ငှက်မိစ္ဆာနှင့် မင်လုံဂိုဏ်း ... ။
Vol. 44 Ch. 524
ရွှေခြင်္သေ့သားရဲသည် ငွေရောင်ဝတ်ရုံဖြင့်လူငယ်ထံ ကြည့်လိုက်သည်။ ငွေရောင်ဝတ်လူငယ်က နာကျင်သောဝေဒနာကို သည်းခံကာ၊
“ စီနီယာစုရဲ့အာရုံကို ရရှိတာ ... မင်းအတွက်ကောင်းချီးတစ်ခုပဲ ... သူ့ကို ဘာလို့ မြန်မြန် ကျေးဇူးတင်ဖို့ မကြိုးစားရတာလဲ။ ”
-ဟု ပြောကြားလိုက်သည်။ ရွှေခြင်္သေ့သားရဲက၊
“ ကျေးဇူးတင်ပါတယ် ဆရာစု ... ။ ”
-ဟု ချက်ချင်းပြောကြားလာသည်။
ဝိညာဉ်တာအိုနယ်ပယ်သို့ ရောက်ရှိသွားသော နတ်ဆိုးသားရဲသည် ယနေ့ ကမ္ဘာကြီးတွင် လေနှင့်မိုးကို ဆင့်ခေါ်နိုင် လောက်အောင် အစွမ်းထက်၏။
မရေမတွက်နိုင်သော ကျင့်ကြံသူများ အတွက်ပင် ကြည်ညိုလေးစားစရာ ဖြစ်တည်မှု ပေပင်။ သို့သော် စုရီရှေ့တွင် ရွှေခြင်္သေ့သည် သိုးသငယ်ကဲ့သို့ သိမ်မွေ့နေ၏။
“ ဒီက အရင်သွားရအောင် ... ။ ”
စုရီသည် ငွေရောင်ဝတ်ရုံနှင့် လူငယ်ကို ပြောကြားလိုက်သည်။ သူ့တွင် မေးခွန်းများစွာ ရှိနေသေး၏။
“ ဟုတ်ကဲ့ ... ။ ”
ငွေရောင်ဝတ် လူငယ်က ခေါင်းညိတ်၏။ ယခင်ဤနေရာသို့လာစဉ်ချိန်၌ ခရုသင်းမှုတ်ပြီး ဗုံများထုရိုက်ကာ ဘုရင်တစ်ပါးလို ကြီးကျယ်ခဲ့သည်။
ယခုအချိန်၌ သူ လုံးဝ နွမ်းလျနေ၏။ ဤအရာသည် မုတ်ဆိတ်မွေး တွန့်လိန်နေသော အဘိုးအိုနှင့် ရှောမင်ကို သက်ပြင်းချစေသည်။
ရွှေခြင်္သေ့သားရဲသည် ရင်ချုံးအစား တံခါးဝကို စောင့်ကျန်ရစ်ခဲ့၏။ ချင်းယွမ်၊ ရှောမင်နှင့် အဖိုးကြီးမှာ စုရီနောက် လိုက်ပါလာခဲ့သည်။
ညအချိန်တွင် အင်မော်တယ် ဓားမျှော်စင်နယ်မြေအတွင်း တောင်များပေါ်၌ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ပြီး ညတိုင်အောင် မိုးမတိတ်ချေ။
စုရီက ကြိမ်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာလှဲလျောင်းလျက် အနားယူနေသည်။ သူ့ဘေးတွင် ငွေရောင်ဝတ်လူငယ်မှ ၎င်း၏ မင်လုံဂိုဏ်းအကြောင်း ပြောပြနေ၏။
မင်လုံဂိုဏ်းသည် လွန်ခဲ့သော နှစ်ပေါင်း(၃၀၀၀၀) မတိုင်မီက တည်ရှိခဲ့သည့် ဂိုဏ်းဖြစ်သည်။ ဂိုဏ်းဝင်တိုင်းသည် မဟာဂရုဏာတော်ရှင် နတ်ဘုရားကို ယုံကြည်လေးစားကြ၏။
ဂိုဏ်း၏စွမ်းအားသည် ကြီးမားခြင်းမရှိသော်လည်း အုတ်မြစ်သည် သာမန်အင်အားစုများထက် သာလွန်သည်။
သူသည် မင်လုံဂိုဏ်း သန့်ရှင်းသော သားတော်ဖြစ်ပြီး ရှေးခေတ် နတ်ဆိုးများအတွင်း ဒုတိယအသုတ်တွင် ပြန်၍နိုးထလာသူ ပေပင်။
မကြာသေးမီက နိုးထလာကာ မဟာကရုဏာရှင် နတ်ဘုရား၏ လမ်းညွှန်မှု အောက်တွင် ရှင်သန်ခဲ့သည်။
မုတ်ဆိတ်မွေး ကောက်ကောက်နှင့် အဘိုးအိုအမည်သည် ထောင်ယွင်ဟဲဖြစ်၏။ ရှောမင်ကဲ့သို့ပင် တန်ခိုးကြီးသော ပုဂ္ဂိုလ်ဖြစ်ပြီး ချင်းယွမ်၏ ညာလက်ရုံးပေပင်။
“ ခရမ်းရောင် လမြေခွေးမျိုးနွယ်ရဲ့ ... အဲဒီအမျိုးသမီးကို မင်းဘယ်လို သိလာတာလဲ။ ”
စုရီမှ မေးသည်။ အဝါရောင် ဝတ်ထားသော ကောင်မလေးအကြောင်း ပြောရမည် ဖြစ်သဖြင့် ချင်းယွမ်က ရှက်ရွံ့ကာ ဒေါသထွက်သွား၏။
“ ရိုးရိုးသားသား ပြောရရင် ဒီခွေးမဟာ အထီးကျန်ပြီး အားကိုးရာမဲ့ သူလို့ပဲ ငါထင်ခဲ့တာ နောက်ပြီး ... သူက ငါ့ကို ချော့မော့ပြီး အနားမှာနေခဲ့တယ်။ ”
“ သူ့နာမည် ဘယ်သူလဲ။ ”
“ ရို့ဟွမ် ... ။ ”
“ သူမရဲ့ ဇာစ်မြစ်ကို သိလား။ ”
“ မသိဘူး ။ ”
“ သူမကို ဘယ်မှာတွေ့တာလဲ။ ”
“ မဟာချူ ... အိုး ... နေဦး ဒီမြေခွေးမလေးက မဟာရှကိုရောက်ဖူးတယ်လို့ ပြောခဲ့တယ်။ ”
စုရီက မျက်ခုံးပင့်လိုက်သည်။ ဤမိန်းကလေးအနေဖြင့် နတ်ဆိုးမဟွမ်မျိုးနွယ် သို့မဟုတ် အခြားသော ရန်သူအင်အားစုများမှ ဖြစ်နိုင်သည်လော။
“ အနာဂတ်မှာ သူမနဲ့တွေ့ဖို့ အခွင့်အရေးရှိမှသာ အမှန်တရားကို ထုတ်ဖော် နိုင်မယ်လို့ ထင်ပါတယ်။ ”
စုရီက ရေရွတ်လိုက်သည်။ သူမသည် သေချာပေါက် ပြန်ပေါ်လာမည်ဖြစ်သောကြောင့် ရှာဖွေရန် မလိုအပ်ကြောင်း နားလည်၏။
“ မင်းသခင်ကို ဆက်သွယ်ပါ၊ ငါ သူ့နဲ့စကားပြောချင်တယ်။”
ချင်ယွမ်က လျင်မြန်စွာ ခေါင်းညိတ်ပြလျက် သဘောတူသည်။ ငွေရောင် ကျောက်စိမ်းပုလင်း တစ်လုံးနှင့် အနက်ရောင်အရိုးအပိုင်းအစကို ထုတ်ယူကာ ပက်ဖြန်းလိုက်သည်။
အနက်ရောင်အရိုးသည် လျှို့ဝှက် ဆန်းကြယ်ပြီး ထူထပ်သောတိမ်တိုက်ပုံစံဖြင့် ဖုံးလွှမ်းထား၏။
၎င်းပုံစံများသည် မှုန်ဝါးနေသော်လည်း အာကာသရောင်ဝါ အရိပ်အမြွက်ဖြင့် ပြည့်နှက် နေခဲ့သည်။
အနီးကပ်ကြည့်သော် ထိုတိမ်တိုက်ပုံစံများသည် အတောင်ပံဖြန့်ကာ ကောင်းကင်ပေါ်တွင် ပျံဝဲနေသော ငှက်တစ်ကောင်ဖြစ်၏။
“ ဒါက လေဟာနယ်သားရဲအရိုးပဲ ဒီတံဆိပ်က မင်းသခင်ထားခဲ့တဲ့ အာကာသ ဆုံမှတ်ရဲ့ တည်နေရာမဟုတ်လား။ ”
စုရီက မေးသည်။ ချင်းယွမ်မှ၊
“ စီနီယာ၊ မျက်စိကောင်းတယ်။ ”
-ဟု တုန့်ပြန်၏။
သူဟူသည် ဝိညာဉ်ထင်ရှားခြင်း အဆင့်တွင်သာရှိသော်လည်း တိုက်ပွဲဝင် စွမ်းအားအရာ၌ မယုံနိုင်စရာပေပင်။
ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်တွင် ရှိနေသည့် ထိုအဖိုးအိုနှင့် ရှောမင်တို့ထက် သာလွန်သည်။ ယခုမူ စုရီ၏ရှေ့တွင် သူ့ကိုယ်သူ ဂျူနီယာအဖြစ်သာ မှတ်ယူနိုင်၏။
“ ဒီအာကာသဆုံမှတ်က ... သွေးလှိုဏ်ဂူဆီကို ဦးတည်နေပုံရတယ်။ ”
စုရီမှ တွေးဆလိုက်၏။ ငွေရောင်ဝတ်လူမှ မတုန့်ပြချေ။ အနက်ရောင်အရိုးကို သွေးစွန်းပြီး မကြာမီ သွေးနီဥများ ထွက်ပေါ်လာသည်။
ဤတစ်ကြိမ်တွင် မဟာကရုဏာရှင် နတ်ဘုရားဟူသည့် ခေါင်းကိုးလုံ ငှက်မိစ္ဆာအသံ စုရီစကားမပြောမီ ထွက်ပေါ်လာ၏။
“ တာအိုစု ... ။ ”
ဤသို့သိမ်မွေ့သော ပြောင်းလဲမှုအရ တစ်ဖက်လူ၏ စိတ်နေစိတ်ထားသည် စုရီအပေါ် လေးစားမှုရှိလာကြောင်း ပြသနေသည်။
“ ချင်းယွမ် ... မင်းတို့ထွက်သွားသင့်တယ် ငါတာအိုစုနဲ့ စကားပြောစရာရှိတယ်။ ”
“ ဟုတ်ကဲ့ ... ။ ”
ချင်းယွမ်နှင့် အခြားသူများက ချက်ခြင်းပင် ထွက်သွားသည်။ စုရီက ကြိမ်ကုလားထိုင်ပေါ် ပျင်းရိစွာ လဲလျောင်းနေလျက်ဖြင့်၊
“ ကဲ ... မင်းရဲ့ဇာစ်မြစ်နဲ့ ... သွေးလှိုဏ်ဂူအကြောင်း ပြောပြဖို့ ဆန္ဒရှိလား။ ”
-ဟု မေးမြန်းလိုက်၏။
“ သေချာတာပေါ့ ... ။ ”
ငှက်မိစ္ဆာက မဆိုင်းမတွတုန့်ပြန်လေသည်။ စုရီတစ်ယောက် ပြုံးရယ်လျက်၊
“ ဝိညာဉ်ပေါင်းစည်းခြင်း နည်းစနစ် ဒုတိယပိုင်းကို ငါ့ဆီကနေ လိုချင်နေတာလား။ ”
-ဟု မေးမြန်း၏။
ခေါင်းကိုးလုံးငှက်မိစ္ဆာမှ စိတ်လှုပ်ရှားကာ၊
“ ဖြစ်နိုင်ရင် ငါ့ကိုကူညီပါ တာအိုစု ... ငါအရမ်း ကျေးဇူးတင်ပါလိမ့်မယ်။ ”
-ဟု ပြောကြားလာသည်။
“ ဒီလျှို့ဝှက်နည်းစနစ်က ... ငါ့အတွက် ဘာမှမဟုတ်ပါဘူး ဒါကြောင့် မင်းကိုပေးလည်း အဆင်ပြေပါတယ်။ ”
စုရီမှ ပေါ့ပေါ့ပါးပါး ကတိပေးသည်။
“ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် တာအိုစု။ ”
ငှက်မိစ္ဆာအသံသည် အနည်းငယ် တုန်လှုပ်သွားပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေ သည်မှာ ထင်ရှားလေသည်။
ထို့နောက်တွင် ခေါင်းကိုးလုံးငှက်မိစ္ဆာသည် သူ့ဇာစ်မြစ်ကို ပြောပြလာ၏။ သူသည် ရက်စက် ကြမ်းကြုတ်သော ‘ခေါင်းကိုးလုံးနတ်ဆိုးပန်’ မျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။
( နတ်ဆိုးပန် ဟူသည် ခွန်ပန်သားရဲကို ရည်ရွယ်သည်။ ငါးမှသည် ငှက်အဖြစ်ခံယူသော ဒဏ္ဍာရီလာ သားရဲဖြစ်၏။)
မွေးရာပါ ဝိညာဉ်ကိုးပါးပိုင်ဆိုင်ထားပြီး ဝိညာဉ်တစ်ခုစီသည် ကောင်းကင်ကိုအံတုသော အစွမ်းသတ္တိမျိုးရှိ၏။
နတ်ဆိုးသားရဲများကြားတွင် အပြင်းထန်ဆုံးနှင့် အစွမ်းထက်ဆုံးဖြစ်ပြီး နတ်သားရဲများကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော သတ္တဝါအဖြစ် မှတ်ယူနိုင်၏။
လွန်ခဲ့သည့်နှစ်ပေါင်း သုံးသောင်းခန့် အစောပိုင်းတွင် ခေါင်းကိုးလုံးငှက်မိစ္ဆာသည် ဧကရာဇ်နယ်ပယ်ဖြစ်ကာ ‘ကိုးပါးဝိညာဉ် ပန် ဧကရာဇ်’ဟူသော ဘွဲ့ကို ရရှိခဲ့သည်။
ထိုအချိန်တွင် မိုးပြာတိုက်ကြီး၌ မင်လုံဂိုဏ်းဟူသည် မရှိခဲ့သေးချေ။ အမှောင် တားမြစ်စွမ်းအင် ရောက်ရှိလာသောအခါတွင် ကောင်းကင်ကို ဖြတ်ကျော်လိုသော ဧကရာဇ်များအနက်မှ တစ်ပါးဖြစ်လာသည်။
သို့သော် ကြယ်ရောင်စုံသော ကောင်းကင်ကြီး၏ နက်နဲရာသို့ စွန့်စားရာတွင် ဘေးဥပဒ်နှင့် ရင်ဆိုင်ခဲ့ရသည်။
ကြယ်ရောင်စုံ ကောင်းကင်ကြီးတွင် ဧကရာဇ်မင်းတစ်ပါးပင်လျှင် အသက်အန္တရာယ် ရှိသည်။
ထိုအချိန်က သူကြုံတွေ့ရသည့် ဒုက္ခသည် ဆဠမမြောက် ကြယ်အပျက်အစီးမြေ၌ ဖြစ်၏။ အတွေးဖြင့် မှုန်မှိုင်းလာကာ၊
“ ကြယ်ရောင်စုံ ကောင်းကင်ကြီးထဲမှာ ပျက်စီးယိုယွင်းပြီး ညှိုးနွမ်းနေတဲ့ကမ္ဘာတစ်ခု လွင့်မျောနေတယ် အဲဒါက ဆဌမမြောက် ကြယ်အပျက်အစီး နယ်မြေပဲ ...
... သူ့ရဲ့ မူလက ပျောက်ဆုံးနေပြီး အသက်ဓါတ်အားလုံး ခန်းခြောက်ဆိတ်သုဉ်း နေတယ်။ ”
“ မူလရင်းမြစ်ကို ဆုံးရှုံးခဲ့ရတဲ့ ကမ္ဘာကြီးတစ်ခုလား ... ။ ”
စုရီမျက်လုံးများ မှေးစင်းကာ အံ့သြသွားပြီးနောက် တစ်ခုခုကို မှန်းဆနေ တော့သည်။ တစ်ချိန်က သူသည် စကြာဝဠာ ကျွန်းနှင့် ဆက်သွယ်ထားသော နဝမမြောက် ကြယ်အပျက်အစီးမြေထဲသို့ ရောက်ရှိခဲ့၏။
ထိုအရပ်တွင် မိုးပြာတိုက်ကြီး၏ မူလဖြစ်သော ကြယ်သေများဖုံးလွှမ်းနေသည့် ကြယ်သေသစ်ပင်ကြီးကို မြင်ခဲ့ရသည်။
ဤမိုးပြာတိုက်ကြီးပေါ်ရှိ လူတိုင်းသည် ထိုအရပ်ကို ဖရိုဖရဲတွင်းနက်အဖြစ် ခေါ်ဆို၏။ ငှက်မိစ္ဆာ၏အဆိုအရ ဆဠမမြောက်အပျက်အစီး နယ်မြေသည် ဤမိုးပြာတိုက်ကြီးနှင့် မတူဘဲ ကာလအတန်ကြာ ပျက်စီးယိုယွင်းနေပြီး မူလရင်းမြစ် ဆုံးရှုံးနေပုံရချေပြီ။
***