← Chapters

ပိုးဖလံလေးကို နကျယ်သယ် ... ။

Vol. 44 Ch. 525

ပိုးဖလံလေးကို နကျယ်သယ် ... ။

Vol. 44 Ch. 525

ဤကဲ့သို့ ကြီးစွာသောကပ်ဘေးသည် မိုးပြာတိုက်ကြီးကို နှစ်ပေါင်း(၃၀၀၀၀) ဖုံးအုပ် ထားခဲ့သော အမှောင်တားမြစ်စွမ်းအင် ကြောင့်ပင် ဖြစ်နိုင်မည်။

လက်ရှိမိုးပြာတိုက်ကြီး၏ မူလအရင်းအမြစ်သည် လုံးလုံးလျားလျား ပြိုလဲကာ တိုက်ကြီးထံ မူလစွမ်းအားအဖြစ်သို့ ပြန်လည်ပေးအပ်နေ၏။

သို့သော် ဤရွှေခေတ်ကြီးသည် အဆုံးတွင်ဆုတ်ယုတ်လာကာ ထိုဆဠမမြောက် အပျက်အစီးနယ်မြေကဲ့သို့ လုံးလုံးလျားလျား ကွယ်ပျောက်သွားမည်မှာ သေချာနေသည်။

အတိုချုပ်ပြောရလျှင် နဝမမြောက် ကြယ်နယ်မြေသည် အနာဂါတ်တွင် ဆဌမကြယ် အပျက်အစီးနယ်မြေမျိုး ဖြစ်လာနိုင်ဖွယ်ရှိ၏။

တစ်ဖက်တွင် ဆဋ္ဌမကြယ်နယ်မြေ ပျက်စီးခြင်းသည် ကြီးမားသောကြယ်မုန်တိုင်း ကပ်ဆိုးကြီးကြောင့် ဖြစ်ရခြင်းပေပင်။

ထိုသို့ဆိုသော် ဤကြယ်ရောင်စုံ ကောင်းကင်တွင် ဆဋ္ဌမကြယ်အပျက်အစီးနှင့် နဝမမြောက် ကြယ်အပျက်အစီးများသာမက ပထမကြယ် အပျက်အစီး၊ ဒုတိယကြယ် အပျက်အစီး၊ တတိယကြယ် အပျက်အစီး အစရှိသည့် အခြားနယ်မြေများလည်း ရှိကောင်းရှိနေနိုင်မည်။

သို့သော် ၎င်းသည် သူ၏ ကိုယ်ပိုင် ထင်မြင်ယူဆချက်များသာဖြစ်ပြီး အမှန်၊ အမှား အတည်မပြုနိုင်ချေ။

ငရဲဘုံကိုးပါးဓားသည် အမှောင်တားမြစ်စွမ်းအားကို ဖြေရှင်းနိုင်သဖြင့် အားချန်မှ မိုးပြာမျိုးစေ့ကို သူ့ဆီအပ်ခဲ့ခြင်း ဖြစ်၏။

တစ်နေ့တွင် ထိုပြဿနာကို ဖြေရှင်း ရပေမည်။ လက်ရှိတွင် ထိုအကြောင်းအရာကို ဖယ်လိုက်ပြီး၊

“ ဆဋ္ဌမကြယ်အပျက်အစီးမှာ ... မင်း ဒုက္ခရောက်ခဲ့တယ်လို့ ပြောတယ် .. မဟုတ်လား အဲဒါဘာဖြစ်တာလဲ။ ”

ငှက်မိစ္ဆာက သက်ပြင်းချလျက်၊

“ ဆဋ္ဌမကြယ်အပျက်အစီးကနေ ထွက်ခွာဖို့ ကြိုးစားချိန်မှာ ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ် တစ်ဦးနဲ့ ကြုံတွေ့ခဲ့ရတယ် ...

... သူက သူ့ကိုယ်သူ ဖမ်းဆီးနှိမ်နှင်းဖို့ တာဝန်ရှိနေတဲ့ ... ကြယ်တာရာထောင်မှူးလို့ ပြောတယ် ငါ့ကို အကျဉ်းသားလို့ခေါ်တယ်။ ”

“ ကြယ်တာရာထောင်မှူး ... ။ ”

စုရီတစ်ယောက် အံ့အားသင့်သွားသည်။ ကြယ်တာရာထောင်မှူးဟူသည် အကျဉ်းထောင် တစ်ခုကို စောင့်ရှောက်ရန် တာဝန်ရှိ၏။

သို့သော်အကျဉ်းထောင်ဟူသည် မည်သည့်အရပ်ကို ရည်ညွှန်းကြောင်း မသိချေ။ ထိုသူသည် မိုးပြာတိုက်ကြီးအပေါ် ဆိုလိုချင်သည်လော။

မဟုတ်သော် တစ်ဖက်လူသည် ခေါင်းကိုးလုံးငှက်မိစ္ဆာကို အဘယ့်ကြောင့် အကျဉ်းသားဟု ခေါ်ဆိုနေသနည်း။

တစ်ဖက်တွင် မိုးပြာတိုက်ကြီးသည် လှောင်အိမ်ဖြစ်သော် ပြင်ပ၌ကြယ်နယ်မြေများ အပေါ် စောင့်ကြပ်နေသော ကြယ်တာရာ ထောင်မှူးများ ရှိနေနိုင်၏။

စုရွှမ်ကြွယ်ဘဝ နှစ်ပေါင်း (၁၈၀၀၀၀) အတွင်း ထိုသို့သောစကားမျိုး ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

“ ဘာဆက်ဖြစ်လဲ ... ။ ”

“ ငါလည်း တစ်ခုခု လွဲချော်နေတယ်လို့ ငါခံစားလာရပြီး ထွက်ပြေးဖို့ ကြံစည်လိုက်တယ် ဒါပေမယ့် မဖြစ်နိုင်တော့ဘူး ... အဲဒီအစား ကြယ်တာရာ ထောင်မှူးရဲ့ ဖမ်းဆီးခြင်း ခံလိုက်ရတယ်။ ”

“ ဟမ့် ... သူက ဘယ်လောက်တောင် သန်မာလို့လဲ။ ”

စုရီက မျက်ခုံးပင့်လိုက်သည်။ ဧကရာဇ်တစ်ပါးကို လွယ်လွယ်ဖမ်းနိုင်သူသည် သေချာပေါက် သန်မာနေပေမည်။

“ သူ့ရဲ့ကျင့်ကြံမှုဟာ ... ဧကရာဇ်နယ်ပယ်မှာပါပဲ ဒါပေမယ့် သူက အလွန် ကြောက်စရာကောင်းတဲ့ တားမြစ် စွမ်းအားကို ထိန်းချုပ်နိုင်တယ်။ ”

ခေါင်းကိုးလုံးငှက်မိစ္ဆာက သက်ပြင်းချလျက်၊

“ အဲဒီတားမြစ်စွမ်းအားက ... မိုးပြာတိုက်ကြီးက အမှောင်တားမြစ်စွမ်းအားနဲ့ အနည်းငယ်ဆင်တူပုံရတယ်။ ”

-ဟု မှတ်ချက်ပေး၏။

“ ငါသာမမှားရင် ဒါဟာ ကြယ်ရောင်စုံကောင်းကင်ကြီးရဲ့ မဟာတာအို ကပ်ဆိုးကြီးပဲ ... သေချာပေါက် အမှောင် တားမြစ်စွမ်းအင်ပါ။ ”

စုရီမှ ခေါင်းညိတ်ကာ အတည်ပြုသည်။ ကြယ်စုစည်းခြင်းအဆင့် တစ်စုံတစ်ယောက်မှ ဆန်းကြယ်မှုများအပေါ် နားထောင်ခြင်းဖြင့် ကောက်ချက်ချနိုင်သည်လော။

ခေါင်းကိုးလုံးငှက်မိစ္ဆာခမျာ အံသြသွားလေသည်။ ထို့ကြောင့် သံသယဖြင့်၊

“ ဒါကို မင်းအရင်က မြင်ဖူးလားတာအိုစု။ ”

-ဟု မေးမြန်းလိုက်၏။

“ မမြင်ဖူးဘူး၊ ဒါက ကောက်ချက်တစ်ခုပါ။”

စုရီမှ ပြန်ဖြေ၏။ သို့သော် ရုတ်တရက် တစ်ခုခုကိုသတိရသွားသည်။ စကြာဝဠာကျွန်းမှ ထွက်ခွာလာသောအခါ မီးခိုးရောင်မျက်ဝန်း တစ်စုံကို သတိရခြင်းဖြစ်၏။

ထိုအချိန်က ဤထူးဆန်းသော မျက်ဝန်းတစ်စုံ၏ စွမ်းအားသည် သူ့ဝိညာဉ်ကို လွှမ်းမိုးလိုခဲ့သော်လည်း ငရဲဘုံကိုးပါးဓား၏ ရောင်ဝါကြောင့် ပြုတ်ကျသွားသည်။

ယင်းသည် အမှောင်တားမြစ်စွမ်းအား ဖြစ်နိုင်သဖြင့် တစ်စုံတစ်ယောက် ပုန်းအောင်း နေကြောင်း သေချာ၏။

ကြည့်ရသည်မှာ ထိုသူသည် ကြယ်တာရာထောင်မှူး ဖြစ်နိုင်မည်။ တစ်ဖက် လူမှ သူ့အပေါ်ပစ်မှတ်ထားရသည်မှာ အားချန်ပေးသော မိုးပြာမျိုးစေ့ကြောင့် ဖြစ်နိုင်၏။

“ မင်းကို ထောင်မှူးကဖမ်းပြီး ဘာဆက်ဖြစ်လဲ။ ”

ခေါင်းကိုးလုံး ငှက်မိစ္ဆာက လေးနက်သောအသံဖြင့်၊

“ အခုမြင်တဲ့အတိုင်း မဲမှောင်နေတဲ့ သွေးလှိုဏ်ဂူကြီးထဲမှာ အကျဉ်းချခံထားရတယ် အခုချိန်အထိ လွတ်မြောက်နိုင်ခြင်း မရှိသေးဘူး။ ”

“ ဘာလို့ မင်းကို မသတ်တာလဲ။ ”

စုရီမှ အံ့ဩသွားသည်။ တစ်ဖက်လူ၏ ရည်ရွယ်ချက်အပေါ် မခန့်မှန်းနိုင်ချေ။

“ တာအိုစု ... ပိုးဖလံသားရဲတွင်း ဆိုတာကို ကြားဖူးလား ... ။ ”

“ ပိုးဖလံလေးကို နကျယ်သယ် -ဆိုတဲ့ အဓိပ္ပါယ်ကို မင်းပြောချင်နေတာလား။ ”

စုရီမှ မျက်ခုံးပင့်လိုက်လေသည်။ ပိုးဖလံသည် သေမျိုးလောက၌အတွေ့များသော အင်းဆက်ဖြစ်သည်။ နကျယ်ကောင်များသည် ကပ်မြှောင်ပိုးကောင်များဖြစ်ကာ ပိုးဖလံများကို မကြာခဏဖမ်းဆီးပြီး အသိုက်ဆီသို့ ဖမ်းဆီးသွားကြ၏။

နကျယ်သားလောင်းများ ပေါက်သောအခါ ထိုပိုးဖလံများကို နကျယ်ကောင်ကလေးများမှ အစာအဖြစ် အသုံးပြုကြသည်။

ထိုအချင်းအရာအပေါ် သေမျိုးများမှ နားမလည်သဖြင့် နကျယ်များသည် သားဥမဥ နိုင်သောကြောင့် ပိုးဖလံများ သယ်ဆောင်ထား ကြသည်ဟု လွဲမှားစွာ ယုံကြည်နေကြ၏။

ထို့ကြောင့် ပိုးဖလံဟူသော ဝေါဟာရအသုံးအနှုန်းသည် မွေးစားကလေးများ အပေါ် ရည်ညွှန်းနေတတ်ပေသည်။

‘ပိုးဖလံလေးကို နကျယ်သယ်’ဟူသည် ထိုအမြင်မှလာခြင်းဖြစ်၏။ ယင်းမှာ လွဲမှားမှု အမြင်တစ်ခုသာဖြစ်သည်။

အမှန်တွင် နကျယ်ကောင်များသည် ပိုးဖလံကို သူ၏ အဆိပ်ရှိသောအမြီးချွန်နှင့် ထိုးသတ်ကာ ပြန်သယ်လာခြင်းပေပင်။

အဆုံးတွင်အသိုက်၌ ရွှံ့များဖြင့်အုံကာ နကျယ်ဥဥပြီး ပိုးဖလံအသေကောင်အပေါ် သူ့ သားများအတွက် အစာအဖြစ် ထားခြင်းဖြစ်၏။

ထိုအတွေးက စုရီကို လန့်ဖျပ်သွားစေပြီး အကြည့်များ အနည်းငယ် ကျဉ်းမြောင်းလာကာ၊

“ ဒါဆို အဲဒီကြယ်တာရာထောင်မှူးက မင်းကိုပိုးဖလံတစ်ကောင်လို ရှုမြင်ပြီး သူ့မျိုးရိုး အတွက် အစာအဖြစ် သတ်မှတ်တာလား ... ။ ”

-ဟု မေးမြန်းလိုက်တော့သည်။

ငှက်မိစ္ဆာ၏စကားသည် စုရီထင်ကြေးကို အတည်ပြုခဲ့၏။ ထိုပိုးဖလံ သွေးလှိုဏ်ဂူသည် အဆုံးမရှိသွေးဆာနေသော ရောင်ဝါများဖြင့် ပြည့်နှက်နေသော ထောင်ဖြစ်သည်။

၎င်းသည် သွေး၊ စွမ်းအင်၊ ကျင့်ကြံမှုနှင့် အသက်ဓာတ်ကို စုပ်ယူ၏။ ဧကရာဇ်နယ်ပယ် အောက်ရှိ မည်သူမဆို တစ်ရက်အတွင်း၌ ခြောက်သွေ့သော အလောင်းအဖြစ်သို့ လျော့ကျသွားစေလိမ့်မည်။

ဧကရာဇ်များသည်ပင် ထိုရောင်ဝါကို တွန်းလှန်နိုင်သော်လည်း နှစ်ထောင်ဂဏန်းမျှ ကြာလာချိန်၌ အသက်ဓာတ် ယို့ယွင်းနိုင်၏။

ခေါင်းကိုးလုံးငှက်မိစ္ဆာသည် ထိုအရပ်၌ ကျင့်ကြံမှုနှင့် အစွမ်းသတ္တိများ အလိုအလျောက် ပယ်ရှားခံရပြီး အဆုံးတွင် ပျက်စီးခြင်းသို့ ရောက်ရှိရပေမည်။

စုရီက မျက်မှောင်ကြုတ်လျက်၊

“ ကြယ်တာရာ ထောင်မှူးတွေက ဧကရာဇ်နယ်ပယ် တန်ခိုးရှင်တွေကို ပိုးဖလံလို့ မှတ်ယူနေကြပြီး မင်းတို့ရဲ့ရှင်သန်မှုကနေ ဘာလိုချင်နေတာလဲ ဒီလိုလုပ်ဖို့ ရည်ရွယ်ချက်က ဘာလဲ။ ”

-ဟု ထပ်မံမေးမြန်းလိုက်၏။

“ သူတို့က ဧကရာဇ်တွေကို ကြီးကျယ်တဲ့ဆေးအဖြစ် အသုံးပြုနေတာပဲ ငါတို့ရဲ့ ကျင့်ကြံမှုနဲ့အစွမ်းကိုဖယ်ထုတ်ပြီး ဆေးလုံးတွေ သန့်စင်ကြတယ်။ ”

“ ဘာလို့ ဒီလိုထင်တာလဲ။ ”

“ နှစ်တစ်ထောင်ပြည့်တိုင်း ကြယ်တာရာ ထောင်မှူးတစ်ယောက်ဟာ သွေးဂူထဲကိုဝင်ပြီး အနှစ်တစ်ထောင်ကြာအောင် စုပ်ထားတဲ့ သွေးဆာနေတဲ့ ရောင်ဝါကို သိမ်းယူတယ်။ ”

ဤတစ်ကြိမ်တွင် ခေါင်းကိုးလုံး ငှက်မိစ္ဆာ၏အသံ၌ နာကြည်းမှုများနှင့် ပြည့်နှက် နေတော့၏။

တစ်ချိန်တည်းမှာပင် ကြဘ်တာရာ ထောင်မှူးများသည်လည်း လာမည့်နှစ်များတွင် ထိုသို့သိမ်းဆည်းရန် ရောက်ရှိလာတော့မည်ကို သတိရလာသည်။

“ ဒီနည်းလမ်းက ဝင်္ကပါတွေနဲ့ ခပ်ဆင်ဆင်တူပါတယ် ... ။ ”

စုရီက မှတ်ချက်ပေးသည်။ သူသည်ပင် မကြာသေးမီက သွေးနတ်ဆိုးတောင်အောက်၌ ဝင်္ကပါတစ်ခုခင်းကျင်းရန် ရင်ချုံးကို စေလွတ်ခဲ့၏။

ထိုဝင်္ကပါသည် အာကာသဆုံမှတ်ကို ဖြတ်ကျော်လာသော အခြားကမ္ဘာမှ မည်သူမဆို အသတ်ခံရမည်ဖြစ်သည်။

အဆုံးတွင် ဝင်္ကပါသည် အသက်ဓာတ်နှင့် အသွေးအသားကို အာဟာရအဖြစ် စုပ်ယူကာ ပိုမိုအားကောင်းလာစေပေမည်။ ယင်းသည် သွေးလှိုဏ်းဂူ အလုပ်လုပ်ပုံနှင့်တူ၏။

“ ကြယ်တာရာထောင်မှူး ဘယ်နှစ်ယောက် ရှိမယ်ထင်လဲ။ ”

စုရီက မေးသည်။ ခေါင်းကိုးလုံး ငှက်မိစ္ဆာမှ ခေါင်းရမ်းတော့၏။

“ ကြယ်တာရာထောင်မှူး တစ်ယောက်ထက်ပိုနိုင်မယ် သူတို့အားလုံးက ဂိုဏ်းတစ်ခုတည်းက ဖြစ်ပုံရမယ် အဲဒီဂိုဏ်းက ဘာလဲတော့ မသိဘူး ...

... ဒါပေမယ့် ငါပိတ်မိနေတဲ့ ဂူထဲမှာ တည်နေရာရွေ့ပြောင်း အစီရင်တစ်ခု ရှိတယ် အဲဒါက ကြယ်တာရာထောင်မှူးတွေလာတဲ့ လမ်းကြောင်းပဲ အဲဒီအစီရင်မှာ ဆောင်ပုဒ်တစ်ခု ရေးထားတယ်။ ”

“ ဘာဆောင်ပုဒ်လဲ ... ။ ”

“ ကောင်းကင်တာအိုကိုယ်စား ... ပိုလျှံမှုတွေကိုလျှော့ချပြီး ... ချို့တဲ့သူတွေအပေါ် ဖြည့်တင်းမယ်။ ”

ထိုစကားကို ကြားချိန်၌ စုရီတစ်ယောက် အံ့ဩသွားတော့၏။

“ စိတ်ဝင်စားဖို့ ကောင်းတယ် ... တစ်စုံတစ်ယောက်က ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ပြဋ္ဌာန်းချင်နေတာလား။ ”

***

All Chapters