လက်ပူးလက်ကြပ်ဖမ်းပြီး သတ်
Vol. 2 Ch. 24
ထိုက်အန်းမြို့တော်ရဲ့ ကျင်းဝူအစောင့် ရုံးတော်အတွင်းတွင် ဖြစ်သည်။
ထိုနေရာရဲ့ အခန်းတစ်ခုအတွင်းမှာ ညနက်ပိုင်းဖြစ်ပေမဲ့ ခပ်ဖျော့ဖျော့ အလင်းရောင်တွေ ထွက်နေလေ၏။
ရုတ်တရက် တံခါးပေါက်နားကို ဝတ်ရုံနက်နဲ့ လူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။
ထို့နောက်မှာ ဝတ်ရုံနက်နဲ့ လူတွေ ထပ်ရောက်လာ၏။
အကုန်လုံး ညအမှောင်ကြားမှာ ပျောက်ကွယ်သွားသည်။
“ သံသယ ဝင်စရာ တစ်ခုခုရှိနေတယ်”
“ ခေါင်းဆောင် ကျူးကော့ပြောတာ မှန်တယ်။ သူတို့ဒီညလှုပ်ရှားမယ်ဆိုတာ”
“ မှန်ရမှာပေါ့ဟ! သူက အမတ်ချုပ်ကျူးကော့လုံရဲ့ သားပဲ!”
“ အမတ်ချုပ်က တစ်ယောက်ထဲနဲ့ ဝေ့တိုင်းပြည်ကို စစ်တိုက်ခဲ့တာ! သားဖြစ်တဲ့ ခေါင်းဆောင်ကျူးကော့က ဘယ်လိုလုပ် အရည်အချင်းမရှိဘဲ နေမှာလဲ?”
“ မြန်မြန် အနောက်ကလိုက်ကြ!”
“ ငါတို့အတွက် ရာထူးတိုးခံရပြီး ချမ်းသာမဲ့ အနာဂတ်က အရှေ့မှာပဲ”
“ အဖိုးကြီးယောင်ဖန်းက သေပြီးပြီ။ အရှင်မင်းကြီး ဒီလူတွေကို မဖမ်းသေးတာက အခုလိုကစားပွဲ အရှည်ကြီးအတွက်ပဲ။ ငါတို့ အရှင်မင်းကြီးကို စိတ်ပျက်စေလို့ မရဘူး”
“...”
လမ်းကြားထဲမှ ခပ်တိုးတိုးစကားပြောသံတွေ ထွက်ပေါ်နေခဲ့သည်။
ထိုအချိန်မှာ အမှောင်ထုကို အခွင့်အရေးယူရင်း အရှေ့က လူတစ်စုအနောက်ကို စကားပြောနေသူများလဲ တိတ်တဆိတ် လိုက်သွားကြသည်။
တစ်ချိန်ထဲမှာပဲ..
အကြံပေးဝမ်လျန်းရဲ့ အိမ်တော်အတွင်းမှာ လှုပ်ရှားမှုတွေ ဖြစ်ပေါ်နေသည်။
အိမ်တော်ထဲက အမျိုးတွေနဲ့ အစေခံတွေပါမကျန် အကုန် အလုပ်များနေလေ၏။
သခင်ကြီးရဲ့ အမိန့်ရတာနဲ့ အကုန်လုံး ထွက်ပြေးရမှာပင်။
ထိုအချိန် ဝမ်လျန်းရဲ့ စာဖန်ခန်းထဲမှာ မီးတွေလင်းထိန်နေသည်။
နေ့ခင်းတည်းက ရှိနေခဲ့တဲ့ အရာရှိတွေလဲ အခုထိ သူ့အိမ်ထဲမှာပဲ။
သူတို့တွေ အကုန် ပူးပေါင်း လုပ်ဆောင်ကြတာ ဖြစ်ပြီး အခုချိန်မှာ ရောက်လာမဲ့ ငွေတွေကို ထိုင်စောင့်နေတာပင်။
“ သခင်ကြီးဝမ် အဲ့ဒီလူတွေက ယုံလို့ရလို့လား?”
“ ဒါတွေက သခင်ကြီးယောင်ရဲ့ တစ်ဘဝလုံး စုထားတဲ့ငွေတွေနော် အများကြီးပဲ!”
လူတစ်ယောက်ရဲ့ စိတ်ပူတဲ့အသံ ထွက်လာခဲ့သည်။
“ စိတ်မပူပါနဲ့။ သူတို့တွေက ငါ့ရဲ့နှစ်ကြာနေပြီ ဖြစ်တဲ့ လူယုံအစေခံတွေပဲ။ သံသယ ဝင်စရာကို မလိုဘူး”
ဝမ်လျန်း တည်ငြိမ်စွာ ပြန်ဖြေလိုက်ပေမဲ့ အခါးရည်ခွက်ကို ကိုင်ထားတဲ့ သူ့ရဲ့လက်က တင်းကျပ်နေခဲ့သည်။
ဆိုလိုတာ သူလဲ အရမ်းစိတ်လှုပ်ရှားနေတာပဲ။
ဒါပေမဲ့ သူ ထုတ်မပြရဲပေ။
အခုချိန်မှာ သူတို့တွေက တစ်လှေထဲ စီးတဲ့သူတွေ ဖြစ်နေကြပြီ။ သူက ဦးဆောင်ရမဲ့သူပဲ။
“ ဒါပေမဲ့ ငွေရဲ့ဆွဲဆောင်မှုကို သူတို့ ခံနိုင်မှာလား!”
“ အခုလို သေလောက်အောင်များတဲ့ ပိုက်ဆံတွေဆို မပြောနဲ့တော့။ သူတို့တွေ မကောင်းတဲ့အတွေးတွေ ဝင်လာပြီး ငါတို့ဘာမှ မရလိုက်ရင်ရော?”
လူတစ်ယောက်က ထပြောလိုက်သည်။
စိတ်ထဲမှာ အတွေးပေါင်းစုံ ဂယက်ထနေပေမဲ့ ဝမ်လျန်း တည်ငြိမ်စွာဖြေလိုက်သည်။
“ ဒီလိုဆိုရင်တော့ ငါတို့လုပ်နိုင်တာ ဘာမှ မရှိတော့ဘူး။ ယောက်ျားတွေ ကြံစည်ရင် နတ်ဘုရားက ဖျက်တတ်တာပဲမလား?”
“ အဲ့အချိန်ကျလဲ ကိုယ်နဲ့တန်လို့ ဖြစ်တာလို့သာ တွေးလိုက်တော့”
“ တော်ပြီ ထပ်မပြောကြနဲ့တော့”
“ အားလုံး အသင့်ပြင်ထားပါ။.လုချန်ကို သတင်းသွားပို့ထားတယ်။ ခြံဝန်းထဲမှာ တစ်နာရီတွေ့ရင် တွေ့ကြမယ်”
အကုန်လုံးက ဦးညွတ်ကာ လက်ခံလိုက်ကြသည်။
သူတို့တွေ အတတ်နိုင်ဆုံး ကြိုးစားထားပေမဲ့ အပြစ်က မလွတ်နိုင်သေးဘူး ဆိုရင်တော့ ကိုယ့်ရဲ့ မကောင်းတဲ့ကံကိုပဲ အပြစ်တင်နိုင်တော့မည်။
ဒါပေမဲ့ တစ်ကယ်ကို ဝမ်လျန်းရဲ့ သစ္စာရှိ နောက်လိုက်တွေက စိတ်မပျက်စေခဲ့ဘူး။
သူတို့တွေ ငွေသုံးသိန်းတင်မကပဲ အရာရှိ တစ်ယောက်ချင်းဆီအတွက် ငွေတစ်သိန်း အပိုပါ ယူလာခဲ့သေးသည်။
ဒီလောက်နဲ့ဆို တစ်သက်လုံး မပူပင် မကြောင့်မကြပဲ နေနိုင်သွားပြီ။
“ သခင်ကြီး ကျွန်တော်တို့ တာဝန် ပြီးမြှောက်ခဲ့ပါပြီ”
ခြံဝန်းအရှေ့မှာ အမဲဝတ်စုံနဲ့ လူတစ်စုက ဒူးထောက်ကာ ပြောလိုက်သည်။
နှစ်ဆယ်ကျော်တဲ့ သေတ္တာတွေကို ကြည့်နေရင်း ဝမ်လျန်း တော်တော်လေး ပျော်ရွှင်နေသည်။
ဒီသေတ္တာတွေက ငွေအပြည့်ပဲ!
သေတ္တာတစ်ခုနဲ့တင် မရေမတွက်နိုင်တဲ့ လူတွေကို လုယက်စေဖို့ လုံလောက်သည်။
အခုတော့ ပိုက်ဆံတွေအားလုံး လုံခြုံစွာနဲ့ မျက်စိရှေ့ ရောက်နေခဲ့ပြီ။
“ တော်တယ်”
“ တော်တယ်”
“ တော်တယ်”
ဝမ်လျန်း တော်တော်လေး စိတ်လှုပ်ရှားနေတာပင်။
“ ငါ ရက်ပေါင်းများစွာ ကြိုးစားပြီး လူယုံတွေ ပျိုးထောင်ခဲ့တာက ဒီနေ့လို အချိန်အတွက်ပဲ။ မင်းတို့တွေ နောက်ဆုံးတော့ ငါ့ကို ကျေးဇူး ဆပ်နိုင်သွားပြီ”
“ စိတ်မပူကြနဲ့ ဒီကိစ္စပြီးရင် ငါမင်းတို့ကို ကောင်းကောင်း ကျွေးမွေးမယ်”
“ မင်းတို့ တစ်ဘဝလုံး ငါ့နားမှာ သက်တောင့်သက်သာ နေကြ”
အရှေ့က အမဲဝတ်စုံနဲ့ လူတစ်အုပ်က လူလဲခံလိုက်ရပြီမှန်း မသိလိုက်စွာ ဝမ်လျန်းက ကတိတွေ ပေးနေလေရဲ့။
“ ကျေးဇူးတင်ပါတယ် သခင်ကြီး”
ကျူးကော့ချန်ချင်း ဦးဆောင်တဲ့ ရုပ်ဖျက်ထားတဲ့ လူတစ်စုက ပြိုင်တူ အော်လိုက်ကြသည်။
“ ကောင်းပြီ တိတ်တိတ်နေကြ။ ဒါတွေ အထဲအရင်ရွှေ့မယ်”
“ အိုး ဒါနဲ့ ငွေသုံးသိန်းကိုပဲ ရွှေ့ရမယ်”
“ ကျန်တဲ့ တစ်သိန်းကို ငါ့ရဲ့အိမ်တော်ထဲ သွားထားချည်။ ညတွင်းချင်းပဲ မြို့တော်က ထွက်သွားရမယ်”
ဝမ်လျန်းက အပြုံးတစ်ခုနဲ့ အမိန့်တွေ ညွှန်ကြားပြီးနောက်မှာ တံခါးဖွင့်ပြီး.ခြံဝန်းထဲ ဝင်သွားလေ၏။
အထဲမှာ လုချန် စောင့်နေတာ ကြာပြီလေ။
“ သခင်ကြီးဝမ် မတွေ့တာ ကြာပြီနော်။ မင်း အောင်မြင်သွားရဲ့လား?”
လုချန် ခပ်ဖွဖွ ပြုံးလိုက်သည်။
အရှေ့က မျက်နှာများတဲ့ လုချန်ကို ကြည့်ရတာ တော်တော်လေး ဒေါသထွက်ဖို့ ကောင်းသည်။
ဒါပေမဲ့ သူ ထွက်ပြေးဖို့အတွက် လုချန်ကို အားကိုးဖို့ လိုသေးတာမို့ ဦးညွှတ်ကာ ပြောလိုက်သည်။
“ ညီကိုလု စိတ်မပူပါနဲ့”
“ အကုန်ဒီမှာရောက်ပြီ။ အခု ငါတို့ကို ကယ်ပေးလို့ ရပြီလား?”
အထဲကိုရောက်ပြီဖြစ်တဲ့ သေတ္တာတွေကို ဝမ်လျန်း လက်ညိုးထိုးရင်း လုချန်ကို စိုက်ကြည့်လိုက်သည်။
လုချန် ပြုံးလိုက်ပြီး ငွေကို အရင်စစ်ကြည့်သည်။
မျက်စိရှေ့က လက်ထနေတဲ့ ငွေတွေကို ကြည့်နေရင်း လုချန် အပျော်လွန်နေသည်။
“ ကောင်းတယ်”
“ သခင်ကြီးဝမ် ငါ မမှားခဲ့ဘူးပဲ”
“ စိတ်မပူပါနဲ့။ ငါအားလုံးအတွက် လွတ်လမ်း စီစဥ်ထားပြီးပြီ”
လုချန် ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
သူအခု ကိုယ်ကျိုးအတွက် အာဏာကို သုံးနေတာ ဆိုပေမဲ့လဲ သူ့ရဲ့ ထျန်းချီတာဝါ အတွင်းရှိ သေးငယ်တဲ့ ရာထူးက လူဆယ်ယောက်ကို ကယ်တင်ဖို့ လုံလောက်ပါသေးသည်။
ဒါပေမဲ့ထိုအချိန်မှာပဲ..
တစ်ခုခု ဖြစ်သွားခဲ့သည်။ ညသန်းခေါင်ရဲ့ မှိန်ဖျော့ဖျော့ အလင်းအောက်မှာ အလင်းတစ်ချက် ဖြစ်ပေါ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ လုချန်ရဲ့ မျက်လုံးရှေ့ကို ဓားတစ်ချောင်း ထွက်ပေါ်လာခဲ့သည်။
“ သေစမ်း!”
“ ဘယ်သူလဲဟ”
လုချန် အော်လိုက်ပြီး အလွယ်တကူလေးပဲ ဓားကို ရှောင်တိမ်းလိုက်သည်။
“ အရှင်မင်းကြီး အမိန့်ပေးထားတယ်!”
“ ဝမ်လျန်းနဲ့ တကွ အပေါင်းအပါတွေက ထျန်းချီတာဝါနဲ့ ပူးပေါင်းပြီး တရှားတိုင်းပြည်ရဲ့ ရုံးတော်ကို နှောက်ယှက်ရဲတယ်!”
“ အကုန်သတ်!”
ဝတ်စုံအမဲအောက်က ကျူးကော့ချန်ချင်း တစ်ယောက် နောက်ဆုံးတော့ လက်သည်းအစစ်ကို ထုတ်ပြနိုင်သွားပြီပင်။
လခြမ်းပုံ ဓားကောက်ရှည်ကို ကိုင်ဆွဲရင်း လုချန်ရဲ့နောက်ကို သည်းကြီးမည်းကြီး လိုက်နေလေ၏။
“ အရှင်မင်းကြီးက?”
“ မင်းက ရှကျိုးယွီရဲ့ လူလား?”
လုချန် ချက်ချင်းပဲ အံ့သြကာ ဒေါသလဲ ထွက်သွားသည်။
ရှကျိုးယွီလို အသုံးမကျတဲ့ ဘုရင်တစ်ယောက်က သူ့ကိုတိုက်ခိုက်ရဲလို့ အံ့သြတာပဲ။
ဒေါသထွက်တာကကော ဝမ်လျန်းကိုပဲ။ အကူအညီရတယ် ဆိုတာထက် ဒုက္ခတွေပဲ ပေးတတ်သည်။ အခုလဲ မှူးမတ်တွေကို ခေါ်လာပြန်ပြီ!
ဒါပေမဲ့ အရှေ့က ကျူးကော့ချန်ချင်းက သူ့ကို စဥ်းစားချိန်တောင် မပေးခဲ့ပေ။
အရှင်မင်းကြီးရဲ့ အမိန့်ကိုပြောပြီးတာနဲ့ ဓားကို ဝှေ့ယမ်းရင်း.အဆက်မပြတ် တိုက်ခိုက်နေတာပဲ။
ကျူးကော့ချန်ချင်းက တစ်ကယ်တော့ သိုင်းပညာ ကျင့်ကြံသူဖြစ်ပြီး ကျင့်ကြံဆင့်လဲ တော်တော် မြင့်နေပြီပင်။
အဆင့်လေးကို ရောက်နေပြီ!
ညအမှောင်ကြားမှာ ဓားအလင်းတွေ တစ်ဖြတ်ဖြတ်လင်းနေပြီး အရှိန်နဲ့ လေထုကို ပိုင်းဖြတ်သံကိုပင် ကြားနိုင်သည်။ ထိုဓားက လုချန်ရဲ့ မျက်နှာရှေ့ကို ရောက်လာပြန်ပြီ။
အရင်အတိုင်းပဲ။
ဒါပေမဲ့ လုချန်ကတော့ အရင်တစ်ခေါက်ကလို ကံမကောင်းနိုင်တော့ဘူး။
ဘန်း!
ဓားရဲ့အလင်းတစ်ချက် ကြားမှာ ပန်းထွက်သွားတဲ့ သွေးတွေနဲ့အတူ လုချန် ရင်ဘတ်ပွင့်ကြီးနဲ့ မြေပေါ်လဲကျသွားသည်။
မသေသေးဘူးဆိုပေမဲ့ တစ်ဝက် သေနေပြီ ပြောရမည်။
“ မင်း နောင်တရလိမ့်မယ်။ ငါက ထျန်းချီ တာဝါကပဲ။ မင်း.ဘယ်လိုတောင် ငါ့ကို ထိရဲတာလဲ?”
မြေပြင်ပေါ် လဲကျသွားသည့်တိုင်အောင် သူက မာန်မလျော့သေးပေ။ ကျူးကော့ချန်ချင်းနဲ့ ကျန်နောက်လိုက်တွေကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လေ၏။
ကျူးကော့ချန်ချင်းရဲ့ မျက်နှာက မဲ့ရွဲ့သွားသည်။ ရှေ့ရက်က အရှင်မင်းကြီးရဲ့ စကားတွေကို ပြန်ကြားယောင်ရင်း ချက်ချင်းပဲ ယုံကြည်ချက်ရှိစွာ ပြန်ပြောလိုက်သည်။
“ နောင်တ ဟုတ်လား?”
“.ငါတို့ တရှားတိုင်းပြည်က ဘယ်တော့မှ ကိုယ့်လုပ်ရပ်ကိုယ် နောင်တ မရဘူးကွ”
“ ထျန်းချီတာဝါ ဆိုတော့ကော ဘာဖြစ်သလဲ? ဒါက တရှားတိုင်းပြည်ကွ!”
“ ထျန်းချီတာဝါက ငါတို့တိုင်းပြည်ရဲ့ အရေးကိစ္စထဲ ဝင်ပါရဲမှတော့ ပြန်ပေးဆပ်ဖို့ ပြင်ထားရမှာပေါ့!”