တစ်ချက်တည်းဖြင့် သတ်ခြင်း။
Vol. 44 Ch. 519
“ ဟား ဟား ဟား ... ။ ”
ရှောမင်က ရယ်မောလိုက်သောအခါတွင် ကျန်လူများအားလုံးသည်လည်း ရယ်မောစ ပြုလာတော့သည်။
“ ကောင်လေး ... သူ မင်းကို ဆုံးဖြတ်ချက်ချခွင့်ပေးနေတယ် ... မင်းရဲ့ အစီအစဉ်တွေက ဘာလဲ။ ”
မုတ်ဆိတ်မွေးများ တွန့်လိမ်နေသော အဖိုးအိုကမေးသည်။ စုရီမှ ရတနာရထားကို ဆွဲသော ရွှေခြင်္သေ့ထံလှမ်းကြည့်ကာ၊
“ တံခါးစောင့်ဖို့ ဒီကောင်ကြီးကို ချန်ထားခဲ့ရင် ... မင်းတို့ကို အသက်ရှင်ခွင့် ငါပေးမယ်။ ”
-ဟု တုန့်ပြန်ပြောကြားလိုက်၏။
ရွှေခြင်္သေ့သားရဲသည် ထိုမျှ အစွမ်းထက်လှသည် မဟုတ်ချေ။ သို့သော် ဝိညာဉ်တာအိုနယ်ပယ် ရွှေခြင်္သေ့တစ်ကောင် တွေ့ရန် အလွန်ရှားပါး၏။ ရှားပါးမှုသည် တန်ဖိုးရှိစေသည်။
ဤနတ်ဆိုးကို ချေမှုန်းပြီး တံခါးစောင့်စေသော် ရင်ချုံးသည် ထိုနေရာတွင် နေ့တိုင်းစောင့်နေစရာ မလိုတော့ချေ။
စုရီအဖြေကြောင့် လူတိုင်း အံ့အားသင့်ကုန်၏။ ကြယ်စုစည်းခြင်း အဆင့်မှ လူငယ်တစ်ယောက်သည် မည်သည့်အချိန်၌ ဤမျှမာနကြီးဝံ့နေသနည်း။
“ ဝေါင်း ... ။ ”
ရွှေခြင်္သေ့က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ တိမ်တိုက်များ နေရာ အနှံ့ ပျံ့ကျဲသွားတော့၏။
၎င်းက စုရီကို ပြန်စိုက်ကြည့်ကာ ဝိညာဉ်တာအိုနယ်ပယ် နတ်ဆိုးရောင်ဝါများ ထုတ်ဖော်ပြလာလေသည်။
“ ငါ့ကို ... ထပ်ပြီး ဟိန်းဟောက်ဝံ့ရင် မင်းကိုဒူးထောက် တောင်းပန်ခိုင်းမယ်။ ”
စုရီမှ သတိပေး၏။
“ မာနကြီးလိုက်တာ ... ။ ”
ဖြူစင်သော အသားအရည်နှင့် အနီရောင်ဝတ်လုံကို ၀တ်ဆင်ထားသည့် လူငယ် တစ်ဦးသည် စုရီထံ ငုံ့ကြည့်ပြီး၊
“ ဒီမှာ ... ငါတို့ဘယ်သူ့ကိုမှ မသတ်ဝံ့ဘူးလို့များ မင်းထင်နေတာလား။ ”
-ဟု အော်ငေါက်လာ၏။
သူ့ စကားလုံးတိုင်းသည် အေးစက်ပြီး လူသတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နှက် နေခဲ့လေသည်။
ဤဝတ်လုံနီလူငယ်သည် ဝိညာဉ်ထင်ရှားခြင်းအဆင့် နတ်ဆိုးကျင့်ကြံသူ တစ်ဦးဖြစ်ပြီး အငွေ့အသက်သည် အလွန်ပြင်းထန်ချေ၏။
“ ရင်ချုံး ... အဲဒီလူကို သွားသတ်လိုက်။ ”
စုရီက ပေါ့ပေါ့ပါးပါး အမိန့်ပေးသည်။ ထိုစကားကြောင့် ရင်ချုံးတစ်ယောက် ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းသွား၏။
“ ဝှစ် ... ။ ”
သို့တိုင် သူ့ပုံသဏ္ဍာန်သည် လေထဲသို့ တိုးဝင်သွားကာ ဝတ်ရုံများ တဖျပ်ဖျပ်ခတ်လျက် လှံတစ်စင်းထုတ်ယူပြီး ထိုးချလိုက်သည်။
“ သေလိုက်တော့ ... ။ ”
လှံသည် လျှပ်စီးသကဲ့သို့ လျင်မြန်ပြီး တောက်ပသော ငွေရောင်အလင်းများဖြာလျက် အံ့အားသင့်ဖွယ်ရာအရှိန်ဖြင့် ပျံသန်းသွား၏။
“ ဝှစ် ... ။ ”
ဝတ်လုံနီလူငယ်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားကာ ချက်ချင်း ရှောင်ထွက်သွားချေသည်။
သူသည် ဝိညာဉ်ထင်ရှားခြင်း ကနဦးအဆင့်တွင်သာရှိရာ ဝိညာဉ်ထင်ရှားခြင်း နှောင်းပိုင်းအဆင့်ကို မယှဉ်နိုင်ချေ။
“ ဟမ့် ... ။ ”
ထိုအချိန်တွင် မုတ်ဆိတ်မွေးများ တွန့်လိမ်နေသော အဘိုးအိုက တိုက်ခိုက်မှုကို ရုတ်ခြည်း ပိတ်ဆို့ပေးလာခဲ့သည်။
“ ဝုန်း ... ။ ”
ပေါက်ကွဲသံနှင့်အတူ အလင်းများ ပြန့်ကျဲသွားတော့၏။
“ ဒါဆို မင်းရဲ့ကျင့်ကြံမှုကို နှိမ်နှင်းထားတာပဲ။ ”
မုတ်ဆိတ်မွေးများ တွန့်လိမ်နေသော ဤအဘိုးအိုသည် ယခင်က ဝိညာဉ်ထင်ရှားခြင်း နှောင်းပိုင်းအဆင့်သာ ပြသထားပြီး ယခုမူ ဝိညာဉ်ပေါင်းစည်းခြင်း အဆင့်သို့ ရောက်ရှိလာသည်။
သူ့မျက်လုံးများသည် စူးရှလျက် ငှက်နှုတ်သီးပုံသဏ္ဍာန်ရှိသော လက်နက်ကို ကိုင်ဆောင်ပြီး လက်ချောင်းများ၌ပါးလွှာသည့် ကြိုးတစ်ချောင်း ချည်ထားချေပြီ။
“ မင်း ... သူ့ကိုသတ်တဲ့အခါ အတောင်ပံတွေနဲ့ လက်တွေကို မပျက်စီးစေနဲ့ ငါ့မှာ သူ့ကိုအသုံးပြုဖို့ စိတ်ကူးရှိတယ်။ ”
စုရီက သတိတရပြောသည်။ မုတ်ဆိတ်မွေးများ တွန့်လိမ်နေသော အဘိုးအို ဟူသည် အပြာရောင်မျက်လုံးများရှိသည့် သွေးလင်းယုန်တစ်ကောင်ဖြစ်၏။
သူ၏ စွမ်းရည်အားလုံးကို အတောင်ပံများတွင် ပေါင်းစည်းထားသည်။ အများအမြင်တွင် ဤတောင်ပံတစ်စုံသည် လေတာအိုပါရှိ၏။
သို့သော် စုရီ အတွက်မူ ကင်စားရန် အကောင်းဆုံးသော အတောင်ပံတစ်စုံဖြစ်သည်။ အရသာသည် ကမ္ဘာပေါ်ရှိ အခြားသော သားရဲများထက် များစွာသာလွန်၏။
ရင်ချုံးတစ်ယောက် ကူကယ်ရာမဲ့ သွားသည်။ ပြိုင်ဘက်အဖိုးကြီးတစ်ဦးဖြင့်ပင် အတော် ရုန်းကန်နေရ၏။
ကြေးဝါအသားအရည် အမျိုးသားနှင့် ကျန်လူများပါဝင်ခြင်း မရှိသေးချေ။ ထိုအခြေ အနေမျိုးတွင် တစ်ဖက်လူအပေါ် သတ်ရန် အခွင့်အရေးမည်သို့ ရှိနိုင်မည်နည်း။
“ မိုချင်း ... အဲ့ဒီမောက်မာတဲ့ တိရစ္ဆာန်လေးကို သတ်လာခဲ့။ ”
ရှောမင်က အနီရောင်ဝတ် အမျိုးသားကို အမိန့်ပေးလိုက်သည်နှင့် နတ်ဆိုးရောင်ဝါများ လွင့်ထွက်လာသည်။
“ သေလိုက်တော့ ... ။ ”
မိုချင်းက ၀တ်ရုံစ တဖျပ်ဖျပ်ခတ်လျက် လက်ဖဝါးဖြင့် စုရီထံ ပြင်းထန်စွာ ရိုက်ချလာ တော့၏။
ကြီးမားသော သွေးနီရောင် လက်ဖဝါးတစ်ဖက် ထွက်ပေါ်လာလေသည်။ ဝိညာဉ်ထင်ရှားခြင်းအဆင့် နတ်ဆိုးသားရဲမှ လှုပ်ရှားလိုက်သောအခါတွင် စွမ်းအားသည် သဘာဝအားဖြင့် ထူးကဲ၏။
“ ရွှပ် ... ။ ”
ဤအခိုက်အတန့်တွင် ဓားအလင်း တစ်လက်ပျံထွက်လာပြီး လက်ဖဝါးကြီးကို စက္ကူကဲ့သို့ ဖြတ်ကျသွားသည်။
၀တ်စုံနီ မိုချင်း၏ အကြည့်များ မှေးစင်းသွား၏။ ဤသည်မှာ ကြယ်စုစည်းခြင်း အဆင့် ကျင့်ကြံသူပိုင်ဆိုင်နိုင်သော စွမ်းအားမျိုး မဟုတ်ချေ။
“ မဟုတ်ဘူး ... ။ ”
သူ စိတ်ထဲတွေးနေစဉ် လေဟာနယ်ကို ခွဲလျက် လက်ဖြူဖြူတစ်ဖက် ထွက်ပေါ်လာနေ သဖြင့် ချက်ချင်း လက်ဝှေ့ရမ်းကာ ဖယ်ရှားလိုက်ရသည်။
“ ခရစ် ... ။ ”
သို့သော် ညာဘက်လက်ကောက်ဝတ် ဖမ်းဆုပ်ခံရပြီး ပြင်းစွာနာကျင်လျက် အရိုးနှင့် အသားများ ကွဲအက်ကြေမွသွားချေပြီ။
တစ်ဆက်တည်းမှာ ထိုလက်ဖြူဖြူသည် သူ့လည်ပင်းထံဆက်၍ ဆုပ်ကိုင်လာတော့၏။ ယခုအချိန်တွင် ကြယ်စုစည်းခြင်းအဆင့်ရှိ အစိမ်းရောင်ဝတ်လုံဖြင့် လူငယ်သည် သူ့ရှေ့တွင် ရပ်နေပြီဖြစ်သည်။
တစ်ဖက်လူ၏ ငြိမ်သက်နေသော ထိုမျက်ဝန်းထဲတွင် ဖြူဖျော့ထိတ်လန့်နေသည့် သူ့ကိုယ်သူပင် ပြန်မြင်နိုင်၏။
“ ဂျွတ် ... ။ ”
ချက်ခြင်း လည်ပင်ရိုး အလွန် နာကျင် လာပြီးနောက် ကြေမွလျက်ဖြင့် အမြင်အာရုံများ မည်းမှောင်ဦးခေါင်းစောင်းငဲ့ကျသွား၏။
“ နှမျောစရာပဲ ... ငွေရောင်ကြွက်မိစ္ဆာရဲ့ အသားက အရသာမရှိဘူး ... ။ ”
စုရီက ရေရွတ်လျက် မိုချင်းခန္ဓာကိုယ်ကို လွှင့်ပစ်လိုက်၏။ ထိုမြင်ကွင်းက အခြားသော နတ်ဆိုးများကို တွန့်ဆုတ်သွားစေသည်။
“ ဒီကောင်လေးမှာ တစ်ခုခုမှားနေပြီ။ ”
အဝေးရှိ တိမ်ပင်လယ်ဆီမှ သတိပေးသံနှင့်အတူ တိုက်ပွဲဝင်အစီရင်ပုံစံဖြင့် ပိတ်ဆို့ထားသော နတ်ဆိုးသားရဲများအားလုံး တုန်လှုပ်ကုန်သည်။
“ ဝိညာဉ် ထင်ရှားခြင်းအဆင့်ကို ကြယ်စုစည်းခြင်းအဆင့် တစ်စုံတစ်ယောက်က သတ်နိုင်တာလား ... ဘယ်လိုတောင် ကောင်းကင်ကို အံတုနေရတာလဲ။
ရတနာရထားကိုဆွဲသည့် ရွှေခြင်္သေ့က တိုက်ပွဲထံပြန်ကြည့်ကာ တုန်လှုပ် ခြောက်ခြား နေလေသည်။
နယ်ပယ်နှစ်ခုကြား ခြားနားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားချေ၏။ တွင်းနက်ကြီးတစ်ခုလို ပေပင်။
ယခုမူကား မဟာချင်နိုင်ငံ ဝိညာဉ်ပင်လယ်အတွင်း ကြည့်စုစည်းခြင်းဖြင့် ဝိညာဉ်ထင်ရှားခြင်းအဆင့်ကို သတ်နိုင်ချေပြီ။
သူတို့ မသိခဲ့သည်မှာ ထိုစုရီသည် မူလနန်းတော်အဆင့်ဖြင့် ဝိညာဉ်ထင်ရှားခြင်း အဆင့်ကို သတ်နိုင်နေခြင်းပေပင်။
ထိုအချိန်တွင် ရထားအတွင်းမှ အဝါရောင် ဝတ်စုံဝတ်ထားသော သွယ်လျချောမောသည့် ကောင်မလေးက ကုလားကာထောင့်ကို ဖယ်လျက် ငုံ့ကြည့်လာသည်။
သူမခန္ဓာကိုယ်မှ ခရမ်းရောင် ဖျော့ဖျော့နှင့်ကြည်လင်ပြီး ကျက်သရေရှိသော အရိပ်အမြွက်များ ထွက်ပေါ်နေ၏။
“ သခင်လေး ... ကြယ်စုစည်းခြင်း အဆင့် လူငယ်က တကယ် သာမန်လူ မဟုတ်နိုင်ဘူး။ ”
မိန်းကလေးက အံ့အားသင့်ကာ မှတ်ချက်ပေးလိုက်သည်။ ရထားလုံးအတွင်း ပျော့ပျောင်းသော အိပ်ရာခင်းပေါ်ရှိ ငွေရောင် ဝတ်လုံဝတ်လူငယ်သည် ပျင်းရိစွာ မတ်တပ်ရပ်လိုက်၏။
“ ဒါက မဆန်းပါဘူး ... မဟာရှမှာရှိတဲ့ ရှေးခေတ်နတ်ဆိုးအချို့ဆိုရင် ဒီလိုပြီးမြောက် နိုင်တယ်လို့ ငါကြားတယ်။ ”
ထိုနောက် လူငယ်က ပြုံးလိုက်ကာ၊
“ မှန်တယ် ... မဟာရှမှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေထဲမှာ ကြောက်စရာ အကောင်းဆုံးကတော့ ... စုရီလို့ခေါ်တဲ့ လူငယ်တစ်ယောက်ပဲ ...
... သူက ကြယ်စုစည်းခြင်းအဆင့်နဲ့ ဝိညာဉ်ထင်ရှားခြင်းအဆင့်က လူတိုင်းကို သတ်နိုင်တယ် ...
... သူ့ရဲ့ ခွန်အားက မင်းစိတ်ကူးယဉ်ထားတာ ထက်တောင် ကြောက်စရာ ကောင်းပါတယ် ငါအရင်တုန်းက သူနဲ့တွေ့ဖို့ပါပဲ ကံမကောင်းစွာနဲ့ ...
... ငါ့သခင်က ခွင့်မပြုဘူး အခုချိန်မှာ မိုးပြာတိုက်ကြီးတစ်ခုလုံးမှာ ... အန္တရာယ်တွေနဲ့ ပြည့်နေတာမို့ ခရီးထွက်ဖို့ တားမြစ်ခဲ့တယ်။ ”
ထိုစကားကြောင့် အဝါရောင်အင်္ကျီနှင့် ကောင်မလေးက တောင့်တသည့် အမူအရာမျိုး ပြသကာ၊
“ ဘယ်လိုတောင် ထူးထူးခြားခြား ယောကျ်ားမျိုးလဲဆိုတာ ... ငါ သွားကြည့်ချင် ပါသေးတယ်။ ”
-ဟု ညည်းတွားရေရွတ်လိုက်၏။
“ ဖြန်း ... ။ ”
“ အ ... ။ ”
ကျယ်လောင်သော ရိုက်သံနှင့်အတူ အဝါရောင်၀တ် မိန်းကလေး၏ တင်ပါးများ တုန်ခါသွားလေသည်။
“ ဟွမ်အာ... ငါ့ရှေ့မှာ အခုလို တခြားယောက်ျားတွေအကြောင်း မင်းတွေးဝံ့ရင် ရိုက်နှက်ခံရဖို့ တောင်းခံနေတာနဲ့အတူတူပဲ ဆိုတာ မမေ့နဲ့။ ”
ငွေရောင်ဝတ် လူငယ်သည် ဒေါသထွက်လာသကဲ့သို့ ဟန်ဆောင်လိုက်၏။ အဝါရောင်ဝတ်ကောင်မလေးမှ မျက်ဝန်းများ မှေးစင်းလျက်၊
“ ကောင်းပြီး ... ဒီနေ့ဒီကိစ္စ ပြီးသွားရင် ငါတကယ်အရိုက်ခံရဖို့ စောင့်မျှော်နေပါတယ်။ ”
-ဟု တုန့်ပြန်လိုက်သည်။
ထိုအခိုက်အတန့်တွင် တောင့်တသော ကောင်မလေး၏ အသွင်အပြင်သည် ငွေရောင် ဝတ်လုံဖြင့်လူငယ်လေး၏ စိတ်နှလုံးကို လောင်မြိုက်လာစေတော့၏။
***