ဒုက္ခိတရှာပေါ်
Vol. 34 Ch. 466
“အားလုံးပဲ၊ အခု ငါတို့ဆီမှာ အရသာအရှိဆုံး ငါးမန်းတောင်တွေ ရှိနေပြီဆိုတော့ ပင်လယ်စာပွဲတော်တည်ခင်းဖို့ပဲ ကျန်တော့တယ်” ကိစ္စဝိစ္စများပြီးစီးချိန်တွင် ယဲ့ကျွင်းလင် စိတ်အားထက်သန်စွာပြောလိုက်သည်။
ဟုန်ချန်ယဲ့က ချက်ဆို နားခွက်ကမီးတောက်သည်။ “ဆရာသခင်၊ တပည့် အခုပဲ သူတို့ကို မီးကင်ပါတော့မယ်!”
ထို့နောက် သူသည် မသေမျိုး စွမ်းအားကို စုစည်းလိုက်ပြီး လက်များကိုဖြန့်ကာ ကျယ်ပြောသော ကောင်းကင်တစ်ခွင် လွှမ်းခြုံတော့မတတ် ကြီးမားတောက်ပသည့် ငရဲမီးကို ထုတ်လွှတ်လိုက်သည်။ ထိုမီးသည် ချက်ချင်းပင် ပင်လယ်သတ္တဝါ ရှစ်သိန်းကို ဝါးမြိုလိုက်တော့၏။
“အား!”
အော်သံများသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်နေပြီး ကြားရသူအပေါင်း ကြက်သီးဖြန်းဖြန်းထလောက်အောင်ပင်။
ဟုန်ချန်ယဲ့သည် သူ၏ ကျွမ်းကျင်သော မီးလျှံတတ်ပညာဖြင့် အပူချိန်ကို အလွန်အသေးစိတ်စွာ ထိန်းချုပ်ထားသည်။ မဟုတ်ပါက သူ၏ မသေမျိုးအဆင့် မီးအပူစွမ်းအားဖြင့် ဤပုစွန်စစ်သားများနှင့် ကဏန်းစစ်ဗိုလ်တို့အုပ်စု ချက်ချင်းပြာကျသွားရပေမည်။
မကြာမီတွင် ကောင်းစွာချက်ပြုတ်ထားသော ပင်လယ်စာကင်ရနံ့သည် လေထဲတွင် ပျံ့နှံ့လာသည်။ ဆွဲဆောင်မှုရှိသော အကင်ရနံ့ကို အဝေးမှပင် အနံ့ခံရရှိနိုင်ပေမည်။
အိမ်နီးချင်း ကလေးများသည်ပင် စားချင်စိတ်ဖြင့် အော်ဟစ်ငိုယိုကုန်ကြ၏။
“ဟေး ဟေး ဟေး၊ ဒီလောက်များတဲ့ ပင်လယ်စာတွေကို သေသေချာချာ မလှီးဖြတ်ရသေးဘူးပဲ!” လီဝူကျယ်သည် အခွင့်အရေးကို အရယူပြီး ဓားရှည်ကို ဓားအိမ်မှဆွဲထုတ်လိုက်ရာ ချွင်ခနဲထွက်လာသောဓားသံမှာ ကြည်လင်ပြတ်သားလှသည်။
လီဝူကျယ်သည် လေပြင်းနှင့်စည်းချက်အညီ လှုပ်ရှားလိုက်သည်။ သူ၏ ကိုယ်ဟန်အနေအထားမှာ ဝါရင့်ဓားသမားတစ်ယောက်ဖြစ်သည့်အလျောက် လှပပြေပြစ်သည်။ လက်ကောက်ဝတ်များ စေလိုရာအတိုင်း လျင်မြန်စွာလှည့်ပတ်နေသောကြောင့် အပြင်လူများမှာ ထက်ရှသော ဓားရောင်ခြည်များကိုသာ မြင်နိုင်စွမ်းရှိခဲ့၏။
ရွှစ် ရွှစ် ရွှစ် ~
ကင်ပြီးသား ပုစွန်များနှင့် ကဏန်းများ စီရီလှပစွာ အပိုင်းပိုင်းပြတ်သွားသည်။ သပ်ရပ်ပြီး တပြေးညီဖြစ်နေသော အကင်တုံးများမှာ ဓားသမား၏စွမ်းရည်အား ဖော်ကြူးနေသကဲ့သို့။
ထို့နောက် လူအများ၏ အံ့အားတသင့်အကြည့်အောက်တွင် မကြုံစဖူးသော ပင်လယ်စာမိုးသည် မြို့တော်ပေါ်သို့ ခမ်းနားထည်ဝါစွာ ဆင်းသက်ကျရောက်လာလေတော့၏။
“ဟေး၊ အခမဲ့ ပင်လယ်စာပွဲတော်!”
“ဟားဟားဟား၊ ငါ နဂါးကျောက်ပုစွန်တွေကို စားရတာ အကြိုက်ဆုံးပဲ!”
“အိုး၊ ဘုရားရေ၊ ဒီဂဏန်းဥတွေက အရမ်းအသားပြည့်ပြီး အရသာရှိတာပဲ!”
“ပင်လယ်ရဲ့ ကျေးဇူးတော်ပါပဲ!”
ပြည်သူပြည်သား အမျိုးသမီးများသည်လည်း ဤပင်လယ်စာပွဲတော်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။
မိုးပေါ်မှကျလာသော ပင်လယ်စာများ လက်ထဲရောက်လာသည်နှင့် မတွန့်မဆုတ် ချက်ချင်းစားသောက်ကြလေတော့သည်။ လေထဲတွင် ပင်လယ်စာမွှေးရနံ့များ ပြည့်လွှမ်းနေပြီး လူတိုင်းသည် ပွဲတော်ကျင်းပသည့်အလား ပျော်ရွှင်တက်ကြွနေခဲ့ကြ၏။
ယဲ့ကျွင်းလင်တို့အဖွဲ့မှာ စားလောက်ရုံပမာဏကိုသာ ခွဲယူခဲ့ကြသည်ပင်။
“ရှောင်ရှီး”
“ရှုရှု ဒီမှာ ရှိပါတယ်!”
“ဒီပင်လယ်စာတွေ အကုန်လုံး မင်းလက်ထဲပဲ အပ်လိုက်တော့မယ်!”
“ဟုတ်ကဲ့!”
ထို့နောက် အဖွဲ့တွင် စားဖိုမှူးအဖြစ် တာဝန်ယူထားသော ပုရှောင်ရှီးသည် သူမ၏ အလုပ်ကို စတင်လေတော့၏။ မီးကင်ထားသော ပင်လယ်စာများကို ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်ပြီး အရသာအပေါ့အငန် ပြီးပြည့်စုံမှုရရှိရန် အမျိုးမျိုးသော ဟင်းလျာများကို ဆက်လက်ဖန်တီးသည်။
သို့သော် အရသာအရှိဆုံး အရာများမှာ ငါးမန်းတောင်လေးခုဖြစ်သည်။
လူသိများသည့်အတိုင်း ငါးမန်းတောင်ဆိုသည်မှာ နာမည်ကျော် ထိပ်တန်း အစားအစာများထဲမှ တစ်ခုဖြစ်သည်။
၎င်းတို့သည် ငါးမန်းဆူးတောင်များမှ ရရှိသော အကြောများဖြစ်ပြီး လူကို အာဏာဖြစ်စေသော ကိုလာဂျင်၊ ပရိုတင်းနှင့် ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝသည်။
ထို ကောင်းကင်မသေမျိုးအဆင့်ရှိ ကျားငါးမန်းစစ်သူကြီးမှ ကိုယ်တိုင်လှီးဖြတ်ဆက်သသော ငါးမန်းတောင်များတွင် စိတ်ကူးမယဥ်နိုင်သော အနှစ်သာရများ ပါဝင်သည်။ ၎င်းတို့သည် ကျင့်ကြံသူများအတွက် များစွာအကျိုးစေရုံသာမက ချက်ပြုတ်ထားပြီး ထွက်လာသောအရသာမှာလည်း အလွန်ကောင်းမွန်၏။
အမျိုးမျိုးသော ချက်ပြုတ်နည်းများကို ကျင်လည်ကျွမ်းကျင်သော ပုရှောင်ရှီးသည် ဤ အဖိုးတန် ငါးမန်းတောင် လေးခုလုံးကို အလွန်ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သည်။ သူမ၏ ဟင်းချက်အတတ်ပညာကား ယဲ့ကျွင်းလင်၏လေ့ကျင်မှုဖြင့် ပြီးပြည့်စုံပြီး အလွန်ကျွမ်းကျင်သွက်လက်သည်။
မကြာမီတွင် မွှေးကြိုင်သောရနံ့များ လွင့်ပျံလာပြီး လူအပေါင်းအား သွားရည်ယိုစေတော့၏။
စားပွဲထက်တွင် သူတို့ မြင်တွေ့ရသည်မှာ နာမည်ကျော် ငါးမန်းတောင် ဟင်းပွဲလေးမျိုးဖြစ်သည်။ ငါးမန်းတောင်ဟင်းရည်ကြည်၊ ငါးမန်းတောင်ဆီပြန်ဟင်း၊ ဂဏန်းဥငါးမန်းတောင်၊ နှင့် မြေအိုးငါးမန်းတောင်တိုပင်။
လူတိုင်း တံတွေးတမျိုမျိုဖြင့် အနံ့ရှိရာသို့ စုဝေးလာကြသည်။
ဤအရာများသည် မလွဲမသွေပင် ပင်လယ်စာပွဲတော်၏ အကောင်းဆုံး ဟင်းပွဲများဖြစ်၏။
“ဆရာသခင်၊ အရင်စားပါ!” လီဝူကျယ်သည် တူကိုင်ချင်စိတ်အား ထိန်းချုပ်ရင်း စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“ဒီလို ငါးမန်းတောင်တွေဆိုရင် ဒီဆရာသခင်က သေချာ မြည်းစမ်းရတော့မှာပဲ။”
ယဲ့ကျွင်းလင် တူကိုကောက်ယူလိုက်သည်။ ထို့နောက် ပိုးဖလံတောင်ပံကဲ့သို့ ပါးလွှာပြီး နူးညံ့ကာ နွေးထွေးသော အရောင်တလက်လက်ဖြင့် ငါးမန်းတောင် အသေးလေးတစ်ဖတ်ကို ညှပ်ယူလိုက်သည်။ ထို့နောက် ၎င်းကို သူ၏ ပါးစပ်ထဲသို့ ညင်သာစွာ ထည့်လိုက်ပြီး ဖြည်းဖြည်းချင်း အရသာခံဝါး၏။
ချက်ချင်းပင် မကြုံစဖူးသော အရသာသည် လျှာ၏အရသာခံဖုများထံ ပျံ့နှံ့သွားလေသည်။ ယဲ့ကျွင်းလင်သည် စိတ်ရောခန္ဓာပါ ပေါ့ပါးကြည်လင်လာသည်အား ခံစားရ၏။ ပါးစပ်နှင့် နှာခေါင်းမှ အလင်းတန်းများများပင် ထွက်ပေါ်လာပြီး မွှေးကြိုင်သောရနံ့များ ပျံ့နှံ့သွားသည်။
“လုံးဝ အံ့သြစရာပဲ!”
ယဲ့ကျွင်းလင် ရင်ထဲမှ တိတ်တိတ်လေး အော်ဟစ်လိုက်မိသည်။
မျှော်လင့်ထားသည့်အတိုင်း ငါးမန်းတောင်သည် ဤကမ္ဘာတွင် ရှားပါးပြီး အရသာထူးခြားသော ထိပ်တန်းအစားအစာပင်။
လီဝူကျယ်သည် စိတ်မရှည်စွာ တူကို ကောက်ယူလိုက်သည်။ ငါးမန်းတောင်တစ်ဖတ် သူ့ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် ရနံ့၏သင်းပျံ့မှုကား ပါးစပ်တစ်ခုလုံးသို့ ပြည့်နှက်သွားစေသည်။ အရသာခံဖုများသည် ပေါက်ကွဲလုနီးပါးဖြစ်ပြီး စိတ်ဝိညာဥ်သန့်စင်ခံလိုက်ရသော ခံစားချက်ကို သတိပြုမိလိုက်၏။
“အိုးမိုင်ဂေါ့! အိုးမိုင်ဂေါ့! အိုးမိုင်ဂေါ့! အိုးမိုင်ဂေါ့!”
လီဝူကျယ်သည် အရသာကို ခံစားရင်း အသိစိတ်ဝင်လာသောအခါ စိတ်လှုပ်ရှားစွာ ‘အိုးမိုင်ဂေါ့’ လေးကြိမ်ဆက်တိုက် ပြောလိုက်မိကြောင်း သိလိုက်ရ၏။ ဤသည်မှာ ဟင်းပွဲအပေါ် သူ၏ အစစ်မှန်ဆုံး အကဲဖြတ်မှုဖြစ်သည်။
“ကျစ် ကျစ် ယဥ်ကျေးမှုမရှိလိုက်ပုံများ” ဟုန်ချန်ယဲ့က ခေါင်းခါလိုက်ပြီး လီဝူကျယ်ကို သနားသလိုကြည့်လိုက်သည်။
“လာစမ်း၊ လာစားကြည့်စမ်း၊ မင်းရော ဘယ်လောက်များယဥ်ကျေးနိုင်မလဲ ငါ ကြည့်ချင်တယ်!” လီဝူကျယ်က မကျေမနပ် ပြန်ပြောလိုက်သည်။
“တောသား၊ ကြည့်ထား”
ဟုန်ချန်ယဲ့က အေးစက်စက် နှာတစ်ချက်မှုတ်ကာ လှီးထားသော ငါးမန်းတောင် သေးသေးလေးတစ်ဖတ်ကို ကောက်ယူ၍ ပါးစပ်ထဲထည့်လိုက်သည်။ စိတ်ပိုင်းဆိုင်ရာ သေချာပြင်ဆင်ထားသော်လည်း ဤမျှထူးခြားသော အရသာကြောင့် သူ အံ့အားသင့်သွားရသည်ပင်။
ဤအချိန်တွင် ရရှိလိုက်သော ခံစားချက်ကို စကားလုံးများဖြင့်ပင် မဖော်ပြနိုင်တော့ပေ။ သူ၏ စိတ်ထဲတွင် စကားလုံးအနည်းငယ်ဖြင့်သာ ပြည့်နေသည်- အရမ်းကောင်းလွန်းလို့ ကောင်းကင်ပေါ် မြောက်တက်သွားသလိုပဲ!
“ပြောလေ၊ ဘာလို့ မပြောတာလဲ? မင်းက ငါ့လောက်တောင်မယဥ်ကျေးဘူး! ငါက အနည်းဆုံးတော့ အရသာကို ချီးကျူးလိုက်တာပဲ!” လီဝူကျယ်က ကျေနပ်စွာ ပြောလိုက်သည်။
ဟုန်ချန်ယဲ့သည် စကားမပြောနိုင်တော့ဘဲ ဤတောသား၏ အသားလွတ်မောက်မာနေပုံအား ဆွံ့အစွာကြည့်နေမိ၏။