အမိန့်လက်စွပ်
Vol. 34 Ch. 475
“ဒီအထိလာခဲ့ရတာ သေဖို့အတွက်ပါပဲလား? ဘာများအဓိပ္ပာယ်ရှိလဲ” ယဲ့ကျွင်းလင်က သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။
ရိုးရိုးသားသားပြောရလျှင် ကုလီသည် မတရားစွာ သေဆုံးခဲ့ခြင်းပင်။ သူ၏ မသေမျိုးဘုရင် ဆဋ္ဌမအဆင့် ကျင့်ကြံမှုသည် ယဲ့ကျွင်းလင်နှင့် အတူတူဖြစ်သည်။ ထို့အပြင် သူသည် အဆင့်မြင့် မသေမျိုး ကျင့်စဥ်များစွာကို ကျွမ်းကျင်ပြီး ခွန်အားသည် မသေမျိုးဘုရင် အဆင့်ရှိသူများထဲတွင် အကောင်းဆုံးများထဲမှ တစ်ဦးဟု သတ်မှတ်နိုင်၏။
ထို့ကြောင့် စစ်ထူယန်သည် ရှေးဟောင်းစွမ်းအားရှင်ကို ဖယ်ရှားရန် သူ့ကို အထူးတလည် စေလွှတ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း သူတို့သည် ဤနေရာတွင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော၊ ပါရမီရှင်တစ်ဦးထက်ပင် ပို၍ ထူးခြားသည့် ပါရမီရှင်ဘိုးဘေးတစ်ဦးနှင့် တွေ့ဆုံရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပေ။
ထိုသူသည် နဝမအဆင့် ကောင်းကင်အစီအရင်ဆရာသခင် ဖြစ်ရုံသာမက ထူးခြားကျင့်စဥ်များကိုလည်း အလွယ်တကူ ထုတ်သုံးနိုင်သည်။ စကြဝဠာနှင့်ချီ၍ အံ့သြစရာကောင်းသော အဖြစ်အပျက်ပင်။
“ဟွန့်၊ အဲဒီ မုန်းစရာကောင်းတဲ့ ငှက်လူသားက ငါ့ရဲ့ နောက်ဖေးခြံကို ရှုပ်ပွနေအောင် ဖျက်ဆီးသွားတယ်” တုန်ဖန်းကျင်းက စူအောင့်စူအောင့်လုပ်နေကာ ခြံကိုပြန်လည်ပြင်ဆင်ဖို့ စီစဥ်နေသည်။
“အရမ်း ကြောက်စရာကောင်းတာပဲ! ပင်လယ်မျိုးနွယ်စုမှာ ဒီလို နောက်ခံအထောက်အပံ့မျိုး ရှိနေတာကိုး” တုန်ဖန်းမုန့်ယောင်က ရင်တုန်စွာဖြင့် ပြောလိုက်သည်။
“သခင်လေးယဲ့ရှိနေလို့ တော်သေးတာပေါ့"
“ဆရာသခင်၊ ကျွန်တော်တို့ ဖဲဆက်ကစားကြမလား?” လီဝူကျယ်က စက္ကူစများဖုံးအုပ်နေသော မျက်နှာဖြင့် အလေးအနက်မေးလိုက်သည်။
“ဘာဆက်ကစားရမှာလဲ? ငါ့အာရုံပျက်သွားပြီ” ဟုန်ချန်ယဲ့က စိတ်ပျက်စွာဖြင့် လက်ထဲမှဖဲချပ်များကို ပစ်ချလိုက်သည်။
အမှန်တော့ အပြိုင်အဆိုင်စိတ်ပြင်းသော သူ့လိုလူအတွက် အမြဲတမ်းရှုံးနိမ့်နေရသော ကစားပွဲမျိုးမှာ အင်မတန်စိတ်ပျက်စရာကောင်းသည်ပင်။
ယဲ့ကျွင်းလင်၏ မျက်လုံးများ တစ်ချက်လင်းလက်သွားသည်။ “အဲဒီ ငှက်လူသား ပြောတဲ့အတိုင်းဆိုရင် ပင်လယ်မျိုးနွယ်စုမှာ အတူနေအပေါင်းအပါတွေ ရှိနေသေးပုံရတယ်”
ယခင် တိုက်ပွဲအတွေ့အကြုံများအရ သူသည် ပြင်ပကမ္ဘာ မျိုးနွယ်စုများအပေါ်တွင် အထင်အမြင်သေးကာ စက်လည်းစက်ဆုပ်မိ၏။ ထို့အပြင် တစ်ဖက်မှ တိုက်ခိုက်ရန်ပင်ရောက်ရှိလာကြပြီ ဖြစ်သောကြောင့် သူ့ဘက်မှ ငြိမ်ကြည့်နေစရာ အချိန်မဟုတ်တော့။
[တင်! ပိုင်ရှင်အတွက် တာဝန်တစ်ခု ကျရောက်လာပါပြီ။ ရေအောက် တော်ဝင်မြို့တော်ဆီသွားရောက်ပြီး ဆိုင်းအင်လုပ်ပါ။ ဆုလာဘ်အနေနဲ့ စန်းယွမ်ဓားကို အဆင့်မြင့် မသေမျိုးဘုရင်အဆင့်လက်နက်အဖြစ် မြှင့်တင်ပေးပါမယ်!]
စနစ်၏ အကြောင်းကြားသံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
ယဲ့ကျွင်းလင် တစ်ချက်ပြုံးလိုက်သည်။ “ခဏနေရင် ငါခရီးထွက်စရာရှိတယ်။ ရှာပေါ် ကို လမ်းပြအဖြစ် သုံးလိုက်မယ်!”
ကျားငါးမန်းစစ်သူကြီး မထွက်ခွာမီက ယဲ့ကျွင်းလင်သည် သူ့ကိုယ်ပေါ်တွင် ဝိညာဥ်သင်္ကေတ တစ်ခုကို ရိုက်နှိပ်ထားခဲ့လိုက်သည်။ ထို့ကြောင့် မိုင်သောင်းနှင့်ချီ ဝေးကွာနေသည့်တိုင် ယဲ့ကျွင်းလင်သည် ထိုဝိညာဥ်သင်္ကေတမှတစ်ဆင့် တစ်ဖက်လူ၏တည်နေရာကို အာရုံခံနိုင်ပေမည်။
လိုခြေရာခံသင်္ကေတသာ မထည့်လိုက်ပါက မြောက်ပင်လယ်ဒေသသည် ကျယ်ပြန့်လှသောကြောင့် ပင်လယ်မျိုးနွယ်စု၏ ခိုအောင်းရာနေရာကို ရှာဖွေရန် အနည်းငယ်ခက်ခဲပေလိမ့်မည်။
“ဖဲဆက်မကစားနဲ့တော့။ ငါနဲ့အတူ ပင်လယ်မျိုးနွယ်စုရဲ့ ခိုအောင်းရာနေရာကို လိုက်ခဲ့ကြ!” ယဲ့ကျွင်းလင်က ပြောလိုက်သည်။
“ဟားဟား၊ သူတို့ကို ဒဲ့သွားချတော့မယ်ပေါ့၊ ဟုတ်လား ဆရာသခင်? တွေးလိုက်တာနဲ့ စိတ်လှုပ်ရှားလာပြီ!” လီဝူကျယ်က သူ၏မျက်နှာပေါ်ရှိ စက္ကူစများကို ခါချလိုက်ပြီး ဝမ်းမြောက်ဝမ်းသာဖြင့် မတ်တပ်ရပ်လိုက်သည်။
“ငါ့ရဲ့ ဓားကြီးက သွေးဆာနေပဟေ့!”
“ပင်လယ်စာကင် ပြန်စားရတော့မှာလား?” ဟုန်ချန်ယဲ့က စိတ်ဝင်တစား မေးလိုက်သည်။
“အကြီးအကဲယဲ့က ဒီလိုဦးဆောင်ပေးမှတော့ ပင်လယ်မျိုးနွယ်စုရဲ့ ခြိမ်းခြောက်မှုက သေချာပေါက် ဖြေရှင်းပြီးသားပဲ!” တုန်ဖန်းကျင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
မကြာသေးမီက သူမသည် ကင်းထောက်များထံမှ အစီရင်ခံစာများ လက်ခံရရှိခဲ့သည်။ နတ်မိမယ်တိုင်းပြည်မှ အပ ဖုန့်မင်ပြည်နယ်ရှိ အခြားနိုင်ငံများသည် ပင်လယ်မျိုးနွယ်စု၏ ကျူးကျော်မှုများကြောင့် များစွာ ဆုံးရှုံးမှုများ ခံစားနေကြရသည် ဟူ၏။ ၎င်းက ပင်လယ်မျိုးနွယ်စု၏ ကြီးမားသော ရည်မှန်းချက်ကို ပြသနေသည်။ သူတို့မှာ နောက်ခံအားကိုးရာရှိနေသကဲ့သို့ မကြောက်မရွံ့ တဇွတ်ထိုးဆက်တိုးနေကြခြင်းပင်။
အချိန်မီ မထိန်းသိမ်းနိုင်ပါက ဖုန့်မင်ပြည်နယ် တစ်ခွင်လုံးရှိ လူသားအပေါင်း အန္တရာယ်ကြုံရတော့မည် မလွဲ။
လူသားမျိုးနွယ်စု၏ အင်အားကြီးပုဂ္ဂိုလ်တစ်ဦးအဖြစ် ယဲ့ကျွင်းလင်ကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုနေသည်ကို မြင်သောအခါ တုန်ဖန်းကျင်းမှာ အလွန်စိတ်အေးသက်သာရပေတော့၏။
မြောက်ပင်လယ်ဒေသ။
ရေအောက်ကမ္ဘာ။
ခမ်းနားသော တော်ဝင်နန်းတော်အတွင်း ရွှေရောင်ဆံပင်ရှိသော လူငယ်တစ်ဦးသည် အပြာရောင်ဝတ်ရုံ ဝတ်ထားသော သက်ကြီးရွယ်အိုတစ်ဦးနှင့် စကားပြောနေသည်။
“သခင်လေးစစ်ထူ၊ ခွင်းလွင်ကမ္ဘာ ရှေးဟောင်းစွမ်းအားရှင်များကို များနိုင်သလောက်များများစုစည်းဖို့ ဒီဘိုးဘေးကြီးက ရှေ့ထွက်ပေးရမယ်လို့ ပြောချင်တာလား?” ပင်လယ်ဝေလငါးဘိုးဘေးက ထိုတောင်းဆိုမှုကို ကြားသောအခါ အိုမင်းသောမျက်နှာမှာ အံ့သြတကြီးရှိလေ၏။
သူ့ဘက်ကတော့ ပစ်မှတ်များ တစစီပြန့်ကျဲနေဖို့ကိုသာ မျှော်လင့်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းစွမ်းအားရှင်များ အချင်းချင်းပူးပေါင်းမိပြီး အလွန်စည်းလုံးနေပါက သူတို့ကို ကိုင်တွယ်ရန် ပို၍ ခက်ခဲလိမ့်မည်!
ထိုလူများသည် မသေမျိုးကျင့်စဥ်များကို အပြည့်အဝ ကျွမ်းကျင်ပြီးသော ရှေးဟောင်းအဆင့် အင်အားကြီး ပုဂ္ဂိုလ်များ ဖြစ်သည်ပင်။ သူတို့ တစ်ဦးချင်းစီသည် တစ်ခေတ်တစ်ခါက အကျော်အမော်များဖြစ်ကြကာ သူ့စွမ်းရည်နှင့်သူ ထူးခြားသော ပုဂ္ဂိုလ်များဖြစ်သည်။ သူတို့အားလုံး စုဝေးမိလိုက်ပါက မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို စိတ်ကူးကြည့်၍ပင် မရနိုင်ပေ!
အဲ့တော့ မင်းကဘာလို့ သူတို့ကိုစုစည်းချင်ရတာလဲ?
စစ်ထူယန်က မျှော်လင့်မထားသော အဖြေတစ်ခုကို အေးအေးဆေးဆေး ပြန်ဖြေလာသည်။ “လူကြီးမင်းသာ များနိုင်သလောက်များများ စုစည်းပေးပါ။ ကျွန်တော်သူတို့ကို တပြိုင်နက်တည်း ဖယ်ရှားနိုင်တယ်"
သူ၏လေသံသည် အမှန်တရားတစ်ခုကို ပြောဆိုနေသကဲ့သို့ တိကျပြန်သားကာ မေးခွန်းထုတ်စရာမရှိ။
“မင်း၊ မင်း ဘာပြောလိုက်တာလဲ?!”
ပင်လယ်ဝေလငါးဘိုးဘေးမှာ ထိတ်လန့်သွားပြီးနောက် မည်းမှောင်နေသောမျက်နှာကြီးဖြင့် ပြန်ပြောသည်။ “တာအိုမိတ်ဆွေ၊ ဒီ ဘိုးဘေးကြီးကို ကျေးဇူးပြုပြီး မနောက်ပါနဲ့”
စစ်ထူယန်၏ စကားများသည် ပင်လယ်ဝေလငါးဘိုးဘေးအတွက်တော့ လူငယ်လေးမှာ အကန့်အသတ်မရှိ အလွန်မာနကြီးနေသည်ဟုသာ ခံစားရစေ၏။
လူငယ်၊ ကြွားဝါမှုမှာ အကန့်အသတ်ရှိတယ်ဆိုတာ သိရဲ့လား?
မင့်စကား မင်းပြန်နားထောင်ကြည့်စမ်း!
အဲ့လောက် အံ့သြဖို့ကောင်းလောက်အောင် စွမ်းအားကြီးနေပြီး အကုန်ရှင်းလင်းပစ်နိုင်တယ်ဆိုရင် ဘာကြောင့် ငါ့ဆီလာပူးပေါင်းနေသေးလဲ?
ပင်လယ်ဝေလငါးဘိုးဘေး၏ မျက်နှာမှာ မှုန်မှိုင်းလျက်သားရှိ၏။ ရွှေရောင်ဆံပင်နှင့် လူငယ်လေးကို ကြည့်နေသော သူ့မျက်လုံးများတွင် စကားလုံးတစ်လုံးကိုသာ ဖော်ပြနေသည်။
ငကြွားကောင်!
ပင်လယ်ဝေလငါးဘိုးဘေး၏ အတွေးများကို သိရှိပုံရသော စစ်ထူယန် ချောင်းနည်းနည်းဟန့်ကာ စတင်ရှင်းပြလာသည်။
"လူကြီးမင်း နားလည်မှုလွဲသွားပုံပါပဲ"
"ကျွန်တော့်ဘက်က သူတို့အားလုံးကို ဖယ်ရှားပစ်ဖို့ ယုံကြည်ချက်အပြည့်အဝရှိပါတယ်။ ဒါပေမဲ့ လူကြီးမင်းတွေးနေသလို မဟုတ်ပါဘူး"
ပင်လယ်ဝေလငါးဘိုးဘေးမှာ နားထောင်လေလေ ပို၍စိတ်ရှုပ်ထွေးလာလေလေပင်။
ငါတွေးထားသလို မဟုတ်ဘူးလား?
ဆိုလိုရင်းက ဘာလဲ?
“ကျေးဇူးပြုပြီး တာအိုမိတ်ဆွေ၊ သေချာရှင်းပြစမ်းပါဦး။ မင်းဘက်ကနည်းလမ်းတွေကို အစအဆုံးနားလည်ထားမှ ဒီဘိုးဘေးကြီး လုပ်ဆောင်ရဲမှာပါ၊ မဟုတ်ရင်တော့…”
စစ်ယူယန်အား ဘာတစ်ခုမှဖုံးကွယ်မထားဖို့ တိုက်တွန်းနေသော စကားများပါပေ။
ဤစစ်ဆင်ရေးမှာ သူတို့အတွက် အလွန်အရေးကြီးသည်။ သို့ပေသည့် ထိုအစီအစဥ်ကတော့ အလွန်ရူးသွပ်သည်ဟု ဆိုရပေမည်။
သူပြောသလို လူစုလိုက်ပြီးမှ ဝိုင်းအသတ်ခံလိုက်ရရင် သမိုင်းမှာ လှောင်စရာပြောင်စရာတွေ ဖြစ်နေပါဦးမယ်။
တစ်ဖက်လူ၏ လေသံတွင် သံသယများဖြင့် ပြည့်နေသည်ကို မြင်သောအခါ စစ်ထူယန်က အစီအစဉ်ကို ချောမွေ့စွာ ဆက်လက်လုပ်ဆောင်ရန် မဟာမိတ်ကြား ယုံကြည်မှုတည်ဆောက်ရတော့မည်မှန်း နားလည်လိုက်သည်။
"ကျွန်တော့်ဘက်က လူကြီးမင်းကို ဘာမှဖုံးကွယ်ထားမှာ မဟုတ်ပါဘူး"
စစ်ထူယန်သည် လက်တစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်ပြလိုက်သည်။ သူ၏လက်ဖဝါးထက်မှ နို့နှစ်ရောင် အဖြူရောင်အလင်းတစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ ငွေရောင်လက်စွပ်တစ်ခုပင်။ လက်စွပ်၏ မျက်နှာပြင်ကို နားမလည်နိုင်သော သင်္ကေတများဖြင့် ဖုံးအုပ်ထားပြီး မြင့်မြတ်သော အရှိန်အဝါတစ်ခုက ဖြာထွက်နေသည်။
“ဒါက…” ပင်လယ်ဝေလငါးဘိုးဘေး မျက်မှောင်ကြုတ်လိုက်သည်။
“ဒါက အမိန့်လက်စွပ်ပါ။ ကျွန်တော်တို့မျိုးနွယ်စုရဲ့ အထွတ်အမြတ်ရတနာဆိုလည်း မမှားပါဘူး။ ရည်ရွယ်ချက်ကတော့ အလွန်ရိုးရှင်းပါတယ်။ သတ်မှတ်ထားတဲ့ အကွာအဝေးအတွင်းရှိ သတ္တဝါအားလုံးကို ကျင့်ကြံမှုပျက်သုဥ်းစေတာပါပဲ"
စစ်ထူယန်သည် ထိုရတနာကို မိတ်ဆက်ပေးနေစဥ်အချိန်တွင် နှုတ်ခမ်းများမှာ ဂုဏ်ယူစွာကွေးညွှတ်ပြုံးရယ်လျက်။
“ကျင့်ကြံမှု ပျက်သုဥ်းစေတယ်?!!!”
ပင်လယ်ဝေလငါးဘိုးဘေးသည် ငွေရောင်လက်စွပ်ကို မယုံနိုင်စွာ စိုက်ကြည့်နေသည်။ သူ၏စိတ်အစဥ်မှာ ပင်လယ်လှိုင်းများကဲ့သို့ လှုပ်ခတ်နေခဲ့၏။
မည်သည့် ကျင့်ကြံသူမဆို မည်မျှ အင်အားကြီးသည်ဖြစ်စေ ကျင့်ကြံမှု ဆုံးရှုံးပျက်သုဥ်းသွားခြင်းသည် သာမန်လူတို့ မသန်စွမ်းဖြစ်သွားခြင်းနှင့် တူညီ၏။ သေဆုံးခြင်းထက်ပင် ဆိုးရွားသော ကူကယ်ရာမဲ့အခြေအနေမျိုးဖြစ်ကာ မည်သည့်အန္တရာယ်ကိုမှ ပြန်တွန်းလှန်နိုင်စွမ်း ရှိတော့မည်မဟုတ်။
အလင်းမျိုးနွယ်စုတွင် ထိုမျှ ဆိုးယုတ်ရက်စက်သော ရတနာမျိုး ရှိလိမ့်မည်ဟု သူ စိတ်ပင်မကူးဖူးခဲ့။
“ဒါက၊ ဒါက ထာဝရ ပျက်သုဥ်းစေမှာမျိုးလား?” ပင်လယ်ဝေလငါးဘိုးဘေး၏ ဦးရေပြားသည် ထူပူလာသည်။ သူ၏မျက်လုံးများတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေပြီး သတိကြီးစွာ မေးလိုက်သည်။
ထိုလက်စွပ်၏ အစွမ်းသတ္တိက မိမိထံဦးလှည့်လာမည်ကို ကြောက်ရွံ့စိုးရိမ်နေခြင်းပင်။
စစ်ထူယန်က ခေါင်းခါလိုက်သည်။ “လူကြီးမင်းကို စိတ်ပျက်မိစေပါပြီ။ ထိခိုက်ခံရတဲ့ ကျင့်ကြံသူမှန်သမျှ သူတို့ရဲ့ကျင့်ကြံမှုစွမ်းရည်ကို အလုံးစုံဆုံးရှုံးရမှာမှန်ပေမဲ့ အမွှေးတိုင်တစ်တိုင်စာလောက်သာ ကြာမြင့်မှာပါ။ အဲ့အချိန်ပြီးရင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါပဲ"
အမွှေးတိုင်တစ်တိုင်စာ အချိန်!
ဤအရေးကြီးသော သတင်းအချက်အလက်ကို ကြားသောအခါမှ ပင်လယ်ဝေလငါးဘိုးဘေး၏ ကြောက်ရွံ့ထိတ်လန့်သော အမူအရာသည် အတော်လေး လျော့ပါးသွားသည်။
သို့သော် ရိုးရိုးသားသားပြောရရင် အမွှေးတိုင်တစ်တိုင်စာ အချိန်မဆိုထားနှင့်။ ထိုစွမ်းအားကြီးပုဂ္ဂိုလ်တို့ သာမန်လူအဖြစ်နိမ့်လျှောသွားလျှင် သေရေးရှင်ရေးကို ဆုံးဖြတ်ကိုင်တွယ်ရန်အချိန်မှာ အသက်တစ်ရှူစာမျှသာ လိုအပ်ပေမည်။
“အရေးအကြီးဆုံးကတော့ ဒီရတနာကို အသက်သွင်းတဲ့အခါတိုင်း သူ့ရဲ့ စွမ်းအင်အားလုံးကို သုံးစွဲရပါတယ်။ ဒါကြောင့် အသုံးပြုပြီးနောက်မှာ နောက်တစ်ကြိမ် ပြန်လည်အသက်သွင်းဖို့ အနည်းဆုံး နှစ်ပေါင်း တစ်သောင်း လိုအပ်တယ်။ ဒါကြောင့် လူကြီးမင်းကို ရှေးဟောင်းစွမ်းအားရှင်တွေအားလုံး တစ်နေရာတည်းမှာ ရသမျှစုစည်းခိုင်းတာပါ"
“ကျွန်တော် သူတို့ကို တစ်ခါတည်းရှင်းပစ်ချင်တယ်!”
စစ်ထူယန်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“အဲ့လိုကိုး”
ပင်လယ်ဝေလငါးဘိုးဘေး ခေါင်းညိတ်လိုက်သည်။
ဤရတနာသည်သာ အထောက်အပံ့အဖြစ် တည်ရှိနေပါက ရှေးဟောင်းစွမ်းအားရှင် မည်မျှပင် ရောက်လာသည်ဖြစ်စေ ကြောက်ရွံ့စရာမရှိပေ။
ကြက်ကလေး ငှက်ကလေးများလို တစ်ခါတည်း သတ်ချလိုက်ရုံသာ ရှိမည်။
“ဒါဆိုရင် ရှေးဟောင်းစွမ်းအားရှင်တွေကို စုစည်းဖို့ အစီအစဥ်တစ်ခု စတင်ရေးဆွဲလိုက်ပါတော့မယ်။ ပြီးရင် စစ်ဆင်ရေးကို အစပြုလို့ရပါပြီ"
ပင်လယ်ဝေလငါးဘိုးဘေးက အပြုံးတစ်ခုဖြင့် လေသံမှာ အရိုးစိမ့်လောက်အောင် အေးစက်သည်။
ယခု ခွင်းလွင်ကမ္ဘာသည် ဆိုးရွားသောအခြေအနေတွင် ရှိနေပြီး အန္တရာယ်ပေါင်းသောင်းခြောက်ထောင်ကလည်း ဝန်းရံချောင်းမြောင်းလျက်ရှိ၏။ သူသည် ဤအခွင့်အရေးကို အသုံးချပြီး တာဝန်ကောင်းကောင်း ထမ်းဆောင်ပြနိုင်ပါက အလင်းမျိုးနွယ်စု၏ ယုံကြည်မှုကို ရရှိနိုင်ကာ အရေးပါအရာရောက်သော နေရာတစ်ခုကို အရယူနိုင်ပေမည်။
ဤသို့ဖြင့် အနာဂတ်တွင် မသေမျိုးဧကရာဇ်တစ်ပါး ဖြစ်လာဖို့ကိုပင် အိပ်မက်မက်နိုင်လေပြီ။
“စိတ်ကျေနပ်စရာ ပူးပေါင်းမှုပါပဲ” စစ်ထူယန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လက်ထဲရှိ အထွတ်အမြတ်ရတနာသည် သူ့ယုံကြည်မှု၏ အကြီးမားဆုံး အရင်းအမြစ်ဖြစ်သည်။
တကယ်တော့ ခွင်းလွင်ကမ္ဘာမှ ဒဏ္ဍာရီလာ ရှေးဟောင်းစွမ်းအားရှင်များမှာ အတော်လေး များပြားပြီး သူတို့တစ်ဦးချင်းစီ၏ ခွန်အားကိုလည်း အထင်သေးလို့မရပြန်။
သို့သော် အမိန့်လက်စွပ်၏ သက်ရောက်မှုဖြင့် သူတို့အားလုံးကို မနှိမ်နင်းနိုင်စရာ အကြောင်းမရှိ။
အမွှေးတိုင်တစ်တိုင်စာအချိန်သည် ထိုတောသားတစ်သိုက်ကိုသတ်ရန် လိုသည်ထက်ပင် ပိုနေပေဦးမည်။
ရုတ်တရက်။
အလွန် အားနည်းပြီး စိတ်ဓာတ်ကျနေဟန်ရှိသော အကျွမ်းတဝင်ရှိလှသည့် အသံတစ်ခုက စစ်ထူယန်၏ စိတ်ထဲ ပဲ့တင်ထပ်ဝင်ရောက်လာသည်။ “သခင်လေး၊ ထွက်ပြေးပါတော့… မြန်မြန်…”
“ဘာဖြစ်တာလဲ?”
စစ်ထူယန် ထိတ်လန့်တကြား မတ်တပ်ထရပ်လိုက်သည်။ သူ၏မျက်ခမ်းစပ်များ တုန်ယင်လာပြီး မကောင်းသော နိမိတ်တစ်ခုက စိတ်နှလုံးကို လွှမ်းမိုးသွားကာ ရေရွတ်လိုက်မိ၏။
“ကုလီ တစ်ခုခု ဖြစ်သွားပြီ။”