ခွဲပြီးနောက်တွင်ပင် ယဲ့ကျွင်းလင်ထံမှ အလွယ်တကူ ဖယ်ရှားခံလိုက်သည်ကို မြင်သောအခါ သူ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ အဆုံးမဲ့ တိုးပွားလာသည်။

အရမ်းကို ကြောက်စရာကောင်းတယ်။ ဒီ ပုဂ္ဂိုလ်ဟာ အရာအားလုံးကို တားဆီးချုပ်ကိုင်နိုင်တဲ့ မသေမျိုးဘုရင်ပဲ။

“အ-အကြီးအကဲ၊ ဒီကိစ္စကို ပြန်ဆွေးနွေးကြရအောင်။ တကယ်တော့ ခုနက အားလုံး နားလည်မှုလွဲခဲ့တာပါ။” ကျားငါးမန်းစစ်သူကြီးသည် တုန်ယင်စွာ ပြောလိုက်သည်။

ယဲ့ကျွင်းလင်က သူ့ကိုအပေါ်အောက်တစ်ချက်ကြည့်လိုက်ပြီး နောက်ပြောင်လိုဟန်ဖြင့် ဆိုသည်။ “မင်းရဲ့ ပုံစံအစစ်က ငါးမန်းဖြစ်လောက်တယ် ဟုတ်တယ်မလား။”

“ဟုတ်ပါတယ်! ကျွန်တော်က ကျွန်တော့်မိသားစုရဲ့ ခေါင်းဆောင်ပါ၊ ကျွန်တော့်ရဲ့ နာမည်အစစ်က ရှာပေါ်ပါ!” ကျားငါးမန်းစစ်သူကြီးသည် တုန်ယင်စွာ အလိုက်သင့်ပြောလိုက်သည်။

“မဆိုးဘူး၊ မဆိုးဘူး။ နာမည်ကြားရုံနဲ့တင် ဝိညာဥ်အနှစ်သာရတွေ အများကြီးခံစားမိနေပြီ။” ယဲ့ကျွင်းလင်က ချီးကျူးလိုက်သည်။

“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ!” ကျားငါးမန်းစစ်သူကြီး ဝမ်းသာအားရ ဖြစ်သွားသည်။ မျှော်လင့်ချက်ရှိသေးပုံပင်။

“ရှာပေါ်၊ မင်း ငါးမန်းတောင် ဆိုတဲ့ နာမည်ကျော်ဟင်းပွဲအကြောင်း ကြားဖူးလား?”

“ဗျာ…”

“အဲဒါကို ငါးမန်းတောင်ဟင်းရည်လို့ ခေါ်တယ်!”

ကျားငါးမန်းစစ်သူကြီးသည် နေရာတွင်ပင် အေးခဲသွားပြီး ကျောရိုးတစ်လျှောက် အေးစက်သွားသည်။

သို့သော် ရှင်သန်လိုသောစိတ်ကြောင့် သူသည် နေရာမှာတင် ပုံစံအမှန်သို့ ချက်ချင်းပြန်လည်ပြောင်းလဲလိုက်သည်။ သူ၏ အစစ်အမှန်ပုံစံမှာ ဧရာမ ကျားငါးမန်းကြီးတစ်ကောင်ဖြစ်၏။ ငါးမန်းတောင်များမှ ကြောက်မက်ဖွယ်ကောင်းသော၊ ပြင်းထန်သောချီစွမ်းအင်ကို ထုတ်လွှတ်နေပြီး ပါးစပ်ကို ဖွင့်လိုက်ပါကလည်း အကောင်ပလောင်များစွာ တပါတည်းမျိုချနိုင်လောက်အောင် ကြီးမားကျယ်ပြန့်လှသည်။

နောက်တစ်စက္ကန့်တွင် ကျားငါးမန်းသည် သူ၏ ခန္ဓာကိုယ်ကို တစ်ချက်နှစ်ချက် လှုပ်လိုက်သည်။ ထို့နောက် နို့နှစ်ရောင်အလင်းဖြင့် ဝန်းရံထားသော အလင်းလုံးလေးလုံးသည် ယဲ့ကျွင်းလင်ရှေ့တွင် ပျံဝဲပေါ်ထွက်လာသည်။

အလင်းလုံးတစ်ခုစီအတွင်းတွင် အံ့သြစရာကောင်းလောက်အောင် ကြည်လင်ပြီး ပိုးဖလံတောင်ပံကဲ့သို့ ပါးလွှာသော ငါးမန်းတောင်များ ရှိသည်။

“အကြီးအကဲလိုချင်တဲ့ ငါးမန်းတောင်တွေကို ကျွန်တော် ပေးအပ်လိုက်ပါပြီခင်ဗျာ! ကျေးဇူးပြု၍ အကြီးအကဲ၊ ကြင်နာစိတ်လေးထားပြီး ကျွန်တော်မျိုးရှာပေါ်ကို အသက်ရှင်ဖို့ အခွင့်အရေးပေးပါ!”

ကျားငါးမန်းစစ်သူကြီးသည် ငါးမန်းတောင် လေးခုကို ဆုံးရှုံးသွားသောကြောင့် အတော်လေး အားနည်းသွားပုံရ၏။ သူ၏ ခန္ဓာကိုယ်မှာ အခေါင်းပေါက်ဖြစ်သွားသည့်အလား ချိနဲ့ယိုင်ထိုးလျက်။ သို့သော် ယဲ့ကျွင်းလင်မှ ငါးမန်းတောင်စားချင်သည်ဟုဆိုလာပါလျှင် ပေးလိုက်ရုံမှလွဲ အခြားရွေးချယ်စရာမရှိ။ အသက်လေးကိုဖြစ်ဖြစ် ချန်ထားစေချင်သေးသည်။

“ရှာပေါ်၊ မင်းလုပ်ခဲ့တဲ့လုပ်ရပ်တွေကြောင့် ငါ့မှာ ဒီလက်ဆောင်တွေကို အားနာနာနဲ့ပဲ လက်ခံပေးရတော့မှာပဲ" ယဲ့ကျွင်းလင်က အဓိပ္ပာယ်ပါပါဆိုသည်။

“အကြီးအကဲ စိတ်ကျေနပ်နေသရွေ့ ရှာပေါ် မတွန့်ဆုတ်ပါဘူး!”

ကျားငါးမန်းစစ်သူကြီး၏ မျက်လုံးများတွင် မျက်ရည်များ လင်းလက်နေသည်။ ဤအချိန်တွင် သူ့အသက်၏ သေခြင်းရှင်ခြင်းမှာ အရှေ့မှလူအပေါ် မူတည်နေသည်ပင်။

“ကဲ၊ သွားတော့။ ဒီတစ်ကြိမ်ကို ကောင်းကောင်းသင်ခန်းစာယူ။ ပင်လယ်ခရုကျိုးလေးတစ်ခုနဲ့ မာန်တက်ပြီး ရှေ့ထွက်မလာစမ်းနဲ့။ မင်း သိသင့်တာက မြင့်လှပါချည်ရဲ့လို့ထင်ထားတဲ့ ကောင်းကင်ရဲ့အထက်မှာ နောက်‌ကောင်းကင်တစ်ဆင့် ရှိနေနိုင်တယ်ဆိုတာပဲ” ယဲ့ကျွင်းလင်က ထိုစကားအဆုံး လက်ကိုဝှေ့ယမ်းကာ ထွက်သွားခိုင်းလိုက်သည်။

“သနားညှာတာပေးလို့ ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ! ရှာပေါ် ဟာ အရှင့်ရဲ့ ကြီးမြတ်တဲ့ ကြင်နာမှုကို တစ်သက်လုံး မှတ်မိနေပါ့မယ်!” ကျားငါးမန်းစစ်သူကြီး၏ မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နေပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ထို့နောက် သူသည် နောက်ကြောင်းပင် ပြန်လှည့်မကြည့်ဘဲ ထွက်ပြေးသွားသည်။ သူ၏ ပုစွန်စစ်သားများနှင့် ကဏန်းစစ်ဗိုလ် ရှစ်သိန်းကိုပင် စွန့်ပစ်ခဲ့လေသည်။

ကျားငါးမန်းစစ်သူကြီးသည် အခက်အခဲမှ လွတ်မြောက်ပြီးနောက် ဒုက္ခပင်လယ်ကိုဖြတ်ကူးလျက် မြောက်ပင်လယ်နယ်မြေ နန်းတော်သို့ အမြန်ပြန်ကာ ဤကိစ္စကို ပင်လယ်ဘုရင်အား သတင်းပို့လိုခဲ့သည်။

ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ရင်း ယဲ့ကျွင်းလင်က လှောင်ရယ်သည်။ “ဒီ ရှာပေါ်ဆိုတဲ့ကောင်၊ တကယ့်အရူးပဲ!”

ကျားငါးမန်းစစ်သူကြီး မသိလိုက်သည်မှာ သူလှည့်ပြီး ထွက်ခွာခါနီးအချိန်တွင် ယဲ့ကျွင်းလင်က သူ့ကိုယ်ပေါ် မန္တန်တစ်ခု ရိုက်နှိပ်ထားလိုက်ခြင်းပင်။

သူ ပင်လယ်မျိုးနွယ်စုရှိရာ ဒေသသို့ ဖြတ်သန်းသွားရောက်သည့် လမ်းတစ်လျှောက်လုံးအား ယဲ့ကျွင်းလင်က အေးအေးဆေးဆေး ထိုင်ကြည့်နိုင်နေမည့် ခြေရာခံစက်လို မန္တန်တစ်ခုဖြစ်၏။

ယဲ့ကျွင်းလင်တစ်ယောင် ဤကိစ္စအား ဤမျှအာရုံစိုက်နေရသည့် အဓိကအကြောင်းအရင်းမှာ ကျားငါးမန်းစစ်သူကြီး၏လက်ထဲမှ ထူးခြားသည့် ပင်လယ်ခရုကြောင့်ဖြစ်သည်။ တိုတောင်းလှသော အဖြစ်အပျက်ပြီးဆုံးချိန်တွင် နောက်ကွယ်မှ ပင်လယ်ခရုကို ဖန်တီးပေးခဲ့သူမှာ မသေမျိုးဘုရင်ရှိသော စွမ်းအားရှင်တစ်ဦးဖြစ်ကြောင်း ယဲ့ကျွင်းလင်ခန့်မှန်းမိနိုင်ခဲ့သည်။

ထိုသူ၏ကျင့်ကြံဆင့်သည် ခရုခွံမှပေးစွမ်းနိုင်သော မသေမျိုးဘုရင် ပဥ္စမဆင့်ထက် သေချာပေါက်ပိုမိုမြင့်မားမည်!

လက်ဆောင်ထုပ်က တံခါးဝအထိ လမ်းလျှောက်ရောက်ရှိလာမှတော့ ယဲ့ကျွင်းလင်လည်း နောက်ဆုတ်ရန် စိတ်ကူးမရှိပေ။

သိုးမွေးကို ရိတ်မှတော့ အပြောင်အစင်ရိတ်ရမှာပေါ့။

ထို့အပြင် ယဲ့ကျွင်းလင်သည် ပင်လယ်မျိုးနွယ်စု နောက်ကွယ်မှ ထိုမသေမျိုးဘုရင်ကား သွေးအရှင်၏စကားထဲမှ ပြန်လည်ရှင်သန်နိုးထလာသော စွမ်းအားရှင်များဟူသည့် ဂုဏ်ပုဒ်အား ပိုင်ဆိုင်ထားလောက်မည်ဟု ခန့်မှန်းမိသည်။

ဤခွင်းလွင်ကမ္ဘာတွင် ပြန်လည်ရှင်သန်နိုးထလာသော စွမ်းအားရှင်များ အရေအတွက်မည်မျှအထိ ရှိနေနိုင်လောက်မည်နည်း?

All Chapters