အစီအရင်ပျက်ရင် လူတွေသေမယ်
Vol. 34 Ch. 473
“ဟင်?!”
ကုလီ၏ မျက်နှာသည် မစင်စားလိုက်ရသလိုပင် ရှုံ့မဲ့တွန့်လိမ်သွားပြီး ဤသည်မှာ သာမန် ကောင်းကင်အဆင့်အစီအရင် တစ်ခုမဟုတ်ကြောင်း သိရှိလိုက်သည်။
“ဟမ့်၊ ကိုယ့်ကိုယ်ကို အထင်မကြီးနဲ့!”
“ငါ့ရဲ့ အင်အားအပြည့်အစုံကို သုံးလိုက်တာနဲ့ မကြာခင်မှာကွဲထွက်သွားမှာ အသေအချာပဲ!”
ကုလီ စိတ်ကို တည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းလိုက်သည်။ မြင့်မြတ်သော စွမ်းအင်အလင်းတန်းမှာ ပြန်လည်သက်ဝင်လာသာ သူ့နှာခေါင်းနှင့် ပါးစပ်တစ်ဝိုက်တွင် ဝေ့ဝဲနေသည်။ ဂလက်ဆီတစ်ခုကဲ့သို့ တောက်ပစင်ကြယ်သော အလင်းအစုအဝေးတစ်ခုသည် သူ၏လက်သီးတဝိုက်တွင် ပုံပေါ်လာပြီး ပြာသာဒ်ဆောင်ဆီသို့ ပြင်းပြင်းထန်ထန် ထိုးဖောက်ပြေးဝင်သွားပြန်၏။
ချက်ချင်းပင် အလင်းအစုအဝေးဖြင့် ဖုံးအုပ်ထားသော ငွေရောင်လက်သီးရာများသည် အလင်းမျက်နှာပြင်ပေါ်သို့ အစုလိုက်အပြုံလိုက် တန်းစီရောက်ရှိလာသည်။
အုံး အုံး အုံး အုံး…!!!
တစ်လုံးပြီးတစ်လုံး ပေါက်ကွဲနေသော အလင်းအစုအဝေးများသည် တကွဲတပြား ပြန့်ကျဲလွင့်ထွက်သွားကြ၏။ မိုးခြိမ်းသံတမျှ ကျယ်လောင်သော ပေါက်ကွဲသံများမှာ ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါလိုက်သကဲ့သို့ ရှိသဖြင့် တော်ဝင်နန်းတော်ရှိ လူတိုင်း မျက်နှာတို့ဖြူဖျော့သွားကာ ကြောက်လန့်စွာဖြင့် စိတ်နှလုံးတုန်ယင်လာရသည်။
“ပေါက်လိုက်စမ်း! ကွဲလိုက်စမ်း!” ကုလီ၏ တိုက်ပွဲစိတ်ဓာတ်သည် တက်ကြွအားကောင်းလာပြီး ပြင်းထန်သော မသေမျိုးစွမ်းအင်များ သူ၏လက်သီးများပေါ်တွင် အားမာန်အပြည့်ဖြင့် စုစည်းလာသည်။ ထို့နောက် မရေမတွက်နိုင်သော အလင်းအစုအဝေးများအဖြစ် ပြောင်းလဲသွားပြီး ကာရံထားသော အလင်းလွှာမျက်နှာပြင်အား နောက်တစ်ကြိမ်ထိုးနှက်ကြပြန်၏။
အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းပြီးချိန်လောက်တွင်။
နောက်ဆက်တွဲ လှိုင်းဂယက်များ ငြိမ်သက်သွားသောအခါ ပြာသာဒ်ဆောင်သည် လုံးဝ မပျက်စီးဘဲ ကျန်ရှိနေသည်။ ပတ်ဝန်းကျင်ရှိ အလင်းလွှာအစီအရင်မှာလည်း အထိအခိုက် အပွန်းအပဲ့ကင်းစွာ ရွှေရောင် တောက်ပနေပြီး ရွှေရောင်ပန်းကန်လုံးတစ်လုံးကဲ့သို့ မှောက်ချထားသကဲ့သို့ ပုံမပျက်တည်ရှိနေကာ မျက်နှာပြင်မှာ ခေါင်းမာမာနှင့် ခိုင်ခံ့နေဆဲပင်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!” ကုလီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်ဖြစ်သွားရသည်။
ယခုလေးတင် သူလုပ်ဆောင်ခဲ့သော ထိုးနှက်မှုကွင်းဆက်သည် အနည်းဆုံး ပဉ္စမ သို့မဟုတ် ဆဋ္ဌမအဆင့် ကောင်းကင်အဆင့် အစီအရင် တစ်ခုကိုတော့ ဖောက်ထွင်းနိုင်လိမ့်မည် ကျိန်းသေသည်။
သို့သော် ယခု၊ ဤ ကောင်းကင်အဆင့် အစီအရင်သည် မပျက်စီးဘဲ ကျန်ရှိနေဆဲပင်။
ဆိုလိုရင်းက ဘာများဖြစ်ပါမလဲ?
၎င်းသည် နဝမအဆင့် ကောင်းကင်အစီအရင် ဖြစ်သည် ဟုပင်!
တစ်ဖက်လူသည် စစ်မှန်သော နဝမအဆင့် ကောင်းကင်အစီအရင်ဆရာသခင် ဖြစ်သည်!
ထိုဂုဏ်ပုဒ်၏ အရေးပါပုံမှာ အံ့မခန်းကြီးမြတ်သည်ပင်။
“ဒီလူကိုသာ အခုမရှင်းလင်းနိုင်ဘူးဆိုရင် နောက်အခါ သခင်လေးအုပ်စိုးမယ့် ခွင်းလွင်ကမ္ဘာမှာ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာမှာ အမှန်ပဲ!”
“သစ္စာခံငယ်သားတစ်ယောက်အနေနဲ့၊ သခင်လေးရဲ့ စိုးရိမ်ပူပန်မှုတွေကို မျှဝေခွဲယူရမယ်!”
ကုလီ၏ မျက်လုံးများထဲရှိ သတ်ဖြတ်လိုစိတ်သည် ယခင်ကထက် ပိုမို ခိုင်မာလာသည်။
ပြာသာဒ်ဆောင် အတွင်း။
လူတိုင်းသည် ပြဇာတ်တစ်ခုကို အပျင်းပြေထိုင်ကြည့်နေသကဲ့သို့ အေးဆေးသက်သာစွာဖြင့်။
“ဟေး၊ ငှက်လူသား! မလာခင် ထမင်းမစားခဲ့ရဘူးလား? အားပိုသုံးပါဦး!” လီဝူကျယ်က လှောင်ပြောင်လိုက်သည်။
“အလင်းမျိုးနွယ်စုဆိုတာ ဒီလောက်ပဲတဲ့လား!” ဟုန်ချန်ယဲ့က မထီမဲ့မြင်ပြုသည်။
ယဲ့ကျွင်းလင်က လက်ဖက်ရည်ခွက်ကို အေးအေးဆေးဆေး ကောက်ယူလိုက်ပြီး တစ်ငုံသောက်လိုက်ကာ သက်ပြင်းချလိုက်သည်။ “ဟူး ဘာတွေဖြစ်နေတာလဲ? ငါ့လက်ဖက်ရည်တောင် အေးသွားပြီ။”
ထိုလူတစ်စု၏ လှောင်ပြောင်သော စကားလုံးတိုင်းမှာ ကုလီ၏ နားထဲသို့ အတားအဆီးမရှိ ရောက်ရှိသွားသည်။ ဒေါသတကြီးဖြင့် သူ၏မျက်နှာကြွက်သားများ တုန်ယင်လာသည်။ မျက်နှာမှာ ဝက်အသည်းကဲ့သို့ ခရမ်းပုပ်ရောင်ပြောင်းသွားကာ မျက်လုံးများက သွေးစီးကျတော့မတတ် နီရဲလာပြီး ခေါင်းထိပ်မှ အခိုးအငွေ့များပင် ပျံထွက်လာသည်။
“ကောင်းတယ်၊ အရမ်းကောင်းတယ်!”
“နဝမ အဆင့် ကောင်းကင်အဆင့် အစီအရင်ထဲမှာ ပုန်းနေရုံနဲ့ ဒီဘေးဆိုးကနေ လွတ်မြောက်နိုင်မယ်လို့ မထင်လိုက်နဲ့။ ငါတို့မျိုးနွယ်စုရဲ့ အဆင့်မြင့်ဆုံး မသေမျိုးကျင့်စဥ်ကို သုံးလိုက်တဲ့အခါ မင်းတို့အားလုံး အစီအရင်ပျက်ပြီး သေဖို့ပဲရှိမယ်။ စောင့်နေလိုက်ကြတော့!”
ကုလီမှာ ဒေါသတရှူးရှူးထွက်နေလေပြီ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် နက်နဲသော သင်္ကေတများ စုဝေးလည်ပတ်နေသည်။ သင်္ကေတ တစ်ခုစီသည် ငွေရောင်အလင်းဖြင့် တောက်ပနေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခုသည် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ယိမ်းထိုးပုံပျက်စေ၏။
“အလွှာအထပ်စုံ နတ်ဘုံအလင်း!”
ကုလီသည် လက်ဖြင့် အမှတ်အသားတစ်ခုကို ပြုလုပ်ပြီး ကြွေးကြော်အော်ဟစ်လိုက်သည်။
ရွှစ် ရွှစ် ရွှစ်~
ပြာသာဒ်ဆောင် ပတ်ပတ်လည်တွင် ထူထပ်သော စက်ဝိုင်းပုံမှန်များ စုစည်းလာသည်။ ၎င်းတို့၏ မျက်နှာပြင်သည် မျက်စိစူးလောက်အောင် ဖြူစင်တောင်ပြောင်သောအလင်းကို ထုတ်လွှတ်ပြီး အစီအရင်အလွှာအား တစ်ပြိုင်နက်တည်း ထိုးနှက်ကြကုန်၏။ မရေမတွက်နိုင်သော အလင်းတန်းများ ပြန့်ကျဲထိုးဖောက်နေကြပုံမှာ အလွန်အမြင်ဆန်းကာ မျက်စိပသာဒဖြစ်လှသည်။
ကုလီ၏ နှုတ်ခမ်းများသည် ရက်စက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ ဤသည်မှာ အလင်းမျိုးနွယ်စု၏ အထင်ရှားဆုံး နတ်ဘုရားစွမ်းရည် ဖြစ်ပြီး အဆင့်မြင့်ဆုံး မသေမျိုးကျင့်စဥ်လည်း ဖြစ်သည်။
မသေမျိုးကျင့်စဥ်များတွင် အဆင့်အမျိုးမျိုး ရှိကြောင်း သိထားရမည်။ အသေးစား မသေမျိုးကျင့်စဥ်များ၊ ကြီးမြတ်သော မသေမျိုးကျင့်စဥ်များ၊ ထူးခြားကျင့်စဥ်များနှင့် ပြိုင်ဘက်ကင်းကျင့်စဥ်များ ဟူ၍ ခွဲခြားထားသည်။
မသေမျိုးကျင့်စဥ်၏ အဆင့် မြင့်လေလေ၊ ၎င်း၏ စွမ်းအားသည် သဘာဝအရ ပိုမို အစွမ်းထက်လေလေဖြစ်၏။
ထို့အပြင် ကျင့်ကြံရန်လည်း ပိုမိုခက်ခဲလေလေ ဖြစ်သည်။
အကယ်၍ ကျင့်ကြံသူသည် အသုံးပြုသောကျင့်စဥ်အတွက် သင့်လျော်သော စွမ်းအားကို ထုတ်မပေးနိုင်ပါက ၎င်း၏ အာနိသင်သည် အဆင့်နိမ့် မသေမျိုးကျင့်စဥ်ထက်ပင် ပို၍ ဆိုးရွားနိုင်သည်။
ကုလီသည် မျိုးနွယ်စုမှ အဆင့်မြင့် မျိုးနွယ်ဝင်တစ်ဦးအနေဖြင့် အမျိုးမျိုးသော ကြီးမြတ်သော မသေမျိုးကျင့်စဥ်များကို ပြည့်စုံစွာ ကျွမ်းကျင်ပြီးဖြစ်၏။
အဆင့်မြင့် မသေမျိုးကျင့်စဥ် တစ်ခုကို တတ်မြောက်ကျွမ်းကျင်ထားလျှင်ပင် မရေမတွက်နိုင်သော မသေမျိုးဘုရင်အဆင့် ပုဂ္ဂိုလ်များအား ယှဥ်တိုက်နိုင်ဖို့ လုံလောက်သည်!
ကုလီသည် နဝမအဆင့် ကောင်းကင်အစီအရင် တစ်ခုသည်ပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးမှုဒဏ်ကို ခံနိုင်ရည်ရှိမည်မဟုတ်ဟု ယုံကြည်သည်။
တဝုန်းဝုန်း တဒိုင်းဒိုင်းအသံများ ဆူညံလျက်ရှိ၏။
အလွှာအထပ်စုံ နတ်ဘုံအလင်းသည် မျက်စိစုံမှိတ်လျှင်ပင် လွတ်မြောက်နိုင်စရာမရှိဘဲ လေးဘက်လေးတန်မှ ဗုံးကြဲသလို တိုက်ခိုက်နေခဲ့သည်။ အစီအရင်မျက်နှာပြင်တွင် ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး မြင်သာသော အက်ကြောင်းများလည်း တဖြည်းဖြည်း ပုံပေါ်လာသည်။
“ဟားဟားဟား၊ ဒီလိပ်ခွံက ကြာကြာ မခံနိုင်ဘူးဆိုတာ ငါသိတယ်!”
အစီအရင်ကို ဖျက်ဆီးနိုင်တော့မည့် မျှော်လင့်ချက်ရောက်ခြည်အား မြင်လိုက်သောအခါ ကုလီ၏ မျက်လုံးများသည် စိတ်လှုပ်ရှားစွာဖြင့် တောက်ပလာပြီး နောက်ထပ် အဆင့်မြင့် မသေမျိုးကျင့်စဥ်တစ်ခုကို ထပ်မံထုတ်သုံးလိုက်သည်။
“အလင်းဖွဲ့ တူ!”
ထိုကျင့်စဥ်သည် လီပေါင်းတစ်သန်းပတ်လည်ရှိ မသေမျိုးစွမ်းအင်ကို ခန်းခြောက်သွားအောင် စုပ်ယူလိုက်၏။ ထို့နောက် ကုလီ၏ ခေါင်းပေါ်တွင် ကြီးမားသော ငွေရောင် တူကြီးတစ်ချောင်း စုစည်းပုံပေါ်လာသည်။ တူကိုယ်ထည်တစ်ခုလုံး လက်ကိုင်ပါမကျန် ငွေရောင်အလင်းဖြင့် တောက်ပနေပြီး သူ၏ အရှိန်အဝါသည် နက်နဲခမ်းနားသည်။
“တစ်ချက်ထုရိုက်လိုက်တာနဲ့ ဒီ အစီအရင် ပျက်စီးမှာ သေချာတယ်!”
ကုလီ၏ နဖူးပေါ်တွင် ပဲစေ့ခန့်ရှိသော ချွေးစက်များ ပေါ်လာသည်။ ဤ မသေမျိုးကျင့်စဥ်သည် သူ၏စွမ်းအင်ကို များစွာ သုံးစွဲနေသည်မှာ အသိသာကြီးပင်။
မသေမျိုးကျင့်စဥ်၏ အဆင့်မြင့်လေလေ၊ ကျင့်ကြံသူ စွမ်းအင်ကုန်ခန်းလေလေဖြစ်၏။
သို့သော် အစီအရင်လွှာ ကွဲအက်ပြိုကျသွားချိန် အထဲမှ မာန်တက်နေသော ဆရာတပည့်တစ်သိုက်၏ ကြောက်လန့်တကြား အမူအရာများကို တွေ့မြင်ရတော့မည်ဟု တွေးလိုက်သောအခါ ကုလီသည် အရာအားလုံးကို စွန့်လွှတ်ဖို့ရာ အသင့်ဖြစ်နေလေပြီ။
ရွှစ်!
ထို့နောက် လူတိုင်း၏ စူးစိုက်ကြည့်ရှုမှုအောက်တွင် ဤကြီးမားသော ငွေရောင်တူကြီးသည် ပြာသာဒ်ဆောင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
ငွေရောင်တူကြီးနှင့် နှိုင်းယှဉ်လျှင် ပြာသာဒ်ဆောင်သည် ဖရဲသီးဘေးမှ ဆန်စေ့တစ်စေ့ကဲ့သို့ပင်၊ အရွယ်အစားမှာ ထိုမျှကွဲပြားခြားနားနေခဲ့သည်။
ဘုန်း!!!
ငွေရောင်တူကြီးသည် ပြာသာဒ်ဆောင်ကို ဖုံးအုပ်ထားသော ရွှေရောင် အလင်းမျက်နှာပြင်ပေါ်သို့ ကျရောက်သောအခါ မြေပြင်တစ်ခုလုံးကို လှုပ်ခါစေသော အသံကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့၏။
တစ်ခဏအတွင်း အက်ကြောင်းများ ရှိနေပြီးဖြစ်သော အလင်းမျက်နှာပြင်သည် နောက်ဆုံးတွင် ခံနိုင်ရည်မရှိတော့ဘဲ အပိုင်းပိုင်းကွဲကြေသွားသည်။
အဆင့်မြင့် ကြီးမြတ်သော မသေမျိုးကျင့်စဥ်၏ စွမ်းအားပါပင်။