← Chapters

အခန်း (၄၇၄)

Vol. 34 Ch. 474

အခန်း (၄၇၄)

Vol. 34 Ch. 474

ရှုပ်ထွေးသော စွမ်းအင်လှိုင်းများသည် ပြင်းထန်စွာတိုက်ခတ်နေပြီး ဥယျာဉ်တစ်ခုလုံးသည် ရောင်စုံပွင့်ချပ်များ ပြည့်နေသော ပန်းဥယျာဥ်တစ်ခုနှယ် ထိန်လင်းတောက်ပသွားရ၏။

ပြာသာဒ်ဆောင်သည် တစ်ထီးတည်းကျန်ရစ်ပြီး ပတ်ဝန်းကျင်ရှိ မြေပြင်မှာ အစွန်းအထင်း အမှိုက်သရိုက်များဖြင့် မညီမညာ ရှုပ်ပွနေလေပြီ။

“ငါ ပြောခဲ့တယ်၊ အစီအရင်ပျက်ရင် လူတွေ သေလိမ့်မယ်။ အခု အစီအရင်ပျက်ပြီဆိုတော့ မင်းတို့အားလုံး သေရမယ်!”

ကုလီ၏ မျက်နှာထက်တွင် မကောင်းဆိုးဝါး အပြုံးတစ်ခု ရှိနေသည်။ သူ၏မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့် ပွက်ပွက်ဆူနေပြီး ဝံပုလွေမှ အသတ်ခံရရန် လည်စင်းစောင့်ဆိုင်းနေသော သိုးသူငယ်များကို ကြည့်နေသကဲ့သို့။

သူနားလည်ထားသလောက် အသိပညာများကို အခြေခံစဥ်းစားရလျှင် အစီအရင်ဆရာသခင်များသည် တိုက်ခိုက်ရေးတွင် အများအားဖြင့် ကျွမ်းကျင်ခြင်းမရှိပေ။ အစီအရင်၏ ပံ့ပိုးမှု ဆုံးရှုံးသွားခြင်းသည် လက်ပြန်ကြိုးတုပ်လျက်သား စောင့်ဆိုင်းနေရသော သေဒဏ်ကျအပြစ်သားနှင့် မခြား။

အားကိုးရန် အစီအရင် မရှိပါလျှင် သူတို့၏ ခွန်အားသည် များစွာ လျော့နည်းသွားပေမည်။

မသေမျိုးကျင့်စဥ်များကို ကျင့်ကြံရန် များစွာသော ကြိုးစားအားထုတ်မှုနှင့် စွမ်းအင်ပမာဏအား လိုအပ်သည်။ ဤကမ္ဘာရှိ ပါရမီရှင်တစ်ဦးအတွက် တာအိုနှင့် အစီအရင် ကျင့်ကြံမှုနှစ်ခုစလုံးကို တစ်ပြိုင်နက် တည်း အားထုတ်လေ့လာရန်မှာ မဖြစ်နိုင်သလောက်ပင်။

အဆင့်မြင့် စွမ်းအားကြီး ပုဂ္ဂိုလ်များသည်ပင် နယ်ပယ်တစ်ခုတည်းကို တစ်ဘဝလုံးမြှုပ်နှံအားစိုက်ကာ ကျင့်ကြံအားထုတ်ရ၏။ တစ်ဘဝတည်းတွင် နယ်ပယ်နှစ်ခုကို တစ်ပြိုင်တည်းကျွမ်းကျင်ဖို့ရာ ဖြစ်နိုင်စရာမရှိ။

ထို့ကြောင့် ကုလီသည် ယဲ့ကျွင်းလင်၏ တိုက်ခိုက်မှုအဆင့်မှာ သူ့ထက်များစွာအားနည်းရမည်ဟုသာ ကောက်ချက်ချခဲ့လိုက်သည်။

ကြီးမြတ်သော မသေမျိုးကျင့်စဥ်များကိုဆိုလျှင် စဦးပိုင်းလောက်ပင် ကျွမ်းကျင်မည်မဟုတ်!

ဤကဲ့သို့သော သာမန်ကာလျှံကာ မသေမျိုးဘုရင် ဆယ်ယောက်ကို လက်တစ်ဖက်တည်းဖြင့်ပင် အနိုင်ယူနိုင်သည်!

ကောင်းကင်ယံတွင် ရက်စက်သော အပြုံးတစ်ခုနှင့် တောင်ပတ်တဖျတ်ဖျတ်ခတ်နေသော သန်မာသည့် အမျိုးသားကို ကြည့်ရင်း ဟုန်ချန်ယဲ့နှင့် အခြားသူများမှာ စုတ်တသပ်သပ်ဖြင့် သနားနေဟန်ရှိကြ၏။

ယဲ့ကျွင်းလင်က လက်‌ဖျောက်တစ်ချက်တီးပြီး အဓိပ္ပာယ်ပါပါဆိုသည်။ “မင်းမှန်တယ်။ အစီအရင် ပျက်ရင် လူတွေ သေတယ်၊ ဒါပေမယ့် သေမှာက ငါတို့တော့မဟုတ်ဘူး၊ မင်းပဲ!”

ကုလီ လှောင်ရယ်သည်။ “သေခြင်းတရားကို မျက်မှောက်ရင်ဆိုင်နေရတာတောင် ငါ့ကို ဖြဲခြောက်ရဲသေးတယ်လား?"

သူသည် ပြာသာဒ်ဆောင်ရှိ လူတိုင်းကို တစ်ပြိုင်တည်းရှင်းထုတ်သတ်ဖြတ်ဖို့ လှုပ်ရှားတော့မည့်အချိန်တွင် ယဲ့ကျွင်းလင်သည် လက်တစ်ဖက်ဖြင့် သင်္ကေတတစ်ခုကို ပြုလုပ်လိုက်ပြီး နှုတ်ခမ်းပါးတို့မှ စကားလုံးအနည်းငယ်ကို ပေါ့ပေါ့ပါးပါး ရွတ်ဆိုလိုက်သည်။

“ကောင်းကင်ရိုင်းအကျဥ်းချ လက်ချောင်း!”

ဘုန်းဘုန်းဘုန်း…

ကျယ်ပြောသော ကောင်းကင်၏ နက်နဲသောတစ်နေရာမှ မြေကြီးတစ်ခုလုံးကို လှုပ်ခါစေသော မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်သည် ကုလီကို ချက်ချင်း လွှမ်းခြုံသွားပြီး အရိုးထဲအထိ အေးစိမ့်စေ၏။ ထောင်ထသွားသော ဆံပင်မွေးများကို ခံစားလိုက်မိပြီးနောက် လှုပ်ရှားနိုင်စွမ်းပင် မကျန်ရှိတော့ပေ။

“အဲဒါ ဘာကြီးလဲ?!”

ကုလီ၏ မျက်ခမ်းစပ်များ မကောင်းသောနိမိတ်ဖြင့် တုန်ယင်သွားပြီး သူသည် မကြုံစဖူး ကြီးမားသော ကြောက်စိတ်ဖြင့် ကောင်းကင်ထက်သို့ မရဲတရဲ မော့ကြည့်လိုက်သည်။

မိုင်ပေါင်း တစ်သောင်းခန့် ရှည်လျားသော မည်းနက်ပြောင်လက်နေသည့် လက်ချောင်းငါးချောင်းသည် နက်နဲသော ရွှေရောင်အက္ခရာများ ဖုံးအုပ်လျက်သားဖြင့် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် မိုင်ပေါင်းသန်းနှင့်ချီ၍ တိုက်ခတ်နေသော မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ နတ်မိမယ်တိုင်းပြည်ရှိ တိုင်းသူပြည်သားတို့မှာ ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို အာရုံခံမိကြပြီး ထိတ်လန့်စွာဖြင့် ဂနာမငြိမ်ဖြစ်လာကြရ၏။

“ဟယ်၊ အရမ်း၊ အရမ်းကြီးတာပဲ…” တုန်ဖန်းကျင်းတို့ သားအမိ အံ့အားသင့်သွားကြသည်။ ထိုတိုင်ကြီးငါးချောင်းမှာ ကောင်းကင်ကိုထောက်ကန်ထားသကဲ့သို့ ခိုင်မာတောင့်တင်းစွာ မားမားမတ်မတ် ရပ်တည်နေကြ၏။

“ဟဲဟဲ”

ယဲ့ကျွင်းလင်၏ နှုတ်ခမ်းများသည် ရေခဲရိုက် အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး ကောင်းကင်ယံရှိ ကုလီကို ဖမ်းဆုပ်ရန် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။

ယခင်က စနစ်သည် သူ့အား အလိုအလျောက် တာအိုကျင့်ကြံခြင်း လုပ်ဆောင်ချက်အား ဆုချခဲ့ပြီး လွန်ခဲ့သော လအနည်းငယ်က သူသည် ကျင့်ကြံရေးစွမ်းရည် အဆ ၂၀,၀၀၀ တိုးတက်ခြင်းဆုလာဘ်အတွက် ဆိုင်းအင် ပြုလုပ်ခဲ့သေးသည်။ ဤသို့ဖြင် ကောင်းကင်ရိုင်းအကျဥ်းချလက်ချောင်း ကျင့်စဥ်မှာ ပြီးပြည့်စုံသော လက်ငါးချောင်းအခြေအနေထိ တိုးတက်ဖွံ့ဖြိုးလာခဲ့ခြင်းပင်။

သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် ပေါင်းစည်းသော် ထိုကျင့်စဥ်၏သက်ရောက်မှုမှာ မယုံနိုင်စရာအဆင့်တစ်ခုထိ ရောက်ရှိနေခဲ့လေပြီ။

တစ်ခဏအတွင်းပင်။

နက်နဲသော ရွှေရောင်အက္ခရာများဖြင့် ဖုံးအုပ်ထားသော လက်ချောင်းငါးချောင်းသည် ပြိုင်ဘက်ကင်းသော စွမ်းအားဖြင့် တရွေ့ရွေ့ ဆင်းသက်လာ၏။ ကျယ်ပြန့်သော ဖိနှိပ်မှုသည် နီးကပ်လာသည်နှင့်အမျှ နှလုံးသားထဲမှကြောက်စိတ်ကို တရိပ်ရိပ်တိုးမြင့်လာစေသည်။

ပထမလက်ချောင်းသည် ကောင်းကင်နှင့် မြေကြီးကို အကျဥ်းချသည်။ ဒုတိယလက်ချောင်းသည် တောင်နှင့်မြစ်ချောင်းများကို ဖြိုခွဲသည်။ တတိယလက်ချောင်းသည် သက်ရှိသတ္တဝါအလုံးစုံကို ဖျက်ဆီးသည်။ စတုတ္ထလက်ချောင်းသည် ‌ကောင်းကင်ထုကို ဖျစ်ညှစ်ချေမှုန်းကာ ပဉ္စမလက်ချောင်းသည် စကြဝဠာကို လှုပ်ခါယိမ်းထိုးစေမည်။

လက်ချောင်းငါးချောင်းလုံး ပြည့်စုံခြင်း၏ အဓိပ္ပာယ်မှာ ဤကမ္ဘာ၏ ပျက်သုဥ်းခြင်းသာဖြစ်၏။

အနီးသို့ ရောက်ရှိလာသော ပြိုင်ဘက်ကင်းစွမ်းအားကို ခံစားမိသောအခါ ကုလီ၏သွေးစီးကြောင်းများ ခဲသက်ရပ်တန့်သွားခဲ့သည်။ မျက်စိသူငယ်အိမ်များ ပြင်းထန်စွာ တုန်ယင်လာပြီး မယုံကြည်နိုင်သောမျက်နှာဖြင့် ကြက်သေသေလျက်သာ ငေးကြည့်နေခဲ့မိ၏။

“ဒါ… ဒါက ထူးခြားအဆင့် ကျင့်စဥ်များလား?!”

ကုလီ၏ မျက်နှာတွင် သွေးမရှိတော့ပေ။ ရှင်သန်လွတ်မြောက်လိုသည့် ဗီဇစိတ်လှုံ့ဆော်မှုကြောင့် ကျန်ရှိသမျှ အစွမ်းအကုန်ဖြင့် ခုခံကာကွယ်ဖို့သာ တတ်နိုင်တော့သဖြင့် ဤနက်နဲပြီး ကြောက်မက်ဖွယ်ကောင်းသော ဧရာမလက်ချောင်းငါးချောင်းကို ပိတ်ဆို့တားဆီးဖို့ စတင်ရသည်။

ဝုန်း~! !

ကောင်းကင်တွင် ကြီးမားသော စွမ်းအင်အလင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်လာပြီး သွေးထွက်သံယိုဖြစ်နေသော ပုံရိပ်တစ်ခုကို မှုန်ဝါးစွာ မြင်နိုင်သည်။

ကုလီ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြမ်းပြင်နှင့်ရိုက်ခတ်မိသော ကြွေထည်ပန်းကန်လုံးကဲ့သို့ အက်ကြောင်းများဖြင့် ပြည့်နေပြီး သွေးစီးကြောင်းများ လျှံထွက်စီးကျလာသည်။ နာကျင်မှုများပြည့်နေသော မျက်နှာတွင် မရေမရာအရိပ်အယောင်တစ်ခုလည်း ပါရှိပြီး ဝေဝါးစွာရေရွတ်လိုက်သည်။

“မဟုတ်ဘူး၊ ဒါက ထူးခြားကျင့်စဥ် မဟုတ်လောက်ဘူး၊ ဒါက ဒဏ္ဍာရီလာ ပြိုင်ဘက်ကင်းကျင့်စဥ် ဖြစ်လောက်တယ်…”

ထူးခြားကျင့်စဥ်များသည်ပင် မသေမျိုးကျင့်စဥ်များထဲတွင် အလွန်ရှားပါးလှ၏။ ပြိုင်ဘက်ကင်းကျင့်စဥ်များဆိုသည်မှာ မသေမျိုးကျင့်စဥ်များထဲတွင် ရေမြေ့စံရှင်ဘုရင်များကဲ့သို့ အထွတ်အခေါင်တွင်သာ စိုးစံတတ်ကြ၏။ ဤအဆင့်ရှိ ကျင့်စဥ်ကို ကျွမ်းကျင်သူများမှာ တာအိုကျင့်စဥ်များကို ဖန်တီးပုံဖော်သူများမှလွဲ အခြားမရှိနိုင်!

သို့သော် သူ့မျက်စိရှေ့မှ နဝမအဆင့် ကောင်းကင်အစီအရင်ဆရာသခင်သည် ပြိုင်ဘက်ကင်းအဆင့် ကျင့်စဥ်ကို ပိုင်ဆိုင်ရုံသာမက ၎င်းကို အောင်မြင်စွာ ထုတ်ဖော်ပြသပေးခဲ့လေသည်။ ကုလီမှာ သံသယကင်းသော ထိတ်လန့်တုန်လှုပ်မှုကို စတင်ခံစားလာရ၏။

ဘာလို့လဲ?

ဒီလို စုတ်ပြတ်နိမ့်ပါးနေတဲ့ ကမ္ဘာမျိုးမှာ ဒီလိုပါရမီရှင်တစ်ပါး ဘယ်လိုလုပ်ပြီး ရှိနေနိုင်တာလဲ?

ကုလီ လုံးဝ စိတ်ရှုပ်ထွေးသွားသည်။

“သခင်လေး၊ ထွက်ပြေးပါတော့…” သူ မသေဆုံးမီတွင် နောက်ဆုံးကျန်ရှိသော အသိစိတ်ကို အသုံးပြုကာ ပင်လယ်ကြမ်းပြင်၏ နက်ရှိုင်းသောတစ်နေရာတွင် ရှိသော စစ်ထူယန်ဆီသို့ စိတ်ဝိညာဥ်မက်ဆေ့ချ်တစ်စောင်အား ပေးပို့ခဲ့လိုက်၏။

ထို့နောက်။

အသိစိတ်သည် လေထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားပြီး ဝိညာဥ်အမြစ်လည်း ပျက်စီးလွင့်ပါးသွားခဲ့သည်။

“အစီအရင်ပျက်ရင် လူတွေသေတယ်” ဟူသော စကားမှာ အမှန်တကယ် ဖြစ်လာခဲ့ပါသည်။ ပြောခဲ့သူကိုယ်တိုင် သေဆုံးသွားရခြင်းပင်။

All Chapters