ပင်လယ်ဝေလငါးဘိုးဘေးကြီး
Vol. 34 Ch. 468
“ဟင်?”
လျှပ်စစ်ငါးရှဉ့်ဘုရင်၏ မျက်လုံးများ ပြူးကျယ်လာပြီး မျက်နှာအမူအရာမှာ ကြောင်တိကြောင်တောင်ဖြစ်လာသည်။ “မင်း… ဟိုဒင်းကိုတော့… မဆုံးရှုံးလိုက်ဘူးမလား?”
ငယ်ရွယ်ပြီး လှပသော ကမာမလေးများစွာသည်လည်း ကျားငါးမန်းစစ်သူကြီးကို စိုးရိမ်တကြီးကြည့်နေကြသည်။
ကျားငါးမန်းစစ်သူကြီးက ဝမ်းနည်းကြေကွဲစွာ ပြောလိုက်သည်။ “ပါသွားပြီ! တကယ်ပါသွားပြီ! ကျွန်တော်တို့ ငါးမန်းမျိုးနွယ်စုအတွက် တကယ်ကို အဖိုးတန်တဲ့ အဓိကပစ္စည်းပါဗျာ!”
“ဟင်း~”
လျှပ်စစ်ငါးရှဉ့်ဘုရင် ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ကျားငါးမန်းစစ်သူကြီးအား သနားကရုဏာသက်စွာ ငုံ့ကြည့်လာ၏။
“ကျားငါးမန်းစစ်သူကြီး၊ ခင်ဗျား နတ်မိမယ်တိုင်းပြည်ကို တိုက်ခိုက်ဖို့အတွက် အထူးပင်လယ်တပ်သား ရှစ်သိန်းကို ဦးဆောင်ချီတက်သွားခဲ့တာ မဟုတ်ဘူးလား? ဘယ်လိုဖြစ်လို့ ဒီလိုအခြေအနေထိ ရောက်သွားရတာလဲ?!” လုပ်ဖော်ကိုင်ဖက်များလည်း အံ့အားသင့်စွာဖြင့် မရေမရာ စူးစမ်းလိုက်ကြသည်။
ထိုအကြောင်းကို စကားစလိုက်သောအခါ ကျားငါးမန်းစစ်သူကြီး ဒေါသူပုန်ထလာဟန်တူ၏။ “သတင်းအချက်အလက်တွေက မှားနေတယ်လေ! နတ်မိမယ်တိုင်းပြည်ရဲ့ နန်းတော်မှာ သွေးနီနတ်ဆိုး ရှိနေရုံသာမက သူ့ရဲ့ ဆရာသခင်လည်း ရှိနေတယ်။ သူ့ရဲ့ဆရာသခင်က လူသားမျိုးနွယ်စုရဲ့ မဟာစွမ်းအားရှင်တစ်ပါး လက်တစ်ဖက်ဝှေ့ယမ်းရုံနဲ့ မှော်ခရုကိုတောင် အလွယ်တကူ ဖျက်ဆီးလိုက်နိုင်တယ်။ နောက်ဆုံးမှာတော့ အနောက်ဘက်နယ် ငြိမ်းချမ်းရေးမင်းသမီးက ကိုယ့်ကိုယ်ကို ဖျက်ဆီးဖောက်ခွဲသွားခဲ့ပြီး အထူးပင်လယ်တပ်သား ရှစ်သိန်းလုံး ဖျက်ဆီးခံလိုက်ရတယ်!”
“မင်း ဘာပြောလိုက်တာလဲ?!!!”
အားလုံး ကြက်သေသေကာ ဤသတင်းကြောင့် အလွန်တုန်လှုပ်သွားကြသည်။
မှော်ဝင် ပင်လယ်ခရုမှာ ပင်လယ်ဝေလငါးဘိုးဘေးကြီးက ပေးအပ်ချီးမြှင့်ထားသော ရတနာဖြစ်ပြီး မသေမျိုးဘုရင်အဆင့်ရှိ ဖျက်ဆီးနိုင်စွမ်းအား ပါဝင်သည်ကို သိထားရမည်။ သို့သော် ထိုလူသားမျိုးနွယ်စု၏ မဟာစွမ်းအားရှင်က ၎င်းကို အလွယ်တကူဖျက်ဆီးခဲ့နိုင်သည် ဆိုပါလား။
သို့ဆိုလျှင် ထိုသူ၏ကျင့်ကြံဆင့်မှာ ပင်လယ်ဝေလငါးဘိုးဘေးနှင့် ရင်ဘောင်တန်းနိုင်နေသည်ပင်။
“မဖြစ်နိုင်ဘူး…” လျှပ်စစ်ငါးရှဉ့်ဘုရင်သည် ဤအဖြစ်မှန်ကို လက်ခံရန် ခက်ခဲနေရ၏။ နဖူးပေါ်တွင် ချွေးတို့စီးကျလာကာ ချွန်ထက်သောသွားများဖြင့် အောက်နှုတ်ခမ်းကိုဖိကိုက်ထားမိသည်။
လူသားမျိုးနွယ်စုတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦး အမှန်တကယ်ရှိနေခဲ့လေသလော။ မြေပြင်ကမ္ဘာတွင် လွှမ်းမိုးဖို့ကြံရွယ်ထားသော သူ၏ရည်ရွယ်ချက်မှာ အိပ်မက်သာသာ ဖြစ်ခဲ့ရလေပြီ။
“နေဦး၊ သူ ဘာကြောင့် မင်းကို အသက်ရှင်လျက် လွှတ်ပေးခဲ့တာလဲ?” လျှပ်စစ်ငါးရှဉ့်ဘုရင်သည် ထိုအချက်ကို တွေးမိသွားပြီး သေခြင်းမှ ဘေးကင်းစွာလွတ်မြောက်ခဲ့သော ကျားငါးမန်းစစ်သူကြီးကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
ညီအစ်ကိုတွေ ဒီလောက်တောင် အသက်ဆုံးရှုံးခဲ့ရတာ ဘာကြောင့် မင်းတစ်ယောက်တည်း အသက်ရှင်လျက် ပြန်လာနိုင်ရတာလဲ?
ပုံမှန်မဟုတ်တဲ့အရာဆိုတာ မကောင်းတဲ့အရာပဲ!
လေထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ် အရှိန်အဝါတစ်ခု ပျံ့နှံ့လာသည်။
ကျားငါးမန်းစစ်သူကြီးသည် အထင်လွဲခံရတော့မည်ကို သိလိုက်ပြီး တုန်ယင်စွာ ရှင်းပြလိုက်သည်။ “ကျွန်တော့် ရှင်းပြချက်ကို နားထောင်ပါဦး၊ အဲဒါက အဲဒီ လူသားမျိုးနွယ်စု စွမ်းအားရှင်က ကျွန်တော့်ကိုယ်ပေါ်မှာရှိတဲ့ တန်ဖိုးအရှိဆုံးအရာကို အရမ်းလိုချင်နေခဲ့တာကြောင့်ပါ။ အဲဒါပေးလိုက်လို့သာ သူ ကျွန်တော့်ကို လွှတ်ပေးခဲ့တာ။”
“မင်းဆိုလိုတာက မင်းရဲ့ ‘အရာ’ ကို သူ ယူသွားတယ်လို့လား?” လျှပ်စစ်ငါးရှဉ့်ဘုရင် လန့်ဖျပ်တုန်ခိုက်ကာ ကျောရိုးတစ်လျှောက် အေးစက်သွားသည်။
"ဟုတ်တယ်ဗျာ…” ကျားငါးမန်းစစ်သူကြီး၏ မျက်လုံးများ နီရဲလာပြီး မတရားခံခဲ့ရသော မိန်းမပျိုလေးတစ်ဦးကဲ့သို့ မျက်ရည်တစမ်းစမ်းဖြစ်လာသည်။
“ဒါပေမယ့် မင်းရဲ့ ‘အရာ’ ကို သူက ဘာလို့လိုချင်တာလဲ?” လျှပ်စစ်ငါးရှဉ့်ဘုရင်၏ ဦးနှောက်သေးသေးလေးမှာ ကျုံ့ဝင်တော့မတတ် ပျာယာခတ်သွားရကာ လူသားမျိုးနွယ်စုတို့၏ဝါသနာကို ပြန်လည်ဆန်းစစ်ချိန်ကျပြီဟု ခံစားလိုက်ရ၏။
ပုံမှန်မဟုတ်တဲ့ဟာတွေကို စုဆောင်းရတာ ရူးသွပ်တဲ့ ဝါသနာရှင်မျိုးလား?!
ထိုစကားကို ကြားသောအခါ ကျားငါးမန်းစစ်သူကြီးသည် သည်းမခံနိုင်တော့စွာဖြင့် မျက်နှာကိုလက်ဖြင့်အုပ်ကာ အသည်းအသန် ငိုကြွေးလာသည်။ “ဝူးဝူး၊ သူက အဲဒါကို အရသာရှိတဲ့ဟင်းပွဲတစ်ခု လုပ်စားမလို့တဲ့လေ…”
“မင်းမေကလွှား!”
လျှပ်စစ်ငါးရှဉ့်ဘုရင်မှာ မထိန်းနိုင်အောင် တုန်ယင်နေသော လက်များကို ပေါင်ကြားထဲထည့်ညှပ်ကာ ပစ္စည်းကို လုံလုံခြုံခြုံအုပ်သိမ်းထားလိုက်မိ၏။ သူ၏မျက်နှာသည် ထိတ်လန့်မှုများဖြင့် ပြူးပျာနေလျက်။
အခြားသော စစ်သူကြီးများလည်း ကြောက်လန့်တကြား ဖြူဖျော့သွားကြပြီး သူတို့၏ ပေါင်ကြားများကို အလိုအလျောက် ဖုံးအုပ်လိုက်ကြသည်။
လူသားမျိုးနွယ်စုဟာ တကယ်ပဲ ဒီလောက်တောင် ကြောက်စရာကောင်းသလား?
ဘာမဆို ချက်စားချင်နေကြတဲ့ မကောင်းဆိုးဝါးတွေလား?!
အကယ်၍ ထိုသို့ဆိုလျှင် သူတို့လက်ထဲကျရောက်ရသည်ထက် သေရသည်ကသာ ပိုကောင်းပေဦးမည်။
နာကျည်းခါးသီးနေဟန်ရှိသော သူ၏ လက်အောက်ငယ်သားကို ကြည့်ရင်း လျှပ်စစ်ငါးရှဉ့်ဘုရင် က သက်ပြင်းချလိုက်ပြီး ပခုံးကို သနားကြင်နာစွာ ပုတ်လိုက်သည်။
“ရှာပေါ်၊ မင်းရဲ့ နာကျင်မှုကို ငါနားလည်ပါတယ်။ ဒါပေမဲ့ ပြီးတာကပြီးသွားခဲ့ပြီ။ ဟိုဒင်းလည်းပါသွားပြီဆိုမှတော့ စိတ်ကိုလွှတ်ချလိုက်ပါတော့။”
“အမျိုးသမီးငါးမန်းတွေကို ထပ်မထိနဲ့တော့! စိတ်ဓာတ်သန်မာစွာနဲ့ ဆက်လက်နေထိုင်ပါ!”
ငိုသံသည် ရုတ်တရက် ရပ်တန့်သွားသည်။
ကျားငါးမန်းစစ်သူကြီးသည် ကြောင်တောင်တောင်ဖြင့် ခေါင်းမော့ကြည့်လိုက်သည်။ “ပင်လယ်ဘုရင်၊ ဘာလို့ အမျိုးသမီးငါးမန်းတွေကို ထပ်မထိသင့်တာလဲ? ကျွန်တော်က စွမ်းရည်အပြည့်နဲ့ ပုံမှန် အမျိုးသားငါးမန်းတစ်ကောင်ပါ!”
“ပြဿနာက အဲဒီ ‘ပစ္စည်း’ မရှိဘဲနဲ့ မင်း ဘယ်လို ‘လုပ်'မှာလဲ?”
“လျှာနဲ့လုပ်မှာလား?”
လျှပ်စစ်ငါးရှဉ့်ဘုရင်က ဒေါသတကြီး အော်ချလိုက်သည်။
“ဟိဟိ~”
ကမာမလေးတစ်အုပ်က အထာပေါက်သွားဟန်ဖြင့် ပါးစပ်များကို အုပ်ရင်း တခစ်ခစ်ရယ်ကြသည်။
ကျားငါးမန်းစစ်သူကြီးမှာ ပို၍ပင် စိတ်ဓာတ်ကျသွားတော့၏။ “ပင်လယ်ဘုရင်၊ နားလည်မှုလွဲသွားတာလား? ကျွန်တော် ပြောနေတာ ကျွန်တော့်ဆူးတောင်တွေအကြောင်းပါ! ကျွန်တော့်ရဲ့ ဆူးတောင်လေးခုလုံးကို လူသားမျိုးနွယ်စုက ယူသွားပြီး သူတို့ အခုဆို စားလို့သောက်လို့တောင်ပြီးလောက်ပြီ!”
“အဲဒါတွေက ကျွန်တော်တို့ ငါးမန်းမျိုးနွယ်စုအတွက်တော့ အဖိုးအထန်ဆုံး အရာတွေပါ!” ကျားငါးမန်းစစ်သူကြီး မကျေမနပ် ပြောလိုက်သည်။
လျှပ်စစ်ငါးရှဉ့်ဘုရင်- “???”
နောက် နောက်ဆုံးတော့ ငါ့အတွေးတွေက ညစ်ပတ်နေတာပဲ!
မင်းဘာလို့ စကားကိုရှင်းအောင်မပြောလဲ? မင်းကတော့ တကယ်ကိုတစ်ခုခုပဲ!
မင်းကို ရှာပေါ်လို့ခေါ်ကြတာ အံ့ဩစရာ မဟုတ်တော့ဘူး၊ နာမည်ရောလူရော တုံးအအနဲ့!
“အဲ့လိုကိုး”
အခြားစစ်သူကြီးများမှာလည်း ထိုအခါမှ စိတ်သက်သာရာရသွားပြီး ပေါင်ကြားကိုအုပ်ထားသောလက်များအား မရဲတရဲလွှတ်ပေးလိုက်သည်။
“ပင်လယ်ဘုရင်၊ အခု ဘာလုပ်ရမလဲ? ဒီစော်ကားမှုကို ကျွန်တော်တို့ဒီလိုပဲ သည်းခံပေးရတော့မှာလား?” လက်အောက်ခံတစ်ဦးက မေးသည်။
“မင်းက ငါ့ကို မေးတယ်၊ ငါကျ ဘယ်သူ့ကို သွားမေးရမလဲ?!”
လျှပ်စစ်ငါးရှဉ့်ဘုရင် ဒေါသထွက်နေသည်။ တောက်ပသော လျှပ်စီးကြောင်းများက သူ၏ မျက်လုံးများထဲတွင် အဆက်မပြတ် စီးဆင်းနေပြီး လျှပ်စစ်ဓာတ်များမှာ အရေပြားတစ်လျှောက် တလျှပ်လျှပ်ရွေ့လျားလျက်ရှိ၏။
မှော်ဝင်ပင်လယ်ခရုမှာ သူတို့အားလုံး၏ အကြီးမားဆုံး အားသာချက်ဖြစ်သော်လည်း ထိုလူသားမျိုးနွယ်စု မဟာစွမ်းအားရှင်က ၎င်းကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။ သံပြားကိုခြေထောက်ဖြင့်ကန်လျှင်တော့ ခြေထောက်သာနာလိမ့်မည်ပင်။
ထိုအချိန်တွင် တော်ဝင်နန်းတော်သည် ပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ရ၏။
တော်ဝင်နန်းတော်သာမက ပင်လယ်အောက် အနက်ပိုင်းရှိ မြို့ပေါင်းများစွာသည်လည်း ငလျင်နှင့်တူသော လှုပ်ခတ်မှုကြောင့် ထိခိုက်ပြိုပျက်ကုန်ကြလေသည်။
ပင်လယ်မျိုးနွယ်စု အများအပြားမှာ ကြောက်လန့်တကြားဖြင့် ဘာလုပ်လို့လုပ်ရမှန်းမသိ။ သို့သော် မကြာမီပင် အစွမ်းထက်ရှေးဟောင်းသတ္တဝါတစ်ဦး ထွက်ပေါ်လာသော အချက်ပေးသံမျိုးဖြစ်ကြောင်း သိလိုက်ကြသဖြင့် တစ်နေရာသို့ တပြိုင်တည်း ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
“အရမ်းကောင်းတယ်၊ ပင်လယ်ဝေလငါးဘိုးဘေးကြီး သီးသန့်ကျင့်ကြံရေးဂူကနေ ပြန်ထွက်လာပြီ!” လျှပ်စစ်ငါးရှဉ့်ဘုရင်သည် ရင်းနှီးသော အရှိန်အဝါတစ်ခုကို ခံစားမိလိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။