ကံကြမ္မာအမှတ်က မြင့်ပြန်ပြီလား
Vol. 2 Ch. 20
တံခါးချပ်က ကျယ်လောင်စွာ ပွင့်သွားခဲ့သည်။
လီချန်ချိုးရဲ့ အတင်းအကျပ် ခေါ်ဆောင်လာခြင်း ခံရတဲ့ ယောင်ဖန်းကတော့ ရှကျိုးယွီကို စိတ်ပျက်စွာ ကြည့်နေလေရဲ့။
ရှကျိုးယွီ ဘာလုပ်ရမှန်း မသိတော့စွာ ကိုယ့်နှဖူးကိုယ်ပဲ ကုတ်လိုက်တော့သည်။
သွားပြီ..
အကုန်ပြီးသွားပြီ!
ယောင်ဖန်းလဲ သွားပြီ!
ယောင်ဖန်းသာ တော်ဝင်အစောင့်အဖွဲ့ရဲ့ လက်ထဲ ရောက်သွားလို့ကတော့ ကယ်မရတော့ဘူးဆိုတာ ရှကျိုးယွီ ကောင်းကောင်း သိနေသည်။
ဟီးဟီးဟီး မိုးနတ်မင်းက မတရားဘူး။ ငါ့ကို အင်မော်တယ်မဖြစ်စေချင်တာလား… မပျော်တော့ဘူး
ဒါဆိုရင် လီလင်ပုရဲ့ ရုံးတော်က အကြီးမားဆုံး အခက်အခဲကြီးကို ဖြေရှင်းနိုင်သွားမည်။
ကံကြမ္မာအမှတ်တွေ ထိန်းမရအောင် တက်လာတော့မှာ သေချာနေပြီ။ အခုလိုကိစ္စကို လုံးဝ ဖြစ်ခွင့်ပေးလို့မရဘူး။
ဒါကြောင့် အခုချိန်မှာ ဦးစားပေးက ယောင်ဖန်းကို ကာကွယ်ဖို့ပဲ!
ဒါပေမဲ့ ရှကျိုးယွီ စကားမဟရသေးခင်မှာပဲ လီလင်ပုက ဒူးထောက်ချလိုက်ပြီး ရိုသေစွာ ပြောလိုက်သည်။
“ အရှင်မင်းကြီးက မျှော်လင့်ထားတဲ့အတိုင်း အကုန် စီစဥ်ထားတာပဲ!”
“ အရှင်မင်းကြီးသာ ယောင်ဖန်းကို ကျွန်တော်မျိုးလက်ထဲ အပ်လိုက်ရင် တရှားတိုင်းပြည်ရဲ့ ကံကြမ္မာ ၃၀ ရာခိုင်နှုန်း လောက် မြင့်သွားဖို့ ကျွန်တော်မျိုး အာမခံပါတယ်”
“ ယောင်ဖန်းရဲ့ ကျောင်းသားတွေနဲ့ အရာရှိဟောင်းတွေက တိုင်းပြည်အနှံ့မှာရှိပြီး ရာထူးတွေကို အသီးသီး နေရာယူထားကြပါတယ်။ နှစ်တိုင်း နှစ်တိုင်း သူ လာဘ်စားထားတဲ့ ပိုက်ဆံက ရွှေစ တစ်သိန်းမကပါဘူး”
“ ဒါက စုံစမ်းမှုရဲ့ အစပိုင်းပဲ ရှိပါသေးတယ်။ လူမြင်ကွင်းနောက်ကွယ်မှာ အဖိုးကြီးယောင်ဖန်း ဘယ်လောက်တောင်များ မတရားခိုး ထားသေးလဲမသိနိုင်ပါဘူး။ သိနိုင်စရာလဲ မရှိတော့ဘူး!”
“ အရှင်မင်းကြီးက တစ်ကယ် ထူးချွန်တာပဲ။ အရာအားလုံးကို အချိန်အကြာကြီး တည်းက ကြိုတင် စီစဥ်ထားနိုင်တယ်။ ကျွန်တော်မျိုးနဲ့ သခင်မလေးကျူးကော့ကို ရာထူးခန့်လိုက်တာက အရေးကြီးနေရာတွေမှာ လူယုံထည့်လိုက်တာပဲ”
“ အဖိုးကြီးယောင်က ဖုံးဖိထားတာ တော်လွန်းတော့ ဒီလောက်နှစ်တွေ ကြာခဲ့တာတောင်မှ သက်သေမစုံဘဲ အခုထိ အရေးယူလို့မရခဲ့ဘူး”
“ ဒါပေမဲ့ သူ့ရဲ့သားကတော့ မတူဘူး။ အရှင်မင်းကြီးက သခင်မလေးကျူးကော့ကို တရားသူကြီးမင်းအဖြစ် ခန့်ပြီး သခင်လေးလီကို တော်ဝင်အစောင့်မှူးအဖြစ် ခန့်လိုက်တာ ဒီနေ့အတွက်ပဲမလား?”
“ ပြီးတော့ သခင်လေးလီကို တော်ဝင်ဓားတော်ပါ ချီးမြှင့်လိုက်သေးတယ်။ အဖိုးကြီးယောင်ကို ဖမ်းဖို့ လုံးဝကို အကွက်စေ့ပါပေတယ်”
“ အရှင်မင်းကြီးရဲ့ ဉာဏ်ရည်က တုနှိုင်းမမှီပါပဲ”
ဒါပေမဲ့ ထိုစကားတွေရဲ့ ပြင်းထန်လှတဲ့ ရိုက်ချက်ကို ရှကျိုးယွီမှအပ ကျန်တဲ့သူတွေ သိနိုင်မှာမဟုတ်ဘူး။
သူသာ အကွက်ကြိုမြင်နေရင် အဲ့ဒီနှစ်ယောက်လုံးကို လုံးဝ ရာထူးပေးခဲ့မှာ မဟုတ်ဘူးလေ! လုံးဝပဲ!
လီလင်ပုရဲ့ စကားတွေကြောင့် အခန်းထဲက ယောင်ဖန်းလဲ တော်တော်လေး စိတ်ဓာတ်ကျသွားခဲ့သည်။
ငြင်းဆိုမဲ့သူ့ရဲ့အစီအစဥ်ပင် ပျက်ဆီးသွားလေ၏!
'ငါ လုံးဝကို ဇာတ်လမ်းဆင်ခံလိုက်ရတာပဲ!’
'အဲ့ဒါကလဲ အရင်က လက်ဝါးထဲထည့်ပြီး လှည့်ချင်သလိုလှည့်လာတဲ့ ဘုရင်ငတုံးဆီကလေ!’
ရှကျိုးယွီ စကားစဖို့ ပြင်လိုက်သည်။ ဒါပေမဲ့ သူ မပြောနိုင်ခင်မှာပဲ ယောင်ဖန်းက ရုတ်တရက် ကျယ်လောင်စွာ ထရယ်လိုက်လေ၏။
“ ကောင်းလိုက်တဲ့ အကွက်!”
“ ကောင်းလိုက်တာ!!”
“ အရှင်မင်းကြီး ကျွန်တော်မျိုး ယောင်ဖန်း သက်တမ်းတစ်လျှောက်လုံး.ဘယ်သူ့ကိုမှ မလေးစားခဲ့ဖူးဘူး”
“ ဒီနေ့ အမတ်လီရဲ့ စကားတွေ နားထောင်လိုက်ရတာ ဆယ်နှစ်လောက် သင်ယူခဲ့ရရတာထက်ကို ပို ထိုက်တန်တာပဲ!”
“ ရယ်စရာပဲ! အရည်အချင်းမရှိဘူးလို့ ကျွန်တော်တို့ အရာရှိတွေ သတ်မှတ်ခဲ့တဲ့ အရှင်မင်းကြီးက ဒီလောက် အတွက်အချက် တော်မယ် မထင်ထားဘူး”
“ အရှင်မင်းကြီးရဲ့ မထင်ထားတဲ့ လုပ်ရပ်တိုင်းက ကျွန်တော်တို့ အမတ်အိုကြီးတွေကို သေလောက်အောင် ရိုက်ချနိုင်ပါပေတယ်!”
“ အရှင်မင်းကြီးလို လူကို ဘုရင်အဖြစ် ရထားတာ တရှားပြည်ကြီး ကံကောင်းတာပဲ!”
ပြောပြီးတာနဲ့ ယောင်ဖန်းရဲ့ မျက်နှာက တည်ငြိမ်သွားသည်။ မသိရင် ကိုယ့်ရဲ့ကံတရားကို လက်ခံလိုက်တဲ့အတိုင်းပဲ။
ဒါပေမဲ့ အရှေ့က လူနှစ်ယောက်ရဲ့ စကားတွေကို နားထောင်နေရင်း ရှကျိုးယွီ တော်တော်လေးကို မပျော်တော့ဘူး!
“ အမတ်ယောင်.. ငါကိုယ်တော် အဲ့ဒီအမိန့်တွေ ပေးခဲ့တုန်းက မောင်မင်းကို အကွက်ဆင်ဖို့ ရည်ရွယ်ချက်လုံးဝ မရှိဘူး”
ရှကျိုးယွီ ဘာမှ မပြောလိုက်ရင်တောင်မှ အဆင်ပြေအုံးမည်။ ဒါပေမဲ့ သူ့ရဲ့ ဖြေရှင်းချက်ကြောင့် နောက်ထပ်သော မေးခွန်းတွေ ထွက်လာတော့သည်။
“ အရှင်မင်းကြီး ရှင်းပြဖို့ မလိုပါဘူး။ ကျွန်တော်မျိုး နားလည်ပါတယ်။ ဒီနည်းဗျူဟာတွေက အရှင်မင်းကြီးရဲ့မျက်လုံးထဲမှာ ဘာမှ အရေးပါနေမှာ မဟုတ်ပါဘူး”
“ ဟုတ်ပါတယ်။ အရှင်မင်းကြီးက အမတ်ယောင်ကို ပစ်မှတ်ထားခဲ့တာ မဟုတ်ဘူး။ သူကသာ အရှင်မင်းကြီးဆီ တည့်တည့် ဝင်ပြေးခဲ့တာပဲ!”
လီလင်ပုက လေးစားစွာ ပြောလိုက်သည်။
ဆိုးဝါးတဲ့ အဆုံးသတ်ကို လက်ခံထားတဲ့ ယောင်ဖန်းပင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး..
“ အရှင်မင်းကြီး ကျွန်တော်မျိုးကို နှစ်သိမ့်ဖို့ မလိုပါဘူး။ ကျွန်တော်မျိုးရဲ့ တစ်ဘဝလုံးမှာ တရှားတိုင်းပြည်အပေါ် မကောင်းတဲ့ကိစ္စတွေ အများကြီးလုပ်ခဲ့ပြီးပြီ။ ကျွန်တော်မျိုးက ထိုက်တန်ပါတယ်!”
“ အရှင်မင်းကြီး အမိန့်ချပါတော့!”
သေခါနီး လူတစ်ယောက်က စကားကောင်း.ထွက်တတ်သည်တဲ့။
ယောင်ဖန်းက သူ့ရဲ့ကံကြမ္မာကို လက်ခံလိုက်ပြီမလို့ ငြင်းဆိုမှုတွေ မလုပ်တော့ပေ။
သူသာ အဖမ်းခံရတာနဲ့ အသက်ရှင်ဖို့ လမ်းမရှိတာ ကောင်းကောင်း သိပြီးသားပဲ။
ဒါပေမဲ့ ဒါတွေအားလုံးကို အရှင်မင်းကြီး အကွက်ချ ကြံစည်ထားမှန်း နောက်ဆုံးအကြိမ်မှာ သိလိုက်ရတာ.. သူ တစ်ကယ်ပဲ ကျေနပ်မိပါသည်။
“ အရှင်မင်းကြီး အမိန့်တော် ထုတ်ပြန်ပေးပါ”
“ ဒီအဖိုးကြီးယောင်က သူ့တစ်ဘဝလုံးမှာ မရေမတွက်နိုင်တဲ့အပြစ်များစွာကို ကျူးလွန်ထားတယ်။ သူ့ကို ခွင့်လွှတ်ပေးလို့ မရပါဘူး!”
“ ဒါက ဒီနှစ်တွေထဲမှာ တော်ဝင်အစောင့်အဖွဲ့က စုဆောင်းထားတဲ့ သက်သေတွေပါ။ မပြည့်စုံပေမဲ့ အဲ့ဒီအဖိုးကြီးရဲ့ အပြစ်တွေကို ထောက်ပြဖို့ လုံလောက်ပါတယ်!”
လီချန်ချိုးက တော်ဝင်အစောင့်အဖွဲ့ရဲ့ နှစ်များစွာ စုဆောင်းထားတဲ့ စာလိပ်တွေကို တစ်ခုပြီးတစ်ခု ထုတ်ပြလိုက်သည်။
ဒါပေမဲ့ ရှကျိုးယွီ ဖတ်မကြည့်ဘဲ ပုံမှန်လို ပြောလိုက်သည်။
“ ကောင်းပြီ။ ဒီကိစ္စကို အဆုံးသတ်ကြတာပေါ့”
“ ယောင်ဖန်းကို အကျဥ်းချဖို့ အမိန့်တော် ထုတ်ပြန်”
“ သုံးရက်ကြာပြီးရင် တော်ဝင်အစောင့်အဖွဲ့၊ စစ်ဆေးရေးအဖွဲ့နဲ့ အစိုးရအရာရှိရုံးက ပူးပေါင်းစစ်ဆေးရမယ်”
“ ဒါပဲ။ ငါပင်ပန်းနေပြီ။ မင်းတို့တွေ ပြန်ကြတော့”
ရှကျိုးယွီ အကုန်လုံးကို မောင်းထုတ်လိုက်တော့သည်။
သူ.ထိုင်ခုံမှာ အားအင်ပျက်လက်စွာ အရုပ်ကြိုးပျက် ထိုင်နေလေ၏။ ကြည့်ရတာ အစောပိုင်းက သူ့ရဲ့ကိုယ်ပိုင် အမိန့်တွေကို စဥ်းစားရင်း ရှိသမျှ အင်အားတွေအကုန် ကုန်ဆုံးသွားဟန်ရှိသည်။
ဒီအချိန်မှာပဲ စနစ်ရဲ့ အသံကို ကြားလိုက်ရသည်။
( ရုံးတော်ကို ရှင်းလင်းနိုင်တဲ့အတွက် ကံကြမ္မာအမှတ် ၃၀၀ ထပ်တိုးသည်)
ထင်တဲ့အတိုင်းပဲ တိုးသွားပြန်ပြီ!
“ ကျက်သရေကို မရှိဘူး!”
ရှကျိုးယွီ သက်ပြင်းမောကြီး ချလိုက်သည်။
“ ဘာလို့ငါ့ကိုပဲ အကြိမ်ကြိမ် နောက်ကျော ဓားထိုးနေကြတာလဲ?”
“ ဘာလဲ? ငါလဲ သီချင်းထဲကလို နောက်ကျောကထိုးမဲ့ဓားကို ခါးကော့ပြီး ခံပေးရမှာလား?”
“ ကြည့်ရတာ ငါဒီလူတွေကို ယုံကြည်လို့ မရဘူးဆိုမှတော့… ရတယ်! ငါ့ကိုယ်ငါပဲ အားကိုးတော့မယ်”
“ ငါ ဒီလူတွေကို အနာဂတ်မှာ အသုံးချခဲ့ရင်တောင်မှ မစီစဥ်ခင် သေချာ တွေးရမယ်။ မဟုတ်လို့ကတော့ ငါ့ပဲ လုပ်သွားလိမ့်မယ်..ငါလခွီး!”
ရှကျိုးယွီ သူ့ရဲ့ လုပ်ရပ်တွေကို ပြန်တွေးမိလေလေ၊ သူ့ရဲ့ဦးနှောက်မှာပါ ပြဿနာရှိနေတာလားဆိုတဲ့ အတွေးတွေပါ ဝင်လာရသည်။
ဆိုးရိုးထဲကအတိုင်းပဲ… အကောင်းဆုံးဗျူဟာက ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ရန်သူအကြောင်း ကောင်းကောင်း နားလည်ခြင်းတဲ့။
ဒါပေမဲ့ အရင်တုန်းက ဒီလူတွေကို အသုံးမပြုခင်မှာ နောက်ခံတွေကို သေချာ မစစ်ဆေးခဲ့မိဘူး။
“ တော်ပြီကွာ.. အရင်ဆုံး.တာအိုပဲ သွားလေ့ကျင့်တော့မယ်!”
“ တာအိုလေ့ကျင့်ပြီး ဉာဏ်ရှိရှိ ဖျက်ဆီးမယ်အေ! တရှား..တရှား.. မင်း မပျက်ဆီးပဲ နေနိုင်မလား ငါကြည့်အုံးမယ်!”
ရှကျိုးယွီ တော်ဝင်စာဖတ်ခန်းကနေ ထွက်လိုက်ပြီး ရွှမ်ချင်းဘုရားကျောင်းဆီ ဦးတည်တော့သည်။
ဒီအချိန်မှာ တော်ဝင်ဆရာတော်နဲ့ တာအိုလေ့ကျင့်မှပဲ သူ စိတ်သက်သာနိုင်မှာလေ။
ထိုအချိန်မှာပဲ…
မြို့တော် တရားသူကြီးရုံးရဲ့ အကြံပေး လုချန်က မြို့တော်ရဲ့ အရှေ့ဘက်ဂိတ်နားက အိမ်တစ်ခုအတွင်းသို့ ခိုးကြောင်ခိုးဝှက်နဲ့ ဝင်သွားလေ၏။
မကြာခင်မှာပဲ အခန်းထဲရဲ့ အမှောင်ရိပ်ကနေ များစွာတဲ့ ဝတ်စုံနက်နဲ့သူတွေ ထွက်ပေါ်လာခဲ့သည်။
“ ဘာဖြစ်လို့လဲ? တစ်ခုခု ဖြစ်လို့လား?”
လူတစ်ယောက်က မေးလိုက်သည်။
“ အရင်အထဲသွားရအောင်”
လုချန် လက်တစ်ဖက် ယမ်းပြရင်း အကုန်လုံးကို ပြောလိုက်သည်။
အထဲရောက်တဲ့အခါမှ လူတွေ အကုန်လုံး အပေါ်က ဝတ်ရုံအမဲတွေ ဖယ်လိုက်ကြပြီး ပုံစံအစစ်ကို ထုတ်ဖော်လိုက်ကြသည်။
တစ်ချက်ကြည့်လိုက်တာနဲ့ အကုန်လုံးက ယောင်ဖန်းရဲ့ ဘက်တော်သား အရာရှိတွေပဲ။
“ ကိစ္စကြီးဖြစ်သွားတယ်!”
“ သခင်လေးရဲ့ အပြစ်တွေဖော်ထုတ်နိုင်သွားပြီးတော့ သခင်ကြီးယောင်ဖန်းကို အခု အရှင်မင်းကြီး ကိုယ်တိုင်က အကျဥ်းချခိုင်းထားတယ်တဲ့!”
“ အကုန်လုံးပဲ ကြိုပြင်ထားတာ အကောင်းဆုံးပဲ”
သူ့ရဲ့စကားဆုံးတာနဲ့ အထဲက အရာရှိတွေရဲ့ မျက်နှာတွေ ပြောင်းလဲသွားခဲ့သည်။
သူတို့တွေက ယောင်ဖန်းနဲ့ တော်တော် ပတ်သတ်ထားခဲ့ကြသည်။ ယောင်ဖန်းသာ တစ်ခုခုဖြစ်ခဲ့ရင် သူတို့လဲလွတ်စရာ အကြောင်းမရှိဘူး!
“ သခင်လုက တော်တော်လေး သတင်းစုံတာပဲ။ ကျွန်တော်တို့ကို ကယ်တင်နိုင်မဲ့ နည်းလမ်းရှိလား?”
“ ဟုတ်တယ်။ သခင်လုက သူများနဲ့မတူဘဲ လုပ်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်ပဲ! ကျွန်တော်တို့ကို ကယ်တင်ဖို့ နည်းလမ်းရှိရမယ်!”