← Chapters

မုယန်စီနှင့် လျှိုချင်းချိုတို့ ပူးပေါင်းခြင်း

Vol. 57 Ch. 850

မုယန်စီနှင့် လျှိုချင်းချိုတို့ ပူးပေါင်းခြင်း

Vol. 57 Ch. 850

မုယန်စီ၏ စကားကို ကြားပြီးနောက် လျှိုချင်းချိုက မျက်နှာတွင် မည်သည့် ခံစားချက်မျှ မပြပဲ

“နတ်ဘုရားမက ဘာကို ပြောချင်တာလဲ”

ဟု အေးဆေးစွာ မေးလိုက်သည်။

မုယန်စီက ချက်ချင်းပင်

“မိဖုရားခေါင်က ယွဲ့ဧကရာဇ်လို အဆုံးသတ်သွားတာမျိုးကို မလိုလားဘူး မဟုတ်လား။”

“လုချန်းဆိုတာ မိန်းမလှလေးတွေကို သဘောကျတဲ့ တဏှာသမားပဲ။ မိဖုရားခေါင်လို ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်က အိမ်ထောင်သည် ဖြစ်နေရင်တောင် သူ လွှတ်ပေးမှာ မဟုတ်ဘူး။”

“နောက်ပြီး မိဖုရားခေါင်က အပျိုစင် ဖြစ်နေသေးတယ်လေ။”

လျှိုချင်းချိုက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီးနောက်

“ဒီတော့ ရှင်က ဆွမ်ဧကရာဇ်ကို မနိုင်တော့ ကျွန်မကို အသုံးချဖို့ ကြံနေတာလား”

မုယန်စီက ပြုံးကာ

“အသုံးချတာ မဟုတ်ဘူး။ ချွမ်နိုင်ငံတော်က ရှနိုင်ငံတော်ရဲ့ တိုက်ခိုက်တာကို ခံရတော့မှာလေ။ ကျွန်မနဲ့ ပူးပေါင်းတာက ရှင်တို့ ကိုယ့်ကိုယ်ကို ကူညီတာနဲ့ အတူတူပဲ။”

“ရှင်က ဒီကမ္ဘာက မဟုတ်ပေမဲ့ ချွမ်နိုင်ငံတော်ကို သူများတွေ ဖျက်ဆီးသွားတာကိုတော့ မြင်ချင်မှာ မဟုတ်ဘူးလို့ ကျွန်မယုံကြည်ပါတယ်။”

ကျင့်စဉ်ကမ္ဘာမှ လာသည့် လျှိုချင်းချိုသည် ကိုယ်ပွားရုပ်အဖြစ်သာ ရောက်လာသော်လည်း ဤကမ္ဘာမှ ထွက်ခွာလိုသည်။ ဤကမ္ဘာမှ ထွက်ခွာရန် လုချန်းကို ထိပ်တိုက်ရင်ဆိုင်ရပေလိမ့်မည်။ ရန်သူ၏ ရန်သူသည် မိတ်ဆွေဖြစ်သည်။ သူတို့နှစ်ဦး နောက်ဆုံးတွင် အာကာသလမ်းကြောင်းအတွက် တိုက်ခိုက်ကြမည် ဖြစ်သော်လည်း ယခုအချိန်အချင်းချင်း တိုက်ခိုက်ပါက လုချန်း၏ တစ်ယောက်ပြီးတစ်ယောက် ဖယ်ရှားခြင်းကို ခံရဖွယ်ရှိသည်။

လျှိုချင်းချိုက ပေါ့ပေါ့ပါးပါးပင်

“ဆွမ်ဧကရာဇ်ကို ကျွန်မ တစ်ယောက်တည်း ရင်ဆိုင်နိုင်ပါတယ်။ တခြားသူတွေရဲ့ အကူအညီကို မလိုပါဘူး။ ရှင်ကိုသာ ကျွန်မ အတွက်အတော်လေး အန္တရာယ်ရှိတယ်လို့ ထင်တယ်။”

ဤကမ္ဘာက မုယန်စီ၏ စစ်မှန်သော စွမ်းအားကို ထိန်းချုပ်ထားသော်လည်း လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ နတ်ဘုရားမဟု ခေါ်ဆိုခံရသည့်သူသည် အနည်းဆုံး ကောင်းကင်လူသားအဆင့်ထက် အဆင့်မြင့်ကြောင်း လျှိုချင်းချို ခံစားမိသည်။ သူမသည် သာမန် ကောင်းကင်လူသား စွမ်းအားရှင် မဟုတ်ပေ။ သူတို့နှစ်ဦးသည် လုချန်းကို အနိုင်ယူရန် ပူးပေါင်းကြသော်လည်း နောက်ဆုံးတွင် ရန်သူများ ဖြစ်လာကြပေလိမ့်မည်။ သူတို့နှစ်ဦးကြားတွင် စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုဆိုသည်မှာ မဖြစ်နိုင်ပေ။

မုယန်စီက

“ရှင့်ရဲ့ အာရုံခံနိုင်စွမ်းက အတော်လေး မှန်ကန်ပါတယ်။”

“ဆွမ်ဧကရာဇ်ကို ရှင်တစ်ယောက်တည်း ရင်ဆိုင်နိုင်မယ်လို့ တွေးတာနဲ့ပတ်သက်ရင်တော့ ရှင့်မှာ အဲဒီစွမ်းရည်ရှိမယ် မထင်ဘူး။ သူ့မှာ မြေအဆင့် စိတ်ဝိညာဉ်လက်နက် ရှိတယ်။ အဲဒီလက်နက်က သခင်ကို ရွေးချယ်ပြီးသား ဖြစ်တယ်။ မြေအဆင့် စိတ်ဝိညာဉ်လက်နက်ရဲ့ အဓိပ္ပာယ်ကို ရှင်နားလည်မယ်လို့ ကျွန်မ ယုံတယ်။”

“ရှင့်မှာလည်း မြေအဆင့်လက်နက် မရှိရင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။”

“ပြောသင့်တာတွေကို ကျွန်မပြောပြီးပြီ။ ကျွန်မနဲ့ ပူးပေါင်းမလားဆိုတာ ရှင့်ဘာသာရှင် ဆုံးဖြတ်ပါ။”

မုယန်စီ၏ စကားကို ကြားပြီးနောက် လျှိုချင်းချို အတွေးထဲ နစ်မြောသွားသည်။ ဆွမ်ဧကရာဇ်တွင် မြေအဆင့် လက်နက် အမှန်တကယ် ပိုင်ဆိုင်ပါက သူ့ကို တစ်ယောက်တည်း ရင်ဆိုင်ရန် အမှန်ပင် ခက်ခဲသော အလုပ် ဖြစ်လိမ့်မည်။ သို့သော်လည်း...

လျှိုချင်းချို၏ အကြည့်က မုယန်စီထံသို့ ရောက်ရှိသွားသည်။ သူမသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပြားချပ်သည့် ဝမ်းဗိုက်သားကို ဖော်ထုတ်ထား၏။ သူမ၏ ခြေချင်းဝတ်တွင် ခေါင်းလောင်းသည် စိတ်စွမ်းအားလက်နက်တစ်ခု ဖြစ်ပုံရသည်။ သူမ၏ ပုံပန်းသဏ္ဌာန်အရ သူမသည် ဂိုဏ်းတခုမှ တပည့်တစ်ဦး ဖြစ်နိုင်ဖွယ်မရှိပေ။

ထို့နောက် လျှိုချင်းချိုက

“ရှင်က ဘယ်ကမ္ဘာကလဲ”

မုယန်စီက မဆိုင်းမတွပင်

“ရွှေယွမ်ကမ္ဘာကပါ”

သူမ၏ အဖြေကို ကြားပြီးနောက် လျှိုချင်းချို ခဏခန့် စဉ်းစားလိုက်သည်။ ထိုကမ္ဘာနှင့် ပတ်သက်ပြီး သူမ အထူးတလည် သိထားခြင်း မရှိပေ။ ထိုအချက်က ရွှေယွမ်ကမ္ဘာသည် အထူးအင်အားကြီးမားသည့် ကမ္ဘာမဟုတ်ကြောင်း ပြသနေသည်။

ထို့နောက် လျှိုချင်းချိုက

“ကောင်းပြီ။ ကျွန်မတို့ ပူးပေါင်းနိုင်ပါတယ်။”

လုချန်း၏ လက်ကို အသုံးပြုပြီး လွင်ပြင်ဒေသ နတ်ဘုရားမကိုပါ ရှင်းပစ်နိုင်မည်ဆိုလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်ဟု လျှိုချင်းချို တွေးလိုက်သည်။

ထိုအချိန်တွင် လျှိုချင်းချို၏ နောက်မှ အရိပ်တစ်‌ခု ပေါ်လာသည်။

“မိဖုရားခေါင်။ ရှနိုင်ငံတော်က သူလျှိုတွေ အများကြီး ချွမ်နိုင်ငံတော်ထဲကို စေလွှတ်လိုက်တာကို တွေ့ရှိထားပါတယ်။ သူတို့ မကြာခင်မှာ ကျွန်တော်တို့အပေါ် စစ်ကြေညာဖို့ များပါတယ်။”

ထိုစကားကို ကြားပြီးနောက် လျှိုချင်းချိုက အေးစက်စက် ရယ်လိုက်သည်။

“ဆွမ်ဧကရာဇ်က တကယ်ပဲ အလျင်လိုနေတာပဲ။ ချွမ်နိုင်ငံတော်က ကူးစက်ရောဂါ မငြိမ်သေးခင်မှာတောင် ငါတို့ကို တိုက်ဖို့ စဉ်းစားနေတာပဲ။”

မုယန်စီသည် ပြုံးကာ

“ကူးစက်ရောဂါက ရှနိုင်ငံတော်အတွက် အကောင်းဆုံး အခွင့်အရေး မဟုတ်ဘူးလား။ ရောဂါက ပြန့်နှံ့နေတော့ ချွမ်နိုင်ငံတော်မှာ ဘာတိုက်ခိုက်နိုင်စွမ်း ရှိသေးလို့လဲ။ ရှနိုင်ငံတော်က ဘာမှ လုပ်စရာမလိုပဲ နယ်မြေတစ်ခုလုံးကို အလွယ်တကူ သိမ်းပိုက်နိုင်တယ်။”

လျှိုချင်းချိုက အေးဆေးတည်ငြိမ်စွာဖြင့်

“သူသာ ချွမ်နိုင်ငံတော်ကို သိန်းပိုက်နိုင်မယ်လို့ ထင်ရင် သူ့ကိုယ်သူ အရမ်းအထင်ကြီးလွန်းနေပြီ။”

“ရှင်က ကျူးနိုင်ငံတော်နဲ့ စစ်ပွဲမှာ ပါဝင်ခဲ့တာဆိုတော့ ဆွမ်ဧကရာဇ် အသုံးပြုတဲ့ လက်နက်မှာ ဘာထူးခြားချက် ရှိလဲဆိုတာ ကျွန်မကို ပြောပြပါ။”

လျှိုချင်းချိုသည် ဆွမ်ဧကရာဇ်ကို ရှုံးမည်ဟု မထင်သော်လည်း သူ့ကို အထင်မသေးပေ။ သူသည် ဝူနိုင်ငံတော်နှင့် ကျူးနိုင်ငံတော်ကို အနိုင်ယူနိုင်ခဲ့ပြီး လွင်ပြင်ဒေသ နတ်ဘုရားမကိုပင် ကြောက်လန့်စေခဲ့သည်။ ထိုအရာက သူ့တွင် အရည်အချင်း အချို့ ရှိသည်ဟု သက်သေပြနေသည်။ သူမ၏ ကိုယ်ပိုင်အစီအစဉ်များ အောင်မြင်ရန်အတွက် လုချန်း သေရမည် ဖြစ်သည်။

မုယန်စီက

“အဲဒီလက်နက်က အလင်းတန်းတွေကို ပစ်လွှတ်နိုင်ပြီး အလင်းတန်းတခုက ကျွန်မရဲ့ နည်းဗျူဟာ ပုံစံကို ဖောက်ထွင်းနိုင်လောက်အောင် အားကောင်းတယ်။ အလင်းတန်းတွေက ယွဲ့ဧကရာဇ် ပစ်လွှတ်လိုက်တဲ့ ဓားစွမ်းအားစုကိုလည်း အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်။”

မုယန်စီ၏ အဖြေကို ကြားပြီးနောက် လျှိုချင်းချို၏ မျက်ခုံးများ ခဏခန့် တွန့်သွားသည်။ သူမသည် မြေအဆင့် လက်နက်၏ စွမ်းအားကို သိသော်လည်း မုယန်စီ၏ ဖော်ပြချက်အရ ထိုလက်နက်၏ စွမ်းအားကို သူမ အထင်သေးခဲ့ကြောင်း ထင်ရှားနေသည်။ သူမတွင် ကိုယ်ပိုင် မြေအဆင့် လက်နက် မရှိခြင်းက အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။

ထိုအခိုက်တွင် လျှိုချင်းချိုက

“ရှင် ဒီကမ္ဘာကို ဘယ်လို ရောက်လာလဲဆိုတာ ကျွန်မ အရမ်း သိချင်နေတယ်။”

မုယန်စီက

“အတိုင်းအဆမဲ့ ပင်လယ်ထဲမှာ ပန်းနီ ရထားတစ်စင်းကို တွေ့လို့ သိချင်စိတ်နဲ့ လိုက်သွားလိုက်တာ အဲဒီ ပန်းနီ ရထားက အချိန်နှင့်နေရာ ရှုပ်ထွေးမှုကို ဖြစ်စေပြီး ကျွန်မကို မြူခိုးဒေသ ရောက်စေခဲ့တယ်။ အဲဒီကမှတစ်ဆင့် ဒီအောက်ကမ္ဘာကို ရောက်လာတာပဲ။”

ထိုအချိန်တွင် မုယန်စီက လျှိုချင်းချိုကို တစ်စောင်းကြည့်လိုက်ပြီး

“ရှင် ဒီကမ္ဘာကို ဘယ်လို ရောက်လာလဲဆိုတာကိုလည်း ကျွန်မ နည်းနည်း သိချင်တယ်။ ကိုယ်ပွားရုပ်ကို ဖန်တီးနိုင်တဲ့သူက အနည်းဆုံး နတ်ဘုရားအဆင့် ပြောင်းလဲခြင်း အဆင့်နယ်ပယ်မှာရှိတယ်။ နတ်ဘုရားအဆင့် ပြောင်းလဲခြင်းအဆင့်နယ်ပယ်မှာရှိတဲ့ သူတစ်ယောက်ရဲ့ ကိုယ်ပွားရုပ်က အောက်ကမ္ဘာကို ရောက်ပြီး ပြန်မထွက်နိုင်ဘူးဆိုတာ တခြားသူတွေကို ပြောရင်တောင် ယုံမှာ မဟုတ်ဘူးထင်တယ်။”

လျှိုချင်းချိုက

“ကျွန်မက နတ်ဘုရားအဆင့် ပြောင်းလဲခြင်းအဆင့်နယ်ပယ်က ကိုယ်ပွားရုပ်ဖြစ်တယ်ဆိုတာ သိလျက်နဲ့ ကျွန်မကို နည်းနည်းလေးမှ မကြောက်တာက ရှင့်နောက်ခံကလည်း မရိုးဘူးဆိုတာ ပြနေတယ်။”

ထိုအချိန်တွင် လျှိုချင်းချိုက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး

“ရှင်ပြောတဲ့ ပန်းနီရထားကို ကျွန်မလည်း မြင်ခဲ့တယ်။ ကျွန်မက သေးငယ်တဲ့ ကမ္ဘာတစ်ခုကို လေ့လာတုန်း အဲဒီ ပန်းနီရထားနဲ့ တွေ့ခဲ့တာ။ အဲဒါက မြေအောက်ကနေ ထွက်လာတဲ့ ရတနာတစ်ခုလို့ ထင်ပြီး သိမ်းပိုက်ဖို့ ကြံခဲ့တာ။ ဒါပေမဲ့ မထင်မှတ်ပဲ ပန်းနီရထားက အချိန်နှင့်နေရာ လမ်းကြောင်းတစ်ခုကို ဖွင့်လိုက်ပြီး ကျွန်မကို စုပ်ယူသွားခဲ့တယ်။ ဒါတင်မကဘူး ကျွန်မရဲ့ ပင်မကိုယ်နဲ့ပါ အဆက်အသွယ် လုံးဝ ပြတ်တောက်သွားပြီ။”

ဒါက…

နတ်ဘုရားအဆင့် ပြောင်းလဲခြင်းအဆင့်ရှိသူတစ်ဦး၏ ကိုယ်ပွားရုပ်တစ်ရုပ် ဤကမ္ဘာမှ မထွက်ခွာနိုင်သည်မှာ အံ့သြစရာ မဟုတ်ဟု မုယန်စီ တွေးလိုက်သည်။ ဤကိုယ်ပွားရုပ်သည် သူမ၏ ပင်မကိုယ်နှင့် အဆက်အသွယ် လုံးဝပြတ်တောက်သွားခဲ့ပြီဖြစ်သည်။

အလွန်ထူးဆန်းသောဖြစ်စဉ်တစ်ခု ဖြစ်သည်။ ကိုယ်ပွားရုပ်နှင့် ပင်မကိုယ်ကြားမှ အဆက်အသွယ် အားလုံးကို ဖြတ်တောက်နိုင်သည့် ဤကမ္ဘာသည် မည်သို့သော ကမ္ဘာမျိုး ဖြစ်သနည်း။

သူမသည် ဤကမ္ဘာကို မပြည့်စုံသော နိယာမများရှိသည့် အောက်ကမ္ဘာတစ်ခုမျှသာဟု ယခင်က ထင်ခဲ့သည်။ သူမ မသိသေးသော လျှို့ဝှက်ချက်များ ရှိလိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့ပေ။

ထို ပန်းနီရထားက အဘယ်အရာနည်း။ အဘယ်ကြောင့် သူတို့နှစ်ဦးကို ဤကမ္ဘာသို့ ခေါ်ဆောင်လာခဲ့သနည်း။

ရုတ်တရက် မုယန်စီ၏ ကျောရိုး တစ်လျှောက် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ တစ်စုံတစ်ယောက်က သူမကို စောင့်ကြည့်နေသကဲ့သို့ ဖြစ်သည်။ သို့သော်လည်း ဤအရာအားလုံးက တိုက်ဆိုင်မှုမျှသာ ဖြစ်နိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။

All Chapters