အားကိုးရာမဲ့ အခြေအနေ
Vol. 34 Ch. 470
နိဗ္ဗာန်ကမ္ဘာ…
ပင်လယ်ဝေလငါးဘိုးဘေးသည် တစ်စုံတစ်ခုကို ပြန်လည်အမှတ်ရသွားပုံရပြီး ကြောက်မက်ဖွယ်ကောင်းသော ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ ဆံပင်ရွှေရောင် လူငယ်ကို စိုက်ကြည့်လိုက်သည်။
“မင်းက နိဗ္ဗာန်ကမ္ဘာက အလင်းမျိုးနွယ်ဝင် တစ်ယောက်ပဲ!”
တင်းမာဟန်ရှိသော အနေအထားကို မြင်သောအခါ လျှပ်စစ်ငါးရှဉ့်ဘုရင်နှင့် အခြားသူများမှာ လျှို့ဝှက်စွာ အံ့အားသင့်သွားကြသည်။ ထိုလေသံသည် ရန်လိုမှုအရိပ်အယောင်တစ်ခုကို ဖော်ပြနေသည်ပင်။
"ရှေးခေတ်အင်အားကြီးပုဂ္ဂိုလ်တစ်ဦး ပီသပါပေတယ်၊ အများကြီးသိထားတာပဲ” စစ်ထူယန်က ခပ်အေးအေးတုံ့ပြန်သည်။
“ဟမ့်! ဒီလိုအချိန်မျိုးမှာ မင်းတို့ကောင်တွေ ခိုးဝင်လာကြလိမ့်မယ်ဆိုတာ ငါကြိုသိနေတယ်။ မင်းတို့ရဲ့ မကောင်းတဲ့ရည်ရွယ်ချက်တွေကို ငါအကုန်မြင်တယ်” ပင်လယ်ဝေလငါးဘိုးဘေးက ခပ်ထေ့ထေ့ရယ်သည်။
“ဟေး၊ အဘိုးကြီး၊ ကျုပ်တို့သခင်လေးကို စကားပြောတဲ့အခါ လေသံကို သတိထားပါ!” စစ်ထူယန်၏နောက်က အရပ်ရှည်ရှည် အမျိုးသားက လေးနက်စွာ သတိပေးသည်။
“ဟုတ်တယ်။ မင်းတို့ ခွင်းလွင်ကမ္ဘာက အဆင့်မြင့်တယ်လို့ ထင်နေတုန်းပဲလား? လက်ရှိ ခွင်းလွင်ကမ္ဘာက ကောင်းကင်ဘုံအစည်းအရုံး အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံး တစ်ရာကိုတောင် မဝင်နိုင်တော့ဘူး!” သူ၏ဘေးမှ ပိန်ပိန်ပါးပါး အမျိုးသားက မထီမဲ့မြင် ထပ်ပြောသည်။
ပင်လယ်ဝေလငါးဘိုးဘေး တိတ်ဆိတ်သွားသည်။
ခွင်းလွင်ကမ္ဘာ၏ ယခင်ခေတ်ကောင်းစဥ်အခါကတည်းက ရှင်သန်နေထိုင်လာသော လူတစ်ယောက်နေဖြင့် သူသည် နိဗ္ဗာန်ကမ္ဘာကို အထင်အမြင်သေးခဲ့ဖူးပါ၏။ သို့သော် ကံမကောင်းစွာဖြင့် ခွင်းလွင်ကမ္ဘာ သည် ကြီးမားသော အပြောင်းအလဲတစ်ခုကို ခံစားခဲ့ရသည်။ ယခု ပြန်လည်ထူထောင်ရေးကာလသို့ ဝင်ရောက်နေသော်လည်း ကျန်ကမ္ဘာများအား အမှီလိုက်ရန် အလွန်ခက်ခဲနေဆဲဖြစ်သည်။
ယခင်က ကောင်းကင်ဘုံအစည်းအရုံး၏ ဒုတိယအကြီးဆုံးကမ္ဘာသည် ယခုအခါ ထိပ်ဆုံး နံပါတ်တစ်ရာကိုတောင် မဝင်နိုင်တော့ပေ။ ဤကြီးမားသော ကွဲပြားမှုက ပင်လယ်ဝေလငါးဘိုးဘေးကို စိတ်လေးပင်စေသည်။
ပင်လယ်ဝေလငါးဘိုးဘေး၏ မောက်မာမှုမှာ တမုဟုတ်ချင်း လျော့ကျသွားသည်ကို မြင်သောအခါ အစောင့်နှစ်ဦးသည် အောင်ပွဲခံသည့်အနေဖြင့် ခပ်မိန့်မိန့်ပြုံးလိုက်ကြ၏။
“ယဉ်ယဥ်ကျေးကျေးပြုမူပါ။ သူက ငါတို့ရဲ့ မဟာမိတ်ပဲ” စစ်ထူယန်က အေးစက်စွာ ဟန့်တားလိုက်သည်။
ပင်လယ်ဝေလငါးဘိုးဘေးက မျက်ခုံးပင့်သည်။ “မဟာမိတ်? မင်းတို့နဲ့ ပူးပေါင်းဖို့ ဘယ်သူက သဘောတူထားလို့လဲ?!”
စစ်ထူယန်က အလျင်စလိုမရှိစွာ ညှိနှိုင်းသည်။ “ဒီကမ္ဘာမှာ လူကြီးမင်းအပြင် အခြားနိုးထလာသူများစွာ ရှိနေတယ်ဆိုတာလည်း သတိထားမိမှာပါ။ အရေးအကြီးဆုံးကတော့ လူကြီးမင်းက ပင်လယ်မျိုးနွယ်စုက ဖြစ်ပြီး လူသားမျိုးနွယ်စုကတော့ ခွင်းလွင်ကမ္ဘာရဲ့ ကိုယ်စားပြု အဓိကမျိုးနွယ်စု ဖြစ်တယ်။ ခွင်းလွင်ကမ္ဘာရဲ့ ပြန်လည်ထူထောင်မှု ပိုမိုပြင်းထန်လာတာနဲ့အမျှ အနာဂတ်မှာ ပဋိပက္ခတွေ မလွဲမသွေ ဖြစ်ပွားလာလိမ့်မယ်။”
“ဒါပေမယ့် လူကြီးမင်းက သူတို့ကို ဖယ်ရှားဖို့ ကျွန်တော်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် အလင်းမျိုးနွယ် အနာဂတ်မှာ ခွင်းလွင်ကမ္ဘာကို အုပ်စိုးတဲ့အခါ လူကြီးမင်းက နံပါတ်တစ်ကိုယ်စားလှယ် ဖြစ်လာပါလိမ့်မယ်။”
“ဘာတွေကြီးကြီးကျယ်ကျယ် ပြောနေတာလဲ!” ပင်လယ်ဝေလငါးဘိုးဘေးက မျက်လုံးများကို မှေးကျဥ်းလိုက်သည်။ “မင်းက ငါ့ကို ခွင်းလွင်ကမ္ဘာကို သစ္စာဖောက်ခိုင်းနေတာလား?”
“သစ္စာဖောက်တယ်?”
“ဘာက သစ္စာဖောက်တာလဲ?”
“စကားပုံတစ်ခုရှိတယ်။ ရေကနိမ့်ရာကို စီးဆင်းလာတဲ့အခါ လူတွေက မြင့်ရာကိုတက်ကြရသတဲ့"
“လက်ရှိ ခွင်းလွင်ကမ္ဘာက စကြဝဠာရဲ့ မျိုးနွယ်စုများစွာအတွက် အရသာရှိတဲ့ ဟင်းလျာတစ်ပွဲဖြစ်လာနေပါပြီ။ မရဏမျိုးနွယ်အတွက် ဆူးငြောင့်ခလုတ်တစ်ခုဆိုလည်း မမှားဘူးပေါ့။ ခွင်းလွင်ကမ္ဘာရဲ့ သတ္တဝါတွေအတွက် ဘယ်လိုအနာဂတ်မျိုး ကျန်ရှိလိမ့်ဦးမယ်လို့ ထင်သလဲ?”
“ကျွန်တော်တို့ အလင်းမျိုးနွယ်စုက နိဗ္ဗာန်ကမ္ဘာရဲ့ အရှင်သခင်ဖြစ်ပြီး ကောင်းကင်ဘုံအစည်းအရုံးမှာ ဒုတိယနေရာရထားတယ်။ ကောင်းကင်ဘုံအစည်းအရုံးရဲ့ အရှင်သခင်တောင်မှ ကျွန်တော်တို့ကို အထင်မသေးရဲပါဘူး။ ပြီးတော့ ခွင်းလွင်ကမ္ဘာကလည်း ကောင်းကင်ဘုံအစည်းအရုံးရဲ့ အဖွဲ့ဝင်တစ်ခုပဲ။ ကျွန်တော်တို့နဲ့ပူးပေါင်းတာဟာ ကောင်းကင်ဘုံအစည်းအရုံးနဲ့ ပူးပေါင်းတာပါပဲ။ ဘာများ မသင့်တော်စရာရှိလဲ?”
ထိုစကားအဆုံးတွင်။
ပင်လယ်ဝေလငါးဘိုးဘေး၏ မျက်နှာမှာ ခပ်မဲ့မဲ့ရှိ၏။
တစ်ချိန်က အစွမ်းထက်ခဲ့သော ခွင်းလွင်ကမ္ဘာသည် ဤသို့သော အခြေအနေထိ ကျဆင်းသွားပြီး စကြဝဠာတွင်းမှ အမျိုးမျိုးသော မျိုးနွယ်စုများစွာက လိုချင်တပ်မက်နေချိန်တွင် တစ်ချိန်က အားနည်းပျော့ညံ့ခဲ့သော နိဗ္ဗာန်ကမ္ဘာက စွမ်းအားမြင့်တက်လာကာ ကောင်းကင်ဘုံအစည်းအရုံးတွင် ဒုတိယနေရာဖြင့် ခွင်းလွင်ကမ္ဘာ၏ နေရာကို အစားထိုးဝင်ရောက်နိုင်ခဲ့သည်။
“ကောင်းကင်ဘုံအစည်းအရုံး၊ မင်းက ဒီအဘိုးကြီးကို ကောင်းကင်ဘုံအစည်းအရုံးအကြောင်း ပြောရဲသေးတာလား? မရဏမျိုးနွယ် မဟာမိတ်တပ်ဖွဲ့တွေ ခွင်းလွင်ကမ္ဘာကို တိုက်ခိုက်ခဲ့တုန်းက ကောင်းကင်ဘုံအစည်းအရုံးက ဘယ်ချီးတွင်းထဲရောက်နေလဲ?! အခုမှ ဘာကိုပူးပေါင်းချင်နေသေးတာလဲ။ မင်းတို့က တကယ်ကို မျက်နှာပြောင်တိုက်နိုင်တာပဲ!”
ပင်လယ်ဝေလငါးဘိုးဘေးသည် မကျေမနပ်ဖြစ်နေပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ဘုန်း!
သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းထက်သည့် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ ရေများသည် သူ့ပတ်ပတ်လည်တွင် ရှုပ်ထွေးသော ဝဲဂယက်များအဖြစ် ပုံပေါ်လာကြ၏။
“ဘိုးဘေးကြီး၊ ကျေးဇူးပြု၍ အမျက်လျှော့ပါ!” လျှပ်စစ်ငါးရှဉ့်ဘုရင်နှင့် အခြားသူများသည် ထိတ်လန့်သွားကြပြီး တုန်ယင်စွာ ဦးညွှတ်လိုက်ကြသည်။
အရပ်ရှည်ရှည် အမျိုးသားနှင့် ပိန်ပိန်ပါးပါး အမျိုးသားတို့၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ထင်ဟပ်လာသည်။ ပင်လယ်ဝေလငါးဘိုးဘေး၏ မထင်မှတ်ထားသော စွမ်းအားအဟုန်ကြောင့်ပင်။
ရုတ်တရက်၊
စစ်ထူယန်သည် တည်ငြိမ်သောမျက်နှာထားဖြင့်သာ ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သူ၏ခေါင်းပေါ်ရှိ ရွှေရောင်အလင်းဝိုင်းသည် စူးလက်သောရောင်ခြည်ကို ထုတ်လွှတ်လိုက်ပြီး ပင်လယ်ဝေလငါးဘိုးဘေးထက် မနိမ့်သော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာကာ တစ်ဖက်လူ၏စွမ်းအားဖြင့် ရင်ဆိုင်တိုးတိုက်မိကြ၏။
၎င်းသည် ပင်လယ်ဝေလငါးဘိုးဘေးကိုပင် အနည်းငယ် လွှမ်းမိုးနေပုံရသည်။
“ဟင်?”
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအဆင့်ကို ရိပ်စားမိသောအခါ ပင်လယ်ဝေလငါးဘိုးဘေး၏ ဤဆံပင်ရွှေရောင် လူငယ်အပေါ် အကဲဖြတ်မှုမှာ များစွာတိုးမြင့်လာတော့၏။
“စိတ်ကိုရှည်ရှည်ထားပါ။ လူကြီးမင်းအိပ်ပျော်နေတဲ့ နှစ်ရှည်လများကာလအတွင်း စကြဝဠာရဲ့ အခြေအနေက အများကြီး ပြောင်းလဲခဲ့ပါတယ်။ လူကြီးမင်းတို့ အင်မတန်အထင်ကြီးလေးစားကြတဲ့ ခွင်းလွင်ထောက်တိုင် စွမ်းအားရှင်လေးပါးရဲ့ အဆင့်ကို အခုအချိန်မှာ ထိပ်ဆုံးအဆင့်တစ်ရာထဲပါဝင်တဲ့ ကမ္ဘာတွေက အင်အားကြီးပုဂ္ဂိုလ်တွေ အားလုံး ရောက်ရှိနိုင်နေပါပြီ! ခွင်းလွင်ကမ္ဘာ ဘယ်လောက်တောင် နောက်ကျကျန်နေခဲ့ပြီလဲဆိုတာ လူကြီးမင်း စိတ်ကူးကြည့်နိုင်ပါသလား?"
စစ်ထူယန်က အေးအေးဆေးဆေးပင် ရှင်းပြလိုက်သည်။
“ဒါ… ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ?”
ပင်လယ်ဝေလငါးဘိုးဘေးသည် အလွန်တုန်လှုပ်သွားသည်။
ဤအရာသည် အမှန်ဖြစ်ပါက ပြင်ပရှိ အခြေအနေသည် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီပင်။
ခွင်းလွင်ကမ္ဘာသည် ကောင်းကင်ဘုံအစည်းအရုံးတွင် ဒုတိယနေရာ၌ ရပ်တည်ခဲ့ဖူးပြီး စကြဝဠာရဲ့ မျိုးနွယ်စုများစွာကို တောက်ချနိုင်ခဲ့သည်မှာ မသေမျိုးဧကရာဇ်အဆင့်ကို ကျော်လွန်သော စွမ်းအားရှင်လေးပါးအား မွေးထုတ်နိုင်ခဲ့၍ပင်။
ဤသည်မှာ ခွင်းလွင်ကမ္ဘာ၏ အံ့မခန်းတန်ဖိုးရှိသော ဂုဏ်သိက္ခာဖြစ်၏။
ထို့ကြောင့် စစ်ထူယန် ပြောကြားသွားသော အချက်အလက်များကို ကြားလိုက်ရသောအခါ ပင်လယ်ဝေလငါးဘိုးဘေး၏ တုံ့ပြန်မှုမှာ အလွန်ပြင်းထန်သွားခဲ့သည်။
ယခု ကောင်းကင်ဘုံအစည်းအရုံးတွင် ထိပ်ဆုံးတစ်ရာအဆင့်ဝင် ကမ္ဘာများတွင် မသေမျိုးဧကရာဇ် အဆင့်ထက် မြင့်သော သတ္တဝါများ ထိုမျှပေါကြွယ်ဝစွာ ရှိနေခဲ့လေပြီလား?
ပင်လယ်ဝေလငါးဘိုးဘေးမှာ ထိုအတွေးတစ်ချက်ဖြင့် ကြောက်လန့်တုန်လှုပ်သွားပြီး သူ၏ ကျောရိုးတစ်လျှောက် အေးစက်သွားသည်။
“ဒါဆိုရင်၊ သူတို့ ဘာကြောင့် မလှုပ်ရှားကြသေးတာလဲ?” ပင်လယ်ဝေလငါးဘိုးဘေးက စိတ်ငြိမ်ငြိမ်ထားကာ ခက်ခက်ခဲခဲ ထုတ်မေးလိုက်သည်။
“ဘာကြောင့်လဲဆိုတော့ အဲ့ဒီစွမ်းအားရှင်တွေဟာ နောက်ကွယ်မှာ သဘောတူညီချက်တစ်ခုကို ရခဲ့လို့ပဲ။ အခု မရဏမျိုးနွယ် ဖြစ်စေ၊ ကောင်းကင်ဘုံအစည်းအရုံး ဖြစ်စေ၊ တော်တော်အဆင့်မြင့်တဲ့ စွမ်းအားရှင်မှ ခွင်းလွင်ရဲ့ကိစ္စတွေထဲ ဝင်စွက်ဖက်နိုင်လိမ့်မယ်"
“ဒါကြောင့် ခွင်းလွင်ကမ္ဘာက ကံကောင်းတယ်လို့လည်း ဆိုနိုင်သလို ကံမကောင်းတာလည်း ဖြစ်နိုင်တယ်!”
“သေချာစဉ်းစားပါ။ လူကြီးမင်း ကျွန်တော်တို့နဲ့ ပူးပေါင်းနေသရွေ့ အရေးကိစ္စပြီးသွားရင် လူကြီးမင်းက ပင်လယ်မျိုးနွယ်စုရဲ့ အရှင်သခင် ဖြစ်လိမ့်မယ်၊ ပြီးတော့ အလင်းမျိုးနွယ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်လည်း ဖြစ်လာလိမ့်မယ်။ ခွင်းလွင်ကမ္ဘာမှာ ခြေကုပ်ယူနိုင်ဖို့ အခွင့်အရေးတစ်ခုပါ!”
စစ်ထူယန်၏ အမူအရာက ငြိမ်သက်နေသည်။ သူ ငြိမ်သက်လေလေ၊ ပိုပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါကို ထုတ်လွှတ်နိုင်လေလေဖြစ်၏။
ပင်လယ်ဝေလငါးဘိုးဘေး၏ မျက်နှာကြွက်သားများ တုန်ယင်လာသည်။ တစ်ဖက်လူ၏ နောက်ဆုံး စကားအနည်းငယ်က သူ၏အတွင်းပိုင်း မာနတံတိုင်းနှင့် ဇွဲလုံ့လကို ချိုးဖျက်ချေမွသွားလေပြီ။
သူ ဘာများဆက်လုပ်နိုင်မှာလဲ?
လက်ရှိ ခွင်းလွင်ကမ္ဘာသည် အစွမ်းထက်သော ရန်သူများဖြင့် ဝန်းရံခံထားရပြီး သိမ်းပိုက်ခံရဖို့က အချိန်တစ်ခုသာ လိုတော့သည်။ ကြိုတင်ပြီး ပံ့ပိုးသူအသစ်ကို ရှာဖွေတာ ပိုကောင်းလိမ့်မည်။ အချိန်အကြာကြီး စောင့်ဆိုင်းလာခဲ့ပြီးနောက် အမြင့်သို့ပျံသန်းနိုင်မှ ဖြစ်ပေမည်။
“ကောင်းပြီ၊ ဒီ ဘိုးဘေးက မင်းကို ကူညီမယ်လို့ ကတိပေးတယ်…”
“ဂုဏ်ယူပါတယ်၊ လူကြီးမင်းက ပညာပါပါ ရွေးချယ်ခဲ့တာပါပဲ"
စစ်ထူယန်သည် နည်းနည်းမှ အံ့သြဝမ်းသာသွားပုံမပေါ်။ ဤအဖြေကို မျှော်လင့်ထားခဲ့ပြီးသား ဖြစ်ပုံရသည်။
သူ၏နောက်ကွယ်မှ အစောင့်နှစ်ဦးသည် အောင်နိုင်သူအပြုံးများအား ဖလှယ်လိုက်ကြ၏။
“ဒီနေရာက ဆွေးနွေးလို့မကောင်းပါဘူး။ တာအိုရောင်းရင်း၊ ကျေးဇူးပြုပြီး ဒီ ဘိုးဘေးကြီးနဲ့ နန်းတော်ဆီလိုက်ခဲ့ပါ။ လာမယ့် ပူးပေါင်းဆောင်ရွက်မှုကို အသေးစိတ် ဆွေးနွေးကြတာပေါ့” ပင်လယ်ဝေလငါးဘိုးဘေး စိတ်ပြန်လည်တည်ငြိမ်သွားချိန်တွင် အပြောအဆိုလည်း ပြန်လည်သင့်မြတ်လာသည်။
“ကောင်းပြီ” စစ်ထူယန်က ခေါင်းညိတ်လိုက်သည်။
ဤအချိန်တွင် လျှပ်စစ်ငါးရှဉ့်ဘုရင်သည် သူ၏လက်ကို အားနည်းစွာ ဆန့်ထုတ်လိုက်၏။ “ဘိုးဘေးကြီး၊ တကယ်တော့ ကျွန်တော်တို့မှာ အစီရင်ခံဖို့ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိပါတယ်”။
ပင်လယ်ဝေလငါးဘိုးဘေး မျက်မှောင်ကြုတ်လိုက်သည်။ “ပြော!”
“နတ်မိမယ်တိုင်းပြည်က လူသားမျိုးနွယ်စု မဟာစွမ်းအားရှင် တစ်ယောက်က မကြာသေးခင်က ဘိုးဘေးကြီးထားခဲ့တဲ့ မှော်ဝင်ပင်လယ်ခရုကို ဖျက်ဆီးခဲ့ပြီး ကျွန်တော်တို့ ပင်လယ်မျိုးနွယ်စုဘက်ကလည်း အထူးတပ်သား ရှစ်သိန်း ဆုံးရှုံးခဲ့ရပါတယ်။ အရေးကြီးကိစ္စဖြစ်တဲ့အတွက် ဘိုးဘေးကြီးကိုယ်တိုင် ဆုံးဖြတ်ချက်ချစေချင်ပါတယ်!” လျှပ်စစ်ငါးရှဉ့်ဘုရင်က ပြောလိုက်သည်။
“ဟုတ်ပါတယ်၊ ပြီးတော့ အဲဒီကောင်က ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲက အဖိုးအတန်ဆုံးအရာကိုတောင် ယူသွားပြီး အရသာရှိတဲ့ဟင်းပွဲအဖြစ် ချက်ပြုတ်စားသုံးခဲ့သေးတာပါ!”
ကျားငါးမန်းစစ်သူကြီးက မကျေနပ်စွာ ဝင်ပြောလိုက်သည်။
စစ်ထူယန်နှင့် အခြားသူများ- “?”
“အဲဒီ လူသားမျိုးနွယ်စု စွမ်းအားရှင်က တကယ်ပဲ ဒီလောက် ရက်စက်တာလား…” ပင်လယ်ဝေလငါးဘိုးဘေး၏ မျက်လုံးကြွက်သားများ တုန်ယင်လာပြီး သူ့မျက်နှာမှာ ဒေါသဖြင့် စိမ်းပုပ်လာသည်။
သူ ပထမဆုံး နိုးထလာချိန်တုန်းက လျှပ်စစ်ငါးရှဉ့်ဘုရင်အတွက် ရတနာတစ်ခုကို အထူးလက်ဆောင်ပေးခဲ့သည်။ ၎င်းတွင် သူ၏စွမ်းအား တစ်စိတ်တစ်ပိုင်း ပါဝင်ထားသောကြောင့် မသေမျိုးဘုရင် ပဉ္စမအဆင့်နှင့် ညီမျှသော စွမ်းအားကို ထုတ်လွှတ်ရန် အသက်သွင်းနိုင်သည်။
သူ၏ မူလရည်ရွယ်ချက်မှာ ပင်လယ်မျိုးနွယ်စုမှ ဖုန့်မင်ပြည်နယ်ကို သိမ်းပိုက်ရာတွင် အရှိန်မြှင့်ရန်နှင့် နောက်ကွယ်တွင် ပုန်းအောင်းနေသော အခြားရှေးဟောင်းစွမ်းအားရှင်များကို ခြောက်လှန့်ဟန့်တားရန်ဖြစ်သည်။
နတ်မိမယ်တိုင်းပြည်တွင် သူ၏ ကိုယ်ပွားလိုရတနာအား ရက်ရက်စက်စက် ချိုးဖျက်ခဲ့သော လူသားမျိုးနွယ်စု စွမ်းအားရှင်ဟောင်းတစ်ယောက် ရှိနေလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ခဲ့ပေ!
ဤသည်မှာ မျက်နှာကို တည့်တည့်ဖြတ်ရိုက်ခံလိုက်ရသလိုပင်!
“ဟမ့်၊ ဒီ ဘိုးဘေးကို ဆန့်ကျင်ရဲတာ၊ အသက်ရှင်ရတာ ပင်ပန်းလွန်းနေပြီနဲ့တူတယ်!” ပင်လယ်ဝေလငါးဘိုးဘေးက ဒေါသတကြီး ပြောလိုက်သည်။
သူ့မှာ သီးသန့်ကျင့်ကြံရာမှ ထွက်လာရုံသာရှိသေးပြီး ကြာမြင့်စွာ မခံစားခဲ့ရသော တိုက်ပွဲအရသာကို ပြန်လည်ခံစားရန် လူသတ်ပွဲတစ်ခုကျင်းပဖို့ အကြောင်းဖန်လာလေပြီ။
အရေးအကြီးဆုံးကတော့ စစ်ထူယန်တို့အဖွဲ့ပါ အတူရှိနေခြင်းကြောင့် ပင်လယ်ဝေလငါးဘိုးဘေးသည် သူ၏အရေးပါမှုကို သက်သေပြရန်အတွက် စွမ်းအားခင်းကျင်းပြသချိန်ရောက်ပြီဖြစ်ကြောင်း သတ်မှတ်လိုက်သည်။
သို့သော် မထင်မှတ်ထားစွာပင်။
စစ်ထူယန်က လက်ကို ဝှေ့ယမ်းလိုက်သည်။ “ဒီလို ကိစ္စလေးအတွက် လူကြီးမင်းကိုယ်တိုင် လုပ်ဆောင်ဖို့ မလိုအပ်ပါဘူး။ ကျွန်တော့်ငယ်သားက ရှင်းပေးပါလိမ့်မယ်"
“ကုလီ၊ ကိုယ်တိုင်သွားပြီး အဲ့ဒီ လူသားမျိုးနွယ်စွမ်းအားရှင်ကို ရှင်းလိုက်!”
ခိုင်ခံ့သော ကိုယ်ခန္ဓာနှင့် ခေါင်းပေါ်တွင် ငွေရောင်အလင်းဝိုင်းရှိသော အရပ်ရှည်ရှည် အမျိုးသားက လက်သီးဆုပ်ကာ လေးစားစွာ ဦးညွှတ်လိုက်သည်။
“သိပါပြီ!”
(အမျှ အမျှ အမျှ)