အခန်း (၄၆၉)
Vol. 34 Ch. 469
ထိုပုဂ္ဂိုလ်တစ်ဦးတည်းသာ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မည်။
လီနှစ်ထောင်အကွာအဝေးရှိ မသေမျိုးဂူတစ်ခုအတွင်းတွင် အရပ်ရှည်ရှည်နှင့် အနက်ရောင်ဆံပင်ရှိသော အဘိုးအိုတစ်ဦးသည် ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းကင်းသော တည်တည်ငြိမ်ငြိမ် အမူအရာဖြင့် ထွက်လာခဲ့၏။
သူ၏မျက်လုံးများမှာ ပင်လယ်အောက်ခြေကြမ်းပြင်ကဲ့သို့ နက်ရှိုင်းမှောင်မိုက်ပြီး မျက်ခုံးများသည် ခန့်ညားထည်ဝါမှုများဖြင့် ပြည့်လွှမ်းနေသည်။ ထိုသူသည် ပင်လယ်လှိုင်းပုံစံများ ရေးဆွဲခြယ်သထားသော အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။
အပြာရောင်ဝတ်ရုံဝတ် အဘိုးအို မသေမျိုးဂူမှ ထွက်လာသည်နှင့် ကြောက်မက်ဖွယ် ဖိအားတစ်ခုသည်လည်း တပါတည်း ပေါ်ထွက်လာသည်။ ပတ်ဝန်းကျင်ရှိ သန္တာကျောက်တန်းများ၊ ပင်လယ်ရေမှော်များ၊ နှင့် ခရုခွံများအားလုံး ဖုန်မှုန့်များအဖြစ် ရုတ်ချည်းပြောင်းလဲသွားရ၏။
“သီးခြား ကျင့်ကြံမှု ကာလတစ်ခုပြီးနောက် ဒီဘိုးဘေးရဲ့ကျင့်ကြံဆင့် ထပ်တိုးတက်လာခဲ့ပြန်ပြီပဲ။ အထွဋ်အထိပ်အဆင့်မှာ မရှိသေးပေမယ့် မသေမျိုးဘုရင် အဋ္ဌမအဆင့်ဆိုတာ လက်ရှိ ကျင့်ကြံသူများအပေါ် တော့ အသာလေး လွှမ်းမိုးနိုင်ပါသေးတယ်” ပင်လယ်ဝေလငါးဘိုးဘေးက တွေးလိုက်သည်။
ခွင်းလွင်ကမ္ဘာ၏ ရှေးခေတ်တစ်ချိန်မှ ထိပ်တန်းအဆင့် မသေမျိုးဘုရင်တစ်ပါးအနေဖြင့် မသေမျိုးကမ္ဘာသို့ ထပ်မံသွားရောက်ပြီး အရင်းအမြစ်များအတွက် ပြိုင်ဆိုင်လိုစိတ်မရှိဘဲ သူသည် နားအေးပါးအေး အိပ်စက်နေဖို့ကိုသာ ရိုးရှင်းစွာ ရွေးချယ်ခဲ့သည်။ ခွင်းလွင်ကမ္ဘာ စွမ်းအင်ရင်းမြစ်များ ပြန်လည်အသက်ဝင်လာချိန်မှ အခွင့်အရေးသစ်များရှာဖွေရန် ဆုံးဖြတ်ထားခဲ့၏။
ဤဆုံးဖြတ်ချက်အား အလွန်အရဲစွန့်ရာရောက်ပြီး တုံးအသည်ဟု ဆိုရပေမည်။
အဘယ့်ကြောင့်ဆိုသော် ခွင်းလွင်ကမ္ဘာ ဘယ်အချိန်မှာ ပြန်လည်တိုးတက်လာမည်ဆိုသည်ကို သူမသိခဲ့၊ အတက်မရှိဘဲ တလျှောက်လုံး ကျဆင်းသွားနိုင်ချေလည်း ရှိ၏။ အကယ်၍ ထိုသို့ဆိုလျှင် သူသည် မိမိတက်လမ်းကို ကိုယ်တိုင်ဖျက်ဆီးရာရောက်ပေမည်။
သို့သော် ခွင်းလွင်ကမ္ဘာ အမှန်တကယ် နိုးကြွအသက်ဝင်လာပါက ကမ္ဘာပေါ်တွင် ပြန်လည်နိုးထလာသော မသေမျိုးဘုရင် အဆင့်ရှိ ရှေးဟောင်းပုဂ္ဂိုလ်တစ်ဦးအနေဖြင့် သူသည် အင်အားအပြတ်အသတ်ကွာသော တိုက်ပွဲလေးများကို လက်ဦးမှုရယူနိုင်ပေမည်။
ဤမျှော်လင့်ချက်ဖြင့် ပင်လယ်ဝေလငါးဘိုးဘေးသည် ကံစမ်းဖို့ကိုသာ ရွေးချယ်ခဲ့ပြီး နောက်ဆုံးတွင်တော့ ခွင်းလွင်၏ ပြန်လည်နိုးထသက်ဝင်ခြင်းကာလကို အောင်မြင်စွာ စောင့်ဆိုင်းနိုင်ခဲ့သည်။ ပိတ်ဆို့အိပ်စက်ခြင်းမှ အပြီးတိုင်နိုးထလာချိန်တွင် ဤကမ္ဘာဝယ် လွှမ်းမိုးမှုရယူဖို့ သူအလိုရှိခဲ့သည်။
သို့သော် သူနှင့် တူညီသောရွေးချယ်မှုကို ပြုလုပ်ခဲ့ကြသည့် အခြားသော ခေတ်ပြိုင်အင်အားကြီးပုဂ္ဂိုလ် အများအပြား ရှိနေသေးသည်ကို သူ မထင်မှတ်ဘဲ တွေ့ရှိခဲ့ရ၏။
သူတို့အားလုံးသည် ယာယီပုန်းအောင်းနေခဲ့ကြပြီး အခွင့်သင့်မှ ထွက်အနိုင်ကျင့်ဖို့ ဆုံးဖြတ်ထားကြသည်ပင်။
ဤအရာကို သိလိုက်သောအခါ ပင်လယ်ဝေလငါးဘိုးဘေးမှာ စိတ်ဓာတ်များပြိုလဲလုနီးနီးပင် ဖြစ်သွားရ၏။
သူတို့အားလုံး မသေမျိုးကမ္ဘာသို့ အတူသွားရောက်ကြမည်ဟု တိုင်ပင်ထားခဲ့သော်ငြား အားလုံး တိတ်တိတ်လေး ပုန်းအောင်းနေခဲ့ကြသည်ပင်။
မင်းတို့မှာ အရှက်တရားရော ရှိသေးရဲ့လား?!
ထားလိုက်ပါတော့။
ထိုအချိန်က ခွင်းလွင်ကမ္ဘာတွင် မသေမျိုး လွန်စွာပေါများသည်။ ထို့ကြောင့် မသေမျိုးဘုရင်အဆင့်ရှိသူတစ်ဦးဖြစ်သော ပင်လယ်ဝေလငါးဘိုးဘေးကို လူသိများသော အင်အားကြီးပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ သတ်မှတ်နိုင်သည်။ အကယ်၍ သူသာ ဆင့်ခေါ်မှုကိုလိုက်နာ၍ မသေမျိုးဘုံဆီ တက်ရောက်ခဲ့ပါက အဆုံးမရှိသော ယှဥ်ပြိုင်မှုများကို ရင်ဆိုင်ရပေမည်။
ပင်လယ်ဝေလငါးဘိုးဘေးသည် သူ၏ ဘဝတစ်ခုလုံးနီးပါး အကြိတ်အနယ် ပြိုင်ဆိုင်ခဲ့ရပြီး လုံးဝ ပင်ပန်းနွမ်းနယ်နေလေပြီ။ ထို့ကြောင့် သူသည် ခွင်းလွင်ကမ္ဘာတွင်သာ အခြေမပျက်နေထိုင်ရင်း ပြိုင်ဘက်ကင်းဘဝကို ရယူဖို့ နည်းလမ်းရှာခဲ့ခြင်းဖြစ်၏။
သူနှင့် အကြံတူနေသော ရှေးဟောင်း အင်အားကြီးပုဂ္ဂိုလ် အများအပြားရှိနေမည်ဟု မမျှော်လင့်ခဲ့ပေ!
အခြေအနေများ ဤအဆင့်ထိ ရောက်လာမှတော့ ပင်လယ်ဝေလငါးဘိုးဘေးသည်လည်း အဖြစ်မှန်ကို လက်ခံရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ ပြိုင်ဆိုင်မှုဖိအားသည် မသေမျိုးဘုံလောက်တော့ မလေးလံလောက်ဟုသာ မိမိကိုယ်ကို နှစ်သိမ့်ခဲ့ရသည်။
မည်သို့ပင်ဆိုစေ ထိုအချိန်က အင်အားကြီးပုဂ္ဂိုလ်များစွာသည် မသေမျိုးကမ္ဘာသို့ တက်ရောက်သွားခဲ့ကြသည်ပင်။
သို့သော် ပင်လယ်ဝေလငါးဘိုးဘေးမှာ စိတ်မသက်မသာ ဖြစ်နေဆဲဖြစ်၏။ ထို့ကြောင့် သူသည် ဤကာလအတွင်း သီးသန့်ကျင့်ကြံရေးကိုသာ အထူးအာရုံစိုက်ခဲ့သည်။ ကျင့်ကြံဆင့် ဒီ့ထက်နည်းနည်းတက်လာမှသာ တရားဝင်လှုပ်ရှားမှုများ စတင်တော့မည်ဟု စဥ်းစားထားသည်။
လက်ရှိ ကောင်းကင်နှင့်ကမ္ဘာ၏ နိယာမများ အောက်တွင် မသေမျိုးဘုရင်ဘုံသည် ကန့်သတ်ချက်တစ်ခုအဖြစ်သာ ကျန်ရှိနေသေး၏။ သူ၏ ကျင့်ကြံဆင့်သည် မသေမျိုးဘုရင် အဋ္ဌမအဆင့်တွင် ရှိနေပြီး ဤကမ္ဘာအတိုင်းအတာတွင်တော့ မျက်နှာကျက်ကို ထိလုနီးပါးဖြစ်နေလေပြီ။ ဤအားသာချက်ကြောင့်ပင် ပင်လယ်ဝေလငါးဘိုးဘေးသည် လှုပ်ရှားမှုစတင်ဖို့ရာ ယုံကြည်ချက်အပြည့်အဝရှိထားသည်။
“နောက်လာမယ့်အရာကတော့ ဒီဘိုးဘေးအတွက် ကြီးမြတ်သောအောင်မြင်မှုများ ဆွတ်ခူးရမယ့်အချိန်ပဲ” ပင်လယ်ဝေလငါးဘိုးဘေးက မုတ်ဆိတ်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ မျက်လုံးများက အကြံအစည်တို့ဖြင့် တလက်လက်တောက်ပနေလျက်။
ရွှစ် ရွှစ် ရွှစ်~
ပုံရိပ်များ အလျင်စလို ပြေးလာကြပြီး လေးစားစွာဖြင့် ဦးညွှတ်အရိုအသေပြုကာ နှုတ်ခွန်းဆက်လိုက်ကြသည်။ “လေးစားစွာ နှုတ်ခွန်းဆက်ပါတယ်၊ ဘိုးဘေးကြီး!”
လျှပ်စစ်ငါးရှဉ့်ဘုရင်က စကားလုံးတို့ကို သေချာရွေးချယ်ကာ အထူးတလည် ချီးကျူးလိုက်သည်။ “ဂုဏ်ယူပါတယ် ဘိုးဘေး၊ မသေမျိုးစွမ်းအားမှာ မဟာအောင်မြင်မှုတစ်ခု ထပ်မံရရှိခဲ့ပြန်ပါပြီလား။ အခုကစပြီး ခွင်းလွင်ကမ္ဘာဟာ ဘိုးဘေးအပိုင်ပါပဲ!”
ပင်လယ်ဝေလငါးဘိုးဘေးက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ “ချဲ့ကားမပြောပါနဲ့”
ချဲ့ကားမြှောက်ပင့်နေမှန်း သိသာသော်ငြား လက်ရှိ ပင်လယ်ဝေလငါးဘိုးဘေး၏ စိတ်အခြေအနေအတွက် အလွန်နှစ်လိုဖွယ်ကောင်းသည်။ သူ၏မျက်နှာသည် ချက်ချင်းပင် နွေဦးလေနုအေးနှင့် ထိတွေ့ရသကဲ့သို့ လင်းလက်လာပြီး စိတ်ခံစားချက်လည်း ပိုမိုကောင်းမွန်လာသည်။
ထို့နောက် လျှပ်စစ်ငါးရှဥ့်ကိုကြည့်ကာ ခေါင်းတညိတ်ညိတ်ဖြင့် သဘောတကျဖြစ်နေသည်။
မဆိုးဘူး၊ စိတ်ခံစားမှုဉာဏ်ရည်မြင့်တယ်!
ထိုအချိန်တွင် ငြိမ်သက်သောအသံတစ်ခုသည် မည်သည့် စိတ်လှုပ်ရှားမှုမှမပါဘဲ ထွက်ပေါ်လာသည်။ “နောက်ဆုံးတော့ သီးခြားကျင့်ကြံရာကနေ ထွက်လာခဲ့ပြီပဲ။”
“ဘယ်သူလဲ?!”
ပင်လယ်ဝေလငါးဘိုးဘေး မျက်မှောင်ကြုတ်လိုက်သည်။ အနောက်သို့ တစ်ချက်အကဲခတ်လိုက်သော် ဘိုးဘေး၏အကြည့်မှာ အံ့သြမှုနှင့် မသေချာမှုများ ပြည့်နှက်သွားတော့၏။
ဒီနေရာမှာ မသေမျိုးဘုရင်အဆင့်ရှိတဲ့ အင်အားကြီးပုဂ္ဂိုလ်တွေ တကယ်ရှိနေတာလား? ပြီးတော့ တပြိုင်နက်တည်း သုံးယောက်တောင်!
အုံး!
ပြင်းထန်သော အရှိန်အဝါတစ်ခုနှင့်အတူ ပုံရိပ်သုံးခုသည် ရှေ့သို့ တညီတည်း ဆင်းသက်လာ၏။ ဦးဆောင်နေသော ခန့်ညားသည့် လူငယ်၏ ခေါင်းပေါ်တွင် ရွှေရောင်အလင်းဝိုင်းတစ်ခု ပါရှိသည်။ သူ၏ကျောနောက်တွင် ဖြူစင်သန့်ရှင်းသော မသေမျိုးတောင်ပံများရှိပြီး မျက်လုံးအကြည့်မှာ တလောကလုံးကို အသားလွတ်အထင်သေးနေသကဲ့သို့။
“မိတ်ဆက်ပါရစေ၊ ကျွန်တော့်နာမည်က စစ်ထူယန်ပါ၊ နိဗ္ဗာန်ကမ္ဘာကဖြစ်ပါတယ်”