← Chapters

အဓိပ္ပာယ်မရှိသော အဖြေ…

Vol. 44 Ch. 659

အဓိပ္ပာယ်မရှိသော အဖြေ…

Vol. 44 Ch. 659

~ယွမ်ဝူသည် ချက်ချင်းပင် လက်သီး

ဆုပ်ကာ ရိုသေစွာဖြင့် အရိုအသေပေးလိုက်သည်။

"စစ်ဦးစီးချုပ်ကို ဂါရဝပြုပါတယ်။ ကျွန်တော်တို့... ကျွန်တော်တို့က ဒီနားကို ဖြတ်သွားရင်းနဲ့ အင်မော်တယ်ကြယ်တစ်လုံးရဲ့ တည်ရှိမှုကို ခံစားမိလို့

လာရောက် ဂါရဝပြုတာပါ"

ယွမ်ဝူ စကားပြောနေစဉ်မှာပင် နုခ်သည်လည်း အခြားသူများကို ဦးဆောင်ကာ ထွက်လာခဲ့၏။ သူ၏မျက်နှာတွင်လည်း ရိုကျိုးသော အမူအရာအပြည့်ဖြင့် ယွီထျန်းဖုန်းကို ဦးညွှတ်ကာ "နုခ်က စစ်ဦးစီးချုပ်ကို ဂါရဝပြုပါတယ်" ဟု ဆိုလေသည်။

"မျက်လုံးသုံးလုံး ကြယ်တာရာနယ်မြေက နုခ်ဆိုတာလား။ မင်းအကြောင်း ကြားဖူးပါတယ်၊ အရည်အချင်းမဆိုးဘူးပဲ" ယွီထျန်းဖုန်းက နုခ်ကို တစ်ချက်ကြည့်ကာ ခေါင်းအသာညိတ်ပြလိုက်သည်။

နုခ်၏ မျက်လုံးများ အရောင်တောက်သွားပြီး ချက်ချင်းပင် အပြုံးတစ်ခုကို ဟန်ဆောင်ဖန်တီးလိုက်ကာ "စစ်ဦးစီးချုပ်က မြှောက်စားလွန်းနေပါပြီ။ ကျွန်တော်တို့မှာ ဒီအင်မော်တယ်ကြယ်ကို စော်ကားလိုစိတ် လုံးဝမရှိပါဘူး၊ တကယ်ကို မတော်တဆ ရောက်လာတာပါ" ဟု လျှောက်တင်လေ၏။

ထိုစဉ် ယွီထျန်းဖုန်းက လုရီဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ရီအာ... သူတို့ မတော်မတရား တစ်ခုခု လုပ်ခဲ့သေးလား။ ဘယ်လို စီမံစေချင်လဲ"

ထိုစကားကြောင့် နုခ်၊ ယွမ်ဝူနှင့်တကွ ကျန်လူအားလုံး၏ မျက်ဝန်းများ ကျုံ့သွားပြီး နှလုံးသားထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားကာ လုရီထံသို့ လှမ်းကြည့်လိုက်ကြ၏။

ကြယ်တာရာနယ်မြေ တပ်မတော်ရဲ့ စစ်ဦးစီးချုပ်က အစစ်အမှန်အင်မော်တယ်တစ်ယောက်ရဲ့ သဘောထားကို တလေးတစား မေးနေတယ်ဟုတ်လား။

'ဒီလူ... ဘယ်သူတုန်းကွ'

သူတို့အားလုံး၏ အာရုံကြောများ ရုတ်တရက် တင်းမာသွားပြီး လုရီကို ကြည့်နေစဉ်မှာပင် ကျောဘက်၌ ချွေးများ စို့တက်လာခဲ့သည်။ အခြေအနေကို ကြည့်ရသည်မှာ သူတို့ရှေ့မှ အစစ်အမှန်

အင်မော်တယ်ကသာ သူတို့ကို သတ်ဖို့ ဆုံးဖြတ်လိုက်လျှင် ကြယ်တာရာနယ်မြေ တပ်မတော်ရဲ့ စစ်ဦးစီးချုပ်ကလည်း သဘောကောင်းနေမည် မဟုတ်ပေ။

နုခ်ကိုယ်တိုင်က ဘိုလော့စ်ကုန်သည်ကြီးများအသင်း၏ အမွေဆက်ခံသူဖြစ်ပြီး မျက်လုံးသုံးလုံး ကြယ်တာရာနယ်မြေတွင် အဆင့်အတန်းမြင့်မားသော်ငြားလည်း အခြေအနေက ထူးမည်မဟုတ်သည်မှာ သေချာသလောက်ပင်။

လုရီက တင်းမာနေသော လူအုပ်ကို တစ်ချက်ဝေ့ကြည့်ရင်း မျက်ခုံးအနည်းငယ်ပင့်ကာ ပြုံးလျက် "သူတို့ တော်တော်လေး ယဉ်ကျေးပါတယ်။ မဆင်မခြင် ဘာမှမလုပ်ပါဘူး။ ဦးလေးထျန်းဖုန်း၊ ကိစ္စမရှိပါဘူး" ဟု ဆိုလိုက်သည်။

ထိုစကားကို ကြားသောအခါ ယွီထျန်းဖုန်းက ခေါင်းအသာညိတ်ကာ

"မင်း ဒီလိုပြော မှတော့ ငါလည်း ဒီကိစ္စကို ဆက်ပြီး အရေးမလုပ်တော့ဘူး"

နုခ်နှင့် အခြားသူများအားလုံး ချက်ချင်းပင် စိတ်ကို အပြည့်အဝ လျှော့ချလိုက်နိုင်ပြီး ဘေးအန္တရာယ်မှ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ နုခ်သည် စောစောက ယွမ်ဝူကို အနည်းငယ်ပို၍ ရိုသေရန် ညွှန်ကြားခဲ့မိသည့်အတွက် မိမိကိုယ်မိမိ ကျေးဇူးတင်နေမိတော့သည်။ သို့မဟုတ်လျှင် ဇာတ်လမ်းက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သည် မဟုတ်ပါလော။

"ဦးလေးထျန်းဖုန်း၊ သွားကြရအောင်လေ။ ကျွန်တော်တို့ရဲ့ တိမ်ဖြူအင်မော်တယ်ဂိုဏ်းမှာ နားနေလို့ရပါတယ်။ ခရီးရှည်ကြီး လာခဲ့ရလို့ ပင်ပန်းနေရောပေါ့" လုရီက ဖိတ်ခေါ်လိုက်သည်။

"ဟားဟားဟား၊ ဘိုးဘေးကိုယ်တိုင်က ငါ့ကိုလာခိုင်းတာလေကွာ၊ ဘယ်လိုလုပ် မလာဘဲနေမလဲ။ ဘိုးဘေးလက်ချက်နဲ့ အသေမခံနိုင်ပါဘူးကွာ" ယွီထျန်းဖုန်းက နောက်ပြောင်ကျီစယ်လိုက်သည်။ ဤလူငယ်လေး၏ အဆင့်အတန်းသည် ယွီမိသားစု ဘိုးဘေး၏ နှလုံးသားထဲတွင် မည်မျှမြင့်မားနေသည်ကို သူအသိဆုံးပင်။ ယွီမိသားစု၏ တိုက်ရိုက်မျိုးဆက် တပည့်များပင် သူနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

ယွီထျန်းဖုန်းက ကျီစယ်သလို ပြောဆိုနေသော်လည်း အနီးအနားမှ နုခ်နှင့် အခြားသူများမှာတော့ ဦးနှောက်များ ထုံကျင်သွားကြသည်။

ယွီမိသားစု ဘိုးဘေးက ကိုယ်တိုင် ညွှန်ကြားလိုက်တယ် ဟုတ်လား။

သာမန် အစစ်အမှန်အင်မော်တယ်တစ်ယောက်အတွက်နဲ့ ကြယ်တာရာနယ်မြေ တပ်မတော်ရဲ့ စစ်ဦးစီးချုပ်ကို ကိုယ်တိုင်လွှတ်လိုက်တယ်ပေါ့။

ကြယ်တာရာနယ်မြေ တပ်မတော်သည် အမြဲတစေ အလုပ်များနေသည် မဟုတ်ပါလား။ သူတို့သည် ကျိုယိုစစ်မြေပြင်ကိုလည်း တာဝန်ယူရသလို၊ ကောင်းကင်ဘုံမိစ္ဆာအဖွဲ့နှင့်လည်း တိုက်ခိုက်နေရသည်။

သူတို့၏ တာဝန်ယူရာနယ်မြေမှာ အလွန်ကျယ်ပြန့်လှသဖြင့် လုပ်ဆောင်ရန် တာဝန်များမှာလည်း ရေတွက်၍ပင် ကုန်နိုင်ဖွယ်မရှိချေ။ စစ်ဦးစီးချုပ်ဆိုသည်မှာ အားလပ်ချိန် များများစားစား မရှိသော ပုဂ္ဂိုလ်ဖြစ်သော်လည်း ယခုမူ အစောဆုံးအခွင့်အရေးကို ယူကာ ရောက်ရှိလာခဲ့သည်လား။

ဤအစစ်အမှန် အင်မော်တယ်ကို အင်မော်တယ်အရှင်သခင်အဆင့် တန်ခိုးရှင်ကြီးတစ်ပါးက ဤမျှလောက် အလေးထားတယ်တဲ့လား။

ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

နုခ်နှင့် သူ့လူများသည် နားလည်နိုင်စွမ်းမရှိတော့ချေ။

လုရီ၊ ယွီထျန်းဖုန်းနှင့် အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်ရင်း နုခ်တို့အဖွဲ့သည် ဟင်းလင်းပြင်ထဲတွင် ကျန်ရစ်ခဲ့သည်။

ကြယ်တာရာနယ်မြေ တပ်မတော်၏ စစ်ဦးစီးချုပ် ရှိနေသဖြင့် သူတို့လည်း

မဆင်မခြင် မလှုပ်ရှားရဲကြပေ။

ထွက်ခွာသွားသော အရိပ်များကို ကြည့်ရင်း ယွမ်ဝူနှင့် အခြားသူများ ခဏတာ တိတ်ဆိတ်သွားကြ၏။ ထို့နောက် ယွမ်ဝူက နုခ်ဘက်သို့ လှည့်ကာ

မေးလိုက်၏။

"သခင်လေး၊ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"

နုခ်၏ မျက်လုံးများက တောက်ပလာပြီး စူးစမ်းလိုစိတ်များ ပြည့်နှက်နေကာ

"ခင်ဗျားတို့.. အဲ့ဒီ... သခင်လေးကို တစ်ခါမှ မြင်ဖူးကြလား" ဟု မေးလိုက်သည်။

နုခ် စဉ်းစားကြည့်မိသည်။ ထိုလူ၏ ကျင့်ကြံမှုအဆင့်သည် သူ့လောက်ပင်

မမြင့်သေးဘဲ အစစ်အမှန်အင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်ခဲ့သည်မှာ မကြာသေးလောက်ပေ။ သို့သော် သူသည် ထိုလူကို "သခင်လေး" ဟုသာ ရည်ညွှန်းသုံးစွဲလိုက်သည်။

အကြောင်းမှာ ထိုလူ၏ အဆင့်အတန်းသည် မယုံနိုင်လောက်အောင် မြင့်မြတ်လှသောကြောင့် ဖြစ်၏။ အင်မော်တယ်အရှင်သခင်အဆင့်ဖြစ်သော ယွီမိသားစု ဘိုးဘေးကိုယ်တိုင် ဂရုစိုက်စောင့်ရှောက်ရသူတစ်ယောက်သည် မျက်လုံးသုံးလုံး ကြယ်တာရာနယ်မြေမှ ထိပ်တန်းအင်အားစုတစ်ခု၏ ပဉ္စမမြောက် အမွေဆက်ခံသူတစ်ယောက်နှင့် ဘယ်လိုမှ နှိုင်းယှဉ်၍ ရနိုင်မည်မဟုတ်ပါ။

ယွမ်ဝူနှင့် အခြားသူများ အချင်းချင်းကြည့်လိုက်ကြပြီး အားလုံးက ခေါင်းခါပြကာ "ကျွန်တော်တို့ တစ်ခါမှ မမြင်ဖူးပါဘူး" ဟု ဆိုကြသည်။

လူလတ်ပိုင်းအရွယ် လူတစ်ယောက်က ချီတုံချတုံဖြင့် "သခင်လေး၊ အဲ့ဒီသခင်လေးကများ ယွီမိသားစုရဲ့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေမလား။ ယွီမိသားစုရဲ့ ကြယ်တာရာနယ်မြေမှာ မနေဘဲ ဒီနေရာမှာ လာနေတာမျိုးပေါ့" ဟု ဆို၏။

"သူက ယွီမိသားစုရဲ့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဆိုရင်တောင် အင်မော်တယ်အရှင်သခင်အဆင့် တန်ခိုးရှင်တစ်ပါးက ဒီလောက်အထိ အာရုံစိုက်မှာမဟုတ်ဘူး။ အဲ့ဒါ အင်မော်တယ်အရှင်သခင်နော်။ ယွီမိသားစုမှာ ပါရမီရှင်တွေ၊ တန်ခိုးရှင်တွေ ဘယ်လောက်တောင် များနေလဲ။ ဘာဖြစ်လို့ အင်မော်တယ်အရှင်သခင်တစ်ပါးက လူတစ်ယောက်တည်းအတွက် ဒီလောက်ထိ ဂရုစိုက်နေရမှာလဲ"

နုခ်က ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်သည်။

"ဒါဆို သူက ဘယ်သူလဲ" လူများအားလုံး သိချင်သွားကြသည်။

နုခ်က ခေါင်းခါလိုက်၏။ ထိုအခိုက်မှာပင် သူ၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး တစ်စုံတစ်ခုကို တွေးမိလိုက်ဟန်ဖြင့် မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားတော့သည်။

သူက မိမိကိုယ်မိမိ တိုးတိုးလေး ရေရွတ်လိုက်သည်မှာ "...တာအိုစွမ်းအင်၊... မဟုတ်လောက်ပါဘူး။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"သခင်လေး" နုခ်၏ တစ္ဆေမြင်လိုက်သကဲ့သို့သော မျက်နှာအမူအရာကို မြင်ပြီး ယွမ်ဝူနှင့် အခြားသူများ စိုးရိမ်သွားကြသည်။ ငယ်စဉ်ကတည်းက ထူးချွန်ထက်မြက်ပြီး တည်ငြိမ်လှသော

သူတို့ သခင်လေး၏မျက်နှာပေါ်တွင် ဤသို့သော အမူအရာမျိုးကို သူတို့တစ်ခါမျှ

မမြင်ဖူးချေ။

"သခင်လေး အဆင်ပြေရဲ့လား၊ ကျွန်တော်တို့ ပြန်ကြရမလား" ယွမ်ဝူက စိုးရိမ်တကြီး မေးလိုက်၏။

နုခ်သည် သတိပြန်ကပ်လာပြီး

ယွမ်ဝူ၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။

သူ၏ မျက်လုံး သုံးလုံးစလုံးတွင် ဖော်ပြ၍ မရသော အကြည့်တစ်မျိုးဖြင့်

"ယွမ်ဝူ... စောစောက တာအိုစွမ်းအင် လှုပ်ရှားမှုက အဲ့ဒီသခင်လေးကြောင့် ဖြစ်နိုင်ခြေ ဘယ်လောက် ရှိမယ် ထင်လဲ" ဟု မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ယွမ်ဝူက

တွေဝေခြင်း မရှိဘဲ ခေါင်းခါလိုက်သည်။

"မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ ဒီလောက်အဝေးကြီးကနေတောင် တာအိုစွမ်းအင်ကို ခံစားမိတာနော်၊ အနားမှာသာဆိုရင် ဒီရေလှိုင်းလုံးကြီး

တစ်ခုလို ဖြစ်နေမှာ။ ဒီလို လှုပ်ရှားမှုမျိုးကို အစစ်အမှန် အင်မော်တယ် တစ်ယောက်က ဘယ်လိုလုပ် ဖန်တီးနိုင်မှာလဲ။ အနည်းဆုံးတော့ မွေးရာပါ ဝိညာဉ်ရတနာ ဒါမှမဟုတ် ဒီထက်ပိုပြီး တန်ခိုးကြီးတဲ့ အရာတစ်ခုခု၊ ဒါမှမဟုတ် အင်မော်တယ်ဘုရင် ဒါမှမဟုတ် ဒီထက်ပိုကြီးမြတ်တဲ့ တန်ခိုးရှင်တစ်ပါးပါး ဖြစ်ရမှာပေါ့"

နုခ်၏ မျက်နှာအမူအရာက ထူးဆန်းသွားပြီး သူက ပြန်မေးလိုက်သည်။

"ဒါဆို... အကယ်၍ တာအိုစွမ်းအင်က အဲ့ဒီသခင်လေးဆီက တကယ်လာခဲ့တာဆိုရင်ရော၊ ယွီမိသားစု ဘိုးဘေးက သူ့ကို အထူးတလည် ဂရုစိုက်မှာလား"

"ဒါပေါ့..."

ထိုသို့ပြောလိုက်စဉ်မှာပင် ယွမ်ဝူသည် ရုတ်တရက် စကားစရပ်သွားပြီး သူ့တစ်ကိုယ်လုံး ကျောက်ရုပ်တစ်ရုပ်လို မာကျောတောင့်တင်းသွားတော့၏။

အခန်း ၆၆၀- အဓိပ္ပာယ်မရှိသော အဖြေ (၂)...

~"ဘယ်လို... ခွေးဖြစ်ရတာလဲ"

နုခ်သည် ရုတ်တရက် ဆဲရေးလိုက်ပြီး ဘဝကိုမေးခွန်းထုတ်နေသလို မျက်နှာပေးဖြင့်

"ဒါ... ဒါ မဖြစ်နိုင်လောက်ဘူးမလား။ အဲ့ဒီသခင်လေးက အစစ်အမှန်အင်မော်တယ်တစ်ယောက်ပဲလေ၊ သူက ဘယ်လိုလုပ် ဒီလောက်ကြီးတဲ့ လှုပ်ရှားမှုကြီးကို ဖြစ်စေနိုင်မှာလဲ" ဟု ဆိုလေသည်။

အခြားသူများလည်း နုခ်၏ ဆိုလိုရင်းကို နားလည်သွားကြပြီး မျက်လုံးများပြူးကျယ်ကာ နားမလည်နိုင်သော အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတော့၏။

"ဟုတ်တယ်... သူက ဘယ်လိုလုပ် ဒီလောက်ကြီးတဲ့ လှုပ်ရှားမှုကြီးကို ဖြစ်စေနိုင်မှာလဲ" နုခ်ကိုယ်တိုင်လည်း ပျာယာခတ်သွားသည်။

သို့သော် သူ တစ်ခုကိုတော့ နားလည်ထား၏။ မဖြစ်နိုင်သောအရာများအားလုံးကို ဖယ်ထုတ်လိုက်သည့်အခါ ကျန်ရှိနေသောအဖြေသည် မည်မျှပင် အဓိပ္ပာယ်မရှိစေကာမူ ၎င်းသည်သာ အမှန်တရားဖြစ်ရမည်။

ထိုသခင်လေးက ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော တာအိုလှိုင်းဂယက်များကို မည်သို့ဖန်တီးနိုင်သည်ကို နုခ် နားမလည်နိုင်သော်လည်း၊ ဤအချက်သည်သာ ယွီမိသားစုဘိုးဘေးက သူ့အပေါ် ဤမျှအာရုံစိုက်ရခြင်း၏ တစ်ခုတည်းသော ဖြစ်နိုင်ခြေပင်။

ဤသို့သော အာရုံစိုက်မှုမျိုးကို ဘိုးဘေး၏ ကိုယ်ပိုင်သားပင် ရရှိမည် မဟုတ်ပေ။

နုခ်၏ နှလုံးသားထဲတွင် အတိုင်းအဆမရှိသော မနာလိုဝန်တိုစိတ်များ ဖြစ်ပေါ်လာသော်လည်း ရန်လိုမုန်းတီးစိတ် အနည်းငယ်မျှပင် မမွေးမြူရဲပေ။ အဘယ်ကြောင့်ဆိုသော် ဤသို့သော ပုဂ္ဂိုလ်မျိုးသည် သူ၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေသောကြောင့်တည်း။

နုခ်၏ မျက်လုံးများ တစ်ခဏမျှ အရောင်လက်သွားပြီးနောက် အောက်ဘက်မှ ဂြိုဟ်ကို ငုံ့ကြည့်ကာ "ငါတို့လည်း ဆင်းကြမယ်" ဟု ဆိုလိုက်သည်။

"ဟမ်" ထိုစကားကို ကြားသောအခါ ယွမ်ဝူနှင့် အခြားနောက်လိုက်များအားလုံး မျက်လုံးများ ပြူးကျယ်သွားပြီး လုံးဝ ကြက်သေသေသွားကြတော့သည်။

'ဘယ်လို... သောက်ကျိုးနည်း။ ကြယ်တာရာနယ်မြေ တပ်မတော်ရဲ့ စစ်ဦးစီးချုပ်ကြီးတောင် အောက်မှာရှိနေတာကို၊ ထွက်မသွားတဲ့အပြင် အောက်ကိုဆင်းမယ် ဟုတ်လား'

"သခင်လေး၊ ကျွန်တော်တို့ ပြန်တာပဲ ကောင်းပါတယ်ဗျာ။ ဒီတစ်ခါ အဲ့ဒီသခင်လေးရော စစ်ဦးစီးချုပ်ကပါ ကျွန်တော်တို့ကို လွှတ်ပေးလိုက်တာ တော်တော်လေး ကံကောင်းနေလို့ပါ။ အောက်ကိုဆင်းသွားပြီး သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိရင် ကျွန်တော်တို့ လွတ်နိုင်မှာမဟုတ်တော့ဘူး" ယွမ်ဝူက အလောတကြီး တားလေသည်။

အခြားသူများလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းတဆတ်ဆတ်ညိတ်ကြ၏။

နုခ်က မဲ့ပြုံးပြုံးလိုက်ပြီး လူအုပ်ကို ဝေ့ကြည့်ကာ "ဘာကြောက်စရာရှိလို့လဲ။ ငါတို့က ပြဿနာရှာဖို့ သွားမှာမှမဟုတ်တာ။ စောစောက အဲ့ဒီသခင်လေးက ငါတို့ကို လွှတ်ပေးဖို့ ဆန္ဒရှိခဲ့တာကိုကြည့်ရင် သူက အကျိုးအကြောင်းဆင်ခြင်တုံတရားရှိပြီး ရက်စက်ကြမ်းကြုတ်သူ၊ သွေးဆာသူတစ်ယောက် မဟုတ်ဘူးဆိုတာ ပြနေတယ်။ စစ်ဦးစီးချုပ်ကလည်း ငါတို့လိုကောင်တွေကို အရေးလုပ်နေမှာ မဟုတ်ဘူး။ ငါတို့က ဒီအင်မော်တယ်ကြယ်ပေါ်မှာ ခဏလှည့်ပတ်ပြီး သတင်းအချက်အလက် နည်းနည်းပါးပါး စုဆောင်းရုံပဲ" ဟု ဆိုလိုက်သည်။

ထိုစကားများကြောင့် ယွမ်ဝူနှင့် အခြားသူများ ခဏတာ ငြိမ်သက်သွားကြပြီးနောက် ယွမ်ဝူက သဘောပေါက်သွားကာ

"သခင်လေး ဆိုလိုတာက... အဲ့ဒီသခင်လေးအကြောင်းကို တခြားတစ်နေရာကနေ စုံစမ်းဖို့လား"

"ဟုတ်တယ်၊ ငါတို့က ဖြတ်သွားဖြတ်လာ ခရီးသွားတွေပဲ၊ ဒီအင်မော်တယ်ကြယ်ပေါ်မှာ ခဏနားတယ်လို့ သဘောထားလိုက်။ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးနေသမျှ ဘာမှဖြစ်မှာမဟုတ်ဘူး။ စောစောက ထွက်လာတဲ့ အင်မော်တယ်တွေကို ကြည့်လိုက်ဦးလေ၊ လူမျိုးနွယ်ချည်းပဲ မဟုတ်ဘူး၊ မျက်လုံးသုံးလုံးမျိုးနွယ်က အဖွဲ့ဝင်တွေတောင် ပါသေးတာ၊ ဘာကြောက်စရာရှိလဲ" နုခ်က ခပ်သော့သော့ရယ်ရင်း ပြောလိုက်သည်။

ယွမ်ဝူနှင့် အခြားသူများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီးနောက် ယွမ်ဝူက မြှောက်ပင့်လိုက်သည်မှာ

"သခင်လေးက တကယ်ကို ပါးနပ်ပါပေတယ်"

သူတို့သည် ထိုသခင်လေးထံမှ တိုက်ရိုက်သတင်းအချက်အလက် စုဆောင်း၍မရ၊ စကားပြော၍မရသော်လည်း အခြားသူများနှင့် အပြန်အလှန်ဆက်ဆံ၍မူ ရနိုင်သည် မဟုတ်ပါလား။

အကယ်၍ ထိုသခင်လေးသာ ဤအင်မော်တယ်ကြယ်ပေါ်တွင် ခဏတာ နေထိုင်မည်ဆိုလျှင် သူတို့အနေဖြင့် အသုံးဝင်သော သတင်းအချက်အလက်အချို့ကို ရရှိနိုင်ပေမည်။

".. ငါတို့ အဲ့ဒီသခင်လေးနဲ့တောင် မိတ်ဆွေဖွဲ့နိုင်မလားပဲ" နုခ်၏ မျက်လုံးများတွင် မျှော်လင့်ချက်အရိပ်အယောင်များဖြင့် တောက်ပနေခဲ့သည်။

"ဒါဆိုရင်တော့ သခင်လေး၊ သွားကြရအောင်လေ"

နုခ်နှင့် သူ့အဖွဲ့သည်လည်း အောက်ဘက်မှ ဂြိုဟ်ဆီသို့ ပျံသန်းသွားကြတော့သည်။ သူတို့သည် လုရီနှင့် အခြားသူများ ထွက်ခွာသွားသော လားရာသို့ မပျံသန်းဘဲ၊ နောက်ယောင်ခံလိုက်သည်ဟု အထင်မခံရစေရန် လမ်းကြောင်းတစ်ခုကို ရွေးချယ်လိုက်သည်။

အင်မော်တယ်များဖြစ်သည့်အလျောက် သူတို့သည် ဤအင်မော်တယ်ကြယ်ပေါ်ရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆအဆင့်ကို ချက်ချင်းသိမြင်နိုင်၏။ ဝိညာဉ်စွမ်းအင် အသိပ်သည်းဆုံးနေရာမှာ လုရီတို့ ထွက်ခွာသွားသော လားရာဖြစ်ပြီး ထိုနေရာမှစ၍ သိပ်သည်းဆ တဖြည်းဖြည်း လျော့နည်းသွားလေသည်။

သူတို့သည် ဝိညာဉ်စွမ်းအင်သိပ်သည်းဆ သိပ်မများသော်လည်း အတော်အသင့်ကောင်းမွန်သော နေရာတစ်ခုသို့ ရောက်ရှိသွားပြီး ရှေးကျကာ ကျယ်ပြန့်သော မြို့ကြီးတစ်မြို့ကို လျင်မြန်စွာ ရှာတွေ့ခဲ့သည်။ မြို့ထဲတွင် ကျင့်ကြံသူများသည် ဓားပျံစီးသူစီး၊ သားရဲယဉ်သူယဉ်၊ ပျံသန်းယာဉ်များ စီးနင်းသူစီးဖြင့် မြို့အနှံ့ အတက်အဆင်း သွားလာနေကြ၏။

သူတို့သည် မိမိတို့၏ အရှိန်အဝါများကို ဖုံးကွယ်ပြီး သာမန်ကျင့်ကြံသူများကဲ့သို့ပင် မြို့ထဲသို့ ဆင်းသက်လိုက်ကြသည်။

ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများက ဆူညံနေပြီး လမ်းများပေါ်တွင်လည်း စည်ကားသော ဆိုင်တန်းများနှင့် ပြည့်နှက်နေ၏။ လမ်းမများပေါ်တွင် သာမန်လူများနှင့် ကျင့်ကြံသူများ ရှုပ်ထွေးစွာ သွားလာနေကြရာ အလွန်ပင် သက်ဝင်လှုပ်ရှားသော မြင်ကွင်းဖြစ်လေသည်။

ဘိုလော့စ်ကုန်သည်ကြီးများအသင်းမှ ကျင့်ကြံသူတစ်ယောက်အနေဖြင့် နုခ်သည် ဤထက်ပို၍ စည်ကားသော မြင်ကွင်းများကိုပင် မြင်ဖူးသည်။ ဂြိုဟ်တစ်လုံးလုံး ဈေးလမ်းအဖြစ် တည်ရှိနေသော ကုန်သွယ်ရေးဂြိုဟ်မျိုးကိုပင် မြင်ဖူးသဖြင့် ဤမြင်ကွင်းသည် သူ့စိတ်ကို မလှုပ်ရှားစေခဲ့ပေ။

သူ၏အကြည့်များ ဝေ့ဝဲသွားပြီး လမ်းပေါ်မှ သာမန်လူများနှင့် ကျင့်ကြံသူများသည် သူတို့ကို မကြာမကြာ လှမ်းကြည့်နေကြသည်ကို သတိပြုမိလိုက်သည်။ ကျင့်ကြံသူအချို့မှာမူ တီးတိုးစကားပြောနေကြ၏။ သို့သော် အင်မော်တယ်များဖြစ်သော နုခ်တို့အဖွဲ့သည် ထိုသို့သော တီးတိုးစကားများကို အလွယ်တကူ ကြားနိုင်ပေသည်။

"လူမျိုးနွယ်လည်း မဟုတ်ဘူး၊ မိစ္ဆာမျိုးနွယ်လည်း မဟုတ်ဘူး၊ ဒီလူတွေက ဘယ်မျိုးနွယ်ကလဲ"

"ခေါင်းဆောင်ဖြစ်ပုံရတဲ့ တစ်ယောက်ကို ငါမြင်ဖူးသလိုပဲ၊ မျက်လုံးသုံးလုံး မျိုးနွယ်လို့ ခေါ်တယ်ထင်တယ်။ နောက်ဆုံးတစ်ခါ ဒီမျိုးနွယ်က ကျင့်ကြံသူ တစ်ယောက်ကို တွေ့တုန်းက သူက အင်မော်တယ်ဘတစ်ပါးပဲ"

"ဟုတ်လို့လား။ မျက်လုံးသုံးလုံးမျိုးနွယ်တဲ့လား။ တော်တော်အစွမ်းထက်ပုံပဲ"

"ဘာကြောက်စရာရှိလို့လဲ။ သူတို့က လုအင်မော်တယ်ထက် ပိုတန်ခိုးကြီးနိုင်လို့လား"

"အေးပေါ့၊ လုအင်မော်တယ်ကတော့ အကြီးမြတ်ဆုံးပဲပေါ့"

"..."

"လုအင်မော်တယ်"

နုခ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး စောစောက သခင်လေးကို ပြန်တွေးမိလိုက်သည်။

ထို့နောက် ယွမ်ဝူနှင့် အခြားသူများဘက်သို့ လှည့်ကာ လျှို့ဝှက် ။အသံလွှင့်၍ "နေရာတစ်ခုရှာ၊ လူမျိုးနွယ်ပုံစံ ပြောင်းပြီးရင် အပြင်ထွက်ပြီး ဒီလုအင်မော်တယ်အကြောင်း အကုန်လုံးကို သွားစုံစမ်းကြ" ဟု အမိန့်ပေးလိုက်တော့သည်။

သူတို့ လူအုပ်စုသည် ခြံဝင်းတစ်ခုကို လျင်မြန်စွာ ငှားရမ်းပြီး တစ်ယောက်ပြီးတစ်ယောက် လူမျိုးနွယ်ပုံစံသို့ ပြောင်းလဲကာ သတင်းအချက်အလက်များ စုဆောင်းရန် ခြံဝင်းထဲမှ ထွက်ခွာသွားကြတော့၏။

All Chapters