ဓားတစ်ချက် ခရီးထွက်ပြီ
Vol. 4 Ch. 48
ရှဲ့ယန်က ပုံပန်းလှပရုံသာမက စွမ်းအားပိုင်းတွင်လည်း ထူးချွန်သူ ဖြစ်သည်။ ရွှေကွင်းဂိုဏ်း၏ ပြင်ပကွပ်ကဲတပည့်များကြားတွင် ကြယ်တစ်လုံးကဲ့သို့ လူအများက ချီးကျူးထောမနာပြုခံရသူ ဖြစ်၏။ ဤကဲ့သို့ အရှက်တကွဲ ဖြစ်ရမှုမျိုးကို သူမဘဝတွင် တစ်ကြိမ်မှ မကြုံဖူးခဲ့ပေ။ ထို့ပြင် သူမကို ထိုသို့အရှက်ခွဲသူမှာ အသုံးမကျသိုင်းဝိညာဉ်နိုးကြားထားသည့် အသုံးမကျသူတစ်ဦး ဖြစ်နေသေးသည်။ မာန်မာနထောင်လွှားသည့် သူမ၏စိတ်ဓာတ်ဖြင့် ဤအရာကို မည်သို့ လက်ခံနိုင်မည်နည်း။
လော့ချန်နှင့် အကျယ်တဝင့် တိုက်ခိုက်ပြီးမှသာ ထိုဒေါသမီးလျှံကို ငြိမ်းအေးစေရန် သူမ ဆုံးဖြတ်လိုက်သည်။
ချန်ကုန်းက ဘေးတွင်ရပ်နေရင်း စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
လော့ချန်က သူ့ကို အကြိမ်ပေါင်းများစွာ မထီမဲ့မြင်ပြုသလို ရွှေကွင်းဂိုဏ်းကိုပါ မထီမဲ့မြင် ပြုခဲ့သည်။ ထို့ကြောင့် ရှဲ့ယန်အား လော့ချန်ကို သင်ခန်းစာပေးရန် ချန်ကုန်းက လိုလားနေသည်။
လော့မင်ရှန် အပါအဝင် အခြားလော့မိသားစုဝင်များ အနေဖြင့်လည်း ဤတိုက်ပွဲကို တားဆီးရန် အကြောင်းမရှိပေ။
“ဒီလောက်အလုပ်ရှုပ်စရာ မလိုဘူး...”
လော့ချန်က ခေါင်းယမ်းလိုက်သည်။
“ဘာလဲ... အခုနေ စကားကြီးစကားကျယ်ပြောပြီးတော့ မတိုက်ရဲတော့ဘူးလား...”
လော့ချန်က ခေါင်းယမ်းသည်ကို မြင်လိုက်ရသဖြင့် ရှဲ့ယန်က သူ့အား တိုက်ပွဲမဖြစ်ဝံ့သည်ဟု ထင်မှတ်ကာ မထီမဲ့မြင်ပြုရင်း လှောင်ပြောင် ရယ်မောလိုက်သည်။
လော့ချန်က ခါးတွင်ဆွဲထားသော ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ပြီး ဓားသွားကို ရှဲ့ယန်ထံညွှန်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ဓားချက်တစ်ချက်... မင်းက ငါ့ရဲ့ဓားတစ်ချက်ကို ခံနိုင်ရင် ငါရှုံးတယ်လို့ သတ်မှတ်မယ်...”
ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခန်းမကြီးထဲရှိ လူများအားလုံးက အံ့အားသင့်သွားကြသည်။
ချန်ကုန်း၏ မျက်နှာက မည်းမှောင်သွားပြီး ဒေါသတကြီး ဖြစ်လာသည်။
ရှဲ့ယန်က သူ၏တပည့် ဖြစ်သည်။ လော့ချန်၏ ထိုစကားက ရှဲ့ယန်ကို မထီမဲ့မြင်ပြုရုံသာမက သူ့ကိုပါ မထီမဲ့မြင်ပြုသလို ရွှေကွင်းဂိုဏ်းတစ်ခုလုံးကိုပါ မထီမဲ့မြင်ပြုခြင်း ဖြစ်နေသည်။
“ရှဲ့ယန်... လော့ချန်က ဒီလောက်ယုံကြည်ချက်ရှိနေရင် မင်းလည်း လက်ရွံ့စရာမလိုဘူး...”
ချန်ကုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဟုတ်ကဲ့...”
ချန်ကုန်း မပြောလျှင်တောင် ရှဲ့ယန်က လက်ရွံ့ရန် ရည်ရွယ်ချက် မရှိပေ။ သူမ၏သွေးစွမ်းအင်ကို လည်ပတ်လိုက်ရင်း ပြင်းထန်လှသော ဓားစွမ်းအင်တစ်ခုက သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
“မာနကြီးတဲ့ကောင်... ငါ့ဓားတစ်ချက်ကို ခံကြည့်စမ်း... ကျောက်ခွဲရွှေပိုင်းဓားစွမ်းရည်...”
ရှဲ့ယန်က အေးစက်စွာ အော်ဟစ်လိုက်ပြီး လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်သည်။ သူမ၏လက်ထဲရှိ ရတနာဓားက ဓားအလင်းတန်းများစွာကို ဖြစ်ပေါ်စေပြီး လော့ချန်ကို လုံးဝဖုံးလွှမ်းသွားစေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် လော့မင်ရှန်နှင့် အခြားသူများ၏ အကြည့်များက တင်းမာသွားသည်။
ဤဓားတစ်ချက်သည် လျင်မြန်သော ဓားစွမ်းရည်တစ်ခုဖြစ်ပြီး အစစ်အမှန်ဓားချက်နှင့် အတုအယောင်ဓားချက်တို့ ရောနှောနေသည်။ အနည်းငယ်မျှ ပေါ့ဆမိပါက မုန်တိုင်းသဖွယ် တိုက်ခိုက်မှုများကို ရင်ဆိုင်ရမည်ဘဖြစ်သည်။ ထိုဓားစွမ်းရည်က သာမန်မဟုတ်ပေ။
သူတို့က လော့ချန်အား သာမန်ဘဝဖြတ်ကျော်အဆင့်ရှိ သိုင်းသမားများကို အနိုင်ယူခဲ့သည်ဟူသော သတင်းကိုသာ ကြားဖူးခဲ့ဖူးပြီး တစ်ကြိမ်မျှ မမြင်ဖူးခဲ့သဖြင့် အနည်းငယ် စိုးရိမ်မှုများ ပေါ်ပေါက်လာသည်။
သို့သော် လော့ချန်က အေးဆေးတည်ငြိမ်စွာ မူလနေရာတွင် ရပ်နေပြီး အနည်းငယ်မျှ ရှောင်တိမ်းခြင်း သို့မဟုတ် ဆုတ်ခွာခြင်း မရှိခဲ့ပေ။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ချန်ကုန်း၏မျက်နှာပေါ်တွင် အေးစက်သော ပြုံးယောင်သမ်းသည့်အမူအရာ ပေါ်ထွက်လာသည်။ သူက လော့ချန်မှာ ရှဲ့ယန်၏ဓားစွမ်းအင်ကြောင့် ထိတ်လန့်တုန်လှုပ်သွားသည်ဟု ထင်မှတ်လိုက်သည်။
လော့ချန်က ဓားအလင်းတန်းများအောက်တွင် ဝါးမျိုခံရလုမတတ် ဖြစ်လာချိန်တွင် ရုတ်တရက် ပြင်းထန်လှသော ဓားစွမ်းအင်တစ်ခုက လော့ချန်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာက တိမ်တိုက်တစ်ခုအလား လေပြည်တစ်ချက်အလား ပုံသဏ္ဌာန်မရှိ အနေအထားမရှိ ဖြစ်သွားသည်။
"ရွှမ်..."
လော့ချန်က ဓားကို လျှပ်စီးကဲ့သို့ လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။ အေးစက်သော ဓားအလင်းတစ်ခုက လျှပ်တစ်ပြက်အတွင်း ဓားအလင်းတန်းများကို ဖြတ်ကျော်သွားသည်။
"ဘုန်း..."
ထို့နောက် သွေးများပန်းထွက်လာပြီး ရှဲ့ယန်က မူလနေရာတွင် တောင့်တင်းသွားကာ သူမ၏လှပသော မျက်ဝန်းများက ပြူးကျယ်သွားသည်။
သူမ၏ညာဘက်ပုခုံးတွင် အရိုးမြင်ရသည်အထိ နက်ရှိုင်းသော ဓားဒဏ်ရာတစ်ခု ရှိနေသည်။ အကယ်၍ လော့ချန်က ဓားကို အချိန်မီမသိမ်းခဲ့လျှင် သူမ၏ညာဘက်လက်မောင်းတစ်ခုလုံး ဖြတ်တောက်ခံလိုက်ရမည်ပင်။
"ရွှမ်..."
လော့ချန်က တည်ငြိမ်စွာပင် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
“ငါမရှုံးသေးဘူး...”
ရှဲ့ယန်၏မျက်နှာပေါ်တွင် ရှက်ရွံ့ဒေါသဖြစ်မှုများ ပေါ်ထွက်လာပြီး သွားများကိုကြိတ်ကာ သွေးစွမ်းအင်ကို အဆမတန်လည်ပတ်ရင်း ထပ်မံတိုက်ခိုက်ရန် ကြံရွယ်လိုက်သည်။
“ရပ်လိုက်စမ်း...”
ချန်ကုန်းက အေးစက်စွာ အော်ဟစ်ကာ ရှဲ့ယန်ကို တားဆီးလိုက်ပြီး ကြိမ်းမောင်းလိုက်သည်။
“အရှက်မကွဲသေးဘူးလို့ ထင်နေတာလား... အခု လော့ချန်က လက်ဆထိန်းမထားခဲ့ရင် မင်းရဲ့လက်တစ်ဖက်လုံး ဖြတ်တောက်ခံရလောက်ပြီ...”
ရှဲ့ယန်က သွားများကို ကျစ်ကျစ်ကြိတ်ရင်း လော့ချန်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
သူမက အသုံးမကျသိုင်းဝိညာဉ်နိုးကြားထားသည့် အသုံးမကျသူတစ်ဦးအား ရှုံးနိမ့်သွားရသည်ကို လုံးဝ မယုံကြည်နိုင်သလို လက်ခံလိုခြင်းလည်း မရှိပေ။
ချန်ကုန်းက လော့ချန်ကို တစ်ချက်စိုက်ကြည့်ပြီး နက်ရှိုင်းစွာ ပြောလိုက်၏။
“လော့သခင်လေးက ရွှမ်ယွမ်ဂိုဏ်းမှာ လေ့ကျင့်ဖို့ သွားမယ်ဆိုတော့ ကျွန်တော်တို့လည်း အနှောင့်အယှက်မဖြစ်စေတော့ပါဘူး... နှုတ်ဆက်ပါတယ်...”
ထိုနေရာ၌ ဆက်နေရန် အဆင်မပြေတော့သဖြင့် ချန်ကုန်းက ရှဲ့ယန်ကို ခေါ်ဆောင်ကာ ချက်ချင်းထွက်ခွာလိုက်သည်။
ချန်ကုန်းတို့ ထွက်ခွာသွားမှသာ လော့မင်ရှန်နှင့် အခြားသူများက အသိပြန်ဝင်လာသည်။
လော့မင်ရှန်က လော့ချန်ကိုကြည့်ကာ မေးလိုက်သည်။
“ချန်လေး... မင်း တကယ်ပဲ ရွှမ်ယွမ်ဂိုဏ်းမှာ လေ့ကျင့်ခွင့်ရမှာလား...”
လော့ချန်က ခေါင်းညိတ်ပြလိုက်ပြီး နတ်ဆိုးတောအုပ်တွင် ယွမ်မန်လီနှင့် ဆုံတွေ့ခဲ့ပြီး သူမက အထောက်အထားတံဆိပ်ပြားပေးခဲ့သည့်အကြောင်းကို ပြောပြလိုက်သည်။
“ဒါကြောင့်ပဲ...”
လော့မင်ရှန်က ရယ်မောကာ ပြောလိုက်သည်။
“ယွမ်တော့ကျန်းက ဘာလို့ ပုံမှန်မဟုတ်တဲ့ပုံစံနဲ့ အမဲလိုက်ပြိုင်ပွဲကို တက်ရောက်ပြီး ငါတို့ လော့မိသားစုကို နေရာတိုင်းမှာ အထောက်အပံ့ပေးနေတာလဲဆိုတာ အခုမှ နားလည်ပြီ...”
အခြားသူများလည်း အကြောင်းအရင်းကို သိရှိသွားသည့်အလား မျက်နှာပေါ်တွင် နားလည်သဘောပေါက်မှုများ ပေါ်ထွက်လာကြသည်။
ယခင်က ဤနဂါးတစ်ကောင်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သည့် ယွမ်တော့ကျန်းက ရုတ်တရက် စရိုက်ပြောင်းလဲသွားသည်ကို သူတို့အားလုံး အံ့ဩခဲ့ကြသည်။ ယခုမှ အကြောင်းအရင်းကို နားလည်သဘောပေါက်သွားကြသည်။
“ချန်လေး... မင်းအခုနက သုံးလိုက်တာ ကောင်းကင်ပိုင်းဖြတ်ခြင်းဓားစွမ်းရည်လား...” လော့ဟုန်က ရုတ်တရက် မေးလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့် အခြားသူများလည်း တစ်ပြိုင်နက်တည်း လော့ချန်ထံ လှမ်းကြည့်လိုက်ကြသည်။
လော့ချန်က ခေါင်းညိတ်ပြပြီး ပြောလိုက်၏။ “ဟုတ်ပါတယ်... ကောင်းကင်ပိုင်းဖြတ်ခြင်းဓားစွမ်းရည်ပါ... ဘာပြဿနာရှိလို့လဲ...”
လော့ဟုန်က ဆက်ပြောသည်။
“ဒီကောင်းကင်ပိုင်းဖြတ်ခြင်းဓားစွမ်းရည်က တကယ်တော့ ငါ လွန်ခဲ့တဲ့နှစ်တွေတုန်းက ပြင်ပကမ္ဘာမှာ လှည့်လည်နေရင်း မတော်တဆရခဲ့တဲ့ ဓားစွမ်းရည်ကျမ်းတစ်စောင်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ... မူရင်းနာမည်က ကောင်းကင်ပိုင်းဖြတ်ခြင်းလို့ခေါ်ပြီး စုစုပေါင်း ဆယ့်သုံးကွက်ရှိတယ်... ဒါပေမဲ့ ငါရခဲ့တာက ပထမပုံစံလေးခုပဲ...”
“ငါခန့်မှန်းတာက ပြည့်စုံတဲ့ ကောင်းကင်ပိုင်းဖြတ်ခြင်းကျမ်းက အနည်းဆုံး ကြယ်ရှစ်ပွင့်အဆင့် ဓားစွမ်းရည်ဖြစ်မယ်... ကြယ်ကိုးပွင့်အဆင့်တောင် ဖြစ်နိုင်တယ်... ဒါပေမဲ့ ပထမပုံစံလေးခုပဲရှိရင်တောင် သူ့ရဲ့စွမ်းအားက သာမန်ကြယ်ငါးပွင့်ဓားစွမ်းရည်နဲ့ မယှဉ်နိုင်စရာမရှိဘူး...”
လော့ချန်က ခေါင်းညိတ်လိုက်သည်။ ထိုဓားစွမ်းရည်က ဤမျှအားကောင်းလှသည်မှာ အံ့ဩစရာ မရှိပေ။ သို့သော် ကျမ်းတစ်စောင်လုံး မပြည့်စုံသည့်အတွက် နှမြောစရာ ဖြစ်နေသည်။ အနာဂတ်တွင် ဤကျမ်းကို ပြည့်စုံအောင် စုဆောင်းနိုင်မည့် အခွင့်အရေးရှိမရှိကို သူလည်း မသိရှိပေ။
“လင်ယွမ်နဲ့တိုက်ပွဲမှာ မင်း ဒီကောင်းကင်ပိုင်းဖြတ်ခြင်းကို မသုံးခဲ့ဘူးလို့ ငါသတိရတယ်... မင်း ဘယ်အချိန်ကစပြီး ဒီစွမ်းရည်ကို လေ့ကျင့်ခဲ့တာလဲ...” လော့ဟုန်က ရုတ်တရက် မေးလိုက်သည်။
လော့ချန်က ပြန်ပြောသည်။ “အမဲလိုက်ပြိုင်ပွဲပြီးသွားပြီး နောက်ပိုင်းကစလေ့ကျင့်ခဲ့တာပါ...”
“အမဲလိုက်ပြိုင်ပွဲပြီးမှ စလေ့ကျင့်တာ... ဘာပြောလိုက်တယ်... အမဲလိုက်ပြိုင်ပွဲပြီးမှ ကောင်းကင်ပိုင်းဖြတ်ခြင်းကို စလေ့ကျင့်ပြီး အခု သင်ယူပြီးစီးသွားပြီလား...”
လော့ဟုန်က အစပိုင်းတွင် ခေါင်းညိတ်ပြရင်း ရုတ်တရက် အံ့အားသင့်သွားကာ မယုံကြည်နိုင်သည့် အကြည့်များဖြင့် လော့ချန်ကို ကြည့်လိုက်သည်။
လော့ချန်က ပြောလိုက်သည်။ “အခုထိ ပထမပုံစံတစ်ခုပဲ သင်ယူပြီးစီးထားသေးပါတယ်...”
လော့ဟုန်က ဘာပြောရမည် မသိတော့ဘဲ ငေးငိုင်သွားသည်။ ထိုကောင်းကင်ပိုင်းဖြတ်ခြင်းက သိုင်းသမား၏ ဉာဏ်အမြော်အမြင်အပေါ် များစွာမှီခိုနေသည်။ သူလည်း ထိုစွမ်းရည်ကို လေ့ကျင့်ခဲ့ဖူးပြီး ပထမပုံစံကို သင်ယူပြီးစီးရန် သုံးလေးလခန့် အချိန်ယူခဲ့ရသည်။ သို့သော် လော့ချန်ကမူ ရက်ပိုင်းအတွင်းသာ သင်ယူပြီးစီးသွားသည်။
“ဟား... ဟား... ဟား... ငါအစကတည်းက ပြောပြီးသားပဲ... ငါ့မြေးလေးက သိုင်းပညာထူးချွန်သူပဲ...”
“ချန်လေး... မင်း ဘယ်အချိန်မှာ ရွှမ်ယွမ်ဂိုဏ်းကို ခရီးထွက်ဖို့စီစဉ်ထားလဲ...”
လော့ချန်က ခဏစဉ်းစားပြီးမှ ပြောလိုက်သည်။
“နှစ်ရက်အကြာမှာ ထွက်မယ်...”
လော့ဟုန်က ပြောလိုက်၏။
“အဲ့ဒီအချိန်ရောက်ရင် ငါ မင်းကိုလိုက်ပို့ပေးမယ်...”
ချီရှန်မြို့မှ ရွှမ်ယွမ်ဂိုဏ်းသို့ သွားရာလမ်းတွင် အန္တရာယ်များ ပြည့်နှက်နေပြီး ရက်စက်ကြမ်းတမ်းသည့် နေရာများစွာကို ဖြတ်သန်းရမည် ဖြစ်သည်။ ထို့ကြောင့် လော့ချန်ကို တစ်ယောက်တည်း သွားခွင့်ပြုရန် မဖြစ်နိုင်ပေ။
ထို့နောက် နှစ်ရက်အတွင်း လော့ချန်က နေ့အချိန်တွင် လော့မင်ရှန်နှင့်အတူ သိုင်းပညာအကြောင်း ဆွေးနွေးရင်း မြစ်ဖျားချောင်းဖျား အကြောင်းများကို စကားလက်ဆုံပြောဆိုကာ ညအချိန်တွင် မိမိအိမ်ခြံဝိုင်းသို့ပြန်လာပြီး စစ်မှန်သောနဂါးကျင့်စဉ်နှင့် ကောင်းကင်ပိုင်းဖြတ်ခြင်းကို လေ့ကျင့်ခဲ့သည်။
ထိုကာလအတွင်း လော့ချန်က လင်ယွမ်ပြတိုက်သို့ တစ်ကြိမ်သွားရောက်ကာ လော့ယောင်ကို နှုတ်ဆက်ရန် ပြင်ဆင်ခဲ့သည်။ သို့သော် လော့ချန်က လင်ယွမ်ပြတိုက်သို့ ရောက်ရှိသွားချိန်တွင် ပြတိုက်ခေါင်းဆောင်နှင့် စီမံခန့်ခွဲသူများမှာ မျက်နှာသစ်များ ဖြစ်နေကြသည်။
အသစ်ခန့်အပ်ထားသည့် ပြတိုက်ခေါင်းဆောင်အဆိုအရ လော့ယောင်က တာယွဲ့မင်းဆက်မှ ထွက်ခွာသွားပြီဖြစ်သည်ဟု သိရသည်။
နှစ်ရက်ဆိုသည့်အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ကိုးလဆယ်ရက်မြောက်နေ့၊ နံနက်ခင်းအချိန်...
လော့ချန်က ရုတ်တရက် မျက်ဝန်းများကို ဖွင့်လိုက်ပြီး သူ၏မျက်ဝန်းထဲတွင် ထူးခြားသော ဓားစွမ်းအင် အလင်းတန်းတစ်ခုက ဖြတ်သန်းသွားသည်။
“ကောင်းကင်ပိုင်းဖြတ်ခြင်း ဒုတိယပုံစံတိမ်ယံတည်နေရာ...”
လော့ချန်က ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရာ လက်ထဲရှိ ရှည်လျားသောဓားက လေဟာနယ်ထဲတွင် ဆက်လက်ခုန်ပေါက်နေပြီး လေထုသည်ပင် ဖြတ်တောက်ခံရသည့်အလား တစ်နေရာတည်း ရပ်တန့်သွားသည်။
လော့ချန်က ဓားကို ပြန်သိမ်းလိုက်ပြီး သူ့ရှေ့ရှိ ကျောက်သားသော့ခလောက်ကြီးက ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။
လော့ချန်က ဖြည်းညင်းစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ နောက်ဆုံးတွင် ကောင်းကင်ပိုင်းဖြတ်ခြင်း၏ ဒုတိယပုံစံကို လေ့ကျင့်ပြီးစီးသွားပြီ ဖြစ်သည်။
“ခရီးထွက်ရတော့မယ်...”
လော့ချန်က ကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားသည့် ခရီးဆောင်အိတ်ကို ကောက်ယူကာ အိမ်ခြံဝိုင်းထဲမှ ထွက်ခွာလိုက်သည်။
ခရီးဆောင်အိတ်ထဲတွင် များများစားစား မပါရှိပေ။ အစာခြောက်များနှင့် အဝတ်အစားများအပြင် မင်လင်အတွက် ဝိညာဉ်ဆေးသန့်စင်ပေးရင်း ရရှိခဲ့သည့် ငွေသန်း ၃၀ ခန့်ရှိသည့် ငွေစက္ကူများသာ ပါရှိသည်။
လော့ချန်က လော့မိသားစုအိမ်တော်မှ ထွက်လာချိန်တွင် လော့ဟုန်က အပြာရောင်မြင်းနှစ်ကောင်ကို ဆွဲထားရင်း စောင့်ဆိုင်းနေသည်။ အပြာရောင်မြင်းက တစ်နေ့လျှင် မိုင်နှစ်ထောင် ခရီးသွားနိုင်သည်။ ချီရှန်မြို့မှ ရွှမ်ယွမ်ဂိုဏ်းသို့ သွားရာလမ်းက မိုင်သောင်းဂဏန်း အကွာအဝေး ရှိသည်။ မြင်းမစီးပါက ခြေကျင်သွားရမည်ဆိုလျှင် အနည်းဆုံး ခြောက်လခန့် ကြာမြင့်မည် ဖြစ်သည်။
လော့မင်ရှန် အပါအဝင် လူတစ်စုက ဘေးတွင် လိုက်လံပို့ဆောင်ပေးရန် ရှိနေကြသည်။ လော့မင်ရှန်က လော့ချန်ကို သတိပေးလိုက်၏။
“ချန်လေး... ပြင်ပကမ္ဘာမှာ လူတွေရဲ့စိတ်နှလုံးက အန္တရာယ်များတယ်... အရာအားလုံးမှာ သတိထားပြီး ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်ရရင် ကရုဏာစိတ်နဲ့ လက်ရွံ့မထားနဲ့... မှတ်ထား လူတစ်ရာကို မတော်တဆသတ်မိရင်တောင် ကိုယ့်အတွက် အန္တရာယ်ဖြစ်စေမယ့် ရန်သူကို မကျန်ရစ်စေနဲ့...”