အခန်း (၄၆၇)
Vol. 34 Ch. 467
“ကျေးဇူးပြုပြီး ကျွန်မတို့လည်း မြည်းစမ်းကြည့်လို့ ရမလား?” တုန်ဖန်းမုန့်ယောင်နှင့် သူမ၏မိခင် တုန်ဖန်းကျင်းတို့သည် ပန်းကန်ပေါ်ရှိ ငါးမန်းတောင်များကို မျက်စိမလွှဲတမ်း ကြည့်နေကြပြီး အရသာခံလိုစိတ် ပြင်းပြနေသည်။
“ရတာပေါ့၊ ငါတို့ရှောင်ရှီး ချက်ထားတာကို တစ်ခါလောက်မြည်းစမ်းကြည့်!” ယဲ့ကျွင်းလင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ခွင့်ပြုလိုက်သည်။
“ကျေးဇူးတင်ပါတယ်!”
တုန်ဖန်းမုန့်ယောင်သည် ဆက်ပြီး မထိန်းချုပ်နိုင်တော့ဘဲ တူတစ်ချောင်းကို ကောက်ယူကာ ငါးမန်းတောင်တစ်ဖတ်ကို ယူလိုက်ပြီး သူမ၏ သေးငယ်သော ချယ်ရီရောင် ပါးစပ်လေးထဲသို့ ထည့်လိုက်သည်။
ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဓာတ်လိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ သူမ၏ မျက်လုံးများသည် မှေးမှိတ်သွားပြီး အသက်ရှူနှုန်း မြန်ဆန်လာကာ မချိမခံသာ အော်ဟစ်လိုက်သည်။
“အား…!”
ဒါ ဒါဘယ်လိုအရသာမျိုးလဲ?
တစ်ဖတ်တည်းနဲ့ လေပေါ်လွင့်တက်သွားတော့မလိုပဲ!
လွှတ်ခနဲထွက်သွားသော အော်သံကြောင့် တုန်ဖန်းမုန့်ယောင်သည် သူမ၏ အမှားကို သတိပြုမိသွားကာ ပါးပြင်များ နီရဲလာပြီး ရှက်ရွံ့စွာဆို၏။ “တောင်းပန်ပါတယ်၊ အရမ်း အရသာရှိလွန်းလို့…”
“နားလည်ပါတယ်” ယဲ့ကျွင်းလင်က ခေါင်းညိတ်လိုက်သည်။
သမီးဖြစ်သူ၏ တုံ့ပြန်မှုကို ကြည့်ရင်း တုန်ဖန်းကျင်းသည် ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေသည်။
"တကယ်ပဲ အဲ့လောက်ကောင်းတာလား? အပိုမလုပ်လွန်းဘူးလား?"
ထို့နောက် သူမသည် ငါးမန်းတောင်တစ်ဖတ်ကို သတိထားပြီး ကောက်ယူလိုက်ကာ ဖြည်းဖြည်းချင်း အရသာခံရန် ရည်ရွယ်သည်။
“အိုး~”
ရလဒ်အနေဖြင့် တုန်ဖန်းကျင်းမှာ မျက်ဖြူလန်တက်သွားရကာ သူမ၏ ခြေထောက်များ တုန်ယင်လာသည်။ ရဲတက်နေသောမျက်နှာမှာ အလွန်သက်တောင့်သက်သာဖြစ်ပြီး အာဟာရပြည့်ဝသော ခံစားချက်ကို အပြည့်အဝ ခံစားခဲ့ရသကဲ့သို့ပင်။
“အမေ! အဆင်ပြေရဲ့လား?” တုန်ဖန်းမုန့်ယောင်သည် မိခင်ဖြစ်သူ၏လက်ကို အမြန်လှုပ်ယမ်းကာ စိုးရိမ်တကြီးမေးလိုက်သည်။
မကြာမီတွင် တုန်ဖန်းကျင်း အသိပြင်ဝင်လာသည်။ ဘေးပတ်ပတ်လည်တွင် ကြောင်ကြည့်နေသောလူများကို မြင်သောအခါ သူမရှက်ရွံ့စွာပြောလိုက်ရ၏။ “တောင်းပန်ပါတယ်၊ ရုတ်တရတ် စိတ်ကို မထိန်းချုပ်နိုင်ခဲ့ဘူး။”
“ရိုးရိုးသားသား ပြောရရင် ကျွန်မဘဝမှာ ဟင်းပွဲမျိုးစုံ စားဖူးပါတယ်။ ဒါပေမယ့် ဒီလောက်ကောင်းတဲ့ ဟင်းပွဲမျိုး တစ်ခါမှ မစားဖူးပါဘူး!”
တုန်ဖန်းကျင်းသည် ဤဟင်းပွဲကို သူမ၏ဘဝတွင် အမြင့်ဆုံးတစ်ခုအဖြစ် သတ်မှတ်ချီးကျူးလိုက်သည်။
ထို့နောက် သူမသည် သေးငယ်ပြီး ဆံပင်ငွေရောင်ရှိသော ပိန်ပိန်ပါးပါး ပုရှောင်ရှီးကို ကြည့်လိုက်ပြီး ထပ်မံချီးကျူးသည်။ “ညီမလေး၊ မင်းရဲ့ ဟင်းချက်အတတ်ပညာက တကယ်ကို ထူးခြားပါတယ်။ တော်ဝင် မီးဖိုချောင်က နန်းတွင်းစားဖိုမှူးတွေ လုံးဝ မယှဉ်နိုင်ဘူး!”
တုန်ဖန်းကျင်း၏ အစားအသောက်စံနှုန်းများသည် အမြဲတမ်း မြင့်မားခဲ့သည်သာ။ ထို့ကြောင့် တော်ဝင် မီးဖိုချောင်တွင် နန်းတွင်းစားဖိုမှူးအဖြစ် အမှုထမ်းနိုင်သူအားလုံးသည် ထိပ်တန်းအဆင့် ဝိညာဉ်စားဖိုမှူးများသာ ဖြစ်ကြသည်။
သို့သော် ပုရှောင်ရှီးနှင့် နှိုင်းယှဉ်ပါက သူတို့အားလုံး ပေါင်းစည်းရင်တောင် ချက်ချင်း ရှုံးနိမ့်သွားရလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော သူမသည် ဝိညာဥ်စားဖိုမှူးများထက် များစွာသာလွန်သော မသေမျိုးစားဖိုမှူး ဖြစ်သောကြောင့်ပင်။
“ကျေးဇူးတင်ပါတယ်~” ချီးကျူးစကားများစွာကို လက်ခံရသောအခါ ပုရှောင်ရှီးသည် ရှက်ရွံ့စွာ ခေါင်းကိုကုတ်လိုက်သော်ငြား စိတ်ထဲမှာတော့ အလွန်ပျော်ရွှင်နေခဲ့သည်။
“အားလုံးပဲ၊ မတ်တပ်ပဲရပ်မနေကြနဲ့၊ ပူတုန်းလေး စားကြ!” ယဲ့ကျွင်းလင်က အော်ပြောလိုက်သည်။
“ဟုတ်ကဲ့!”
ဤသို့ဖြင့် တစ်ဖွဲ့လုံး စိတ်လက်ကြည်သာရွှင်ပျစွာဖြင့် ဤခမ်းနားသော ပင်လယ်စာပွဲတော်ကို ပျော်ရွှင်စွာ စားသောက်ကြလေသည်။
လေထုသည် ပျော်ရွှင်ရယ်မောသံများဖြင့် လှုပ်ရှားသက်ဝင်နေသည်။
အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးမှာ သူမကိုယ်တိုင် စေ့စပ်သေချာစွာ စီစဥ်ထားသော ပုန်ကန်မှုသည် နောက်ဆုံးတွင် မြို့တော်တစ်ခုလုံး စားသောက်ပွဲကျင်းပခြင်းဖြင့် အဆုံးသတ်လိမ့်မည်ဟု ဘယ်သောအခါမှ အိပ်မက်မက်ခဲ့မည် မဟုတ်ပေ…
ဘဝသည် တကယ်ပင် ခန့်မှန်း၍မရနိုင်ပါ၊ တစ်လွှာပြီးတစ်လွှာ ခွာချလို့မပြီးနိုင်သော ဝက်အူချောင်းကဲ့သို့!
မြောက်ပင်လယ်နယ်မြေ။
ပင်လယ်အောက် အနက်ပိုင်းတွင်။
“ပင်လယ်ဘုရင်၊ ဒီလောက်ဆို အဆင်ပြေလား?”
“မဆိုးပါဘူး၊ မဆိုးပါဘူး၊ နည်းနည်းလောက် ပိုအားထည့်၊ ဒီည မင်းတို့ကို ငါ ကောင်းကောင်းဧည့်ခံပေးမယ်။”
“အိုး၊ ရှင်တော်တော်ဆိုးပါလား~”
တော်ဝင်နန်းတော်အတွင်းတွင် လျှပ်စစ်ငါးရှဉ့်ဘုရင်သည် ကမာမလေးများစွာကြား အနှိပ်ခံနေပြီး အလွန်သက်တောင့်သက်သာရှိနေဟန်ဖြင့် ပြုံးရွှင်နေခဲ့သည်။
“ကျားငါးမန်းစစ်သူကြီး အခု ဘာလုပ်နေလဲ မသိဘူး၊ အဆင်ပြေနေမယ် ထင်တယ်၊ ဟုတ်တယ်မလား?”
“မင်းလာနောက်နေတာလား? သူ့မှာ မှော်ခရုပါသွားပြီပဲ၊ မသေမျိုးအရှင်သခင် အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေကိုတောင် နှိမ်နင်းနိုင်တယ်။ အဲဒီမှာ ဘယ်သူက သူ့ကို တိုက်ခိုက်နိုင်မှာလဲ?”
“ဟုတ်တယ်၊ ဒီအချိန်လောက်ဆို နတ်မိမယ်တိုင်းပြည်က အပြည့်အဝ လက်နက်ချသွားလောက်ပြီ၊ အဲဒီ ကျားငါးမန်းစစ်သူကြီးက အဲဒီမိန်းမတွေကို ဝါးမြိုပြီး ပွဲတော်တည်နေလောက်ရောပေါ့!”
“ငါ အရမ်းမနာလိုတယ်၊ အဲဒီကမိန်းမတွေက အသားအရည်တအားနူးညံ့ပြီး အရမ်းအရသာရှိမှာပဲ!”
“ဟဲဟဲ၊ သူ ပြန်လာရင် မေးကြည့်ရမယ်!”
မလှမ်းမကမ်းတွင် စစ်သူကြီးများစွာ စကားစမြည်ပြောဆိုနေကြသည်။ ကျားငါးမန်းစစ်သူကြီး နတ်မိမယ်တိုင်းပြည်ကို အောင်မြင်စွာ သိမ်းပိုက်ခဲ့လိမ့်မည်ဟု တစ်ညီတစ်ညွတ်တည်း လက်ခံထားကြသည်သာ။
မှော်ခရုနဲ့ယှဥ်လိုက်ရင် သွေးနီနတ်ဆိုးဆိုတာ ဘာကောင်များလဲ?
ရှေ့ထွက်လာတဲ့သူမှန်သမျှ သေရမယ်။
ဒီတစ်ကြိမ်တော့ လုံးဝ သေချာတယ်။
ထိုအချိန်တွင် ရုတ်ရုတ်သဲသဲ ပုံရိပ်တစ်ခု ပြေးဝင်လာသည်။ ထိုသူ၏ အမူအရာသည် ထိတ်လန့်မှုများဖြင့် ပြည့်နေပြီး သေတွင်းမှ လောလောလတ်လတ် လွတ်မြောက်လာသကဲ့သို့။
“ကျားငါးမန်းစစ်သူကြီး၊ ဘာဖြစ်တာလဲ…?”
စစ်သူကြီးများ ဝိုင်းအုံလာကာ မရေမရာ မေးခွန်းထုတ်လာကြသည်။
လျှပ်စစ်ငါးရှဉ့်ဘုရင်ကို မြင်သောအခါ ကျားငါးမန်းစစ်သူကြီး၏ မျိုသိပ်ထားသော စိတ်ခံစားချက်များ ကြွတက်လာသည်။ ငါးမန်းကြီး၏မျက်နှာထက် ကြီးမားသော၊ ကြည်လင်သော မျက်ရည်ဥကြီးများ စီးကျလာပြီး အားကုန်အော်ဟစ်လိုက်သည်။ “ပင်လယ်ဘုရင်ခင်ဗျာ! ပင်လယ်ဘုရင်!”
လျှပ်စစ်ငါးရှဉ့်ဘုရင်လည်း အံ့အားသင့်သွားသည်။ ရောက်လာသောသူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူက ဒေါသတကြီး ဆူပူလိုက်သည်။ “ရှာပေါ်! မင်း ဘာဖြစ်တာလဲ? တာဝန်ကရော မပြီးမြောက်ခဲ့ဘူးလား?”
“ဝူးဝူးဝူး~”
ကျားငါးမန်းစစ်သူကြီးသည် သူ့ထံအပြေးလာပြီး မြေပေါ်တွင် ဒူးထောက်ချလိုက်သည်။ ရှိုက်ကြီးတငင်ငိုနေပြီး မပီမသစကားများမှာလည်း ဘာကိုဆိုလိုမှန်း ခန့်မှန်းမရ။
“အရှင်မင်းကြီး မသိပါဘူး၊ ကျွန်တော်၊ ကျွန်တော်…”
“ကျွန်တော် ဒုက္ခိတဖြစ်သွားပြီ!”