← Chapters

ဘာကိစ္စ ရှိလို့လဲ ယွမ်ချီ

Vol. 57 Ch. 848

ဘာကိစ္စ ရှိလို့လဲ ယွမ်ချီ

Vol. 57 Ch. 848

ကျူးကဲ့ကျုံကောင်း၏ နောက်ဆုံးစကားများကို ကြားသောအခါ နိုင်ငံရေးရာ ခန်းမရှိ အရာရှိများလည်း လုချန်း နေဝင်ဆည်းဆာ ဓားဂိုဏ်းနှင့် တိုင်ချူးနတ်ဘုရားကျောင်းကို အဘယ်ကြောင့် ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့ကြသည်။

ကျူးကဲ့ကျုံကောင်းသည် ဧကရာဇ်ဘက်တွင် အပြည့်အဝ ရှိနေသည်ကို လူတိုင်းသိကြသည်။ ကျူးကဲ့ကျုံကောင်းက ရှနိုင်ငံတော်၏ နယ်မြေအတွင်းရှိ ဂိုဏ်းအင်အားစုအားလုံးကို ဖျက်သိမ်းရန် အကြံပြုခဲ့ခြင်းက ဧကရာဇ်၏ အစီအစဉ်ဖြစ်သည်မှာ ထင်ရှားသည်။

သို့သော် ဧကရာဇ်က အဘယ်ကြောင့် ဤသို့လုပ်ချင်ရသနည်း။

ထိုအချိန်တွင် လုချန်းက

“ဂိုဏ်းအင်အားစုအားလုံးကို ဖျက်သိမ်းရမယ်တဲ့လား။ အဲ့ဒါ ကောင်းတဲ့အကြံလို့တော့ မထင်ဘူး။ အဲ့ဒီလိုလုပ်ရင် ဘာအကျိုးကျေးဇူးတွေ ရမယ်ဆိုတာ ကျွန်တော့်ကို ပြောပြနိုင်မလား ပညာရှိကြီး။”

ကျူးကဲ့ကျုံကောင်းက

“ဝူနိုင်ငံတော်နဲ့ ကျူးနိုင်ငံတော်တို့ ကျဆုံးခဲ့ပြီ ဖြစ်ပေမဲ့ သူတို့ရဲ့ ကျန်ရှိနေတဲ့ အင်အားစုအချို့က သူတို့ရဲ့နိုင်ငံတွေကို ပြန်လည်တည်ထောင်ဖို့ မျှော်လင့်နေပြီး ဒီဂိုဏ်းအင်အားစုတွေထဲမှာ ပုန်းအောင်းနေကြပါတယ်။ သူတို့က ဒီဂိုဏ်းတွေကို အသုံးပြုပြီး တိတ်တဆိတ် အင်အားစုဆောင်းကာ ရှနိုင်ငံတော်ရဲ့ စောင့်ကြည့်မှုကနေ ရှောင်ရှားနေပါတယ်။”

“အကယ်၍ ကျွန်တော်တို့က ရှနိုင်ငံတော်မှာရှိတဲ့ ဂိုဏ်းအင်အားစုအားလုံးကို ဖျက်သိမ်းပြီး သူတို့တည်ရှိမှုကို တားမြစ်လိုက်မယ်ဆိုရင် အကြံအစည်ရှိသူတွေရဲ့ အဓိက ပုန်းအောင်းရာနေရာတွေလည်း ဆုံးရှုံးသွားပါလိမ့်မယ်။”

“ဒါက နိုင်ငံရဲ့ တည်ငြိမ်မှုအတွက် ပိုကောင်းပါလိမ့်မယ်။”

လုချန်းက

“သဘောပေါက်ပါပြီ။ အကျိုးကျေးဇူးက အရေးကြီးပေမဲ့ ဂိုဏ်းအင်အားစုတွေကို ဖျက်သိမ်းတာက အတော်လေး ခုခံမှုတွေနဲ့ ကြုံတွေ့ရမှာ သေချာပါတယ်။”

ကျူးကဲ့ကျုံကောင်းက

“မင်းကြီးသာ ဒီအဓိကအင်အားစုနှစ်ခုဖြစ်တဲ့ တိုင်ချူးနတ်ဘုရားကျောင်းနဲ့ နေဝင်ဆည်းဆာ ဓားဂိုဏ်းကို ဖျက်သိမ်းလိုက်မယ်။ ပြီးတော့ နိုင်ငံနှစ်နိုင်ငံရဲ့ ကျန်ရှိနေတဲ့ ဂိုဏ်းအင်အားစုတွေကို ရှာဖွေစစ်‌ဆေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်ပင်ကန့်သတ်လိုက်မယ်ဆိုရင် အများစုက သူတို့ဘာသာသူတို့ ဖျက်သိမ်းသွားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

အဓိက အင်အားစုတိုင်း၏ ခေါင်းဆောင်များသည် ထက်မြက်ကြသည်။ ကျူးကဲ့ကျုံကောင်း၏ အစီအစဉ်ကို အကောင်အထည် ဖော်လိုက်ပါက ဧကရာဇ်သည် ဂိုဏ်းအင်အားစုများကို ဖယ်ရှားရန် စိတ်ပိုင်းဖြတ်ထားကြောင်း လူတိုင်း သိလိမ့်မည်။ သူတို့က ဆက်လက်တည်ရှိရန် အတင်းအကျပ် လုပ်ခဲ့ပါက မလွဲဧကန် ပျက်စီးခြင်းနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ရှနိုင်ငံတော်၏ ဩဇာအာဏာ အထွတ်အထိပ်သို့ ရောက်နေချိန် ဖြစ်ပြီး ဧကရာဇ် လုချန်း၏ အာဏာသည်လည်း သမိုင်းတွင် မကြုံဖူးလောက်အောင် အထွတ်အထိပ်သို့ ရောက်ရှိနေသည်ဟု ဆိုနိုင်သည်။ မည်သည့်အင်အားစုကမှ ဤအချိန်တွင် သူ့ကို ဆန့်ကျင်ဝံ့မည် မဟုတ်ပေ။

ကျူးကဲ့ကျုံကောင်း၏ စကားကို နားထောင်သောအခါ အရာရှိများ၏ နဖူးပေါ်တွင် ချွေးပေါက်များ စိမ့်ထွက်လာသည်ကို ခံစားလိုက်ရသည်။ ယနေ့ ဆွေးနွေးမှုသည် ချွမ်နိုင်ငံတော်ကို တိုက်ခိုက်မည့် စစ်ဆင်ရေးနှင့်သာ ပတ်သက်လိမ့်မည်ဟု သူတို တွေးထားခဲ့ကြသည်။

ယင်းအစား ပညာရှင်ကြီးနှင့် ဧကရာဇ်တို့၏ စကားလမ်းကြောင်းက ရှနိုင်ငံတော် နယ်နိမိတ်အတွင်းရှိ ဂိုဏ်းအင်အားစုများကို ဖယ်ရှားခြင်းသို့ လျင်မြန်စွာ ပြောင်းသွားခဲ့သည်။ ကျန်ရှိနေသော အင်အားစုများ ပုန်းအောင်းဖို့ နေရာမရှိစေရန်ဟူ‌သော အကြောင်းပြချက်ကောင်းကိုလည်း ကျူးကဲ့ကျုံကောင်းက ပြောပြခဲ့ပြီးဖြစ်သည်။ သို့သော် အရေးကြီးဆုံး အကြောင်းပြချက်မှာ ထိုဂိုဏ်းများ၏ တည်ရှိမှုက မင်းဆက်၏ တည်ငြိမ်မှုကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေခြင်း ဖြစ်နိုင်သည်။

ဤလက်ရှိဂိုဏ်းများသည် လက်နက်များမှအစ လူအင်အားများအထိ အရာအားလုံးရှိသော နိုင်ငံငယ်လေးများကဲ့သို့ပင် ဖြစ်သည်။ ပေါင်းစည်းထားသော နိုင်ငံတစ်ခု၏ ဧကရာဇ်တစ်ဦးအနေနှင့် လုချန်းသည် ထိုသို့သောအင်အားစုများကို ရှနိုင်ငံတော်၏ မြေပေါ်တွင် တည်ရှိခွင့် လုံးဝပြုမည် မဟုတ်ပေ။

ထို့ပြင် လုချန်းသည် မြူခိုးဒေသရှိ အနာဂတ် ရန်သူများအတွက်လည်း ပြင်ဆင်နေခြင်း ဖြစ်သည်။

ဤကမ္ဘာ၏ အရင်းအမြစ်အားလုံးကို ပေါင်းစည်းခြင်းဖြင့်သာ မြူခိုးဒေသမှ အနာဂတ်ရန်သူများကို ရင်ဆိုင်ရာတွင် အနိုင်ရဖို့ ပိုကောင်းသော အခွင့်အရေးရှိလိမ့်မည်။

အမှန်တကယ်တော့ ယနေ့ နန်းတွင်းအစည်းအဝေးသည် ချွမ်နိုင်ငံတော်ကို သိမ်းပိုက်ခြင်း ကိစ္စအား အဓိကဆွေးနွေးသင့်ပြီး ရှနိုင်ငံတော်၏ ပြည်တွင်း ဂိုဏ်းအင်အားစုများကို ဖယ်ရှားခြင်းသည် နောက်ဆက်တွဲ ကိစ္စတစ်ရပ်အနေဖြင့်သာ ရှိသင့်သည်။

ကျူးကဲ့ကျုံကောင်း စကားဆုံးပြီးနောက် လုချန်း အတွေးများနေပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

ခန်းမဆောင်ကြီးတစ်ခုလုံးသည် အလွန်တရာ တိတ်ဆိတ်နေပြီး လူတိုင်းက လုချန်း၏ တုံ့ပြန်မှုကို စောင့်နေကြသည်။

ခဏအကြာတွင် လုချန်းက

“ဒါဆိုရင်တော့ ပညာရှင်ကြီး ကျူးကဲ့ အကြံပြုထားတဲ့အတိုင်း လုပ်ဆောင်ကြတာပေါ့။”

“ပညာရှင်ကြီး ကျူးကဲ့။ ဒီကိစ္စကို ခင်ဗျားလက်ထဲမှာပဲ အပ်ထားလိုက်မယ်။”

လူတစ်ဦးဦးက လူဆိုးလုပ်ရမည်ဖြစ်ပြီး ဧကရာဇ်အနေနှင့် သူ့သဘောဆန္ဒအတိုင်း ရန်သူများ မွေး၍ မရနိုင်ပေ။ ကျူးကဲ့ကျုံကောင်းက အဆိုပြုခဲ့သောကြောင့် သူပင်အမုန်းခံရမည်ဖြစ်သည်။

ရှနိုင်ငံတော် နယ်မြေတွင် ဂိုဏ်းအင်အားစုများစွာ ရှိနေပြီး သူတို့ကို ဖယ်ရှားရန် အဆိုပြုခဲ့သူ မည်သူမဆို သူတို့၏ ရန်သူ ဖြစ်လာလိမ့်မည်။

ဧကရာဇ် လုချန်းသည် တစ်နိုင်ငံလုံး၏ ငြိမ်းချမ်းရေးအတွက် ထိုသို့သော ထိရှလွယ်သည့် ကိစ္စများကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းမည် မဟုတ်ပေ။

ယခု ဧကရာဇ် လုချန်းသည် သူ၏အခန်းကဏ္ဍတွင် ပိုမိုကျွမ်းကျင်လာခဲ့သည်။ သူသည်လည်း အခြားသော ဧကရာဇ်များကဲ့သို့ပင် အာဏာကို ဆုပ်ကိုင်ရန်သာ သိသော အေးစက်ပြီး ကရုဏာ မရှိသေည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်ကိုပင် တစ်ခါတစ်ရံ သူ သံသယဝင်လာမိသည်။

လုချန်း စကားဆုံးသောအခါ ကျူးကဲ့ကျုံကောင်းက ချက်ချင်းပင် ဒူးထောက်လိုက်ပြီး

“အမိန့်ကို နာခံပါတယ်။”

ဂိုဏ်းများကို ဖယ်ရှားခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြီးနောက် လုချန်းသည် ခန်းမဆောင်ကြီးရှိ အရာရှိများကို တစ်ချက်ကြည့်လိုက်ပြီး

“ဒီကိစ္စကို ခဏထားလိုက်ပြီး ချွမ်နိုင်ငံတော်ကို သိမ်းပိုက်ဖို့ ဆွေးနွေးကြရအောင်။”

ဤစကားကို ကြားသောအခါ အရာရှိများ အံ့အားသင့်သွားကြသည်။ ဧကရာဇ်သည် ချွမ်နိုင်ငံတော်ကို တိုက်ခိုက်မည့် ရည်ရွယ်ချက်အား အကြောင်းပြချက်အဖြစ် အသုံးချကာ တစ်နိုင်ငံလုံးရှိ ဂိုဏ်းများကို လက်တွေ့အားဖြင့် စတင်တိုက်ခိုက်ရန် ရည်ရွယ်ထားသည်ဟု သူတို့ယူဆထားကြသည်။ သို့သော်် တစ်နိုင်ငံလုံးရှိ ဂိုဏ်းများကို ဖျက်သိမ်းရေးကိစ္စ ပြီးဆုံးသွားသောအခါ ဧကရာဇ်၏ စကားလမ်းကြောင်းက ပြန်ပြောင်းသွားခဲ့သည်။

ဧကရာဇ်၏အမြင်တွင် ဂိုဏ်းများကို ဖယ်ရှားခြင်းသည် အသေးအဖွဲ ကိစ္စတစ်ခုမျှသာ ဖြစ်နေခဲ့သလား။

အရာရှိများအတွက်မူ ဂိုဏ်းများကို ဖယ်ရှားခြင်း၏ ခက်ခဲမှုသည် မင်းဆက်တစ်ခုကို ချေမှုန်းရန် ခက်ခဲမှုထက် နည်းမည်မဟုတ်ပေ။ မင်းဆက်အသီးသီးတွင် ဂိုဏ်းအင်အားစုများစွာ ရှိနေသည်။ လျှို့ဝှက်လဝန်းနန်းတော်သည် ဂိုဏ်းများထဲတွင် အင်အားအကြီးဆုံးဟု သတ်မှတ်ခံထားရသော်လည်း သူတို့ထက် ပိုမိုအားကောင်းသော လျှို့ဝှက်အင်အားစုများ အခြားနိုင်ငံများအတွင်း၌ မရှိကြောင်းကို မည်သူကမှ သေချာ မပြောနိုင်ပေ။

သို့သော် ဧကရာဇ်က ဆုံးဖြတ်ချက်ကို ချပြီးဖြစ်သောကြောင့် အရာရှိများ လုပ်နိုင်သည့်အရာ မရှိတော့ပေ။ လုချန်း၏ အာဏာသည် အလွန်ကြီးမားသည်။ သူ စိတ်ဆုံးဖြတ်ပြီးသည်နှင့် မည်သည့်အရာရှိကမှ ဆက်လက်ဆန့်ကျင်ဝံ့ခြင်း မရှိပေ။

နန်းတွင်းအစည်းအဝေးတွင် ချွမ်နိုင်ငံတော်ကို တိုက်ခိုက်မည့် စစ်ပွဲနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးခဲ့သည်။ ဆွေးနွေးပြီးနောက်တွင် လုချန်းက စစ်သည်လေးသိန်းကို ချွမ်နိုင်ငံတော်နှင့် ရှနိုင်ငံတော် နယ်စပ်သို့ ဦးစွာစေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ချက်ချင်းတိုက်ခိုက်မည်တော့ မဟုတ်ပေ။ ယင်းအစား ချွမ်နိုင်ငံတော်အတွင်းသို့ စွမ်းအားရှိသူများအား စေလွှတ်ကာ ကပ်ရောဂါဆိုင်ရာ အခြေအနေကို ရှင်းလင်းစွာသိရှိပြီးမှသာ တိုက်ခိုက်ရန် ဖြစ်သည်။

ဟုတ်ပါသည်။ နယ်စပ်ကို တပ်များ စေလွှတ်ခြင်း၏ နောက်ထပ် အကျိုးကျေးဇူးတစ်ခုလည်း ရှိသေးသည်။

ချွမ်နိုင်ငံတော်၏ သာမန်ပြည်သူများသည် ကပ်ရောဂါကြောင့် ထိတ်လန့်နေကြပြီးသား ဖြစ်သည်။ ရှနိုင်ငံတော်က စစ်သည် ထောင်ပေါင်းများစွာကို သူတို့၏ နယ်စပ်သို့ စေလွှတ်လိုက်ကြောင်း သိရှိပါက သူတို့ ပို၍ပင် ထိတ်လန့်စိုးရိမ်လာမည်မှာ သေချာသည်။

ကပ်ရောဂါနှင့် ရှစစ်တပ်ဖိအားအောက်တွင် ချွမ်နိုင်ငံတော်၏ လူအချို့သည် ရှနိုင်ငံတော်ထံ လက်နက်ချအညံ့ခံဖို့ မုချဆုံးဖြတ်ကြလိမ့်မည်။ ဤနည်းဖြင့် ချွမ်နိုင်ငံတော်ကို သိမ်းပိုက်ရန် ရှနိုင်ငံတော် အနေနှင့် အလွန်အမင်း အားထုတ်စရာ မလိုအပ်တော့ပေ။

နန်းတွင်းအစည်းအဝေး ပြီးဆုံးသောအခါ နေ့လယ် ၂ နာရီ ရှိနေပြီ ဖြစ်သည်။ လုချန်းသည် စစ်တပ်ချီတက်ခြင်းနှင့်ပတ်သက်သည့် အစိုးရစာရွက်စာတမ်းအချို့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နန်းတွင်းစာကြည့်ခန်းသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

ထိုအချိန်တွင် အပြင်ဘက်မှ ပိုင်ချင်းချင်း၏ အသံထွက်ပေါ်လာသည်။

“စစ်သူကြီး ယွမ်ချီက တွေ့ခွင့် တောင်းပါတယ် မင်းကြီး”

ထိုစကားကို ကြားသောအခါ လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။

ထို့နောက် သူက

“ဝင်လာခဲ့”

ရွှမ်ယွမ်ယွမ်ချီ ယနေ့ ဘာကြောင့် ရောက်လာသည်ကို လုချန်း အနည်းနှင့်အများ ခန့်မှန်းမိခဲ့သည်။ ချွမ်နိုင်ငံတော်ကို တိုက်ခိုက်မည့် စစ်ပွဲတွင် သူမပါဝင်ချင်သည်မှာ ထင်ရှားသည်။

ထိုစဉ် အနက်ရောင်နှင့် ရွှေရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော ရွှမ်ယွမ်ယွမ်ချီ စာကြည့်ခန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သူမ၏ဆံပင်ကို မြင့်မြင့် စည်းထားသဖြင့် သူမ၏ ချောမွေ့ဖြူဖွေးသော နဖူးကို ဖော်ပြနေသည်။ သူမ၏ မျက်ခုံးများက ရဲရင့်သော စစ်သည်တော်တစ်ဦးပုံအား ပေါ်လွင် နေစေ၏။

အနက်ရောင်နှင့် ရွှေရောင် သံချပ်ကာဝတ်စုံသည် သူမ၏ လှပသော ခန္ဓာကိုယ်ကို စုံလင်စွာ ဖော်ပြနေသည်။

ဤသံချပ်ကာဝတ်စုံသည် ရွှမ်ယွမ်ယွမ်ချီနှင့် အလိုက်ဖက်ဆုံးဖြစ်သည်ဟု ပြောရမည်ပင်။

ရွှမ်ယွမ်ယွမ်ချီကို သူ၏မိဖုရားဆောင်သို့ ခေါ်ဆောင်ရန် လုချန်း အတော်ကြာကတည်းက စိတ်ကူးထားခဲ့သော်လည်း မလုပ်ဖြစ်ခဲ့ပေ။ ယင်းအစား သူမသည် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသောအခါ အလှပဆုံးဖြစ်သည်ဟု ခံစားရသောကြောင့် သူမအာ နန်းတွင်းကိုယ်ရံတော်များကို ဦးဆောင်စေခဲ့သည်။

ရွှမ်ယွမ်ယွမ်ချီကို လျင်မြန်စွာ ကြည့်လိုက်ပြီးနောက် လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ပြုံးရိပ်သမ်းသွားကာ

“ယွမ်ချီ။ မင်း ကိုယ့်ဆီ ဘာကိစ္စ ရှိလို့ လာတာလဲ”

All Chapters