← Chapters

ကပ်ရောဂါကို ဖြေရှင်းရန် နည်းလမ်းရှိသည်

Vol. 57 Ch. 852

ကပ်ရောဂါကို ဖြေရှင်းရန် နည်းလမ်းရှိသည်

Vol. 57 Ch. 852

ချွမ်နိုင်ငံတော်၏ အခြေအနေသည် အတော်ပင် ရှုပ်ထွေးသည်။ သူတို့နှင့် စစ်ပွဲကို ပိုမိုမြန်မြန် အဆုံးသတ်နိုင်ရန် ဤစစ်ဆင်ရေးကို လုချန်း ကိုယ်တိုင်ဦးဆောင်ရန် စီစဉ်ထားသည်။

သို့သော် ယခုတစ်ကြိမ်သည် ယခင် ကျူးနိုင်ငံတော်ကို တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးနှင့် မတူပေ။ အရာရှိများစွာသည် လုချန်း၏ ကိုယ်တိုင်ပါဝင်မှုကို ဆန့်ကျင်ခဲ့ကြသည်။

နောက်ထပ် နန်းတွင်းအစည်းအဝေးတစ်ခုတွင် အရာရှိများစွာ ထရပ်ပြီး သူ့ကို အကြံပေးကြသည်။

လင်ကောင်းယွမ်က နိုင်ငံရေးရာ ခန်းမအလယ်တွင် ရပ်ကာ

“မင်းကြီး။ ချွမ်နိုင်ငံတော်မှာ ကပ်ရောဂါက ပြင်းထန်နေပါသေးတယ်။ မင်းကြီး ကိုယ့်ကိုယ်ကိုယ် အန္တရာယ် မပြုသင့်ပါဘူး။”

လင်ကောင်းယွမ်သာမက တခြားဝန်ကြီးများစွာကလည်း လုချန်းအနေနှင့် ရှေ့တန်းတွင် ကိုယ်တိုင် ရှိနေရန် မလိုအပ်ဟု ခံစားကြရသည်။ ရန်ခရိုင်သို့ ရောက်ရှိပြီးနောက် လင်ကောင်းယွမ် လုချန်း၏ ဆုံးဖြတ်ချက်များကို ဆန့်ကျင်ခဲ့သည်မှာ ရှားသည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ လုချန်း အလွန်အမင်း ပေါ့ဆနေသည်ဟု သူ အမှန်တကယ် ခံစားရသည်။

ကပ်ရောဂါသည် မည်သည့်အချိန်တွင် ဖြစ်ပွားနိုင်သည်ကို ခန့်မှန်း၍ မရပေ။ လုချန်း ချွမ်နိုင်ငံတော်သို့ သွားလျှင် ကပ်ရောဂါ ကူးစက်မည် မဟုတ်ဟု မည်သူမှ မပြောနိုင်ပေ။ လုချန်းကို တစ်ခုခု ဖြစ်သွားပါက မည်သို့လုပ်မည်နည်း။

ကမ္ဘာကြီးကို စုစည်းမည့်လုပ်ငန်းစဉ် ပြီးမြောက်လုနီးပါး ဖြစ်နေချိန်တွင် သူ့ကိုယ်သူ တစ်ခုခု ဖြစ်သွားအောင် လုချန်း မလုပ်သင့်ပေ။

အရေးအကြီးဆုံးအချက်မှာ သူသည် အဓိကမင်းဆက်များ၏ နယ်မြေများအတွင်းရှိ ဂိုဏ်းများအားလုံးကို ဖယ်ရှားရန်လည်း စီစဉ်ထားသည်။ လုချန်း တစ်ခုခု ဖြစ်သွားပါက ထိုဂိုဏ်းများကို ဖိနှိပ်နိုင်မည့်သူ မရှိတော့ပေ။ ထိုဂိုဏ်းများ ပုန်ကန်ပါက မကြာသေးမီကမှ တစ်စုတည်း ဖြစ်လာသည့် ကမ္ဘာကြီး နောက်တစ်ကြိမ် ပြိုကွဲသွားပေလိမ့်မည်။

လုချန်းအတွက် ယခုအချိန်တွင် အရေးကြီးဆုံးအလုပ်မှာ စစ်ပွဲကို ကိုယ်တိုင်ဦးဆောင်ရန် မဟုတ်ပဲ ရန်ခရိုင်တွင် နေပြီး နောက်ကွယ်မှ လျှို့ဝှက်ကြံစည်မည့်သူများကို အနီးကပ် စောင့်ကြည့်ရန် ဖြစ်သည်။

လုချန်း၏ အကြည့်က အခန်းအလယ်တွင် သူ့ကို တားမြစ်နေသည့် အရာရှိများထံ ရောက်ရှိသွား၏။ သူက ဘာမှ ပြန်မပြောပေ။

ထို့နောက် နောက်ထပ် အရာရှိတစ်ဦးက ထွက်လာပြီး

“မင်းကြီး ပထမ တစ်ခေါက်တုန်းက ကျူးနိုင်ငံတော်ကို တိုက်ခိုက်ဖို့ ရှေ့တန်းကို မင်းကြီး ကိုယ်တိုင်သွားတာဟာ ကျူးနိုင်ငံတော်မှာ ကောင်းကင်လူသား စွမ်းအားရှင်တွေကို ခုခံနိုင်တဲ့ နည်းဗျူဟာ ပုံစံရှိလို့ပါ။ ဒါပေမဲ့ ချွမ်နိုင်ငံတော်က သာမန် စစ်အင်အားရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ချွမ်နိုင်ငံတော်ကို တိုက်ခိုက်ခြင်းဟာ ရိုးရှင်းတဲ့ ကိစ္စတခု ဖြစ်တဲ့အတွက် ကောင်းကင်လူသား စွမ်းအားရှင် နှစ်ဦးကို လွှဲအပ်ထားနိုင်ပါတယ်။ မင်းကြီး ကိုယ်တိုင် လုပ်ဆောင်ဖို့ မလိုအပ်ပါဘူး။”

သူတို့၏ အကြံဉာဏ်များကြားသော်လည်း လုချန်းက‌တော့ တိတ်ဆိတ်နေမြဲဖြစ်သည်။ သူက ခန်းမကြီးအတွင်းရှိ အရာရှိများကို နောက်တစ်ကြိမ် ထပ်မံကြည့်ရှုလိုက်သည်။

လုချန်း မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ အရာရှိများ ပို၍ ထရပ်လာပြီး သူ့ကို ကိုယ်တိုင်စစ်မထွက်ရန် အကြံပေးကြသည်။ ထိုအချိန်တွင် သူတို့၏ အကြည့်များစွာက ကျူးကဲ့ကျုံကောင်းထံသို့ ရောက်ရှိသွားသည်။

ကျူးကဲ့ကျုံကောင်းသည် ဧကရာဇ်နှင့် အရင်းနှီးဆုံး ဆက်ဆံရေး ရှိသူဖြစ်သည်။ သူသာ လုချန်းကို အကြံပေးရန် ရှေ့သို့ တက်လာပါက လုချန်းလည်း စစ်ဆင်ရေးကို ကိုယ်တိုင်ဦးဆောင်ခြင်းကြောင့် ဖြစ်လာနိုင်သည့် ရှုပ်ထွေးမှုများကို စဉ်းစားလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ကျူးကဲ့ကျုံကောင်းသည် သူနှင့် ဘာမှမသက်ဆိုင်သကဲ့သို့သူ၏ နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။

ခဏအကြာတွင် အခြားမည်သူမှ ထပ်၍ မတိုက်တွန်းတော့သည်ကို လုချန်း မြင်သောအခါ နောက်ဆုံးတွင် လုချန်း စကားစပြောလာသည်။

“ကျန်တော့်ရဲ့ ချစ်လှစွာသော ဝန်ကြီးများ။ ခင်ဗျားတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော် နားလည်ပါတယ်။”

“ဒါပေမဲ့ လွင်ပြင်ဒေသ နတ်ဘုရားမကို ခင်ဗျားတို့ မေ့နေပုံရတယ်။ ကျွန်တော် ရရှိထားတဲ့ ထောက်လှမ်းရေး အစီရင်ခံစာအရ သူအခု ချွမ်နိုင်ငံတော်ကို ရောက်နေပြီ။”

“ကျူးနိုင်ငံတော်က နည်းဗျူဟာ ပုံစံဟာ လွင်ပြင်ဒေသ နတ်ဘုရားမ ယူဆောင်လာခဲ့တာပါ။ ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ သူသာ ချွမ်နိုင်ငံတော်နဲ့ ပူးပေါင်းရင် ရှစစ်တပ်က အဲ့ဒီ နည်းဗျူဟာ ပုံစံတွေကို ထပ်ပြီး ရင်ဆိုင်ရနိုင်ခြေ မရှိဘူးလား။”

“ကောင်းကင်လူသား စွမ်းအားရှင် နှစ်ယောက်တည်းကိုပဲ ချွမ်နိုင်ငံတော်ကို စေလွှတ်လိုက်ပြီး နည်းဗျူဟာ ပုံစံကို ဟန့်တားထားမယ်ဆိုရင် ရှနိုင်ငံတော်ဘက်မှာ အားနည်းချက်တွေ ရှိသွားလိမ့်မယ်။”

“နည်းဗျူဟာ ပုံစံ မရှိရင်တောင် လွင်ပြင်ဒေသ နတ်ဘုရားမရဲ့ စွမ်းအားအရ ကောင်းကင်လူသား စွမ်းအားရှင် နှစ်ယောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်စွမ်းအားမရှိဘူးလို့ ပြောလို့မရပါဘူး။”

လုချန်း၏ စကားကို ကြားသောအခါ ခန်းမတစ်ခုလုံး အံ့အားသင့်စွာ တိတ်ဆိတ်သွားသည်။ လွင်ပြင်ဒေသ နတ်ဘုရားမ ချွမ်နိုင်ငံတော်သို့ သွားရောက်ခဲ့သည်ကို အရာရှိများစွာ မသိခဲ့ကြပေ။ ထို့ကြောင့် သူ့တို့က လုချန်းကို မသွားရန် တိုက်တွန်းခဲ့ကြခြင်း ဖြစ်သည်။

သို့သော် လုချန်းက ဤအချက်အလက်အသစ်ကို ထုတ်ဖော်လိုက်သောအခါ သူတို့၏ စိတ်နှလုံးများ စတင်တုန်လှုပ်လာသည်။ လွင်ပြင်ဒေသ နတ်ဘုရားမသာ ချွမ်နိုင်ငံတော်သို့ အမှန်တကယ် သွားခဲ့ပါက ချွမ်နိုင်ငံတော် တပ်မတော်သည် နည်းဗျူဟာ ပုံစံများကို အသုံးပြုနိုင်ခြေ အလွန်ရှိနေသည်။

ထို့ပြင် လွင်ပြင်ဒေသ နတ်ဘုရားမ ကိုယ်တိုင်ကလည်း အလွန်အင်အားကြီးမားသည်။ သူမကို ရင်ဆိုင်ရန် သူတို့၏ ဧကရာဇ် ကိုယ်တိုင် လုပ်ဆောင်ရန် လိုအပ်လိမ့်မည် ဖြစ်သည်။

ယခု ရှ နိုင်ငံတော်တွင် လုချန်းအား စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြသည်။ သူ၏စွမ်းအားသည်ကောင်းကင်လူသား စွမ်းအားရှင်များ ထက်ပင် သာလွန်သည်ဟု ယူဆကြသည်။ အထူးသဖြင့် ကျူးနိုင်ငံတော်နှင့် တိုက်ပွဲပြီးနောက် ရှနိုင်ငံတော်၏ စစ်သည်များသည် လုချန်း၏ စစ်မှန်သော စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ကြသည်။

ယခုအခါ နန်းတွင်းတစ်ခုလုံး၊ အရပ်ဘက်နှင့် စစ်ဘက်နှစ်ခုစလုံးက လုချန်း၏ စွမ်းအားသည် ကောင်းကင်လူသား၏ စွမ်းအားကို ကျော်လွန်သွားပြီဟု မြင်နေကြသည်။ သူသည် ကောင်းကင်လူသား စွမ်းအားရှင် မဟုတ်လျှင်တောင် ကောင်းကင်လူသား စွမ်းအားရှင်ကို သတ်နိုင်စွမ်းရှိသည်။

လုချန်းက

“ကောင်းပါပြီ။ ကျွန်တော် ကိုယ်တိုင် စစ်ဆင်ရေးကို ဦးဆောင်မယ့် ကိစ္စကို ဆုံးဖြတ်လိုက်ပြီ။”

“ချွမ်နိုင်ငံတော်က ကပ်ရောဂါအတွက်တော့ မပူကြပါနဲ့။ ကျွန်‌တော့်မှာ ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ရှိပြီးသားပါ။”

ထိုစကားကို ကြားသောအခါ ခန်းမရှိ ဝန်ကြီးများ ချက်ချင်း စိတ်လှုပ်ရှားလာကြသည်။ ချွမ်နိုင်ငံတော်ကို တိုက်ခိုက်ခြင်း၏ အကြီးမားဆုံး ပြဿနာမှာ ဖြစ်ပွားနေဆဲ ကပ်ရောဂါ ဖြစ်သည်။ ရှနိုင်ငံတော်၏ စစ်သည်များသည် ချွမ်နိုင်ငံတော်ထဲသို့ အလွယ်တကူ မဝင်ရောက် ရဲကြပေ။ ကပ်ရောဂါ ကူးစက်ခံရပါက ရှနိုင်ငံတော်၏ တပ်မတော် တစ်ခုလုံးကို ပြိုလဲသွားစေနိုင်သည်။

ယခု ဧကရာဇ်က သူ့တွင် ကပ်ရောဂါကို ဖြေရှင်းရန် နည်းလမ်းရှိသည်ဟု ပြောနေသည်။ သူ၏ နည်းလမ်းသည် အမှန်တကယ် အလုပ်လုပ်ပါက ချွမ်နိုင်ငံတော်သို့ ဝင်ရောက်ခြင်း၏ အကြီးမားဆုံး အတားအဆီး ပျောက်ကွယ်သွားမည်ဖြစ်သည်။

သို့သော် ယခင်နန်းတွင်းအစည်းဝေးပွဲများတွင် ဧကရာဇ်သည် ကပ်ရောဂါကို မည်သို့ဖြေရှင်းရမည်ကို ဆွေးနွေးနေဆဲဖြစ်သည်။

ယခု သူ ရုတ်တရက် နည်းလမ်းတစ်ခု မည်သို့ ရရှိသွားသနည်း။

ထိုအချိန်တွင် လင်ကောင်းယွမ်က

“ မေးခွင့်ပြုပါ မင်းကြီး။ မင်းကြီးရဲ့ နည်းလမ်းက ကပ်ရောဂါရဲ့ အန္တရာယ်ကို အမှန်တကယ် ဖယ်ရှားနိုင်ပါ့မလား။”

လုချန်းက

“စိတ်မပူပါနဲ့ လင်လူကြီးမင်း။ ကျွန်တော့်မှာ နည်းလမ်းရှိတယ်လို့ ပြောပြီးပြီပဲ။ အဲ့ဒီကပ်ရောဂါကို လုံးဝ ဖယ်ရှားနိုင်မှာ သေချာပါတယ်။”

လုချန်းထံမှ ထိုသို့သော ပြတ်သားသည့် အဖြေကြောင့် အရာရှိများ စိတ်အေးသွားကြသည်။ လူတိုင်းက လုချန်း၏ စရိုက်ကို သိကြသည်။ သူသည် ရာနှုန်းပြည့် မသေချာပဲ ထိုသို့သော ပြတ်သားသည့် ထုတ်ပြန်ချက်မျိုးကို ပြုလုပ်မည် မဟုတ်ပေ။ သူတို့၏ မင်းကြီးသည် ကပ်ရောဂါကို ဖြေရှင်းရန် နည်းလမ်းတစ်ခုကို အမှန်တကယ် တွေ့ရှိခဲ့ပုံရသည်။

ထိုသို့ဖြစ်နေသောကြောင့် ပြောစရာစကား မရှိတော့ပဲ အရာရှိများလည်း သူတို့၏ ထိုင်ခုံများသို့ ပြန်သွားကြသည်။ ဤသို့ဖြင့် လုချန်း စစ်ဆင်ရေးကို ကိုယ်တိုင်ဦးဆောင်မည့် ကိစ္စလည်း အတည်ဖြစ်သွားခဲ့သည်။

နန်းတွင်းအစည်းအဝေး ပြီးဆုံးပြီးနောက် စစ်ဆင်ရေးကို ဧကရာဇ် ကိုယ်တိုင်ဦးဆောင်မည်ဟူသော သတင်းသည် ရန်ခရိုင်တစ်ခုလုံးသို့ ချက်ချင်းပျံ့နှံ့သွားသည်။

လုချန်းက စစ်ဆင်ရေးကို နောက်တစ်ကြိမ် ဦးဆောင်တော့မည်ဟု လူများ ကြားသောအခါ သူတို့၏ ကနဦး သဘောထားသည် အရာရှိများကဲ့သို့ပင် ဖြစ်သည်။ ချွမ်နိုင်ငံတော်သည် ခြိမ်းခြောက်မှု မရှိတော့သဖြင့် သူတို့၏ မင်းကြီး ကိုယ်တိုင်ဦးဆောင်ရန် မလိုအပ်တော့ဟု ယုံကြည်ခဲ့ကြသည်။

သို့သော် အရှေ့ပိုင်းသတင်းစာနှင့် အစိုးရသတင်းစာများတွင် လွင်ပြင်ဒေသ နတ်ဘုရားမနှင့် ပတ်သက်သည့် ဆောင်းပါးများ ထုတ်ဝေလိုက်သည်နှင့် အရပ်သားများ၏ သဘောထားလည်း လျင်မြန်စွာ ပြောင်းလဲသွားသည်။

လုချန်းသည် တာဝန်ယူမှုရှိသော ဧကရာဇ်တစ်ပါးဟု သူတို့ထင်မြင်လာကြသည်။ သူသည် အန္တရာယ်ရှိသည့် နေရာတိုင်းသို့ကိုယ်တိုင် သွားရောက်မည့်သူဖြစ်သည်။ နေပြည်တော်တွင် နေရန်သာ သိခဲ့သည့် ယခင် ဧကရာဇ်များကဲ့သို့ အရပ်သားပြည်သူတို့၏ သားသမီးများကို စစ်ပွဲ၌သေရန် စေလွှတ်မည့်သူ မဟုတ်ပေ။

ဤသို့ဖြင့် လုချန်းသည် ပြည်သူလူထုကြားတွင် ပိုမို၍ လူကြိုက်များလာသည်။

…….

ညနေပိုင်း။

ဝူစံအိမ်။

လူတစ်ယောက်သည် အဆောင်ငယ်တစ်ခုအတွင်းတွင် တစ်ယောက်တည်း ထိုင်ကာ အရက်သောက်နေ၏။ နေဝင်ဆည်းဆာ၏ နေရာင်က သူ၏ အရိပ်ကို ရှည်လျားနေစေသည်။

ထိုအချိန်တွင် လေညှင်းတစ်ချက် တိုက်ခတ်လာပြီး ဝူမင်း၏ အနောက်ဘက်တွင် အရိပ်မဲ တစ်ခု ပေါ်လာသည်။

အရိပ်ကို ခံစားမိသော်လည်း ဝူမင်းက ချက်ချင်း လှည့်မကြည့်ပေ။ အရိပ် လာမည်ကို သူ သိနှင့်ပြီး ဖြစ်သည်။ ဝူယွမ်က

“အထူးကိုယ်ရံတော်ရဲ့ စောင့်ကြည့်မှုအောက်မှာ ဝူစံအိမ်ကို လာရဲတယ်ဆိုတော့ အတော်လေး ရဲတင်းတာပဲ။ သူတို့ ဖမ်းမိမှာကို မကြောက်ဘူးလား။”

ထိုစကားကို ကြားသောအခါ အရိပ်က ဂရုမစိုက်ဟန်ဖြင့်

“အခု ဆွမ်ဧကရာဇ်က သူသိမ်းပိုက်ထားတဲ့ နယ်မြေတွေအတွင်းက ဂိုဏ်းတွေကို ဖယ်ရှားဖို့ ပြင်ဆင်နေတော့ ရန်ခရိုင်က အရမ်း မတည်မငြိမ် ဖြစ်နေတယ်။ အစွမ်းထက်တဲ့ အထူးကိုယ်ရံတော်အားလုံးကို တခြားနေရာတွေ ပို့ထားပြီးပြီ။ အပြင်က လူတွေက ကျွန်တော်ရှိနေတာကို ဘယ်လိုများ သတိထားမိမှာလဲ”

All Chapters