ဝိညာဉ်ကပ်ဘေးအတွက် ပြင်ဆင်ခြင်း။
Vol. 44 Ch. 517
အင်မော်တယ်ဓားမျှော်စင်သည် အပျက်အစီးနယ်မြေသည် ကြီးမားကျယ်ပြန့် လှလေသည်။
၎င်းသည် ဂိုဏ်း၏ ဘိုးဘွားမြေဖြစ်ပြီး အမှောင်တားမြစ်စွမ်းအား၏ တိုက်စားခံခဲ့ရကာ ပျက်စီးသွားသည်။
သို့သော်လည်း မရေမတွက်နိုင်သော အဆောက်အအုံများ ကျန်ရှိနေသည့်အရာမှာ ဂိုဏ်း၏ ယခင်ဂုဏ်ကျက်သရေကို ထင်ရှားစွာပြသနေ၏။
ခန်းမတစ်ခုအတွင်း။ စုရီက ရင်ချုံး၏ ခန္ဓာကိုယ်ကြီးကို ချထားလိုက်သည်။ ထို့နောက် ကြိမ်ကုလားထိုင်ကိုထုတ်ကာ လှဲလျောင်း လိုက်တော့၏။
သွေးနတ်ဆိုး တောင်တန်းမှ ထွက်ခွာပြီးနောက် ဖရိုဖရဲ ဝိညာဉ်ပင်လယ်ဆီသို့ ချက်ချင်း ပြေးလာခဲ့ရသည်။ ရပ်ပြီး အနားယူရန် အခွင့်အရေးပင် မရှိခဲ့ချေ။
လမ်းတလျှောက် စွမ်းအင်ဆေးများစွာ စားသုံးခဲ့ရသည်။ မဟုတ်ပါက သူသည် ဤသို့ နှစ်ရက်အတွင်း မရောက်နိုင်ချေ။
ထို့ပြင်တိုက်ပွဲများကို ဆက်တိုက် ဆင်နွှဲခဲ့ရသဖြင့် အလွန်အမင်း ပင်ပန်းနေပြီ ဖြစ်သည်။ ဒုက္ခမပေးဆုံးမှာ ဓားမိစ္ဆာဖြစ်၏။ ငရဲဘုံကိုးပါးဓားရောင်ဝါသည် စိတ်စွမ်းအင်ကို ကုန်ခမ်းစေသည်။
သူ့ဘေးတွင် နင်စစ်ဟွာသည် မဟာရှမှ သတင်းစကားကြားပြီးနောက် အင်မော်တယ် ဓားမျှော်စင်ထံ ရွေ့ပြောင်းခဲ့ပုံများကို ပြန်ပြောင်း ပြောပြနေ၏။
ဝမ်လင်ကျောက်၊ ဖုန်မောင်နှမ၊ တောင်တန်းဘုရင်မုရှီ၊ ဟွမ်ချမ့်ကြွယ်နှင့် အခြားသော အခြားအဖွဲ့ဝင် အနည်းငယ်မှာ သူမနောက် လိုက်ပါလာသည်။
“ လောလောဆယ်တော့ သူတို့ကို မနှောင့်ယှက်ပါနဲ့ဦး ဒီညပွဲတစ်ခုလုပ်ရအောင် ငါသူတို့နဲ့ပြန်ဆုံပြီး သောက်စရာတွေ ဝေမျှလို့ရတယ်။ ”
စုရီမှ ပြောကြားလိုက်သည်။ နင်စစ်ဟွာက ခေါင်းညိတ်၏။
ထို့နောက် အင်မော်တယ်ဓားမျှော်စင် နယ်မြေအတွင်း အပြောင်းအလဲများကို ထပ်မံ ပြောပြလာသည်။
ယခင်က သွေ့ခြောက်နေသော ကြာပန်းကန်တွင် စိမ့်စမ်းတစ်ခု ပေါ်လာသည်။ နေ့စဉ် သန့်စင်သောဝိညာဉ်စမ်းရေ ငါးဆယ် ကီလိုဂရမ်ခန့်ထုတ်ပေး၏။
အညွန့်ပေါင်းမြောက်မြားစွာသည် ယခင်ဆိတ်သုဉ်းနေသော မြေကြီးပေါ်တွင် အညှောက်ပေါက်လာခဲ့သည်။
ယင်းသည် တစ်ချိန်က ဆေးဥယျာဉ် ဖြစ်နိုင်ချေရှိ၏။ ရှားပါးပြီး အဖိုးတန်သော ဝိညာဉ်ရေးဆေးများပေပင်။
ထိုပြင် အင်မော်တယ်ဓားနန်းတော်မှ အဖြူရောင်အရိုးတစ်ချောင်းကို ရရှိခဲ့သေးသည်။ ယင်းနန်းတော်သည် နန်းတော်သခင် နေထိုင်ရာ အရပ်ဖြစ်၏။
ဤသည်မှာ ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွာသော အရိုးဖြစ်သည်။ အဖြူရောင်ဖြစ်ပြီး ရွှေရောင်ကြိုးမျှင်များ ပါရှိနေ၏။ သို့သော် အလွန်လေးလံသည်။
“ ဒါက ပိုင်ဇီရဲ့မွေးရာပါအရိုးပဲ ... နတ်သားရဲရဲ့ အငွေ့အသက်ကို ထိန်းသိမ်းထား နိုင်တာကြောင့် တကယ်ကို တန်ဖိုးရှိတယ်။ ”
စုရီက စစ်ဆေးပြီး ပြောကြားလိုက်သည်။ ပိုင်ဇီသည် သိုးချို၊နဂါးအမြီးနှင့် ခြင်္သေ့ခန္ဓာကိုယ် သားရဲဖြစ်သည်။
၎င်းသည် တစ္ဆေနှင့် သဘာဝဝိညာဉ်၏ ဖုံးကွယ်မှုများအပေါ် ဖြတ်မြင်နိုင်ကာ လျှပ်စီး တာအိုကို ပိုင်ဆိုင်ထားချေ၏။
ဓားမျှော်စင်သခင်သည် ပိုင်ဇီမျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။ ခဏမျှစဉ်းစားပြီး စုရီက နင်စစ်ဟွာထံ ကြည့်လိုက်၏။
“ ဒီရတနာကို ရင်ချုံးကို ပေးနိုင်မလား။ ”
နင်စစ်ဟွာက ပြုံး၏။
“ မင်းရဲ့ ဆုံးဖြတ်ချက်အတိုင်းပါပဲ တာအိုစု။ ”
စုရီမှ ခေါင်းညိတ်လိုက်သည်။ ရင်ချုံးသည် ရေနဂါးမျိုးနွယ်ဖြစ်သော်လည်း သာမန်သားရဲ မျှသာဖြစ်သည်။
သူနောက်ခံ၊ အရည်အချင်းနှင့် အုတ်မြစ်တို့သည် အခြားသောတန်ခိုးကြီးသည့် နဂါးမျိုးရိုးများကို ယှဉ်ရန် ဝေးကွာလွန်းလှ၏။ သူ့ အရည်အချင်းအရ ဧကရာဇ်ဖြစ်ရန်ပင် အခွင့်အလမ်း နည်းပါးချေမည်။
သို့သော် ပိုင်ဇီအရိုးသည် ထိုအရာ အားလုံးအပေါ် ပြောင်းပြန်လှန်နိုင်ကာ ဧကရာဇ် အဆင့်သို့တိုင် လွယ်ကူပေသည်။
“ ဒါနဲ့ ... အရိုးဖြူနတ်ကျောက်စိမ်းဆိုတဲ့ အမည်ကို မင်းကြားဖူးလား။ ”
စုရီက ရုတ်တရက် သတိရပြီးမေး၏။ နင်စစ်ဟွာမှ ခေါင်းခါသည်။
“ ချင်လောဆိုတဲ့ အမည်ကိုရော ... ။ ”
ဤတစ်ကြိမ်တွင်လည်း ခေါင်းခါပြန်၏။ ထိုဓားသည် အင်မော်တယ် ဓားမျှော်စင်ကြီးနှင့် ပတ်သတ်ချေမည်။
သို့သော် ဂိုဏ်းသည် ဗလာဖြစ်နေပြီး အပျက်အစီးများသာ ကျန်ရှိသည်။ မည်သည့် အရာအတွက် ရောက်လာမှန်း မှန်းဆခက်၏။
“ ဝါး ... ။ ”
ထိုအချိန်တွင် ကလေးငိုသံ ကြားလာရတော့သည်။ ချာကျင် ရင်ခွင်ထဲရှိ နတ်ဆိုးကလေးငယ်ထံမှ ဖြစ်သည်။
“ ခရစ် ... ။ ”
စုရီက နတ်ကျောက်တုံး တစ်လုံးကို ကြိတ်ချေကာ ပါးစပ်ထဲ ထည့်ပေးလိုက်သည်။ ထိုမြင်ကွင်းက နင်စစ်ဟွာတို့အပေါ် မျက်လုံး ပြူးသွားစေ၏။
“ သခင်လေး ... သူ။ ”
စုရီက ပြုံးပြီး၊
“ သူမက သာမန်ကလေးတစ်ယောက် မဟုတ်ဘူး။ ”
-ဟု ဆိုကာ နတ်ဆိုးကလေးငယ် အကြောင်း ပြောပြလိုက်သည်။
စကားပြောနေစဉ် ကလေးငယ်က နတ်ကျောက်တုံး၏ အကြွင်းအကျန်များကို ထွေးထုတ်လာ၏။
သူမ၏ ငယ်ရွယ်နုပျိုသော ချစ်စဖွယ် အပြုံးသည် ချာကျင်နှင့် နင်စစ်ဟွာတို့နှစ်ဦးကို မေတ္တာတရားများ ပြည့်နှက်လာစေသည်။
“ သခင်လေး၊ သူ့မှာ နာမည်ရှိလား။ ”
ချာကျင်မှ မေးသည်။ သူမက နောက်ထပ် နတ်ကျောက်တုံးတစ်တုံးကို ချေမွှပြီး ကလေးထံ ကျွေးမွေးခဲ့သည်။
“ မရှိဘူး ... ။ ”
“ ဒါဆို သူ့ကို နာမည်ပေးရအောင်လား။ ”
“ သတိရပါ ... သူက နတ်ဆိုးကလေး တစ်ယောက်ပဲ မင်းသူ့ကို သာမန်ကလေးလို ဆက်ဆံလို့မရဘူး။ ”
“ ဘာပဲဖြစ်ဖြစ် ကံကြမ္မာက သူနဲ့ချိတ်ဆက်နေတယ် သူ ငါတို့နဲ့နေမယ်ဆိုရင် သူ့ကို ကောင်းအောင်မွေးယူမယ်။ ”
“ ဒါဟာ တကယ်ကောင်းတဲ့အကြံပဲ။ ”
ချာကျင်စကားကို နင်စစ်ဟွာက ပြုံးပြီး ထောက်ခံ၏။
“ မိုမို ... ဒီနာမည် မကောင်းဘူးလား။ ”
နောက်ဆုံးတွင် နာမည်တစ်ခု ပေးလိုက်ကြသည်။ စုရီမှ မကန့်ကွက်ချေ။ ယင်းအစား ချာကျင်ထံ လှမ်းကြည့်ကာ၊
“ မင်း အဲဒီကလေးကို နန်းတော်သခင်ထံ ပေးလိုက်သင့်ပြီ။ ”
-ဟု ပြောကြားလိုက်သည်။
ချာကျင်က တွန့်ဆုတ်သွားကာ၊
“ သခင်လေး ... ငါ ... ငါသူ့ကို လိုချင်တယ်။ ”
-ဟု တုန့်ပြန်လာ၏။
ထိုစဉ် နင်စစ်ဟွာက ကလေးငယ်ကို လက်လွှဲယူပြီး အဓိပ္ပါယ်ပါသော အပြုံးမျိုးဖြင့်၊
“ ကျေးဇူးပြုပြီး တာအိုစုကို သတိပေးလိုက်ပါ ... အသံလုံဝင်္ကပါခင်းဖို့ မမေ့ပါစေနဲ့ ... ။ ”
-ဟု ခပ်တိုးတိုး မှာကြားလာတော့သည်။
သို့မှသာ ချာကျင်တစ်ယောက် နားရွက်များနီရဲလျက် ရှက်ရွံ့စွာ ခေါင်းငုံ့သွား ချေပြီ။
ထိုညသည် အချိန်အတော်ကြာ မိုးခေါင်နေသော ကမ္ဘာကြီး၌ မိုးသက်မုန်တိုင်း ဝင်ရောက်လာသလိုပေပင်။ ညတွေ့ဆုံပွဲကို မေ့လျော့သွားခဲ့သည်။
စုရီမပါသော စုရီနှင့်တွေ့ဆုံပွဲကို နင်စစ်ဟွာမှဦးဆောင်ကာ တာဝန်ယူ ကျင်းပ လိုက်ရချေ၏။
***
နောက်နေ့မနက် စုရီနိုးလာချိန်တွင် ချာကျင်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်နေဆဲဖြစ်ပြီး နွမ်းနယ်မှု အရိပ်အယောင်များ ပြသနေသည်။
အချိန်ကုန်လွန်မှုကို မေ့လျော့သွားကာ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် ပျော်ရွှင်မှုလှိုင်း အတွင်း နှစ်မြှုပ်နေခဲ့ကြသည်။
ထို့ကြောင့် နိုးလာချိန်၌ စိတ်ခံစားချက်ကောင်းနေခဲ့သည်။ အိပ်ရာထ ရေချိုးပြီးနောက် ပုံမှန်အတိုင်း ဆက်လက်တရားထိုင်၏။
ယခု သူသည် ကြယ်စုစည်းခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပြီးပြည့်စုံခြင်းမှ ခြေတစ်လှမ်းမျှသာ ဝေးကွာတော့သည်။
ဤတစ်ကြိမ် မဟာကျိုးသို့ ပြန်လာခဲ့ခြင်းသည် တာအိုအုတ်မြစ် တည်ငြိမ် စေရန် ဖြစ်၏။
ယင်းသည် ဝိညာဉ် ထင်ရှားခြင်း အဆင့်သို့ ဝင်ရောက်ရန် ပြင်ဆင်မှုတစ်ခုလည်း ဖြစ်သည်။ ထိုနယ်ပယ်သို့ ဝင်ရောက်ပြီးသည်နှင့် ဝိညာဉ်၊ ကိုယ်ခန္ဓာ၊ ကျင့်ကြံမှုတို့သည် ပိုးအိမ်မှ ပေါက်ဖွားလာသော လိပ်ပြာကဲ့သို့ အသွင်ပြောင်းသွားပေမည်။
သို့သော် ဤနယ်ပယ်သို့မဝင်မီ လူတစ်ဦးသည် ဝိညာဉ်ရေး ကပ်ဆိုးတစ်ခုကို ဖြတ်သန်းရန် လိုအပ်နေသေးသည်။
သူရင်ဆိုင်ရမည့် ကပ်ဆိုးကြီးသည် ကမ္ဘာပေါ်ရှိ အခြားသော ကျင့်ကြံသူများနှင့် မတူနိုင်ကြောင်း ခန့်မှန်းနိုင်၏။
အတိတ်ဘဝ အတွေ့အကြုံအရပင် ဤဘေးဆိုးကြီးသည် မည်မျှ ကြောက်စရာ ကောင်းမည်ကို တွေးဆ၍မရချေ။
မူလတာအိုနယ်ပယ်တွင် သူ တည်ဆောက်ခဲ့သော အုတ်မြစ်သည် မကြုံစဖူး ပြိုင်ဘက်ကင်းသည်။
ထို့ကြောင့် သူ ရင်ဆိုင်ရမည့် ဝိညာဉ်ကပ်ဘေးသည် မည်သူမျှ မကြုံဖူးသော အဆင့်တွင် ဖြစ်နေနိုင်မည်။ နောက်ဆုံးတွင် ထိုကပ်ဘေးကို ဖြတ်ကျော်ရန် နည်းလမ်းသည် နှလုံးသား၌ ရှိနေကြောင်း သတိပြုမိသည်။
ယင်းသည် မူလသို့ ပြန်၍လည်ပတ်ကာ လူဝင်စားချိန်မှစ၍ သူလျှောက်ခဲ့သောလမ်းကို ပြန်ကြည့်ခြင်းဖြစ်၏။
အတိတ်မှ အတွေ့အကြုံများကို ခွဲခြမ်းစိပ်ဖြာကာ စိတ်တည်ငြိမ်စေနိုင်မည်။
“ အခု ... ငါ့ရဲ့အတိတ်ကို ပြန်ပြီး နှလုံးသားအပေါ် ဆန်းစစ်ကြည့်တော့ နောင်တ ရစရာ ဘာမှမရှိတော့သလို ... စိုးရိမ်စရာလည်း မရှိတော့ပါဘူး။ ”
စိတ်နှင့်ခန္ဓာ လုံးဝဗလာဖြစ်ပြီး သူ့ရောင်ဝါသည် ပို၍သိပ်သည်းလာတော့သည်။ ထိုညနေအချိန်တွင် ယွမ်ဟမ်၊ ပိုင်ဝမ်ချင်း၊ ယွီရှစ်ချန်နှင့် ကောချင်ရောက်ရှိလာ၏။
ထို့နောက်တွင် မုရှီ၊ရှန်ကျိစုန်နှင့် အခြားသောသူရဲကောင်း စစ်သူကြီးအချို့လည်း လိုက်ပါလာကြသည်။
လက်ရှိတွင် မဟာကျိုးရှိ ကောင်းကင်ဘုံ နတ်မိစ္ဆာ ခြံဝင်း၏ အန္တရာယ်များကို ဖယ်ရှားပြီး ဖြစ်သောကြောင့် လူတိုင်းသည် ဓားမျှော်စင်တွင် ပုန်းမနေချင်တော့ဘဲ အတွေ့အကြုံများအတွက် ခရီးကြမ်းလှည့်လည်ရန် စီစဉ်ကြ၏။
စုရီက သဘောတူသည်။ သူသည် ဤလူများကို ခဏမျှသာ ကာကွယ်ပေးနိုင်မည်။ တစ်သက်တာအတွက် မဟုတ်ချေ။
အဆုံးတွင် လူတိုင်း ကိုယ့်လမ်းကိုယ် လျှောက်ရပေမည်။ ဝမ်ချောင်တုံ၊ ချင်ချင်းနှင့် ဝမ်လင်ကျောက်သည်လည်း ကွမ်လင်မြို့သို့ ပြန်၍အခြေချရန် ပြင်ဆင်သည်။
“ နဂါးနက်ရဲ့ သားမြေးရင်ချုံး ... ငါ့အသက်ကို ကယ်တင်ခဲ့တဲ့ ဆရာစုကို ကျေးဇူးတင်ကြောင်း ဦးညွှတ်ပါတယ်။ ”
ထိုစဉ် ရင်ချုံးတစ်ယောက် သတိရလာပြီး စုရီရှေ့တွင် ဒူးထောက်လေသည်။ နင်စစ်ဟွာ၏ ပြန်ပြောင်းပြောပြမှုကြောင့် ဤလူငယ်မှ သူ့ကို ဒုတိယအသက်ပေးခဲ့ကြောင်း နားလည်လာ၏။
“ ထပါ ... ဒီလောက်အထိလည်း ယဉ်ကျေးနေစရာမလိုဘူး ... မင်းအတွက် ငါ့မှာ အလုပ်တစ်ခု ရှိတယ်။ ”
***