← Chapters

အခန်း (၄၇၂)

Vol. 34 Ch. 472

အခန်း (၄၇၂)

Vol. 34 Ch. 472

“လာပါ၊ လာပါ၊ ဆက်ကစားကြမယ်”

ပြာသာဒ်ဆောင်ရှိ လူတိုင်းသည် ပျော်ရွှင်မြူးထူးနေကြပြီး ကုလီ၏ ရောက်ရှိလာမှုကို လုံးဝ အလေးမထားကြပုံရ၏။

အပြင်ဘက်တွင် ကုလီသည် အံ့အားသင့်စွာဖြင့် မရေမရာဖြစ်နေရသည်။ ယဲ့ကျွင်းလင် “ဘုန်း” ဟု ထအော်လိုက်စဥ်တုန်းက သူ့မှာအကြီးအကျယ်လန့်သွားရပြီး ထောင်ချောက်တစ်ခုခုဖြစ်လောက်မည်ဟု တပ်အပ်ထင်မှတ်ထားခဲ့မိသည်ပင်။

ရလဒ်အနေဖြင့် ဘာမှမဖြစ်ခဲ့ပါ။

ယဲ့ကျွင်းလင်က ဖဲဆက်ကစားဖို့ကိုသာ အာရုံရှိနေသည်ကိုမြင်သော် ကုလီ ရုတ်တရတ် ဒေါသထွက်လာသည်။

တောက်! ဒီကောင် ငါ့ကို အထင်သေးနေတာလား?!

ဟူး~

ကုလီ လက်တစ်ဖက်ကို ဖျတ်ခနဲ ဝှေ့ယမ်းလိုက်သည်။ ထွက်ပေါ်လာသော သန့်ရှင်းစင်ကြယ်သည့် ရွှေရောင်အလင်းတန်းသည် ဧရာမဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားကာ အောက်ဘက်တည့်တည့်သို့ ခုတ်ချလိုက်တော့၏။ ထိုခုတ်ချက်၏ အဟုန်က နှစ်ဖက်စလုံးတွင် ပြင်းထန်သော လေမုန်တိုင်းများ ဖြစ်ပေါ်စေသည်။

အုံး!

မထင်မှတ်ထားဘဲ ပြာသာဒ်ဆောင်၏ အပြင်ဘက်တွင် အစီအရင် တစ်ခုက ကာကွယ်ပေးထားပြီး သူ၏တိုက်ခိုက်မှုကို ကြားဖြတ်ပိတ်ဆို့လိုက်တော့၏။

ထိုတိုက်ခိုက်မှုကြောင့် ယဲ့ကျွင်းလင် ဖဲကစားနေရာမှ အာရုံပျက်သွားရသည်။

“အိုင်းယား၊ မင်း ဘာလာလုပ်နေတာလဲ~”

ယဲ့ကျွင်းလင် စိတ်ပျက်လက်ပျက်ဖြင့် ဖဲချပ်များကိုပစ်ချလိုက်ကာ သူ့ကိုလှည့်မေးလေသည်။

အစီအရင်၏ စွမ်းအားကို ခံစားမိသောအခါ ကုလီ အလွန်အံ့အားသင့်သွားသည်။ ဤသည်မှာ အမှန်တကယ်ကို ကောင်းကင်အဆင့် အစီအရင် တစ်ခုဖြစ်လေသည်။

ဒီလူက ကောင်းကင်အဆင့် အစီအရင်ဆရာသခင် တစ်ယောက်လား?

ချက်ချင်းပင် ကုလီ၏ စိတ်ထဲတွင် ယဲ့ကျွင်းလင်အပေါ် သတ်မှတ်ထားသော အန္တရာယ်အဆင့်သည် အဆင့်များစွာ တိုးလာသည်။

ကောင်းကင်အဆင့် အစီအရင်ဆရာသခင်များသည် အလင်းမျိုးနွယ်စုတွင် ရှားပါးသည်မဟုတ်သော်လည်း သာမန် မသေမျိုးဘုရင်များထက် ပိုမိုမြင့်မားသော အဆင့်အတန်းဖြစ်ကြောင်း မမေ့သင့်ပေ။

မည်သို့ပင်ဆိုစေ အစီအရင်ဆရာသခင်တစ်ပါးမှာ မျိုးစုံသောအစီအရင်များကို တည်ဆောက်ဖွဲ့စည်းရုံဖြင့် ကွင်းဆက်သတ်ဖြတ်ပွဲများစွာအား စိတ်လိုသလို ဖန်တီးနိုင်ကြသူများဖြစ်၏။

ဤအရာကို တွေးလိုက်မိသောအခါ ကုလီ၏ ပုံရိပ်မှာ ကျန်းတစ်ရာခန့် နောက်ဆုတ်သွားရသည်။ ထို့နောက် သူ၏ နတ်ဘုရားအာရုံဖြင့် ပတ်ဝန်းကျင်ကို ထပ်မံ သတိကြီးစွာ လေ့လာကြည့်လိုက်၏။ မည်သည့် အစီအရင်သဲလွန်စမှ မတွေ့ရသောအခါ သူသည် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

သို့သော် လူမိသွားခြင်းအတွက် နည်းနည်းရှက်ရွံ့မိ၏။

ကုလီသည် ဆံပင်ငွေရောင်နှင့် လူငယ်ကို စူစူးရှရှ စိုက်ကြည့်လိုက်ပြီး အံတင်းတင်းကြိတ်ရင်း ပြောလိုက်သည်။ “ငါ မင်းကို လာရှာတာ။ သတ္တိရှိရင် ထွက်လာပြီး သေလိုက်!”

ယဲ့ကျွင်းလင်၏ မျက်လုံးများသည် အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။ ထို့နောက် မထီမဲ့မြင်လေသံဖြင့် ပြန်ပက်သည်။ “မင်းက ဘယ်ကလာတဲ့ ငှက်လူသားလဲ? ငါကထွက်မလာဘူးဆိုရင်ရော မင်းဘာလုပ်ချင်လဲ?"

တကယ်တော့ ကုလီတစ်ယောက် တော်ဝင်မြို့တော်သို့ ရောက်ရှိလာကတည်းက ယဲ့ကျွင်းလင် အာရုံခံမိခဲ့ပါသည်။ သို့သော် အလေးထားစရာမဟုတ်၍သာ။

ငှက်၊ ငှက်လူသား?!

ထိုအမည်နာမကို ကြားလိုက်သောအခါ ကုလီ၏ နဖူးပေါ်တွင် သွေးကြောများ ဖောင်းကြွလာသည်။ မျက်နှာမှာလည်း ‌ဒေါသတကြီးဖြင့် နီရဲလာတော့၏။

ဂုဏ်သိက္ခာရှိပြီး မြင့်မြတ်သော အလင်းမျိုးနွယ်စု၊ စစ်မှန်သော အရှင်သခင်မျိုးနွယ်စုဝင် တစ်ဦးမှာ ခွင်းလွင်ကမ္ဘာတွင် ငှက်လူသားဟု ခေါ်ဆိုခံခဲ့ရသည်။

မိမိဘဝတစ်လျှောက်လုံးအတွက် အကြီးမားဆုံး အရှက်ရခြင်းသာပင်။

“တောသား၊ မျက်စိကန်းနေတဲ့ ခွေးကောင်၊ ငါက အလင်းမျိုးနွယ်စုက! အလင်းမျိုးနွယ်စုက!”

“အလင်းမျိုးနွယ်စု?”

လူတိုင်းသည် ထိုမျိုးနွယ်စု အကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သဖြင့် အံ့အားသင့်သွားကြသည်။

ယဲ့ကျွင်းလင် ရုတ်တရတ်အမှတ်ရပြီး စနစ်ကို အထူးတလည် သွားရောက်တိုင်ပင်မေးမြန်းရ၏။ ပြိုင်ဘက်၏ မူရင်းဇာစ်မြစ်ကို သိရှိပြီးနောက် သူ၏မျက်လုံးများတွင် စိတ်ဝင်တစားဟန်ဖြင့် လင်းလက်လာသည်။

နိဗ္ဗာန်ကမ္ဘာ၊ အလင်းမျိုးနွယ်စု!

သူ၏ယခင် မှန်းဆချက်သည် မှန်ကန်သည်ဟု ဆိုရမည်။ မရဏမျိုးနွယ်မှ အစွမ်းထက်သော ပုဂ္ဂိုလ်များကို စေလွှတ်ရုံသာမက ကောင်းကင်ဘုံအစည်းအရုံးကလည်း တစ်ခုခုတော့ လှုပ်ရှားလိမ့်မည်ဟု။

အလင်းမျိုးနွယ်စုသည် အရှင်သခင်မျိုးနွယ်စု တစ်ခုဖြစ်ပြီး မျိုးနွယ်ဝင်တစ်ဦး၏ ပါရမီစွမ်းရည်နှင့် တိုက်ခိုက်ရေးစွမ်းအားကို သူတို့၏ခေါင်းပေါ်ရှိ အလင်းဝိုင်း၏အရောင်ဖြင့် အကဲဖြတ်နိုင်သည်။

ပြိုင်ဘက်တွင် ငွေရောင်အလင်းဝိုင်းရှိသောကြောင့် မျိုးနွယ်စုတွင် ရာထူးမြင့်မြင့် အကြီးအကဲတစ်ဦး ဖြစ်ရပေမည်။

“ပင်လယ်မျိုးနွယ်စုက မင်းကို စေလွှတ်လိုက်တာလား?” ယဲ့ကျွင်းလင်သည် ရက်အနည်းငယ်အကြာက အရှုံးကိုရင်ဝယ်ပိုက်ကာ ပြန်ပြေးသွားရရှာသော ပင်လယ်မျိုးနွယ်စု စစ်သူကြီးကို တွေးမိလိုက်သည်။ ကုလီသည်လည်း မြို့တော်အထိ အထူးတလည်ရန်လာရှာခြင်းဖြစ်လေရာ နှစ်ဦးကြား ဆက်စပ်မှုကို ခန့်မှန်းသိရှိနိုင်သည်။

“ဟာသပဲ၊ အဲဒီ အောက်တန်းကျတဲ့ ပင်လယ်သတ္တဝါတွေက ငါ့ကို အမိန့်ပေးဖို့ အခွင့်အရေးရှိမတဲ့လား?”

ကုလီ၏ အမူအရာက အလွန်မာန်တက်နေဟန်ရှိ၏။ “ငါက မျိုးနွယ်စုသခင်လေးရဲ့ အမိန့်နဲ့ မင်းကို ဖိနှိပ်သတ်ဖြတ်ဖို့ လာခဲ့တာပဲ၊ လူသားမျိုးနွယ်စု ရှေးဟောင်းစွမ်းအားရှင်!”

“ရှေးဟောင်းစွမ်းအားရှင်?” တုန်ဖန်းကျင်းနှင့် တုန်ဖန်းမုန့်ယောင်တို့သည် ဤအခေါ်အဝေါ် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“မင်းလို ငှက်လူသား တစ်ကောင်တည်းနဲ့လား? မနောက်ပါနဲ့!” ယဲ့ကျွင်းလင်က လက်ကိုဝှေ့ယမ်းလိုက်သည်။

“မင်း!”

ကုလီ ဒေါသူပုန်ထနေလေပြီ။ ငွေရောင်အလင်းတန်းနှစ်ခုသည် သူ၏မျက်လုံးများမှ စူးရှစွာဖောက်ထွက်လာပြီး လေဟာနယ်ကို ဖြတ်ဖောက်သွားသည်မှာ ကြောက်စရာကောင်းလှသည်။

နောက်တစ်စက္ကန့်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းကင်ကို ထိုးဖောက်ဆန့်ကျင်နိုင်လောက်သော အရှိန်အဝါဖြင့် ပေါက်ကွဲထွက်လာသည်။ မရေမတွက်နိုင်သော ငွေရောင်အလင်းအစက်များသည် သူ၏ညာလက်သီးပေါ်တွင် လေပွေတစ်ခုကဲ့သို့ စုစည်းသွားတော့၏။ သန့်ရှင်းသော ငွေရောင်အလင်းသည် ကောင်းကင်ယံထက်မှ တောက်ပသော ကြယ်များကဲ့သို့ ထွန်းလင်းနေသည်။ အရှိန်အဝါမှာ စွမ်းအားကြီးရုံမက အံ့မခန်းလောက်အောင် သန့်ရှင်းစင်ကြယ်လှ၏။

“သေလိုက်စမ်း!”

ကုလီက ကြွေးကြော်လိုက်ပြီး အစီအရင်ကို အားဖြင့်ထိုးချေဖို့ ကြိုးစားလိုက်သည်။

အလင်းလွှာ အတားအဆီးသည် လှိုင်းတစ်ချက်ထသွားကာ ဖိအားပြင်းပြင်းကို ခုခံကာကွယ်နေရဟန်ရှိ၏။ ဆယ်စက္ကန့်မျှအကြာတွင် ၎င်းသည် ဘာမှမဖြစ်သလို ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားသည်။

“မဖြစ်နိုင်တာ၊ ဒါပဲလား?”

ယဲ့ကျွင်းလင် အလွန်အံ့အားသင့်သွားသည်။ “ရိုးရိုးသားသားမေးရရင် မင်းအဲ့လောက်စွမ်းအားနဲ့ ဒီနေရာထိလာပြီး အရူးဇာတ်ကဖို့အထိ ဘယ်သူကမြှောက်ပေးလိုက်တာလဲ"

All Chapters