ကျူးကော့ချင်းအာရဲ့ ပထမဆုံး အလုပ်တတ်ရက်
Vol. 2 Ch. 15
လျိုချင်းချန်က ရှကျိုးယွီကို အနည်းငယ် အံ့အားသင့်စွာ စိုက်ကြည့်လာလေရဲ့။
အခု သူ လုပ်နေသမျှက တော်တော်လေး အဓိပ္ပါယ်ရှိမနေဘူး။
ဒါပေမဲ့ အကုန်လုံးကို အရှေ့က ဦးဆောင်ပြီး လုပ်ပေးသွားခဲ့သည်။ ဖြစ်လာမဲ့အကျိုးဆက်တွေကိုလဲ လုံးဝ ဂရုစိုက်ဟန်မရှိဘူး!
“ အရှင်မင်းကြီး.. ရုံးတော်က အမတ်တွေ ဆန့်ကျင်မှာ မကြောက်ပါဘူးလား? နောက်ဆက်တွဲ အကျိုးတွေကို မစိုးရိမ် တော့ပါဘူးလား?”
ရှကျိုးယွီရဲ့အကြည့်က ကျဥ်းမြှောင်းသွားသည်။ ထို့နောက်မှာ ခပ်ဖွဖွ ပြုံးလိုက်ရင်း
“ အဲ့တော့ဘာဖြစ်သလဲ?”
“ ငါကိုယ်တော် လုပ်မဲ့ကိစ္စမှာ သူတို့တွေ ဘာတားပိုင်ခွင့် ရှိကြလို့လဲ?”
“ နောက်ဆက်တွဲအကျိုးဆက်ကတော့ မေ့ထားလိုက်”
“ အရာအားလုံးကို အရှည်ကြီးလိုက်တွေးနေရင် လူတွေ ဘယ်လိုရှင်သန်ရမလဲ?”
“ ကပ်ဘေးကြီး သယ်ဆောင်လာမယ် ဆိုရင်တောင်မှ ငါကိုယ်တော့်ကို ဘယ်သူမှ တားခွင့်မရှိဘူး!”
ရှကျိုးယွီ လက်နောက်ပစ်ကာ အကြည့်လွှဲလိုက်သည်။
လျိုချင်းချန်နဲ့ ကျူးကော့ချင်းအာ နှစ်ယောက်လုံး အံ့သြကြီးစွာဖြင့် ရှကျိုးယွီကြည့်တဲ့နေရာကို လိုက်ကြည့်ကြသည်။
လျိုချင်းချန် တွေးမိသွားသည်။
'ရှင်က မကောင်းတဲ့ဘုရင် တစ်ယောက်ဆိုပေမဲ့ ထူးခြားတာတော့ ဝန်ခံရမယ်’
‘ ဒါကြောင့်လဲ မပြည့်စုံတဲ့ အရည်အချင်းတွေ ရှိတာတောင်မှ တိုင်းပြည်ရဲ့ကံကြမ္မာအမှတ်ကို အများကြီးတိုးပေး နိုင်သွားတာ!’
‘ ဆန်းကြယ်တဲ့ လူသားပဲ!’
အချိန်ခဏအတွင်းမှာ လျိုချင်းချန် သူမရဲ့ ပုံစံကို ပြန်ထိန်းသိမ်းလိုက်ပြီး နူးညံ့စွာ ပြုံးပြလိုက်သည်။
သူမ ရှကျိုးယွီကို အနည်းငယ် စိတ်ဝင်စားသွားပြီ။
“ ကြည့်ရတာ ကျွန်တော်မျိုးမ အနာဂတ်ကျရင် ဒီနန်းတော်ထဲ မကြာမကြာ လာလည်ရတော့မှာပဲ”
စကားသံဆုံးတာနဲ့ သူမ ပျောက်ကွယ်သွားလေ၏။
တာအိုပညာလမ်းစဥ်မှာ ဒုတိယအဆင့် ရောက်နေပြီဆိုမှတော့ သူမက နတ်ဖြစ်ဖို့ ခြေတစ်လှမ်းပဲလိုတော့တာလေ။
ထိုအချိန်မှာ ရှကျိုးယွီကတော့ ဖူယွဲ့နန်းဆောင်ဆီ ပြန်ဦးတည်လိုက်သည်။
“ တာအိုလေ့ကျင့်ဖို့ ဆုံးဖြတ်ခဲ့တာ ကောင်းတယ်! ငါ အရမ်းတော်တယ်!”
“ ငါအရင်က မကူးပြောင်းခင်က မင်ခေတ်မှာ ဘုရင်ကျားကျင့်ကြောင့် တိုင်းပြည် ပျက်ဆီးခဲ့တဲ့အကြောင်း ဖတ်ခဲ့ဖူးတယ်။ အဲ့ဒါ အဲ့ဘုရင်က တိုင်းပြည်အရေးကို ဂရုမစိုက်ဘဲ တာအိုပညာလေ့ကျင်ခဲ့လို့ ဖြစ်ရတာတဲ့”
“ ကျားကျင့်ရဲ့ နည်းစနစ်က တော်တော် ကောင်းတယ်။ ဒါပေမဲ့ သူကမှ တာအိုကို အရူးအမူးစွဲလန်းပေမဲ့ တိုင်းပြည်ကို နည်းနည်း ထိန်းချုပ်နိုင်သေးတယ်”
“ ဒါပေမဲ့ ငါကတော့ ပင်မ အချက်ကိုပဲ ယူမယ်။ ငါလဲ တာအိုကျင့်ကြံရင်း ပြည်ဖျက်မယ်ကွ!”
“ပြီးတော့ ငါအတူ ကျင့်ရမှာကလဲ တော်ဝင် ဆရာမကြီးနဲ့လေကွာ ဟဲဟဲ”
ရှကျိုးယွီ ဂုဏ်ယူစွာ တွေးလိုက်သည်။
သူ့ရဲ့ပြည်ဖျက်မဲ့အစီအစဥ်ကို လုပ်ဆောင် နိုင်ရုံတင်မကပဲ မိန်းမလှလေးကိုလဲ လက်မောင်းအောက် သွင်းလို့ရအုံးမယ်။ ဘယ်လို ကောင်းမွန်တဲ့ အခွင့်အရေးလဲ?
ရှကျိုးယွီ အတွေးလွန်နေစဥ်မှာပဲ စနစ်ရဲ့ အသံကို ကြားလိုက်ရသည်။
(ဒင်)
( ပိုင်ရှင် က တိုင်းပြည်ကို ဂရုမစိုက်ဘဲ တာအိုကျင့်ကြံဖို့ လုပ်နေတယ်လို့ အာရုံခံမိတယ်။ ဒါအသုံးမကျတဲ့ဘုရင်ရဲ့ လုပ်ရပ်ပဲ)
( ကံကြမ္မာအမှတ် ငါးရာ လျော့ပါတယ်။.လက်ရှိမှာ ၄၉၅၀၀ ကျန်သေးတယ်)
( ဆုလာဘ်- စိတ်ဝိညာဥ် ပေတံ)
ရှကျိုးယွီရဲ့ မြင်ကွင်းထဲကို စစ်မှန်မှု အရှိန်အဝါတွေ ဖြာထွက်နေတဲ့ အစိမ်းရောင် ပေတံတစ်ခု ပေါ်လာခဲ့သည်။
ဒါပေမဲ့ သူ အရမ်းစိတ်မဝင်စားမိဘူး။
စိတ်ဝိညာဥ် ပေတံတဲ့လား?
သူက စိတ်ဝိညာဥ်သန့်စင်ခြင်း လမ်းစဥ်ကို ကျင့်ကြံနေတဲ့သူမှ မဟုတ်တာ။ ဒီပေတံက သူ့အတွက် အသုံးမဝင်ဘူး။
သူ ဂရုစိုက်တာက လျော့သွားတဲ့ ကံကြမ္မာ အမှတ်ငါးရာပဲ!
“ ကြည့်ရတာ ငါရွေးတာ မှန်သွားပုံပဲ”
“ ဒါပဲလေ ဒီလိုပဲ ဖြစ်ရမှာပေါ့”
ကျေနပ်စွာနဲ့ ရှကျိုးယွီ ဖူယွဲ့နန်းဆောင်ဆီ ဆက်သွားလိုက်သည်။
အခုလို ဆုလာဘ်ကြီး ရထားတဲ့အတွက် ကိုယ့်ကိုယ်ကို ဆုထပ်ပေးရမယ်လေ။
‘သုံးရက်လုံး ဖူယွဲ့နန်းဆောင်က ပြန်မထွက်ဘူးပဲ!’
နေဝင်တယ်..နေထွက်တယ်.. ဒီလိုနဲ့ နေ့ရက်တွေ ကုန်ဆုံးနေသည်။
ရှကျိုးယွီ ဖူယွဲ့နန်းဆောင်မှာ သာယာနေချိန်မှာ ကျူးကော့ မောင်နှမ နှစ်ယောက်ဖြစ်တဲ့ ကျူးကော့ချင်းအာနဲ့ ကျူးကော့ချန်ချင်း ကတော့ အရာရှိရာထူးကို တရားဝင်ဆက်ခံဖို့ ပြင်ဆင်နေကြသည်။
“ ချင်းအာနဲ့ ချန်ချင်း ရုံးတော်မှာ နေရတာက အိမ်မှာနဲ့ လုံးဝမတူဘူး။ သားတို့သမီးတို့ အထူး.ဂရုစိုက်ကြပါ”
“ အရှင်မင်းကြီးက မျက်နှာသာပေးပြီးအခုလိုမျိုး ရာထူးကြီး ချီးမြှင့်ထားတာ မှန်ပေမဲ့ နေချင်သလို မနေနဲ့။.ဘာကိုမှ အလောတကြီး မလုပ်ကြနဲ့”
အမတ်ချုပ် အိမ်ရှေ့တွင် အရာရှိ ဝတ်စုံများနဲ့ ခံ့ညားနေတဲ့ ကလေးနှစ်ယောက်ကို ကြည့်ရင်း အမတ်ချုပ်ရဲ့ဇနီးကတော့ စိတ်ပူ နေရှာသည်။ အဆက်မပြတ် မှာကြားနေလေရဲ့။
မိဘတွေဆိုတာ ဒါမျိုးပဲ။ သားသမီးတွေကို အောင်မြင်စေချင်ကြပေမဲ့ တစ်ကယ် အောင်မြင်သွားချိန်ကျရင်လဲ ကလေးတွေ နယ်ပယ်အသစ်မှာ အဆင်မှပြေပါ့မလား စိတ်ပူကြတာပဲ။
“ မေမေ စိတ်မပူပါနဲ့”
“ မောင်လေးနဲ့သမီး လုံးဝ အဆင်ပြေမှာ။ သမီးတို့ နှစ်ယောက်ပေါင်းထားတာပဲ။ ရုံးတော်ရဲ့ အရာရှိတွေထက် နောက်ကျ ကျန်ခဲ့ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား?”
ကျူးကော့ချင်းအာက အဆင့်လေးအရာရှိ ဝတ်စုံဖြစ်တဲ့ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ယောက်ျားဝတ်စုံ ဆိုပေမဲ့ သူမ ဝတ်လိုက်တော့လဲ သူရဲကောင်းမလေးနဲ့ တူသည်။
မသိရင် သူမအတွက် အထူးချုပ်ထားသလိုပဲ။
ဒါပေမဲ့ တစ်ဖက်က ကျူးကော့ချန်ချင်း လေးကတော့ ကျင်းဝူအစောင့်တပ်ရဲ့ ခေါင်းဆောင်ဝတ်စုံနဲ့ သံချပ်ကာကို ဝတ်မဲ့သာ ဝတ်ထားတာ၊ တော်တော်လေး မပေါ်လွင်လှပေ။
သူ့ရဲ့ပုံက ကြောက်လန့်နေပုံပဲ။
“ မေမေ ပြောတာလဲ အထူးသဖြင့် သမီးကိုပဲ။ သမီးရဲ့ အဲ့ဒီထိန်းမရတဲ့ဒေါသနဲ့ ပြဿနာ တက်လာလိမ့်မယ်”
“ အား!”
သခင်မကြီးကျူးကော့က ကျူးကော့ချင်းအာရဲ့ နှဖူးကို ခပ်ဆတ်ဆတ် ရိုက်ချလိုက်တာပင်!
“ ဟုတ်ပါမေမေရဲ့။ စိတ်မပူနဲ့ သမီးတို့ အရမ်းကို အဆင်ပြေမှာ!”
“ သွားမယ်လာ!”
ပြောပြီးတာနဲ့ ကျူးကော့ချင်းအာက မြင်းနက်ကြီးပေါ် ခုန်တက်လိုက်သည်။
“ မောင်လေး သွားမယ်”
မြင်းခွာသံ တစ်ချပ်ချပ်ကြားမှာ လူနှစ်ယောက်က အဝေးကို ထွက်သွားလိုက်ကြသည်။
အသက်လေးဆယ်ကျော်ပြီ ဆိုပေမဲ့ ဝဖိုင့်ဖိုင့်နဲ့ အရွယ်တင်နေဆဲ သခင်မကြီးကျူးကော့ ခပ်ဖြည်းဖြည်း ခေါင်းရမ်းလိုက်လေသည်။
“ ဟင်း”
“ ဒီကလေးတွေ ဘယ်တော့မှ ကြီးပြင်းလာကြမှာလဲ?”
မိုးကြိုးလို အရှိန်နဲ့ မြင်းစီးလာတာမို့ အချိန်ခဏအတွင်းမှာပဲ ကျူးကော့ချင်းအာ ထိုက်အန်းရဲ့ တရားသူကြီးရုံးတော်ကို ရောက်လာခဲ့သည်။
ပုံမှန်ဆို သူမလိုမျိုး အဆင့်လေးအရာရှိတွေက မြင်းလှည်းမှာ မိန့်မိန့်ကြီးထိုင်ပြီး အလုပ်လာတတ်သည်။ ဒါပေမဲ့ သူမကတော့ ကိုယ်တိုင်သာ မြင်းစီးလာလိုက်သည်။
“ ကြည့်ကြ! အသစ်ခန့်ထားတဲ့ အမျိုးသမီး တရားသူကြီး ရောက်ပြီ”
“ ဘယ်မှာလဲ! ဘယ်မှာလဲ!”
“ ဟိုမှာပဲ။ မြင်းပေါ်မှာ!”
“ သူမက အရမ်းလှတာပဲ! ဒါပေမဲ့ အလုပ် လုပ်နိုင်ပါ့မလား သိချင်မိသား..”
“ ငါတို့အရှင်မင်းကြီးက အရမ်း ဆန်းကြယ်တာပဲ။ မိန်းမတစ်ယောက်ကို တရားသူကြီးအဖြစ် လွှတ်လိုက်တယ်”
“ တော်စမ်းပါ။ မိန်းမတစ်ယောက် ထူးချွန်တာ ဘာမှားနေလို့လဲ? ငါကြားတာတော့ အရှင်မင်းကြီးက ၁၃ နှစ်အရွယ် ကောင်လေးကိုတောင်မှ တော်ဝင်အစောင့်မှူး အဖြစ်ခန့်လိုက် သေးတယ်တဲ့!”
“...”
ရုံးတော်အပြင်ဘက်က လာကြည့်ကြတဲ့သူတွေ အတင်းတုတ်နေကြတာပင်။
သူမကတော့ ဘာကိုမှ အရေးမလုပ်ပဲ တရားသူကြီးရုံးထဲကို တိုက်ရိုက်ဝင်သွားလိုက်သည်။
“ နှုတ်ဆက်ပါတယ် တရားသူကြီး”
အထဲမှာရှိနေတဲ့ အရာရှိငယ်တွေအားလုံး လာရောက် နှုတ်ဆက်ကြသည်။
သူတို့ရဲ့ အကြည့်တွေက အသစ်ရောက်လာတဲ့ တရားသူကြီးကိုပဲ စပ်စုစွာ ကြည့်နေလေရဲ့။
ရုံးတော်မှာ အမျိုးသမီးတစ်ယောက် ရောက်လာတယ်… ဒါ တရှားတိုင်းပြည် သမိုင်းမှာတင် မဟုတ်ဘူး။ ရှန်းထျန့် နယ်မြေကြီးမှာလဲ ပထမဆုံးပဲ!
“ စကားအပိုတွေ ပြောပြီး အလုပ်ရှုတ် မခံတော့ဘူး။.ထိုက်အန်းမြို့တော်ရဲ့ မကြာခင်က အမှုတွေအားလုံး.ယူခဲ့”
“ ငါကြားထားတာ ထိုက်အန်းမြို့ရဲ့ အစိုးရ ဋ္ဌာနတွေက အကျင့်ပျက်ချစားမှုတွေကြောင့် ပျက်ဆီးနေတယ်တဲ့။ ငါ ကောင်းကောင်း ကြည့်ရှုရမယ်”
အသစ်ခန့်အပ်ထားတဲ့ တရားသူကြီးရဲ့ ပထမဆုံး ရိုက်ချက်ပင်။
အကြံပေး လုချန်က အမြန်ဝင်ပြောလိုက်သည်။
“ စိတ်မပူပါနဲ့ တရားသူကြီး။ ကျွန်တော် အခုပဲ ယူလာခဲ့ပါ့မယ်”
ကျူးကော့ချင်းအာ ကျေနပ်စွာဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
တရားသူကြီးဆိုမှတော့ ဆုံးဖြတ်ချက် ချပေးရမှာပေါ့!
ဒါပေမဲ့ ထိုအမှုတွဲတွေ မရောက်လာခင်မှာပဲ တရားသူကြီးရုံးတော်အရှေ့မှာ ပြည်သူတွေ တိုင်ကြားဖို့အတွက် ချထားတဲ့ စည်တော်မှ စည်တော်တီးသံ အကျယ်ကြီး ထွက်လာခဲ့သည်။
“ ရုံးဖွင့်လိုက်!”
ဝိညာဥ်ထိန်းချုပ် နယ်ပယ်ရောက်နေပြီ ဖြစ်တဲ့ အဆင့်ငါးတာအိုပညာရှင် တစ်ယောက်ရဲ့ အရှိန်အဝါတွေ ထွက်ပေါ်လာခဲ့သည်။ အခန်းထဲက သူတွေအားလုံး သူမကြောင့် ကြောက်လန့်ကာ ခေါင်းမဖော်ရဲတော့ပေ!
အကုန်လုံး နေရာအမြန်ယူလိုက်ကာ အမှုစစ်ဆေးချက် စတင်ဖို့ ပြင်ဆင်လိုက်ကြသည်။
ဒီလိုနဲ့ ကျူးကော့ချင်းအာရဲ့ အရာရှိနေ့ရက် စတင်လေတော့၏။
ထိုအချိန်မှာ နန်းတော်ထဲက ရှကျိုးယွီထံကိုလဲ သတင်းတစ်ခု ရောက်လာခဲ့သည်။
ရှကျိုးယွီ ချက်ချင်းပဲ စိတ်ဝင်စားသွားသည်။
ဘေးမှာရှိနေတဲ့ မိဖုရားကိုပင် ပြုံးကာ မေးလိုက်သေး၏။
“ မိဖုရား ကိုယ်တော်နဲ့အတူ နန်းတော်အပြင် လိုက်လည်ဖို့ စိတ်ဝင်စားလား? ကစားပွဲ ကောင်းလေး တွေ့ရနိုင်တယ်”